လမ်းပြမြေပုံ ၇ ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရသည် အမျိုးသား ညီလာခံခေါ်ယူခြင်း အခြေခံ ဥပဒေ ရေး ဆွဲခြင်းများကို နှစ်ပေါင်းများစွာ ကြာအောင် ပြုလုပ်ပြီး နောက်ဆုံးတွင် ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲကာ ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) အသင်းကို ပါတီ အဖြစ် ပြောင်းလဲခဲ့သည်။
ကြံ့ခိုင်ရေး ပါတီကို ရွေးကောက်ပွဲတွင် အနိုင်ရအောင် လုပ်ကာ နောက်ဆုံး မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး အပြောင်း အလဲ ဆီသို့ ချီတက်မည်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရသော ကြံ့ခိုင်ရေး ပါတီက စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဦးသိန်းစိန်ကို သမ္မတ အဖြစ် တင်မြှောက်၊ သူရ ဦးရွှေမန်းကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ခန့်ထား၊ ဦးခင်အောင်မြင့် ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် နေရာပေး၍ မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ပြောင်း လဲ ခဲ့ပါသည်။
သမ္မတ ဦးသိန်းစိန်သည် ထို အပြောင်းအလဲကို ကမ္ဘာက ယုံကြည်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းထား ရာမှ လွှတ်ပေးသည်။ ပြည်ပ ရောက်နေသော နိုင်ငံရေးသမားများ၊ ပါတီများကို ပြန်လည် ခေါ်ယူသည်။
နိုင်ငံရေး အကျဉ်းသားများကို တဖြည်းဖြည်းချင်း လွှတ်ပေးလာသည်။ ၈၈ ကျောင်းသားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကိုလည်း လွှတ်ပေးသည်။
NLD ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသည့် ပါတီတရပ်အဖြစ် ပြောင်းလဲ စေတော့သည်။ NLD သည် ဒေါ်အောင်ဆန်း စုကြည် မလွတ်မြောက်ခင်နှင့် လွတ်မြောက်ခါစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝလက်မခံခြင်း၊ ၉၀ ပြည့်နှစ် ရွေးကောက် ပွဲ ရလဒ်ကို အကောင်အထည်ဖော်ပေးခြင်း စသည်များကို စွန့်လွှတ်၍ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သလို NLD ကို ပါတီ အဖြစ် ကြေညာလိုက်ပါတော့သည်။
ထိုအခါ အပြောင်းအလဲများ ထူးထူးခြားခြား ဖြစ်မလာသည့်တိုင် နိုင်ငံတကာတွင် အပြောင်းအလဲများ ဖြစ်လာသည်။ ထိုအပြောင်းအလဲကို အမေရိကန်က ဦးဆောင်ခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံလာသည် အထိ ဖြစ်လာခဲ့သည်။
သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေး အတွက် စတင် လုပ်ဆောင်လေသည်။ နှစ်ပေါင်း ၆၀ ကျော် အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) ပါတီနှင့် စတင် ဆွေးနွေးနိုင်ခဲ့သည်။ KNU ကလည်း အစိုးရ အပေါ် တကယ် အပြောင်းအလဲများ လုပ်ဆောင်မည်ဟု ယုံကြည်ပုံရလေသည်။
ထိုအချိန်တွင်ပင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထား သော ဒုတိယ အင်အား အကောင်းဆုံး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA) တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့လေသည်။
လေယာဉ်ပျံဖြင့် ဗုံးကြဲ တိုက်ခိုက်သည်အထိ ပြင်းထန်သောကြောင့် ကျန်အဖွဲ့များလည်း မဝံ့မရဲ ဖြစ်လာ၏။ ထိုကိစ္စကို အစိုးရက ထပ်ဖြေရှင်းပြန်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တွေ့ဆုံညှိနှိုင်းကာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဟု တပ်ပေါင်းစု တစုကို ဖွဲ့စည်းခဲ့သည်။ အစိုးရကလည်း ပြဿနာ မရှာခဲ့ပေ။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါ် ထိုအဖွဲ့အစည်းကသာ တောင်းဆိုဆွေးနွေးပြီး သဘောတူလိုက်နာမည်ဟု ဆိုခဲ့ပါသည်။ ထို့ကြောင့် လိုင်ဇာ ထိပ်သီး ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ကာ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့ပါ သည်။
ထိုကဲ့သို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြားတွင် မတူညီမှုများ ရှိလာကြသည်။ အစိုးရက တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်မည်ဟု ဆိုသည်။ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကမူ နိုင်ငံရေး ဆွေးနွေးပွဲများကို အမြန်ဆုံး ပြုလုပ်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမည်ဟု ဆိုသည်။ ထိုကိစ္စကို အစိုးရက သိပ်ဘဝင်မကျပေ။
ဦးသိန်းစိန် အစိုးရသည် အာဆီယံ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပမည်။ အာဆီယံ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန် ယူရမည် ဖြစ်၍ နိုင်ငံတကာတွင် မျက်နှာပန်းလှအောင် ငြိမ်းချမ်းရေးကို ဆောင်ရွက်ရမည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်သော နည်းဖြင့် ပုံဖော်မည်ဟု ဆုံးဖြတ်ထားပုံ ရပါသည်။
သမ္မတ ဦးသိန်းစိန်က သူတို့ အစိုးရ အဖွဲ့၏ အလားအလာ အတွက် ဥရောပ နိုင်ငံများ တောင်းဆိုနေသော ငြိမ်းချမ်းရေးကို အပူတပြင်း တည်ဆောက်လိုပြီး ရှေ့အစဉ်အလာ စစ်ခေါင်းဆောင်များကဲ့သို့ နောင်မှ သဘောထား ကွဲလွဲချက်ကို ကြုံသလို ဖြေရှင်းမည်ဟု ဆိုကာ ထိပ်တန်း ဦးစားပေး မထားဘဲ အပစ်အခတ်ရပ်စဲရေးကိုသာ ဦးစားပေးနေသည်။
တိုင်းရင်းသားတို့၏ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုသည်ကိုလည်း လက်မခံပေ။ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကို ဇူလိုင်လတွင် ဖြစ်ရမည်ဟု ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ နိုဝင်ဘာလမှ လိုင်ဇာ ထိပ်သီး အစည်းအဝေးနှင့် မြစ်ကြီးနားတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တိုင်းရင်းသား ၁၇ ဖွဲ့ တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလတွင် မဖြစ်တော့ဘဲ ဘားအံတွင် ဒီဇင်ဘာလ၌ တွေ့ဆုံရန် သဘောတူထား၏။
အစိုးရနှင့် စစ်တပ်က ဖက်ဒရယ် စစ်တပ် ဖွဲ့စည်းရေးကိုလည်း လက်မခံခဲ့ကြပေ။ ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တိုင်းရင်း သားများ အတွက် အသက် ဖြစ်ပါသည်။ ဗမာ လူမျိုးကြီး ဝါဒ၏ ဖိနှိပ်မှုမှာ အခြေခံ ဖြစ်သလို ဗမာ တကျပ်၊ ရှမ်း တကျပ် မူကို ဖဆပလ အစိုးရက ချိုးဖောက်ခဲ့သဖြင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ပြည်ပ အစိုးရများက တိုင်းရင်းသားတို့အား တန်းတူ ခွင့် ကို စေတနာ ပါပါအစစ်အမှန်ပေးရမည်ဟု အခိုင်အမာ တောင်းဆိုထားပါသည်။
ယခု ဖွဲ့စည်းပုံတွင် ပြည်နယ် အစိုးရ၏ ဝန်ကြီးချုပ်များကို ပြည်မ အစိုးရ၏ သမ္မတကသာ ရွေးချယ်ပေးသဖြင့် တန်းတူ ပြဋ္ဌာန်းခွင့် လုံးဝ မရှိပေ။ လိုင်ဇာ ထိပ်သီး ညီလာခံက ဘုံသဘောထား ၁၁ ချက်ကို ပြည်ထောင်စု အစိုးရထံ တင်ပြထား သည်။ ထိုအခါ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တပ်မတော်၏ သဘောထား ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက အချက်အလက် ၆ ချက်ကို တင်ပြခဲ့လေသည်။
(၁) ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒ ရှိရန်။
(၂) သဘောတူ စာချုပ်များ၌ ကတိတည်ရန်။
(၃) ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်။
(၄) ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်။
(၅) နိင်ငံတော်၏ တည်ဆဲ ဥပဒေများကို လိုက်နာရန်။
(၆) ဒို့တာဝန် အရေး ၃ ပါးနှင့် ဒီမိုကရေစီ ကျင့်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံ အရ လိုက်ပါ ဆောင်ရွက်ရန်တို့ ဖြစ်သည်။
ထိုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် ပြဿနာ ဖြစ်လာသည်မှာ တည်ဆဲ ဥပဒေများကို လိုက်နာ ရန် နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ကျင့်သုံးရန် ဖြစ်လေသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီရေးကို ဟန့်တားထားသော ဖွဲ့စည်း ပုံ ဖြစ်သည်။ စစ်အာဏာရှင် စနစ် အချိန်မရွေး ခေါင်းထောင်လာရန် အားပေးသော ဖွဲ့စည်းပုံ ဖြစ်သည်။
ထို့ကြောင့် ထို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို တိုင်းရင်းသားများက ၂၀၀၈ ကတည်းက လက်မခံခဲ့သည်မှာ ယခုတိုင် ဖြစ်ပါ သည်။ ထို ဖွဲ့စည်းပုံ ဥပဒေမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်စေနိုင်သည်ဟု သုံးသပ်ကြသည်။ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့က ဘားအံတွင် ထိုပြဿနာကို အကျေအလည် ဆွေးနွေးမည်ဟု ဆိုသည်။ အရေးကြီးသည်မှာ ပြဿနာကို အဖြေရှာ ကာ ဖြေရှင်းနိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပေလိမ့်မည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် သိသာမြင်သာဆုံးနှင့် လူထု ထောက်ခံမှု အရှိဆုံး လုပ်ရပ် ၂ ခု ရှိလေသည်။ တခုမှာ မြစ်ဆုံ စီမံကိန်းကို သူ့အစိုးရ လက်ထက်တွင် ရပ်ဆိုင်းပေးမည်ဟု ဆိုသော ကတိအတိုင်း ရပ်ဆိုင်းပေးခဲ့လေသည်။
ယခင် စစ်အစိုးရ ခေါင်းဆောင်များနှင့် တရုတ်တို့ လက်မှတ်ရေးထိုးထားသော စာချုပ် ဖြစ်၍ ရပ်စဲပစ်ဖို့ကို သူ တာဝန် မယူသော်လည်း လူထု ဆန့်ကျင်မှု ကြီးမားသောကြောင့် သူ့သက်တမ်းတွင် ရပ်ဆိုင်းထားလိုက်လေသည်။ သူသမ္မတ စဖြစ်သော အချိန်တွင် လူထု၏ ထောက်ခံမှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။ ဦးသိန်းစိန်၏ နိုင်ငံရေး ကျားကွက် ရွေ့ပြောင်းလိုက် သည်မှာ အပေါ်စီးရသွားသည်ဟု ဆိုရမည်။
ဒုတိယ အောင်မြင်မှုမှာ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးဖို့ကို ဖိတ်ခေါ် လိုက် နိုင်ခြင်းပင် ဖြစ်သည်။ ပြည်ပရောက် နိုင်ငံရေးသမားများ၊ နိုင်ငံရေး အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လိုက်၏။ ဦးသိန်းစိန် လက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ဖြစ်ပေါ်လာကာ အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုရပေမည်။ အသိသာ ဆုံးမှာ အစောဆုံး ပုန်ကန်တော်လှန်ခဲ့သော KNU နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်းမှာ ကရင် ပြည်နယ်နှင့် ကရင် လူမျိုးများ အတွက် မင်္ဂလာ တပါးဟု ဆိုရပေမည်။
ထိုအချိန်တွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲထားသော KIA အဖွဲ့သည် စစ်အစိုးရခေတ်ကတည်းက တပ်မတော်နှင့် လက်နက် ကိုင် တိုက်ပွဲများ ဖြစ်နေချိန် ဖြစ်သည်။ လက်နက်ကိုင် အင်အား၊ လူအင်အားမှာ ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) ပြီးလျှင် KIA သည် အားအကောင်းဆုံး ဖြစ်သောကြောင့် ငြိမ်းချမ်းရေး ညီလာခံတွင် KIA ပါလာသည်မှာ လည်း လူထု အဖို့ ဝမ်းသာစရာ ဖြစ်ပါသည်။
နှစ်ပေါင်း ၆၀ ကျော် ဝေးကွာခဲ့သော ငြိမ်းချမ်းရေး ခရီးကား နီးကပ်လာပြီလားဟုလည်း ပြည်သူက ဝမ်းသာအားရ မျှော် လင့် စောင့်စားခဲ့ကြလေသည်။
မြန်မာနိုင်ငံ အဖို့ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ဒီမိုကရေစီ ရဖို့ထက်ပင် ပိုအရေးကြီးကြောင်း ပြည်သူက လေးလေး နက်နက် ယုံကြည်ကြပါသည်။ ငြိမ်းချမ်းရေရလျှင် အမျိုးသား စည်းလုံး ညီညွတ်ရေး ရမည်။ အမျိုးသားစည်းလုံး ညီညွတ် ရေး တည်ဆောက်နိုင်လျှင် ဒီမိုကရေစီလည်း ရရှိနိုင်ပေမည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့မှာ အခရာ ကျလေသည်။ ငြိမ်းချမ်းရေး မရဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု မရနိုင်ဟုလည်း သဘောပေါက်ကြလေသည်။ တချိန်တည်းတွင် ငြိမ်းချမ်း ရေး မရဘဲနှင့်လည်း ဒီမိုကရေစီ မရနိုင်ပေ။
ပြည်တွင်းစစ် ရှိနေသမျှ ကာလပတ်လုံး စစ်ပွဲများ၊ တဖက်နှင့် တဖက် အနိုင်တိုက်ခိုက်မှုများ၊ မိမိတပ် အသာစီးရလိုမှုနှင့် ရွာများကို ရွှေ့ပြောင်းခြင်း၊ လုယက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အနိုင်ကျင့်ခြင်း၊ မီးရှို့ခြင်း စသည်တို့မှာ စစ်ပွဲကာလ အတွင်း၌ မည်သည့် လူ့အခွင့်အရေး၊ မည်သည့် စာနာမှုမှ ရှိလိမ့်မည် မဟုတ်ပေ။ အစိုးရ စစ်တပ်က လုပ်နိုင်သလို တခြားသော လက်နက် ကိုင် တပ်များကလည်း လုပ်နိုင်လေသည်။ ပြည်တွင်းစစ် ကာလအတွင်း ပြည်သူလူထု သိန်းနှင့်ချီပြီး သေဆုံး ပျက်စီးခဲ့ပြီးပါပြီ။
ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံပွဲကြီးကို ဦးသိန်းစိန် အစိုးရ စတင် ကမ်းလိုက်သည့် အချိန်မှစ၍ မျှော်လင့်ချက် တထွေးကြီးဖြင့် လူထုက စောင့်မျှော်နေသော်လည်း အစိုးရ သက်တမ်း ၅ နှစ် ကုန်သည် အထိ အောင်မြင်သော ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကြီး မဖြစ်ခဲ့ပေ။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) ခေါ် ငြိမ်းချမ်းရေး စာချုပ်ကို တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ ဖြင့်သာ လက်မှတ်ရေး ထိုးခဲ့ခြင်းဖြင့် အထိုက်အလျှောက် အောင်မြင်သည်ဟု ဆိုရပေမည်။ သမိုင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုလျှင် အပစ်အခတ် ရပ်စဲရမည်မှာ သဘာဝ ကျပါသည်။
တိုက်ပွဲများ ရပ်ဆိုင်းထားမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာနိုင်ပေမည်။ တဖက်နှင့် တဖက် ယုံကြည်မှသာ လျှင် လည်း ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည် ဖြစ်ကာ ယုံကြည်မှု မရှိနိုင်လျှင် သေနတ်သံများ တိတ်ဆိတ်နိုင်မည် မဟုတ်ပေ။ သေနတ်သံများ မတိတ်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည် မဟုတ်ပေ။
ပြည်တွင်း စစ်သာမက ကမ္ဘာ့စစ်ပွဲကြီးများတွင်လည်း အပစ်အခတ်ရပ်စဲရသည်မှာ သဘာဝ ကျပါသည်။ စစ်ပွဲများ ပြီးဆုံး၍ သေနတ်သံများ တိတ်ဆိတ်သွားသောအခါ တဖက်နှင့်တဖက် ဆွေးနွေးနိုင်ကြလေသည်။ ကိုရီးယား စစ်ပွဲတုန်းကလည်း တောင်မြောက် ကိုယ်စားလှယ်များ၊ အမေရိကန်၊ တရုတ်၊ ရုရှား ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂတို့ ပါဝင်ကာ စစ်မဲ့ဇုန် များ ဖန်တီးပြီး အပစ်အခတ်ရပ်စဲရေး သဘောတူ ကြရလေတော့သည်။
ထို့အတူ ဗီယက်နမ် စစ်ပွဲပြီးဆုံးသွားပြီး အမေရိကန်တို့ အလုံးအရင်းဖြင့် ကူညီနေသော တောင်ဗီယက်နမ်ကို ဗီယက် ကောင်း များက သိမ်းပိုက်ပြီးသည့်နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့လေသည်။ ပါရီတွင် အမေရိကန်တပ်များနှင့် စစ်ရှုံး တောင် ဗီယက်နမ်များ ဆုတ်ခွာဖို့ အတွက် သဘောတူညီချက်များ ရယူပြီးမှသာလျှင် စစ်ရှုံးကြောင်း ကြေညာခဲ့လေသည်။
ပြည်တွင်း စစ်ပွဲများတွင် အာဏာရ အစိုးရအဖွဲ့နှင့် လက်နက်ကိုင် တော်လှန်းရေး အင်အားစုများ ငြိမ်းချမ်းရေး ရယူမှုများ ရှိပါသည်။ ကိုလံဘီယာ ပြည်တွင်းစစ်တွင် Farc ခေါ် လက်ဝဲသူပုန်များနှင့် ကိုလံဘီယာ အစိုးရတို့ သဘောတူမှုရ ယူကာ ပြည်တွင်းစစ်တို့ ရပ်စဲထားခဲ့၏။ အပစ်အခတ်ရပ်စဲရေးကို ပထမဆုံး သဘောတူညီ ပြီးမှသာလျှင် ကျန်သဘော တူညီချက် များကို လက်မှတ်ရေထိုးခဲ့ကြလေသည်။ ကျူးဘားနိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့လေသည်။ အစိုးရကိုရော သူပုန်ကိုပါ သြဇာရှိသည့် နိုင်ငံ တနိုင်ငံက ကြားဝင်စေ့စပ်ပေးနိုင်လျှင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ချောမွေ့လွယ်ကူ တတ်ပါသည်။
နီပေါ ငြိမ်းချမ်းရေး တည်ဆောက်စဉ်ကလည်း မော်ဝါဒီ လက်နက်ကိုင် သူပုန်များနှင့် နီပေါ တပ်မတော်တို့ ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။ ကုလသမဂ္ဂနှင့် အိန္ဒိယတို့က ကြားဝင် စေ့စပ်ပေးခဲ့ပါသည်။
ထိုအချိန်က မော်ဝါဒီများကို နီပေါ ကျေးလက်ပြည်သူ အားလုံး က ထောက်ခံပေးခဲ့သောကြောင့် ၁၀ နှစ်အတွင်း မြို့တော် ကို ဝိုင်းထားနိုင်သည် အထိ အင်အား တောင့်တင်းခဲ့ပါသည်။ သို့သော် ပြည်တွင်းစစ်များမှာ အလွယ်တကူ ပြီးဆုံးဖို့ မလွယ် ကူ လှပေ။ အင်အားချိန်ခွင်ညှာ ကွာခြားမှုကြောင့်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် သက်တမ်းမှာ နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်၏။ ပြည်တွင်းစစ် ရပ်စဲမှ ဖြစ်မည်ကို အားလုံး သဘော ပေါက်ကြလေသည်။ အမြဲတမ်း ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လက်နက်ကိုင်များ တောင်းဆိုသော အချက်များကို လိုက် လျောရမည် ဖြစ်သလို တဖက်သတ် တင်းမာသော တောင်းဆိုမှုများလည်း မရှိရန် လိုသည်။
NLD ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်သည်နှင့် NLD အစိုးရက ၂၁ ရာစု ပင်လုံ ဆိုသော ယခင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် အကောင်အထည်ဖော်ကာ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားခဲ့သည်။
သို့သော် ယခုအထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မပြုလုပ်နိုင် သေးပေ။ မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တပ်မတော်တို့၏ တိုက်ပွဲများမှာလည်း ပြင်းထန်နေ၏။ ငြိမ်းချမ်းရေး တေးသံ မလွှမ်းနိုင်ဘဲ သေနတ်သံ၊ ဗုံးသံ၊ လက်နက်ကြီးသံများသာ မြန်မာပြည် မြောက်ပိုင်းတွင် ဖုံးလွှမ်းနေသောကြောင့် အလွန်ကို ရင်လေးစရာ ဖြစ်နေသည်။
လူထု ထောက်ခံသော ဒီမိုကရေစီ အစိုးရ လက်ထက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ အဖွဲ့ လက် ထက်တွင် ပို၍ပင် ငြိမ်းချမ်းရေး အခြေအနေကောင်းရမည့် အစား သေနတ်သံများ ပိုမိုဆူညံလာသည်မှာ အားရစရာ မကောင်းလှပေ။
၂၁ ရာစု ပင်လုံညီလာခံတွင် အစိုးရအဖွဲ့ ကိုယ်စားလှယ်များ ပြောကြားသွားသော ငြိမ်းချမ်းရေး အသံများ၊ တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေး အတွက် သဘောတူသော တင်ပြချက်များမှာ လေထဲလွင့်ပျောက်သွားသလားဟု လူထုက စိတ်ပျက်အားလျော့ နေကြပါသည်။
အဆိုးဆုံးမှာ တဖက်ကို တဖက် မယုံကြည်ကြခြင်း ဖြစ်၏။ ယုံကြည်မှု မတည် ဆောက်နိုင်သေးသရွေ့ သေနတ်သံများမှာ မြည်ဟိန်းနေပေဦးမည် ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေးကို အင်အား ကောင်းသူများက အမှန်တကယ် လိုလားကြမည် ဆိုလျှင် အင်အားကောင်းသည့် ဘက်က စိတ်သဘောထားကြီးစွာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသူများ ဖြစ်ကြောင်း ပြသဖို့ လိုသည်။
တဖက်နှင့် တဖက် အပြုသဘောဆောင်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပင် မိမိကရယူဖို့ မစဉ်းစားဘဲ မိမိကပေးဖို့ စဉ်းစားပါဟူသော အလွန်လေးနက်သည့် တိုက်တွန်းချက်များကို လိုက်နာသင့်သည်။
မိမိက အနစ်နာခံပေးဖို့ကို အစိုးရနှင့် တပ်မတော်ကရော ဆုံးဖြတ်ပြီးကြပြီလား။ မိမိကပဲပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကရော၊ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရရော၊ တပ်မတော်ကရော မိမိကပဲ ပေးမည် ဆို သော သဘောထား ရှိခဲ့ကြပြီလား၊ ထိုသဘောထားမှာ ယခုထက်တိုင် ရှိသေးပုံ မရပေ။ အစိုးရနှင့် စစ်တပ်က သာ မိမိတို့က ပေးမည်ဟု ဆုံးဖြတ်ပြီးပါက တိုင်းရင်းသား လက်နက်ကိုင်များက မိမိတို့ မပေးနိုင်သော သဘောထားရှိသည့် တိုင် အားကြီး သူက အနာခံကာ စွန့်လွှတ်ကာ မိမိတို့က ပေးနိုင်သလောက်ပေးကာ ငြိမ်းချမ်းရေးကို ရိုးရိုးသားသား တည်ဆောက်သင့်သည် မဟုတ်ပါလော။
ဤကဲ့သို့ မိမိတို့ကပဲ ပေးပြီး တဖက်က အနစ်နာခံခံ၊ မခံခံ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ရောက်အောင် အတင်းဖက်ပြီး ဆွဲခေါ်လာလျှင် အစိုးရနှင့် တပ်မတော်က တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို သဘောထားကြီးစွာ၊ ငြိမ်းချမ်းရေး ဗိသု ကာ ပညာရှင်ပီသစွာ ကြေညာသင့်လေသည်။
အစိုးရနှင့် တပ်မတော်ဘက်ကသာ အရင်ဦးဆုံး အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်ပါက ထိုလမ်းကြောင်းကို မနင်းသော၊ ပစ်ချင် ခတ်ချင်သော စစ်ဝါဒီရုပ်ပေါ်လာပေမည်။ တဖက်ဖက်ကသာ အပစ်အခတ်ရပ်စဲရေးကို ဦးစွာ အကောင်အထေည် ဖော် လိုက်လျှင် စစ်ကို မရပ်သူသည် ငြိမ်းချမ်းရေးကို မလိုချင်သူမှန်း ပေါ်လာပေလိမ့်မည်။ သဘောထားမှန်လျှင် တူညီသော တုံ့ပြန်မှု အမြဲတမ်း ရှိစမြဲပင်။
“တရားစောင့်သူကို တရားက ပြန်စောင့်၏” ဆိုသော ဗုဒ္ဓ၏ အဆုံးအမအတိုင်း အင်အားကြီးသူက တရားကိုသာ စောင့် ထိန်း ကြောင်း လက်တွေ့ပြသမည်ဆိုလျှင် တဖက်က လက်နက်ကိုင်များမှာလည်း စစ်ပွဲကို ရပ်ဆိုင်းနိုင်သူများ ဖြစ်နေသော ကြောင့် သူတို့လည်း တရားကို ပြန်စောင့်ပေမည်။ ထိုသို့သော အနာခံပါက ငြိမ်းချမ်းရေးသည် မဝေးတော့ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ၌ နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။