တလောက ပွဲတပွဲမှာ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ ၂၁ ပင်လုံနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ တပ်မတော် အနေ အထား၊ မြစ်ဆုံကိစ္စ၊ ဧရာဝတီ၊ ပြောင်းလဲချိန်တန်ပြီ စတဲ့ အကြောင်းတွေ ပြောဖြစ်ကြတယ်။
ထင်မြင်ချက် အမျိုးမျိုး ပေးကြတယ်။ အယူအဆ အမျိုးမျိုး ဆွေးနွေးကြတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လုပ်နေတာနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်နေကြတာတွေလည်း ပြောကြတယ်။ ပြင်မယ် ပြောင်းမယ် ဆိုလို့မဲပေးခဲ့တယ်။ အခုထိ ဘာမှလဲ မပြင်၊ ဘာမှလည်း မပြောင်း၊ စစ်အစိုးရကမှ ကောင်းဦးမယ်လို့ ပြောသူကလည်း ပြောရဲ့။ ဦးသိန်းစိန် အစိုးရကို မဲပေးတာကမှ ကောင်းဦးမယ် ဆိုသူကဆို။
NLD ဟာ ကတိမတည်ဘူး။ အာဏာရလာတော့ ထင်ရာစိုင်းတယ်။ အမျိုးသား ရင်ကြားစေ့ရေးဆိုပြီး စစ်တပ်နဲ့ အပေး အယူ လုပ်တယ်။ ပြည်သူလုထုနဲ့ ကျန်အင်အားစုတွေကို ဘေးဖယ်ထားတယ်။ အလုပ်သမားအရေး၊ လယ်သမား အရေး တွေကလည်း အခုထိ မရှင်းနိုင်သေးဘူး။ လာမယ့် ရွေးချယ်ပွဲ ဘယ်သူ့ မဲပေးရပါ့။
ဒီလိုအထိ စဉ်းစားလာသူတွေ ရှိလာတယ်။ ဒါ သူတို့ အမြင်၊ သူတို့ ထင်မြင်ချက်။ သူတို့ အယူအဆ၊ NLD ကို မကြိုက် လို့ မဲမပေးရင် ဘယ်သူ့မဲပေးမလဲလို့ စာရေးသူက မေးလိုက်တော့ သူတို့ ဘာမှ ပြန်မဖြေ။ အို့တို့အန်းတန်း ဘာဆက် ပြော ရမှန်း မသိ၊ တယောက်က ပြန်ပြောတယ်။ စစ်တပ်က လူတွေမဲမပေးချင်လို့ NLD မဲပေးတာလို့ မှတ်ပါတဲ့။
ဗိုလ်ချုပ်သမီးမို့ မဲပေးတာပါ၊ နိုင်ငံရေးသမားတွေဆို ဝေလာဝေး၊ ဘယ်တော့မှ မဲမပေး။ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည် အတိ ဒုက္ခရောက်ခဲ့ရတာ။ နိုင်ငံရေးသမားတွေ မကောင်းလို့တဲ့။
ဘယ်နိုင်ငံရေးသမားတွေ မကောင်းတာလဲ၊ ဘယ်နိုင်ငံရေးသမားတွေကို ဆိုလိုချင်တာလဲလို့ မေးမိ။ သူက နိုင်ငံရေး သမား ဆိုတာ အားလုံးပဲပေါ့တဲ့။
စိတ်ထဲ ဖျင်းခနဲ ဖြစ်သွားတယ်။ ဒါပေမယ့် ကိုယ်က လူကြီး သည်းခံရမယ်လေ။ ဒါနဲ့ ကိုရင့် အသက် ဘယ်လောက် ရှိပြီလဲ။ ခြောက်ဆယ်။ ၁၉၅၉ မွေးတယ်။ ဘာဖြစ်လို့ အသက်မေးတာလဲ။ ဘာရယ် မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ဖွား ဆိုတော့ ဗိုလ်နေဝင်း အိမ်စောင့် အစိုးရ လက်ထက်မွေးပေါ့။
ပထစ ဦးနု အစိုးရ လက်ထက်မှာ မူကြိုတောင် မတက်ရသေးပါလား။ အေးလေ အဲဒီတုန်းက မူကြိုမှ မရှိတာ။ ၁၉၆၂ ဗိုလ်ချုပ် နေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းစဉ်က ၃ နှစ်သားပဲ ရှိဦးမှာပေါ့။ ဟုတ်စ။
အယုတ်တမာတွေ ပြောပေါက်ဆိုပေါက် အလွတ်ရနေတာ ဖြစ်နိုင်ပါတယ်။ ကိုရင့်ကို အပြစ်မတင်ပါဘူး။ နိုင်ငံရေး သမား တွေ မကောင်းလို့။ တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးပဲ လိုတော့လို့ အာဏာသိမ်းရပါတယ်ဆိုတဲ့ ဓာတ်ပြား ဟောင်းကြီးက လူတော်တော်များများကို စည်းရုံးသိမ်းသွင်းနိုင်ပါကလား။
ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြောတာကိုတော့ ဆင်ခြင်ရင်ကောင်းမယ်လို့ အကြံပြုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ ရေး သမားတိုင်း မကောင်းတာမဟုတ်၊ ကိုရင့် လက်ချောင်းတွေကိုပဲ ပြန်ကြည့်။ တချောင်းနဲ့တချောင်း အရှည်အတို အပိန်အဝ တူရဲ့လား။ နိုင်ငံရေးသမားမှ မဟုတ်ဘူး။ လူတိုင်းပဲ မတူပါဘူး။
နိုင်ငံရေး သမားတွေထဲမှာ ရောက်ရှိနေတဲ့ အဆင့်အတန်း၊ ဖြစ်တည်နေတဲ့ ဘဝတွေပေါ် မူတည်ပြီး မတူညီတာတွေ၊ ကွဲပြားခြားနားတာတွေ ရှိတယ်။ နိုင်ငံရေးသမား အာဏာရသွားလို့၊ အစိုးရဖြစ်သွားလို့ ဝန်ကြီးဝန်ကလေး ဖြစ်သွားလို့ ဖောက်ပြန်သူတွေ ရှိသလို မဖောက်ပြန်သူတွေလည်း ရှိတယ်။
အဲဒါ နိုင်ငံရေးသမားကို ပြောတာနော်။ နိုင်ငံရေး လုပ်စားနေတဲ့သူတွေကို ပြောတာမဟုတ်ဘူး။ နိုင်ငံရေး လုပ်စားသူ တွေ ဆိုတာ သပ်သပ်ရှိတယ်။ သာတဲ့အခါ၊ စားပေါက်တွေ့တဲ့အခါ အာပေါင်အာရင်း သန်သန်နဲ့ နိုင်ငံရေး လောကထဲ ဝင်လိုက်၊ အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ အကြောင်းပြ ထွက်ပြေး သူတွေကို ဆိုလိုတာ။
ဒါပေမယ့် အာဏာရ နိုင်ငံရေးသမားလည်း မဟုတ်၊ အာဏာကိုလည်းမယူ၊ မိမိရဲ့ ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ အဂတိတရား ၄ ပါးကို ရှောင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ မိမိယုံကြည်ရာကို စိုက်လိုက်မတ်တတ် လုပ်နေတဲ့ နိုင်ငံရေး သမားတွေလည်း အများအပြား ရှိတယ်။
အဲဒီ နိုင်ငံရေးသမားမျိုးက ပြည်သူတွေရဲ့ ကောင်းကျိုးကို ရှေးရှုကြတယ်။ ကိုယ့်ကျင့်တရား အဂတိ လေးပါး ကင်း တယ်။ သူတို့ ကြိုက်နှစ်သက်တဲ့ အယူ၊ သူတို့ ကိုင်စွဲတဲ့ သဘောတရားနဲ့ သူတို့ ပြည်သူကို အလုပ်အကျွေးပြူဖို့ ကြိုးပမ်း နေသူတွေ ရှိတယ်။ သူတို့ဟာ ကိုယ်ကျိုးစီးပွား မဖက်ကြဘူး။
များသောအားဖြင့် အာဏာရလာတဲ့ နိုင်ငံရေး လောကမှာ အကျင့်ပျက် ခြစားမှုတွေ၊ အဂတိတရား လေးပါး မစောင့် ထိန်းနိုင် သူတွေ၊ အာဏာ ယစ်မူးသူတွေ။. ကုလားထိုင် လုသူတွေ၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်သူတွေ၊ အာဏာစက် ပြိုင် သူတွေ ဖြစ်လာ ကြတယ်။ အဲဒါဟာ အာဏာရ နိုင်ငံရေး လောကမှာ ပျက်ကိန်းဝင်တာပဲ။
အာဏာမဲ့ နိုင်ငံရေးမှာ ဒါမျိုး အတော်နည်းတယ်။ မရှိသလောက် ရှားတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အာဏာမဲ့ နိုင်ငံရေးဟာ မျှော်လင့်စရာ ဘာတခုမှမရှိဘူး။ သူတို့ အတွက် မျှော်လင့်ချက် ဆိုတာ က ရဲစခန်း။ အချုပ်ထောင်၊ လုပ်ကြံသတ်ဖြတ်မှု၊ ကြိုးမိန့်၊ ဒါတွေပဲ။ ဘယ်သူက လုယူမှာလဲ။
ဗမာ့နိုင်ငံရေး သမိုင်းစာမျက်နှာတွေမှာ ပြန်ကြည့်ရင် ကိုလိုနီခေတ် နိုင်ငံရေး အခင်းအကျင်းတွေ။ နိုင်ငံရေးသမား တွေရဲ့ လှုပ်ရှားမှုတွေ၊ အာဏာရ၊ အာဏာမဲ့ နိုင်ငံရေးသမားတွေရဲ့ ဇာတ်လမ်းတွေ၊ သူတို့ရဲ့ ရပ်တည်လှုပ်ရှားမှုတွေ၊ သူတို့ ဘဝတွေက သူတို့ရဲ့သမိုင်းကို ရေးပြနေကြတယ်။
အဲဒီခေတ်ထဲမှာလည်း နယ်ချဲ့သမားနဲ့ ပေါင်းသွားသူ၊ နယ်ချဲ့သမားအလိုကျ နယ်ချဲ့ လက်ဝေခံသူတွေပေါ့။ ထောင်စား အမတ်ကြီးတွေဆိုတာ နယ်ချဲ့အစိုးရ ခိုင်းတိုင်း လုပ်တဲ့သူတွေ၊ တိုင်းပြည်ကို ရောင်းစားတဲ့သူတွေ အဲဒီ သူတွေဟာ အာဏာရ နိုင်ငံရေး သမားတွေပဲ။
လွတ်လပ်ရေး ရပြီး ဒီမှာဘက် ဖဆပလထဲက ကွန်မြူနစ်ပါတီကို ကန်ထုတ်လိုက်တယ်။ ဆိုရှယ်လစ် ပါတီတွင်း နိုင်ငံရေး အယူအဆ ကွဲရာက လက်ဝဲ ဆိုရှယ်လစ်နဲ့ လက်ယာ ဆိုရှယ်လစ်ဆို ကွဲတယ်။ လက်ယာ ဆိုရှယ်လစ်တွေ က လက်ဝဲ ဆိုရှယ်လစ်တွေကို ဆိုရှယ်လစ် ပါတီနဲ့ ဖဆပလ ထဲက မောင်းထုတ်လိုက်တယ်။
အဲဒီနောက် လက်ယာ ဆိုရှယ်လစ်အုပ်စုဟာ အီးစီအေ အကူအညီ ချေးငွေတွေယူပြီး အမေရိကန်ရဲ့ တပည့် နောက် လိုက် ဖြစ်သွားတယ် လို့ အတိုက်အခံ ဆိုရှယ်နီတွေက စွဲချက်တင်လိုက်တယ်။ နောက်မကြာဘူး ဖဆပလ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ် ဦးနုရဲ့ မိန့်ခွန်းထွက်လာတယ်။
အဲဒီ မိန့်ခွန်းက –
“ခြ” တောထဲကို ထင်းရူးသေတ္တာပုံး ချလိုက်ရင် အချိန်အတော်ကြာမှ ကုန်တယ်။ ဖဆပလ အဖွဲ့ထဲ ထင်းရူးသေတ္တာ ချ လိုက်ရင် ချက်ချင်းကုန်တယ်။ ဖဆပလ အစိုးရထဲမှာ ကိုယ်ကျင့်တရား ဘယ့်ကလောက် ပျက်ပြားနေလဲဆိုတာ ထင်ရှား တယ်။
ဦးနုက ဖဆပလကို သန့်ရှင်းရေး လုပ်ချင်တယ်။ လက်ယာ ဆိုရှယ်လစ်တွေက လုပ်စရာမလိုဘူးတဲ့။ ဒါနဲ့ အာဏာရ ဖဆပလ ကွဲပြန်ရော။ တည်မြဲတဲ့။ သန့်ရှင်းတဲ့။
နွားကွဲတော့ ကျားဆွဲဆို မဟုတ်လား။ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ တက်လာတယ်။ အထူးသဖြင့် သန့်ရှင်းရေး မလုပ်ချင်တဲ့ လက်ယာ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုပေါ့။ ဒါပေမယ့် ဦးနုက လျင်တော့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို အာဏာမပေးဘဲ ပါလီမန် ကတဆင့် ဗိုလ်နေဝင်းကို အာဏာ လွှဲပေးခဲ့တယ်။
ဗိုလ်နေဝင်းက ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရတဲ့ ဦးနုကို အစိုးရ အာဏာ လွှဲခဲ့တယ်။ အာဏာရလာတဲ့ ဦးနုရဲ့ ပထစ အစိုးရ ကွဲပြန်တာကိုး။ ကွဲတာမှ သုံးကွဲ၊ ဦး၊ ဗိုလ်၊ သခင်တဲ့။ အုပ်စုတိုက်ပွဲ၊ ကုလားထိုင်လုပွဲ၊ အာဏာလုပွဲ။
ယာလဲညက်၊ ကြက်လဲမော စောင့်နေတဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်တယ်။ အကြောင်းပြတာက တိုင်းပြည် ချောက်ထဲ ကျဖို့ လက်နှစ်လုံးအလိုမှာ ကယ်လိုက်ရသတဲ့။ နိုင်ငံရေးသမားတွေ အသုံးမကျလို့။ ကိုယ်ကျိုး ကြည့်လို့။ အဂတိလိုက်စားလို့ ဖြစ်လာတယ်။
မဆလ ခေတ်ထဲ ကြီးပြင်းသူတွေ နိုင်ငံရေးသမား မကောင်းပြောတာ ဆန်းတော့ မဆန်း။
နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေကို မကောင်းပြောတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း တုံ့ပြန် ပြောဆိုတာလေးကို မှတ်မှတ်ရရ ပြောပြချင်ပါတယ်။
အဲဒါကတော့ ဖက်ဆစ်တော်လှန်ရေး အပြီး ကတ်စဘီ အစိုးရ လက်ထက်ပေါ့။ ဖဆပလ ကွန်မြူနစ် ညီညွတ်နေတဲ့ အချိန် ပဲ။ ဆင်းမလား စီမံကိန်း၊ စက္ကူဖြူ စီမံကိန်းတွေကို ဆော်နေ နှက်နေတဲ့ အချိန်ပေ့ါ။
အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ် လူဝီ မောင့်ဘက်တန် (Lord Louis Mountbatten) ဟာ အရှေ့တောင် အာရှ တပ်ပေါင်းစု မှူးကြီး (Supreme Allied Commander, South East Asia) လည်း ဖြစ်တယ်။
အဲဒီအချိန် သတင်းစာတွေက စစ်ဘုရင်ချုပ်ကြီး လို့လည်း ရေးကြတယ်။
မောင့်ဘက်တန်ဟာ ဗမာပြည်ကို ၁၉၄၅ ဇွန် ၁၅ ရက်မှာ ရောက်တယ်။ မဟာမိတ်တို့က ဖက်ဆစ်တွေကို စစ်နိုင်လိုက် တဲ့ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားတက်ရောက်ဖို့ လာတာ ဖြစ်တယ်။ အဲဒီနေ့မှာပဲ မဟာမိတ် တပ်ပေါင်းစုရဲ့ အလေးပြု ခံတယ်။ မိန့်ခွန်းပြောတယ်။
အောင်ပွဲ အခမ်းအနားပြီးတဲ့အခါ မောင့်ဘက်တန်ကို ဂုဏ်ပြု ညစာစားပွဲ ကျင်းပတယ်။ အဲဒီ ညစာစားပွဲကို တည်ခင်း ဧည့်ခံတာက ရန်ကုန်ရှိ မဟာမိတ် တပ်ပေါင်းစု အရာရှိတွေ စုဖွဲ့ထားတဲ့ အရှေ့နဲ့ အနောက်ကလပ် (East & West Club) က တည်ခင်း ဧည့်ခံတာ ဖြစ်တယ်။
ဧည့်ခံတဲ့ နေရာက “ကန်တော်မိတ်သဘင်’ လို့ စစ်ကြိုခေတ်က ခေါ်တယ်။ အိုးရီးရင့် ကလပ် လို့လည်း ခေါ်တယ်။ ဖိတ် ကြားထာတဲ့ လူတွေက စစ်ကြိုခေတ် ဝန်ကြီးတွေ၊ အမတ်ကြီးတွေ၊ အရာရှိကြီးတွေ၊ ဖဆပလ လေးငါးဆယ် ယောက် လောက် ဖိတ်ပါရဲ့။ နေရာ ပေးတော့ ချောင်ကလောင်၊ ဗိုလ်ချုပ်ကိုတောင် နောက်ဆုံးတန်းမှာ။ အတော် ဂိုက်ပဲ့ တာကိုး။
ထမင်းစားပွဲ အပြီး ဥရောပ ထုံးစံ အတိုင်း ဂုဏ်ပြုစကား ပြောကြပါသတဲ့။ ဘုရင်မင်းမြတ် ဘုန်းတန်ခိုး အာနုဘော် ကြောင့် စစ်ကြီးနိုင်တဲ့ အကြောင်း၊ စစ်ဘုရင်ကြီး မောင့်ဘက်တန် ရဲ့ စွမ်းပကား ကြီးမားလှကြောင်း၊ ကျန်းခံသာလို့ မာစေကြောင် ဆုတောင်းပေးနေပါကြောင်း အာဝဇ္ဇာန်း ရွှင်ရွှင်နဲ့ ပြောကြဖားကြ ရားကြပေါ့။
နောက်ဆံုံး အစီအစဉ်အရ မောင့်ဘက်တန်က စကားပြောတာကိုး။ မောင်ဘက်တန် ပြောတဲ့ စကားထဲ (Politic is the refuge of the secoundreks) နိုင်ငံရေး လောက ဆိုတာဟာ မသမာသူတို့ရဲ့ ခိုကိုးရာနေရာ ဖြစ်တယ် ဆိုတဲ့ စကား ထည့်သွင်း ပြောဆိုခဲ့တယ်။
ဒီစကားလုံးဟာ နိုင်ငံရေးသမားတွေကို စော်ကားလိုက်တာ။ သိက္ခာချလိုက်တာ၊ နိုင်ငံရေးဆိုတာကို တမင် နံနှိမ် လိုက်တယ် ဆိုတာ ဗိုလ်ချုပ်မပြောနဲ့ ခေတ်မီသူတိုင်း သဘောပေါက်တယ်။
မောင့်ဘက်တefလည်း နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရော လက်ခုပ်သြဘာသံကြီး တခဲနက် ထွက်ပေါ်လာတယ်။ ဗိုလ်အောင်ဆန်း က လက်ခုပ်သြဘာသံ ဆုံးအောင် မစောင့်။ နောက်ဆုံးတန်း ချောင်ထဲက ဗြုန်းခနဲ မတ်တတ် ထရပ် လိုက်ပြီး မောင့်ဘက်တန် ထိုင်နေတဲ့ စားပွဲဆီ လျှောက်သွားတယ်။
အစီအစဉ်မရှိဘဲ မိန့်ခွန်းစတင် ခြွေပါလေရော။ ပရိသတ်ရော၊ စီစဉ်သူတွေရော၊ အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် ကုန်ကြတယ်။ လာရောက်ကြတဲ့ ဧည့်ပရိသတ် အားလုံးလိုလိုက အလိုတော်ရိတွေ၊ လက်ဝေခံတွေ၊ အကျိုးလိုလို့ ညောင်ရေ လောင်းသူတွေ။ ခုတော့ ပတ်ထိန်း နဲ့ တိုးနေကြတော့တာကိုး။
ဘာဖြစ်လို့လဲဆိုတော့ အနောက်တိုင်း ယဉ်ကျေးမှုမှာ အစီအစဉ်အတိုင်းသာ ပြောကြဆိုကြ လုပ်ကြရတယ်။ အစီအစဉ် ထဲ မပါဘဲ ပြောမယ်ဆိုမယ် လုပ်မယ် ကိုင်မယ်ဆိုရင် အင်မတန် ရိုင်းစိုင်းတယ်လို့ ဆိုတယ်။ ဗိုလ်ချုပ်က ဒီယဉ်ကျေးမှု အစဉ်အလာကို မသိမဟုတ်။ နားမလည်တာ မဟုတ်။
နောက်တခု ပြောစရာ ရှိတာက ဗိုလ်ချုပ်ဟာ တော်လှန်ရေးသမား၊ ရေပေါ်ဆီ မဟုတ်။ သာယာစားမဟုတ်။ ဟိတ်ဟန် မလုပ်။ ဂိုက်မထုတ်။ သူလုပ်စရာရှိတာကိုတော့ ဘယ်လို အနေအထားမျိုးမှာမဆို လုပ်ရဲတယ်။ လုပ်လည်း လုပ်တယ်။
ခုလို ရွှေရောင်စိန်ရောင် မြရောင် ပတ္တမြားရောင် တပြောင်ပြောင်တဝင်းဝင်းနဲ့ ခင်းကျင်းနေတဲ့ ဒီလိုပွဲမှာ နွမ်းနွမ်း ဖတ်ဖတ် ယူနီဖောင်း စုတ်စုတ်ပြတ်ပြတ် ကလေးနဲ့ ဗမာပြည်က သာမန် စစ်ဗိုလ်ချုပ်လေး တယောက်က အရှေ့ တောင် အာရှ မဟာမိတ် တပ်ပေါင်းစုမှူးကြီး စစ်ဘုရင်ကြီးကို ရဲရဲရင့်ရင့် တုံ့ပြန်ခဲ့တယ်။
နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေ အပေါ် စော်ကားမောက်မာ ပြောတာကို မခံနိုင်၊ ဒါကို တန်ပြန်ရမှ ကျေနပ်နိုင်မှာကိုး။ ဒါကြောင့် ဘယ်သူ့ကိုမှ အလေးမမူ၊ ဂရုမထား သူ့စကား သူ့အယူကို စလိုက်တယ်။
“ဂုဏ်သရေရှိ အမျိုးသမီးများ၊ အမျိုးသားများ၊ လူကြီးလူကောင်းလို့ ထင်မှတ်စရာ ရှိသူများ ခင်ဗျား။ အစီအစဉ်ထဲ မပါ တဲ့ လူတယောက်က အခုလို ထပြီး ပြောလိုက်တော့ ခင်ဗျားတို့ ထုံးတမ်းစဉ်လာအရ အတော်ရိုင်းစိုင်းတယ်လို့ ထင်ကြ မှာပဲနော်။ ရိုင်းစိုင်းတယ် ထင်ရုံမကလို့ လဲသေသေ။ ကျုပ်ဂရုမစိုက်ဘူး။ ပြောစရာရှိတာကိုတော့ ပြောရမှာပဲ။ ကျူပ် ပြော မှာက တခြားတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းတဲ့ အဘိဓမ္မာကို ဝေဖန်ပြချင်လို့ပါပဲ” လို့ ပြောလိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်း ပြောလိုက်တဲ့အချိန်မှာ ခန်းမ တခုလုံး မီးကိုရေနဲ့ ဖြန်းလိုက်သလို တိတ်ဆိတ်သွားတယ်။ အပ် ကျတာတောင် ကြားရမလောက်ပါပဲ။
ဗိုလ်ချုပ်က ဆက်ပြောရာမှာ –
“Politic is the refuge of the scoundrels နိုင်ငံရေး လောကဆိုတာ မသမာ လူယုတ်မာတွေ ခိုကိုးရာနေရာ ဖြစ် တယ်” လို့ စစ်ဘုရင်ကြီး မောင့်ဘက်တန် ပြောသွားတယ်။ ဒါဟာ အနောက် ဥရောပ နိုင်ငံတွေမှာတော့ မှန်ကောင်း မှန်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံ အယူအဆကတော့ စစ်ဘုရင်ကြီးရဲ့ အယူအဆနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါ တယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေး လုပ်ငန်းဆိုတာ ပရဟိတ လုပ်ငန်း၊ လောကတ္ထစရိယ ကျင့်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ် ပုဂ္ဂိုလ် တွေ မလုပ်နိုင်တဲ့ လုပ်ငန်း၊ တိဟိတ် ပုဂ္ဂိုလ်များ ဘုရားအလောင်းများသာ လုပ်နိုင်တဲ့ လုပ်ငန်းလို့ ယူဆကြ တယ်။ (အဲဒါတွေ ပြောတဲ့ အခါ ပါဠိပတ်သားတွေ ရွတ်သေးတယ်။) အဲဒီလို အလွန် မွန်မြတ်တဲ့ အထဲမှာ တခါတရံ လူယုတ် မာ တွေ ပါကောင်း ပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေး လုပ်တာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဒီမယ် ဥပမာ တခု ပြောပြချင်တယ်။ ဒီ အဆောက်အဦးကြီးဟာ (အိုးရီးရင့် ကလပ်ကို ညွှန်းတာ) လူအများ စုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ် ကင်းမဲ့ချိန်မှာ တခါတရံ ခွေးလေခွေးလွင့်တွေ တက်အိပ်နေကြတယ်။ အဲဒီလို ခွေးလေ ခွေးလွင့်တွေ တက်အိပ်တာကို ကြည့်ပြီး အဲဒီအဆောက်အဦးဟာ ခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ ဆိုရင် မှန်ပါ့မလား။ မမှန်ဘူး။
ဒါကြောင့် နိုင်ငံရေးကလည်း ဒီလိုပဲ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီအဆောက်အဦးကြီးအပေါ် ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေး လောကထဲ ဝင်လာတတ်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါ ကျနော်တို့ နိုင်ငံရေးသမား စစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင်တာနဲ့ အမျှ နိုင်ငံရေး လောက ကြီးဟာ သန့်ရှင်း စင်ကြယ် မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲ ကျုပ်ပြောချင်တာ”လို့ ပြောချလိုက်ပါတယ်။
ဗိုလ်ချုပ် ပြောပြီးတာနဲ့ တပြိုင်နက် စစ်ဘုရင်ကြီး မောင့်ဘက်တန် ကိုယ်တိုင် ထိုင်ရာကထပြီး လက်ခုပ်တီး သြဘာပေး ပါ တယ်။ အဲဒီတော့မှ ပရိသတ်ဟာ မနေသာတော့ဘဲ လက်ခုပ်တီးပါတယ်။
မောင့်ဘက်တန်က ဆက်လက်ပြီး –
“ဒီနေ့ ည စကားပြောကြတဲ့ အထဲမှာ အစီအစဉ်ထဲ မပါတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါပဲ။ ကျနော် ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာ မောစရာ အနေနဲ့ ခပ်ပေါ့ပေါ့ နိုင်ငံရေး လောကကို ပြက်ရယ် ပြုတဲ့ စကား ပြောမိလို့ အလွန် ဝမ်းနည်းမိပါတယ်။ ကျနော်ပြောခဲ့မိတဲ့ အချက်အလက်တွေကို ရုပ်သိမ်းပါတယ် ခင်ဗျား” လို့ ပြောပြီး လူကြီးလူကောင်းတို့ ပြုအပ်တဲ့ ထုံးတမ်းစဉ်လာနဲ့ အညီ ဗိုလ်ချုပ်ကို တောင်းပန်ပါတယ်။
ဗိုလ်ချုပ် ပြောတာဟာ မှတ်သားဖို့ ကောင်းတယ်။ နိုင်ငံရေးသမား စစ်စစ်တိုင်းဟာ တကယ့် ပရဟိတသမား၊ ပရဟိတ သမားတောင်မှ သာမန်မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ထားသူတွေ၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေသူတွေ။
သားပစ် မယားပစ်၊ မိသားစုပစ်၊ ထောင်တန်း မကြောက်၊ အချုပ်အနှောင်ခံရမှာ မကြောက်၊ နောက်ဆုံး အသက်ဇီဝိန်ပါ အချွေခံရနိုင်တဲ့ အထိ ဖြစ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးသမား စစ်စစ်တွေကတော့ ဘယ်လို အန္တရာယ်ကိုပဲ ဖြစ်ဖြစ် ရင်ဆိုင်ကြသူတွေ ဖြစ်တယ်။
ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေကိုပဲ ကြည့်ပါ။ နောက်ဆုံး နယ်ချဲ့သမားနဲ့ အပေါင်းပါတို့ရဲ့ မြှူဆွယ်တဲ့နောက် မလိုက် ဘဲ တိုင်းပြည် အတွက် အကျိုးရှိမယ့်၊ ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့ ကွန်မြူနစ်တွေနဲ့ ညီညွတ်ရေးရဖို့ လုံးပမ်း နေစဉ် နယ်ချဲ့သမားရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရရှာတာ မဟုတ်လား။
ဒါဆို နိုင်ငံရေး သမားစစ်စစ်တွေအပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ။
ဤဆောင်းပါးကို ၇၂ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဖော်ပြပါသည်။ စာရေးသူ လှကွန့်သည် ဝါရင့် နိုင်ငံရေးသမားကြီး တဦး ဖြစ်ပြီး သတင်းစာဆရာ တဦးလည်း ဖြစ်ပါသည်။