NLD အနေဖြင့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကို အပြည့်အဝဆာင်ရွက်ပေးနိုင်မည့် မူဝါဒထားရှိသည်ဟု ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခဲ့ရာ တိုင်းရင်းသားဒေသမှာ မဲအများစုသိမ်းကျုံး ခဲ့ရသည်။ တချို့ တိုင်းရင်းသားပါတီအားပေးသူများက သံသယဖြင့် စောင့်ကြည့်ကြသည်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ငြိမ်းချမ်းရေးသည် ခြုံငုံပြောရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရေး (constitutional matter) ဖြစ်သည်။ ထို့ကြောင့် NLD ပါတီက တိုင်းရင်းသားများ လိုလားသည့် မူဝါဒ အမှန်တကယ် ရှိ မရှိသည် သူ၏ အခြေခံဥပဒေဆိုင်ရာ မူဝါဒအဆိုပြုချက်မှာ အငြင်းပွားစရာမရှိ ပေါ်လွင်ပါပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ်တွင် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (SCOUHP)က အချက် (၇)ချက်ကို တင်ပြခဲ့ပြီး ၁၉၆၁ခုနှစ်တွင် တောင်ကြီးညီလာခံမှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က မူ(၅)ချက်ကို သဘောတူတင်ပြခဲ့ပါသည်။ လက်ရှိအခြေခံဥပဒေပြင်ဆင်ရေး(၄၅)ဦး ကော်မတီမှာ တိုင်းရင်းသားပါတီများက အချက်ပေါင်း ထောင်ကဏန်း တင်သွင်းခဲ့သည်ဆိုသော်လည်း ဖက်ဒရယ်အင်္ဂါရပ်နှင့် တိုင်းရင်းသားများအစဉ်အဆက် တောင်းဆိုခဲ့သည့် အဓိကကဏ္ဍ သို့မဟုတ် မူ (၁၂)ချက်ခန့်ဖြင့် စုစည်းလို့ ရပါသည်။ ယင်းအချက်များအပေါ် NLD က ဘယ်လောက်အထိ ထည့်သွင်းစဉ်းစားပေးသလဲ၊ အပြောနှင့်လက်တွေ့ဘယ်လောက် ညီညွတ်သလဲ လေ့လာကြည့်ရအောင်။
နိုင်ငံတော်အမည်၊ ပုဒ်မ(၂) ။ ။ ရခိုင်(ANP)ပါတီ၊ ရှမ်း(SNLD)နှင့် အခြားတိုင်းရင်းသားပါတီအများစုက နိုင်ငံအမည်နာမတွင် “ဖက်ဒရယ်”ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရန် အဆိုပြုဆွေးနွေးကြသော်လည်း NLD က ဆွေးနွေးခြင်းမရှိ။ ထို့ပြင် နိုင်ငံရေးစနစ်(ပုဒ်မ-၈)နှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများက ‘ဖက်ဒရယ် ဒီမိုကရေစီ’ဟု ဖက်ဒရယ်စကားရပ်ကို ရှေ့မှာထားချင်ကြသော်လည်း NLD က ဒီမိုကရေစီစကားရပ်ကို ရှေ့မှာထားရှိလိုသည်။
နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ(ပြည်နယ်မူ)၊ ပုဒ်မ(၉)(၄၉) ။ ။ တိုင်းရင်းသားပါတီအများစုက လူမျိုးနှင့် လူမျိုးများအခြေခံ၍ ပြည်နယ်(Constituent Unit) ဖွဲ့စည်းရန် အဆိုပြုဆွေးနွေးကြသည်။ သို့သော် NLD ပါတီက မှတ်ချက် တစုံတရာ မပြုခြင်းဖြင့် လက်ရှိပုံသဏ္ဍန်ကို သဘောကျကြောင်း ပြသသွားသည်။ အသေးစိတ်အားဖြင့် ရှမ်း(SNLD)က လူမျိုးကြီး(၈)မျိုးကို အခြေခံသော (၈)ပြည်နယ်မူကိုတင်ပြပြီး မွန်ပါတီ(MNP)က အမျိုးသား(၈)ပြည်နယ်နှင့် တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီအမျိုးသားများ(၄)ပြည်နယ်၊ စုစုပေါင်းပြည်နယ် (၁၂)ခုမူကို တင်ပြခဲ့သည်။ (SNLD က ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားထားရှိခွင့်ကိုလည်း အဆိုပြုသည်)။
ခွဲမထွက်ရ၊ ပုဒ်မ(၁၀) ။ ။ တိုင်းရင်းသားပါတီများက ယင်းပုဒ်မကို ပယ်ဖျက်ဖို့ အဆိုပြုကြသည်။ ပုဒ်မ(၂၀)(င)မှာ ပြဋ္ဌာန်းသည့် ဒို့တာဝန်အရေး(၃)ပါးတွင် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ ထည့်သွင်းထားပြီးဖြစ်သည့်အတွက် ဤကဲ့သို့သော အနုတ် လက္ခဏာဆောင်သည့် ကန့်သတ်ချက်မှုသည် အပိုဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် လက်ရှိငြိမ်းချမ်းရေးကို တစ်ဆို့စေသည့်အချက် တခုလည်းဖြစ်လေရာ NLD အနေဖြင့် သဘောထားတင်ပြခြင်း မရှိခြင်းမှာ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီနှင့် တသဘောတည်းဖြစ်ကြောင်း ပြသရာ ရောက်သွားသည်။
မြေပိုင်ဆိုင်ခွင့်၊ ပုဒ်မ(၃၇) ။ ။ ဤပုဒ်မကြောင့် လက်ရှိအချိန် နိုင်ငံသားများ/တိုင်းရင်းသားများ မြေပိုင်ဆိုင်ခွင့်မရှိ ဖြစ်နေရခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်တွင် ချုပ်ဆိုသော ၂၁ ရာစုပင်လုံ၏ ပြည်ထောင်စုသဘောတူ စာချုပ်အပိုင်း(၁)မှာ နိုင်ငံသားတိုင်း မြေယာပိုင်ဆိုင်ခွင့်ကို ထည့်သွင်းထားပြီး ဖြစ်သော်လည်း NLD အနေဖြင့် ဆွေးနွေးရပ်တည်ပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ ရှမ်းပါတီက ပြည်နယ်သားများ ပိုင်ဆိုင်မှုဟု တင်ပြပြီး မွန်ပါတီက တိုင်းရင်းသားပြည်သူလူထုသည် ပိုင်ရှင်ဟု အသီးသီးတင်ပြကြသည်။ တိုင်းရင်းသားများ အနေဖြင့် နိုင်ငံသား မြေပိုင်ဆိုင်ခွင့် သက်သက်မဟုတ်ဘဲ တိုင်းရင်းသား မြေပိုင်ဆိုင်ခွင့်ကိုပါ အာမခံရလိုသည်။
ပြည်ထောင်စုအဆင့်လွှတ်တော်၊ ပုဒ်မ(၇၄၊ ၇၇၊ ၈၀) ။ ။ တိုင်းရင်းသားများက ပြည်ထောင်စုမှာ အာဏာတူပေးသည့် လွှတ်တော်(၂)ရပ် စနစ် ထားရှိရေးကို လိုလားကြသည်။ ယခု ၂၀၀၈ ခြေဥသည် လက်တွေ့တွင် လွှတ်တော်(၃)ရပ်သဖွယ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ထားရှိခြင်းဖြင့် တိုင်းရင်းသားများ အားကိုးသော အမျိုးသားလွှတ်တော်ကို လေဖြတ်အောင် လုပ်ထားသလိုဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများက ယင်းအလွှာကို ပြင်ဆင်ရန် တင်ပြထားကြသော်လည်း ထုံးစံအတိုင်း NLD က ဆွေးနွေးခြင်း လုံးဝမပြုပေ။
ပြည်နယ်အစိုးရဖွဲ့စည်းခွင့်၊ ပုဒ်မ(၂၆၁) ။ ။ ကိုယ့်ပြည်နယ်က ကိုယ့်ပြည်နယ်အစိုးရ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဤပုဒ်မဖြင့် ပိတ်ပြင်ထားပြီး ဗဟိုမှ သမ္မတက တပြည်ထောင်စနစ်ဖြင့် ရွေးချယ်ခန့်အပ်သည်။ ယင်းသည် ဖက်ဒရယ်စနစ်နှင့် ဆန့်ကျင်သည့်ပြီး တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိတ်ပြင်ခြင်း ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများအပါအဝင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ကိုယ်တိုင် ပြင်ဆင်သင့်ပြီဟု အဆိုပြုကြပြီ ဖြစ်သော်လည်း NLD က တခွန်းတပါဒမှ ဆွေးနွေးခြင်း မရှိ။
မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး၊ ပုဒ်မ(၂၈၈) ။ ။ ဗဟိုချုပ်ကိုင်မှုလျော့ချရေးအတွက် အက္ခရာကျသည့် မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးကို လက်ရှိထွေအုပ်ဌာနအစား လူထုတိုက်ရိုက်ရွေးကောက်သည့်စနစ်ဖြင့် ပြောင်းလဲရန် အခြားပါတီများက အဆိုပြုကြသော်လည်း ဗဟိုအစိုးရအာဏာကို နောင်အစိုးရများတွင် ဆက်လက်ချုပ်ကိုင်ရန် ယုံကြည်မှုရှိသော ပြောင်းလဲချိန်တန်ပြီ အစိုးရအနေဖြင့် ပြောင်းလဲလိုခြင်း မရှိပေ။ ပကတိအနေအထားကို အသားကျဟန် တူသည်။
ရုံးသုံးဘာသာစကား၊ ပုဒ်မ(၄၅၀) ။ ။ လက်ရှိတွင် မြန်မာစာ(ဗမာစာ)တခုတည်းကိုသာ ရုံးသုံးစာအဖြစ် အသိအမှတ်ပြုသည်။ အခြားတိုင်းရင်းသားဘာသာစကားများကို အသိအမှတ် မပြုပါ။ ထို့ကြောင့် ရှမ်း(SNLD) နှင့် ရခိုင်(ANP)ပါတီတို့က အိန္ဒိယနိုင်ငံကဲ့သို့ (၃)ဘာသာ ရုံးသုံးစာစနစ်မျိုးကို တင်ပြကြသည် (မြန်မာ(ဗမာ)၊ အင်္ဂလိပ်နှင့် ပြည်နယ်ရှင်ဘာသာစကားများ စသည်ဖြင့်)။ NLD သည် လက်ရှိစနစ်ကို စောဒကမတက်ပေ။
ဘာသာရေး၊ ပုဒ်မ(၃၆၁၊ ၃၆၃) ။ ။ ဤပုဒ်မများသည် ဦးနု၏ အမွေဆိုးများဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင် သာသနာရေး ဝန်ကြီးဌာန ထားရှိရိုး ထုံးစံမရှိ။ ဘာသာရေး ဘက်လိုက်မှု မရှိသင့်။ NCA စာချုပ် အပိုဒ်(၁)(င) မှာလည်း “ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ခြင်း မရှိသော နိုင်ငံတော် တည်ဆောက်ရန်”ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။ ရှမ်းပါတီက ပုဒ်မ(၃၆၁)၏ ဗုဒ္ဓဘာသာကို ‘ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသော (special position)’ ဆိုသည့်စကားရပ်အား ပယ်ဖျက်ရန် အဆိုပြုပြီး ကချင်ပါတီ(KSDP)က ပုဒ်မ(၃၆၃)ကို ပယ်ဖျက်ရန် အဆိုပြုသည်။ သို့သော် NLD က ရေငုံနှုတ်ပိတ်နေသည်။
အခြေခံဥပဒပြင်ဆင်ရေး၊ ပုဒ်မ(၄၃၆) ။ ။ စစ်မှန်သော ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံအများစု (အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇလန်၊ သြစတေးလျ၊ တောင်အာဖရိက စသည့်များ)တွင် အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်ထောင်စု(ဗဟို)လွှတ်တော် ဆုံးဖြတ်ချက်သက်သက်ဖြင့် မပြီးပျက်စေဘဲ ပြည်နယ်အများစု(လွှတ်တော်)၏ သဘောတူညီချက် ရရှိရန် လိုအပ်ပါသည်။ လူဦးရေ အများစုက ကြိုက်သလို ခြယ်လှယ်နိုင်ခြေကို ထိုနည်းဖြင့် ထိန်းကြောင်းခြင်းဖြစ်သည်။ ယင်းအချက်သည် လက်ရှိမြန်မာနိုင်ငံမှာ အထူးအရေးကြီးပါသည်။ NLD အနေဖြင့် ထည့်သွင်းစဉ်းစားပေးခြင်း မရှိပေ။
ကြွင်းကျန်အာဏာ၊ ပုဒ်မ(၉၈) ။ ။ ဖက်ဒရယ်နိုင်ငံအများစုတွင် ကြွင်းကျန်အာဏာကို ပြည်နယ်(Subunit) များကို အပ်နှင်းလေ့ရှိသည်။ သို့သော် ၂၀၀၈ ခြေဥတွင် ဗဟိုကို ပေးထားသည်။ တိုင်းရင်းသားခေါင်းဆောင်များ က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုတို့ခေတ်ကတည်းက ကြွင်းကျန်အာဏာကို ပြည်နယ်များကို ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့သည်နှင့်အညီ ယခုတွင်လည်း တိုင်းရင်းသားပါတီအားများက ထိုသို့ အဆိုပြုဆွေးနွေးကြသော်လည်း NLD ကမူ နှုတ်ဆိုက်နေခဲ့ပါသည်။
ဥပဒေပြုစာရင်း၊ ဇယား(၁)(၂)(၃)(၅) ။ ။ ဖက်ဒရယ်စနစ်အရ ပြည်နယ်/ဗဟိုအာဏာခွဲဝေရေးတွင် လက်တွေ့အကျဆုံးဖြစ်သည့် ဤဥပဒေပြုဇယားများတွင် လက်ရှိမှာ ဗဟိုက အဆီအနစ် ၉၉ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ပြီး ဇယား(၁)တွင် ထည့်သွင်းပါသည်။ ပြည်နယ်များကို စည်ပင်၊ ယစ်မျိုးခွန်၊ ကျောက်သွေးခွင့် စသည့် အကိုင်းအခက်များသာ အပ်နှင်းထားသည်။ ထို့ကြောင့် ရှမ်း(SNLD)ပါတီက ဗဟို(ပြည်ထောင်စု)ဥပဒေပြုစာရင်း အချက်ပေါင်း(၁၅၀)ကျော်ထဲက (၅၄)ချက်ကို ပယ်ဖျက်ရန်နှင့် ၎င်းကို ပြည်နယ်ဥပဒေပြုစာရင်းတွင် (၁၆)ချက်၊ ပူးတွဲဥပဒေပြုစာရင်း(concurrent list)တွင် (၂၇)ချက်၊ ပြည်နယ်အခွန်ဇယား(၅)တွင် (၃)ချက် စသည်ဖြင့် အသီးသီး ဖြည့်စွက်အဆိုပြုသည်။ မွန်၊ ရခိုင်နှင့် အခြားတိုင်းရင်းသားပါတီများကလည်း အလားတူ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အချက်များများကို တင်ပြကြသည်။ ထိုအချက်များတွင် တိုင်းရင်းသားများ လိုလားသော သယံဇာတခွဲဝေမှု၊ ပညာရေး (မိခင်တိုင်းရင်းသားဘာသာစကား အခြေပြု ပညာသင်ကြားရေး) စသည်တို့လည်း ပါဝင်သည်။ သို့သော် NLD က တချက်မှ တင်ပြခြင်း မပြု။
ခြုံငုံသုံးသပ်လျှင် လက်ရှိ NLD ၏ (၁၁၄)ချက်ပါ ခြေဥပြင်ဆင်ရေး အဆိုပြုချက်များသည် ဒီမိုကရေစီရေး၊ တပ်မတော်အရေး၊ ပါတီတခုခါင်းဆောင် နှောင်ကြိုးပြေစေရေးနှင့် သမ္မတကဏ္ဍတို့ကိုသာ ထည့်သွင်းစဉ်းစားပြီး တိုင်းရင်းသားများအရေးနှင့် ဖက်ဒရယ်အခြေခံဥပဒေ ပုံဖော်ရေးအပိုင်းကို မျက်ကွယ်ပြုထားပါသည်။ တပ်မတော်ကို မျက်နှာပူလို့လားဆိုတော့လည်း တပ်ချုပ်ကိုယ်တိုင်ပြင်သင့်ကြောင်း တရားဝင်ပြောထားသည့် ပုဒ်မ (၂၆၁) ကိုပင် မျက်နှာလွှဲနေပြန်သည်။
NLD ၏ ပြောင်းလဲချိန်တန်ပြီ မူဝါဒလမ်းစဉ်မှာ တိုင်းရင်းသားအရေးကို အစကတည်းက ထိန်ချန်ခဲ့လေသလား။
(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး ချင်းတိုင်းရင်းသားပါတီ ၃ ပါတီ ပေါင်းစည်းထားသည့် ပါတီသစ် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း အထွေထွေအတွင်းရေးမှူး ပူးတွဲတာဝန်ယူထားသူ ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
တိုင်းရင်းသားပါတီများ နိုင်ရင် ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးပါ
တိုင်းရင်းသားအရေး မေးခွန်းထုတ်ချိန်တန်ပြီ
နိုင်ငံတော်ကို ဘယ်သူက ကိုယ်စားပြုသလဲ