၂၀၁၇ - ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

မောင်မောင်စိုး
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 
Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်တို့၏ ပြဿနာ

မြောက်ဦးစစ်တမ်းအား မိမိစတင်ပြုစု ကွင်းဆင်းရေးသားသည့် အချိန်မှာ ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်တို့၏ ပြဿနာ ပေါက်ကွဲ ထွက်ရန် တာဆူနေချိန်ဖြစ်သည်။ မိမိ စာအုပ်ရေးသားပြီး ထုတ်ဝေရန် ပြင်ဆင်နေချိန်မှာပင် ပြဿနာက ပေါက်ကွဲ ထွက်ပေါ်ခဲ့သည်။ ယခုအချိန်တွင် ထိုပြဿနာသည် နိုင်ငံတကာ၏ အာရုံစိုက်ခံနေရပြီး နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်နေစေသည့် ပြဿနာတရပ် ဖြစ်နေပေပြီ။ မြန်မာနိုင်ငံအားလည်း နိုင်ငံတကာ ဖိအားများအောက် ရောက်ရှိသွားစေခဲ့သည့် ပြဿနာလည်း ဖြစ်လာခဲ့တော့သည်။

ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင် ဒုက္ခသည်များ အလုံးအရင်းဖြင့် ထွက်ခွာခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသည့် နိုင်ငံတကာ၏ ပြင်းထန်သည့် စွပ်စွဲမှုများကို ကြုံတွေ့ခဲ့ရသည်။ သူတို့ အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းနှင့် ပတ်သက်၍ တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးကြောင့် ဖြစ်သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သကဲ့သို့ အင်းဒင်ရွာ၌ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု သတင်း ပေါ်ထွက်လာမှုကြောင့်လည်း စွပ်စွဲမှုများ ပိုမိုပြင်းထန်စေခဲ့သည်။ အင်းဒင်ရွာ အဖြစ်အပျက် ဖြစ်ပွားခဲ့ ခြင်းသည် ငြင်းပယ်၍ မရသည့် အချက်ဖြစ်ခဲ့သည်။

သို့သော် ၂၀၁၇၊ သြဂုတ်လ ၂၄ ရက်နေ့ ညမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခင်းကို စတင်ခဲ့သည်မှာ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ပြီး အစိုးရနှင့် မြန်မာနိုင်ငံသား အများအပြားက ဘင်္ဂါလီဟု ခေါ်ဆိုကြသူများဖြစ်သည်ကိုမူ ဖုံးကွယ်၍ မရနိုင်ပေ။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အစီရင်ခံစာအား မြန်မာအစိုးရက လက်ခံသည်ဟု ကြေညာသည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညတွင် တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော် တပ်ရင်းဌာနချုပ်တခု အပါ ရဲစခန်း ၃၀ ကျော်ကို သြဂုတ်လ ၂၄ ရက်နေ့ညနှင့် သြဂုတ် ၂၅ ရက်နေ့ မနက်တို့တွင် ၎င်းတို့က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းသည် ၎င်းတို့တွင် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းတရပ်၊ စည်းရုံးမှု ရှိသော၊ ကွပ်ကဲကြီးကြပ်နေသော အဖွဲ့အစည်းတရပ် ရှိနေသည်ကို ဖော်ပြသကဲ့သို့ ၎င်းအဖွဲ့အစည်းသည် ကိုဖီအာနန်၏ အစီရင်ခံစာကို လက်မခံကြောင်း ပြသရာလည်း ရောက်သည်ဟု ဆိုရပေမည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောဒေသမှ ၎င်းတို့ အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းသည် တပ်မတော်၏ ပြင်းထန်သော၊ ရက်စက်သော စစ်ဆင်ရေးများကြောင့်သာ ဖြစ်သည်ဟု တဖက်က ပုံဖော် နေသကဲ့သို့ မှန်ကန်ခြင်း ရှိ မရှိ ဆန်းစစ်ရန် လိုအပ်သည်။ အင်းဒင် ပြဿနာ ဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါ ဘူးသီးတောင်၊ မောင်တောဒေသ မွတ်ဆလင်တို့၏ ပုန်ကန်ထကြွမှုကို တုန့်ပြန်မှုအပေါ် တပ်မတော်က နှိမ်နင်းသည့် စစ်ဆင်ရေး ကာလအတွင်း ပြင်းထန်မှုများ ရှိသည်ကို ငြင်းပယ်ရန် မရှိပေ။

သို့သော်လည်း အစုလိုက် အပြုံလိုက် ထွက်ခွာခြင်းသည် ထိုအကြောင်း သက်သက်ကြောင့်ဟု ယူဆရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် မွတ်ဆလင်များ အစုအလိုက်အပြုံလိုက် ထွက်ခွာခြင်းသည် စစ်ဆင်ရေး ကာလ ၁၀ ရက်အတွင်း ထွက်ခွာခြင်းထက် စစ်ဆင်ရေးအပြီး နောက်ပိုင်း တလအတွင်း ထွက်ခွာခြင်းက ပို၍ များပြားသည်ကို တွေ့ရသည်။ ထိုသို့ ထွက်ခွာခြင်းသည် ARSA အကြမ်းဖက်အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းများ၊ မော်လဝီဆရာများ၏ ဖိအားပေး ထွက်ခွာစေခြင်းကြောင့် ဖြစ်သည်ဟု မြေပြင် သတင်းများအရ သိရှိရသည်။

ဤသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွတ်ဆလင်များ အစုလိုက်အပြုံလိုက် ထွက်ခွာခြင်းသည် ၎င်းတို့၏ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဆိုသည်ကို နောက်ပိုင်းတွင် ပို၍ ပုံပေါ် လာစေခဲ့သည်။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ လူဦးရေ သိန်းဂဏန်းတချို့ နယ်စပ်ဖြတ်ကျော် ထွက်ခွာခြင်းဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း၌ အာရုံစိုက်စရာကိစ္စကြီး တခု ဖြစ်လာစေခဲ့သည်။ ထိုသို့ ထွက်ခွာသည့် လူဦးရေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့အစိုးရနှင့် UN က လူဦးရေ ၇ သိန်းခန့် ရှိသည်ဟု ထုတ်ပြန်ထားပြီး မြန်မာအစိုးရက ၅ သိန်းကျော်ခန့် ရှိသည်ဟု ထုတ်ပြန်သည်။ အဆိုပါ ကိန်းဂဏန်းများ ကွဲလွဲမှုသည်လည်း အငြင်းပွားဖွယ် အကြောင်းအရာ တရပ် ဖြစ်နေဆဲဖြစ်သည်။

ထိုပြဿနာ ပေါ်လာပြီးနောက် မြန်မာအစိုးရ၏ ရပ်တည်မှုမှာ နေရပ်စွန့်ခွာသွားသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ညှိနှိုင်း၍ ပြန်လည် လက်ခံရေးဖြစ်သည်။ ယခင် နှစ်ကြိမ် အောင်မြင်စွာ လက်ခံနိုင်သကဲ့သို့ ယခု တတိယအကြိမ်တွင်လည်း အောင်မြင်စွာ လက်ခံနိုင်လိမ့်မည်ဟု မှတ်ယူထားခဲ့သည်။ မြန်မာ အစိုးရသည် သမားရိုးကျ စဉ်းစား ဆောင်ရွက်ထားခဲ့သည်ဟု ဆိုရမည်။

တဘက်က နိုင်ငံရေးရည်မှန်းချက်ကို လျှော့တွက်ထားခဲ့သည် သို့မဟုတ် ဖြစ်လာမည့် အလားအလာကို တွက်ဆ ဆောင်ရွက်ရာတွင် လိုအပ်ချက် ရှိခဲ့သည်ဟု ဆိုရမည်။ ထို့အပြင် မြန်မာအစိုးရသည် ပြဿနာ ဖြေရှင်းနိုင်ရန် ကော်မတီ၊ ကော်မရှင်များစွာ ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့ရလဒ် ထွက်ပေါ်အောင် ဆောင်ရွက်သည့် သို့မဟုတ် နိုင်ငံတကာက လက်ခံနိုင်အောင် ဆောင်ရွက်နိုင်သည့် အပိုင်းတွင် အားနည်းခဲ့သည်ဟု ဆိုရမည်။

အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူတို့တွင် “ရိုဟင်ဂျာ” အမည်ဖြင့် အဖွဲ့အစည်း များစွာ ရှိသော်လည်း ၎င်းတို့အကြားတွင် ကွန်ရက်တခုဖြင့် ချိတ်ဆက်ထားနိုင်ခဲ့သည် သို့မဟုတ် အဖွဲ့အစည်းကြီး တရပ်အဖြစ် ဖွဲ့စည်းထားနိုင်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ညတွင် တိုက်ခိုက်မှုများ စတင်ခဲ့စဉ်က ပေါ်ထွက်လာခဲ့သော ARSA အကြမ်းဖက် အဖွဲ့အစည်း၏ တိုက်ခိုက်မှုနှင့် လှုပ်ရှားမှုများသည် နောက်ပိုင်းတွင် မှေးမှိန်သွားသည်။ ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက်အပြုံလိုက် ရောက်ရှိသွားပြီးနောက် ဒုက္ခသည်အရေးသည် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုနှင့် စာနာ ထောက်ခံမှု ရရှိလာပြီးနောက် ၎င်းတို့ပုံရိပ်ကို ထိခိုက်စေနိုင်သည့် ARSA အကြမ်းဖက်အဖွဲ့၏ အခန်းကို လျှော့ချခဲ့သည်။

၎င်းတို့သည် လက်တံတခုကို ရုပ်သိမ်းသွားခဲ့သည်ဟု ဆိုရမည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်ကို နိုင်ငံတကာရှိ ၎င်းတို့အား ထောက်ခံသည့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ OIC နှင့် UN အဖွဲ့အစည်းများမှ တဆင့် နိုင်ငံရေးပြဿနာ အဖြစ် ပုံဖော်ရန် ပြောင်းလဲ ဆောင်ရွက်လာသည်ဖြစ်ရာ အကြမ်းဖက်တိုက်ခိုက်မှု လက်တံကို ရုပ်သိမ်းလိုက်သည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် လက်နက်ကိုင် တိုက်ခိုက်မှုကို မတွေ့ရတော့ဘဲ၊ နိုင်ငံတကာ မျက်နှာစာမှ နိုင်ငံရေးအရ ထိုးဖောက်လာသည်ကိုသာ တွေ့ရတော့သည်။

နေရပ်ထွက်ခွာ လာရပြီး ယာယီတဲငယ်များနှင့် နေထိုင်နေရသော ဒုက္ခသည် မိသားစုများအပေါ် နိုင်ငံတကာ၏ စာနာမှုများ သက်ရောက်လာသည် ဖြစ်ရာ နိုင်ငံတကာ မျက်နှာစာတွင် ထိုးဖောက်လာနိုင်သည်ဟု ဆိုရမည်။

ပြဿနာတွင် မြန်မာအစိုးရ၊ ရခိုင်ပြည်သူများနှင့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်တို့အကြားတွင် ကြည့်မြင်ချဉ်းကပ်ပုံ အခြေခံ အားဖြင့် ကွာခြားသည်။ မြန်မာအစိုးရဘက်က ကြည့်မြင်ပုံမှာ နိုင်ငံသားဖြစ်မှုပေါ်တွင် အခြေတည်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်က မြန်မာပြည်ကို စတင်သိမ်းပိုက်သည့် ကာလမတိုင်မီ မြန်မာပြည်တွင် ရှိသော လူမျိုးများအား တိုင်းရင်းသား လူမျိုးများ၊ မူလဘူတ နိုင်ငံသားများအဖြစ် သတ်မှတ်သည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး နောက်ပိုင်း ပြောင်းရွှေ့ဝင်ရောက် လာသူများအား မူလဘူတ တိုင်းရင်းသားများ၊ နိုင်ငံသားများအဖြစ် မသတ်မှတ်ဘဲ နိုင်ငံခြားသားများအဖြစ် သတ်မှတ်သည်။ ၎င်းတို့၏ သုံးဆက်မြောက် မျိုးဆက်ရောက်မှသာ နိုင်ငံသားအဖြစ် သတ်မှတ်သည်။

ယခု “ရိုဟင်ဂျာ” ဟု မိမိကိုယ်မိမိ ခေါ်ဆိုပြီး မနုဿဗေဒအားဖြင့် စစ်တကောင်းသား ဘင်္ဂါလီများဟု သတ်မှတ်ခံရသူများအားလည်း အင်္ဂလိပ်တို့ ဝင်ရောက်လာပြီးမှ ရခိုင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရန် လည်းကောင်း၊ အင်္ဂလိပ်တို့၏ ကိုလိုနီယန္တယားတွင် အသုံးပြုရန် လည်းကောင်း ခေါ်ဆောင်လာသူများအဖြစ် သတ်မှတ်သည်။ သို့ဖြစ်ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း လုပ်ဆောင်ရန် ကြည့်မြင် ဆောင်ရွက်သည်။

ဒေသခံ ရခိုင်တိုင်းရင်းသား ပြည်သူများကလည်း ထိုသို့ပင် ကြည့်မြင်သည်။ ထို့အပြင် ၁၉၇၁ ခုနှစ်၊ ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခွဲထွက်စဉ်က စစ်မက်ဘေးကြောင့် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံသား အများအပြားသည် အိန္ဒိယနှင့် ရခိုင်သို့ ပြေးဝင်လာကြရာ နောက်ပိုင်း ကာလမှ ရခိုင်ဒေသသို့ ခိုးဝင်လာသူ အများအပြားရှိသည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများအား ပြန်လည် လက်ခံရာတွင် နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရန် လိုသည်ဟု ယူဆကြသည်။

ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီတို့၏ ကြည့်မြင်ချဉ်းကပ်မှုမှာ ၎င်းတို့သည် ၇ ရာစုခန့်က သင်္ဘောဖြင့် ခရီးနှင်၍ ရခိုင်သို့ ရောက်လာကြသူများဖြစ်သည်ဟု ဆိုကြ၏။ ၎င်းတို့သည် “ရိုဟင်ဂျာ” ဟု ခေါ်သော လူမျိုးများ ဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးတမျိုးအနေဖြင့် အခွင့်အရေးများ ရသင့်သည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ ၎င်းတို့အား စိစစ်မှုမရှိဘဲ လက်ခံရန်နှင့် “ရိုဟင်ဂျာ” ဟူသော လူမျိုးတမျိုး အဖြစ် လက်ခံရန် တောင်းဆိုကြသည်။ ၎င်းပြင် ၎င်းတို့အများစု နေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသအား ၎င်းတို့အတွက် အန္တရာယ်ကင်းဇုန် (Safe zone) သတ်မှတ်ပေးရန် တောင်းဆိုကြသည်။

သို့သော် လက်တွေ့တွင် ထိုကြည့်မြင်ချဉ်းကပ်မှုအား သုံးသပ်ကြည့်ရာတွင် ၎င်းတို့အနေနှင့် ၇ ရာစုကတည်းက အခြေစိုက်လာခြင်း ဆိုသည်နှင့် ပတ်သက်၍ ခိုင်လုံသည့် သမိုင်း အထောက်အထား မတွေ့ရပေ။ ရခိုင် မြို့ပြနိုင်ငံများ၏ အထောက်အထားများ ကြွယ်ဝစွာ ကျန်ရှိနေသေးသည့် ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာ” သမိုင်းအထောက်အထားများ မတွေ့ရပေ။ ယနေ့ ဘူးသီးတောင်၊ မောင်တောဒေသတွင် လူဦးရေအများစု ဖြစ်နေသော်လည်း ၎င်းတို့၏ မူလဘူတဟု ယူဆရန် ခက်ခဲသည်။

ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာအများစုကြီးမှာ ရခိုင်အမည်၊ မြန်မာအမည်နှင့်သာ ဖြစ်ပြီး ဘင်္ဂါလီ အမည်နှင့် ကျေးရွာ မရှိသလောက် နည်းပါးသည်။ ၁၉၄၂ ခုနှစ် အရေးအခင်းကာလ အထိ ရခိုင်များ နေထိုင်ခဲ့ပြီး ထိုအရေးအခင်းကာလ အတွင်း ရခိုင်တို့ သတ်ဖြတ်ခံရပြီး နယ်မြေစွန့်လွှတ်ခဲ့ရသည့် ဒေသ ဖြစ်သည်ကို တွေ့ရသည်။ ထို့အပြင် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုံးမှာလည်း ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ကြည့်မြင်ချဉ်းကပ်မှု ခြားနားခြင်းသည် ပြဿနာကို ဖြေရှင်းရန် လွန်စွာ ခက်ခဲနေစေသည်ကို တွေ့ရပေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာအစိုးရသည် ခံစစ်ဘက်မှ ဖြစ်သည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး ကော်မရှင်တို့တွင် မြန်မာအစိုးရ ချေပချက်များသည် အရာမရောက် ဖြစ်နေသည်။ လူ့အခွင့်အရေးကို ရှေ့တန်းတင်သော ဥရောပ နိုင်ငံများက ကုလသမဂ္ဂတွင် ပို၍ အကဲဆတ်သည်ကို တွေ့ရသည်။ အမေရိကန်ကတော့ တရုတ်နှင့် အင်အားချိန်ခွင်လျှာညှိ၍ ထိန်းထိန်းသိမ်းသိမ်း ရပ်တည်သည်။ ပြဿနာတွင် ဘာသာရေးကွဲပြားမှုကလည်း အကြောင်းတချက် ဖြစ်နေပေရာ OIC နိုင်ငံများ၏ ထောက်ခံမှုကိုလည်း မြန်မာနိုင်ငံ ရရှိရန် မဖြစ်နိုင်ပေ။ သို့သော် ထိုအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် တင်သည့် အရေးကြီးသည့် အဆိုများကို မြန်မာဘက်မှ ရပ်၍ ဗီတိုအာဏာ သုံးပေးနေသူမှာ တရုတ်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ၎င်းတို့၏ အကျိုးစီးပွားများကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်းတို့၏ ရေရှည် သေနင်္ဂဗျူဟာ ရည်မှန်းချက်များ အရသော်လည်းကောင်း တရုတ်သည် နောင်တွင်လည်း မြန်မာ အရေးနှင့် ပတ်သက်၍ မြန်မာဘက်မှ ရပ်တည်၍ ဗီတိုအာဏာ ဆက်လက် အသုံးပြုဖွယ်ရှိသည်။ သို့သော်လည်း ကုလသမဂ္ဂတွင် မြန်မာ အစိုးရ၏ တင်ပြချက်များက အရာမထင် ဖြစ်နေဆဲ ဖြစ်သည်။

မြန်မာအစိုးရအတွက် နောက်ထပ် ဖိအားတခုမှာ အင်အားအလွန်အကျွံ အသုံးပြုသည့် စစ်ဖက် ခေါင်းဆောင်များအား စစ်ရာဇဝတ်မှုဖြင့် အရေးယူရန် တင်ပြမှုဖြစ်သည်။ နိုင်ငံတကာ လှုပ်ရှားသူများက နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံး ICC သို့ တင်ရန် ကြိုးစားလာကြသည်။ မြန်မာသည် ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည်ကို အကြောင်းပြု၍ ဖိအားပေး လှုပ်ရှားမှု ရှိသည်။ မြန်မာအစိုးရက နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါဝင်သော စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်း၍ လည်းကောင်း၊ တပ်မတော်ကလည်း စစ်တိုင်းမှူး အပါအဝင် စစ်ဖက်ခေါင်းဆောင် တချို့ကို အရေးယူပြသည့် အပြင် စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့၍ လည်းကောင်း နိုင်ငံတကာဖိအားကို တုန့်ပြန်သည်ကို တွေ့ရသည်။ သို့သော် နိုင်ငံတကာဖိအားကား မလျော့ပေ။ အမေရိကန် စစ်တပ်နှင့် ပတ်သက်၍လည်း ICC ၏ အရေးယူမှု အပေါ် အမေရိကန်တို့က လက်မခံဘဲ ပြင်းပြင်းထန်ထန် တုန့်ပြန်ထားသည်ဖြစ်ရာ မြန်မာနှင့် ပတ်သက်သည့် ICC ၏ ဆောင်ရွက်မှုမှာ ယခုအချိန်ထိ ဖိအားပေးမှုတခုထက် ပိုဖွယ်ရာ မရှိပေ။

ထို့အပြင် ၂၀၀၈ အခြေခံဥပဒေ အောက်၌ မြန်မာပြည်တွင် အစိုးရနှင့် တပ်မတော်ကြား ကွဲပြားသော လုပ်ပိုင်ခွင့်များ ရှိနေသည်ဖြစ်ရာ တပ်မတော်အပေါ် ဖိအားပေးမှုသည် အစိုးရအပေါ် ရောက်မလာနိုင်ဟု ယူဆရသည်။ အစောပိုင်းကာလက ရခိုင်မြောက်ပိုင်းအရေးတွင် အစိုးရက ဘာမှမပြောဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပမှ ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့ကျသွားသည်ကို တွေ့ရသည်။

သို့သော် အင်းဒင်ကျေးရွာ လူသတ်မှုအား ဖော်ထုတ်သည့် ရိုက်တာသတင်းထောက် ၂ ဦးကို မြန်မာအစိုးရ၏ ဖမ်းဆီးမှုမှာ မြန်မာအစိုးရ၏ အားနည်းချက် ဖြစ်သွားခဲ့သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာဖိအားကို အပိုဆောင်း ထပ်မံခံခဲ့ရသည်။ နှုတ်ဆိတ်နေသော ဂျပန်သည်ပင်လျင် ရိုက်တာ သတင်းထောက်များကို လွှတ်ရန် ဝင်ရောက်ပြောဆိုလာသည်ကို တွေ့ရသည်။ သတင်း လွတ်လပ်ခွင့်မရှိဟု ပို၍ ထောက်ပြစရာ ဖြစ်သွားခဲ့သည်။ မြန်မာအစိုးရအတွက် သတိထားဖွယ် ဖြစ်ပေသည်။

ထို့အပြင် မြန်မာအစိုးရ အနေဖြင့် ပြဿနာကို ဖြေရှင်းရာတွင် ပြည်တွင်း၌လည်း အားနည်းချက် တခုရှိနေသည်။ ပြဿနာသည် ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းနေသည့် ပြဿနာ ဖြစ်သည် ဆိုသော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာဖြစ်သည်။ လက်တွေ့တွင်လည်း ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များကို ပြည်မသို့ အဝင်မခံပေ။ ပြည်မသို့ ဝင်ပါက ခိုးဝင်များအဖြစ် ဖမ်းဆီးပြီး ရခိုင်ပြည်နယ်တွင် ပိတ်ဆို့ထားရှိကာ ဖြေရှင်းရန် ကြိုးစားနေသည်ကို တွေ့မြင်နေရသည်။ ဤသို့ ဖြေရှင်းနေရာ ရခိုင်တို့အတွက် ၎င်းတို့ ဒေသတွင်းတွင် လက်ငင်းရင်ဆိုင်ရသော ပြဿနာအဖြစ် လွန်စွာ အလေးထားသည်။

ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရသည် ကော်မတီ၊ ကော်မရှင် ၁၀ ခုကျော် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုကော်မတီ၊ ကော်မရှင်များတွင် ရခိုင်လူထု အများစုကို ကိုယ်စားပြုနိုင်သော ANP ပါတီ မပါဝင်သကဲ့သို့ အဆိုပါ ANP ပါတီနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခြင်းလည်း မရှိပေ။ သို့ဖြစ်ရာ ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်များကို ANP ပါတီနှင့် ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှု မရရှိသည့်အပြင် ရခိုင်လူထု၏ ဆန့်ကျင်မှုပင် ခံနေရသည်ကို တွေ့မြင်နေရသည်။

ကိုဖီအာနန်၏ အစီရင်ခံစာတွင် ပါဝင်သည့် ပြဿနာကို ဖြေရှင်းရာတွင် နှစ်ဖက် လူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ ပါဝင်ရမည်ဆိုသည့် အခြေခံမူကို ကိုင်တွယ်ဆောင်ရွက် ရာတွင် အားနည်းချက် ရှိနေသည်ဟု ဆိုရမည်။ နိုင်ငံတကာ ဖိအားကို ခံနေရချိန်တွင် ပြည်တွင်းအားကို မစုစည်းနိုင်သည်မှာ ကြီးမားသော အားနည်းချက် တရပ်ဟု ဆိုရပါမည်။

၎င်းတို့အား “ရိုဟင်ဂျာ” လူမျိုးများအဖြစ် အသိမှတ်ပြုပြီး အစစ်ဆေးမရှိ ပြန်လည်လက်ခံရေး၊ ၎င်းတို့အတွက် အန္တရာယ်ကင်းဇုန် Safe zone သတ်မှတ်ပေးရေး ရည်မှန်းချက်သည် ဒုတိယ “ကိုဆိုဗို” ဟု ဆိုနိုင်ပေသည်။ ၎င်းတို့၏ တောင်းဆိုချက်ကို လက်ခံ၍ အကောင်အထည် ဖော်လိုသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်သည်ဟု ဆိုရမည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိ ဒုက္ခသည် ပြန်ပို့ရေးကို ဆိုင်းငံ့ထားပြီး ဒုက္ခသည်များအတွက် အန္တရာယ် ကင်းသည့် နယ်မြေတခု လိုအပ်သည်ဟု ဆိုလာနေသည်။

ဤအယူအဆသည် ဘင်္ဂလားဒေ့ရှ်တွင် ရပ်တန့်၍ မနေပေ။ အမေရိကန် အောက်လွှတ်တော်အထိ ရောက်လာသည်ကို တွေ့ရသည်။ ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်၌ နိုင်ငံခြားရေးရာ ကော်မတီ အာရှ ပစိဖိတ်ရေးရာ ကော်မတီခွဲဥက္ကဋ္ဌ မစ္စတာ ဘရက်ရှာမန်က မြန်မာ အစိုးရသည် မွတ်စလင်များ နေထိုင်ရာ ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်း ပေးသင့်သည်ဟုပင် ပြောဆိုလာသည်ကို တွေ့ရသည်။ အန္တရာယ်ကင်းဇုန်ဟူသော အယူအဆသည် ပုံစံမျိုးစုံဖြင့် နိုင်ငံတကာတွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

နိုင်ငံတကာက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာကို ကြည့်မြင်ရာ၌ သမိုင်းဆိုင်ရာပြဿနာ၊ နိုင်ငံသားဖြစ်မှု ပြဿနာအဖြစ် ကြည့်မြင်သည်ထက် ပစ္စက္ခ လူ့အခွင့်အရေး ပြဿနာ သက်သက်သာ ကြည့်မြင်နေသည်ကို တွေ့ရသည်။ ပြဿနာကို မြန်မာအစိုးရ ဖြေရှင်းလိုသည့် ပုံစံအား နိုင်ငံတကာက လက်ခံလာစေရန် များစွာ ရှင်းလင်းပြောဆိုရန် လိုအပ်နေသည်။

သို့သော် မြန်မာ၏ ပြဿနာနှင့် ပတ်သက်၍ တရုတ်တို့၏ ရပ်တည်မှုကြောင့် နိုင်ငံတကာနှင့် ကုလသမဂ္ဂတိ့ု ဖြေရှင်းလိုသည့် ပုံစံမှာလည်း ထစ်ငေါ့နေသည်။ ၎င်းတို့စိတ်ကြိုက် ဖြေရှင်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် ပြဿနာတွင် ကုလသမဂ္ဂ၏ ရပ်တည်မှုမှာ ကြားနေရပ်တည်မှု မဟုတ်ပေ။ ထို့ကြောင့် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ အကြား ပြေလည်မှု မရှိပေ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ ယန်ဟီးလီအား မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ထားသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ ကြားဝင် ဖြေရှင်းသည့်အခန်း ပျောက်နေသည်။

၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံ အရေးအခင်းတွင် ကုလသမဂ္ဂက ကြားဝင် ဖြေရှင်းသည့် ပုံစံမျိုး ယခုမတွေ့ရနိုင်ပေ။ တကယ်တမ်းဆိုလျှင် ကုလသမဂ္ဂသည် ကမ္ဘာပေါ်ရှိ ပြဿနာ ဖြစ်ပွားနေသည့် နိုင်ငံများအကြား ဘက်မလိုက်ဘဲ၊ ကြားဝင်ဖြေရှင်းသည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ရန် လိုအပ်သော်လည်း မြန်မာပြည်တွင် ထိုသို့ လုပ်ဆောင်နိုင်ခြင်းမရှိ။ သို့ဖြစ်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးသည် တရုတ်နှင့် အနောက်အုပ်စု၊ OIC တို့၏ အင်အား ချိန်ခွင်လျှာပေါ်တွင် တည်နေသည်။

သို့ဖြစ်၍ ဤပြဿနာသည် အစ္စရေးနိုင်ငံ ထူထောင်သည်ကို လက်မခံဘဲ နယ်မြေ စွန့်ခွာထွက်သွားခဲ့ကြသည့် ပါလက်စတိုင်း ပြဿနာကဲ့သို့ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဖြေရှင်းမရသည့် ပြဿနာလည်း ဖြစ်သွားနိုင်သည်။

ချုပ်၍ ဆိုရလျှင် ပြဿနာကို အခြေခံ ချဉ်းကပ် ကြည့်မြင်ပုံ မတူကြသည် ဖြစ်ရာ ချက်ခြင်းလက်ငင်း ဖြေရှင်းရန် ခက်ခဲသည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ AA နှင့် စစ်ရေးပဋိပက္ခ ထိပ်တက်နေ၍ ယခု ပြဿနာသည် မှေးမှိန်နေသည်ဟု ထင်ရသော်လည်း အန္တရာယ်ကင်းဇုန် အမည်တပ်ထားသည့် ဒုတိယ ကိုဆိုဗို ဖန်တီးရန် နည်းမျိုးစုံနှင့် စိုင်းပြင်းနေသည်ကို မပြတ် သတိရှိရန် လိုအပ်သည်။

တချိန်တည်းတွင် နိုင်ငံတကာ၏ နားလည်မှု ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတကာ အင်အားချိန်ခွင်လျှာကို မပြတ် သတိပြုရန် လိုအပ်နေသည်။ မိမိဖက်မှ ရပ်ခံပေးသော တရုတ်သာမက၊ ကြားနေအခန်းတွင် ရှိနေသော အိန္ဒိယ၊ ဂျပန်စသည့် နိုင်ငံကြီးများ၏ ထောက်ခံမှု ပိုမိုရရှိရန် လိုအပ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် ဥရောပ နိုင်ငံများ၏ စာနာနားလည်မှု ရရှိရေးအတွက် ကြိုးပမ်းရန်လည်း လိုအပ်သည်။

တရုတ်နှင့် အင်အား ချိန်ခွင်လျှာညှိနေသည့် အမေရိကန်နှင့် တတ်နိုင်သမျှ နားလည်မှု တည်ဆောက်ရန် လိုအပ်သည်။ အာဆီယံ နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်မစွက်ဟူသည့် အာဆီယံမူကို ဆုပ်ကိုင်ပြီး အာဆီယံ နိုင်ငံများနှင့် နားလည်မှု ရရှိရေး ကြိုးစားသွားရန် လိုအပ်သည်။ လက်ရှိ ပြဿနာတွင် နိုင်ငံတကာ၏ အလေးထားမှုနှင့် ပါဝင်ပတ်သက်မှုကို မရှောင်လွှဲနိုင်သည် ဖြစ်ရာ နိုင်ငံတကာ၏ သဘောထား ရပ်တည်မှု များအား မလွှဲမရှောင်သာ အထူးအလေးထားရန် လိုအပ်နေပေသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လဆန်း တရုတ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် ဒုက္ခသည်ပြဿနာကို အမြန်ဆုံးဖြေရှင်းရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ သို့သော် တကယ်တမ်း ကိုင်တွယ်ဖြေရှင်းရမည်မှာ မြန်မာ အစိုးရကိုယ်တိုင်သာ ဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည်များအား စိစစ် လက်ခံရေး၊ ပြန်လည် ဝင်ရောက်လာသူများအား သင့်တော်သည့် အုပ်ချုပ်မှု ထားရှိရေးနှင့် ၎င်းတို့အား ရခိုင်တွင် ပိတ်လှောင်ထားသည့် မူဝါဒ ပြန်လည်ဆန်းစစ်ရေး စသည့် ဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

ထို့အပြင် အဆိုပါ ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်ကို အလေးထား ဂရုပြုရန် လိုအပ်နေပေသည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။ ဆောင်းပါးပါ အာဘော်မှာ စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။)

ဆက်စပ်ဖတ်ရှုရန်

သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading