၂၀၁၇-၁၉ အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ အပိုင်း ၃

မောင်မောင်စိုး
ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းတခု / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

စစ်ရေးပဋိပက္ခနှင့် စစ်ဘေးဒုက္ခသည်

စစ်ဘေး ဒုက္ခသည်များကို စစ်ဘေးရှောင်များ၊ ၎င်းတို့ ခိုမှီရာ စခန်းများကို စစ်ဘေးရှောင် စခန်းများဟု ခေါ်ကြသည်။ တိုက်ပွဲများ ဖြစ်ပွါးမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားရာ ဒေသမှ လူထုသည်လည်း စစ်ဘေးသင့်ခံရသည်၊ ကျည်သင့်ခံရသည်၊ လက်နက်ကျည် ထိမှန်မှုရှိသည်၊ မိုင်းနင်းမိသည်လည်း ရှိသည်၊ သေဆုံးဒဏ်ရာရမှုများ ရှိသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်အထိ စစ်တွေမြို့ အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ ပြုစုထားသော စာရင်းများအရ အရပ်သားထိခိုက်မှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

အရပ်သား သေဆုံးသူ- ၄၀ မှ ၄၅ ဦးအကြား (စိစစ်ဆဲ)

အရပ်သား ပျောက်ဆုံးသူ- ၁၅ ဦး

အရပ်သား မိုင်းထိသေဆုံးသူ- ၁၂ ဦး

အရပ်သားဖမ်းဆီးခံရသူ- ၁၂၀ ဦး

ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ ရောက်သူ- ၄၅ ဦး

ရန်ကုန်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ရသူ- ၅ ဦး

ဒဏ်ရရသူများထဲမှ သေဆုံးသူ- ၃ ဦး

ဒဏ်ရာရသူများထဲမှ အသက်ရှင်သူ- ၄၂ ဦးတိ့ု ဖြစ်သည်။

သို့ဖြစ်ရာ စစ်ဘေးသင့်ရာ ဒေသမှ ပြည်သူများသည်လည်း စစ်နှင့်ဝေးရာ မြို့ပြများဆီသို့ လည်းကောင်း၊ မြို့ပြနှင့်နီးရာသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြရသည်။ တချို့က သီးသန့် စစ်ဘေးရှောင် စခန်းဖွင့်၍ လည်းကောင်း၊ တချို့က ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံ၍လည်းကောင်း နေထိုင်ကြသည်။ စစ်ဘေးရှောင်နှင့် ပတ်သက်၍ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၇ နယ်တွင် စစ်ဘေးရှောင်စခန်း ၁၀၃ ခု၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် စခန်း ၅ ခု၊ စုစုပေါင်း ၁၀၈ ခု ရှိသည်ဟု ၂၀၁၉ မေလတွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ၃ နှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရက ထုတ်ပြန်ထားသည်။ အစိုးရက ထုတ်ပြန်သည့် စစ်ဘေးရှောင် အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မြောက်ဦးမြို့နယ်- ၉၉၈၀ ဦး

၂။ ဘူးသီးတောင်မြို့နယ်- ၈၁၃၆ ဦး

၃။ ရသေ့တောင်မြို့နယ်- ၆၈၃၅ ဦး

၄။ ကျောက်တော်မြို့နယ်- ၂၇၂၂ ဦး

၅။ မင်းပြားမြို့နယ်- ၂၄၁၁ ဦး

၆။ ပုဏ္ဏားကျွန်းမြို့နယ်- ၁၇၃၁ ဦး

၇။ ပေါက်တောမြို့နယ်- ၁၃၄ ဦး

၈။ ပလက်ဝမြို့နယ်- ၁၀၈၂ ဦး

စုစုပေါင်း ၃၃၀၃၁ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

Rakhine Ethnics Congress က ပြုစုထားသည့် ၂၀၁၉ ဇွန်လ ၁၆ ရက်နေ့အထိ ရှိသော မြို့နယ်အလိုက် စစ်ဘေးရှောင်စခန်း အရေအတွက်နှင့် စစ်ဘေးရှောင်ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြို့နယ် စစ်ဘေးရှောင်စခန်း စစ်ဘေးရှောင်လူဦးရေ

၁။ ပုဏ္ဏားကျွန်း ၅ ခု ၁၆၅၀ ဦး

၂။ ကျောက်တော် ၃ ခု ၂၂၅၀ ဦး

၃။ မြောက်ဦး ၂၃ ခု ၁၀၁၉၆ ဦး

၄။ မင်းပြား ၂ ခု ၉၅၃ ဦး

၅။ စစ်တွေ ၂ ခု ၁၀၀ ဦး

၆။ ရသေ့တောင် ၁၄ ခု ၃၀၀၉ ဦး

၇။ ဘူးသီးတောင် ၅ ခု ၁၅၉၉ ဦး

၈။ မောင်တော ၂ ခု ၆၂၆ ဦး

စုစုပေါင်း ၅၉ ခု ၂၀၃၈၃ ဦး။

စစ်ဘေးရှောင် စခန်းသို့ မရောက်ဘဲ ဆွေမျိုးသားချင်းများ၏ နေအိမ်တွင် မှီခို၍ မြို့နယ်အလိုက် စစ်ဘေးရှောင် နေသူ ဦးရေမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြို့နယ် စစ်ဘေးရှောင်လူဦးရေ

၁။ ပုဏ္ဏားကျွန်း ၃၉၅၂ ဦး

၂။ ကျောက်တော် ၂၂၁၁ ဦး

၃။ မြောက်ဦး ၈၂၁၁ ဦး

၄။ မင်းပြား ၂၃၈၇ ဦး

၅။ ရသေ့တောင် ၄၈၇၁ ဦး

၆။ ဘူးသီးတောင် ၄၂၉၃ ဦး

၇။ မောင်တော ၁၉၈ ဦး

စခန်းပြင်ပရှိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၆၁၂၃ ဦး၊ စခန်းရောက် စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၀၃၈၃ ဦးနှင့် စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၄၆၅၀၆ ဦး ဖြစ်သည်။

အဆိုပါ စာရင်းနှစ်ခုအရ ကွဲလွဲမှု အနည်းငယ် ရှိနေသော်လည်း ၂၀၁၉ ခုနှစ် ဇွန်လအထိ ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ပလက်ဝမြို့နယ် တို့တွင် စစ်ဘေးရှောင် ၄ သောင်းခန့် ရှိသည်ဟု ဆိုရပါမည်။ သို့သော် စစ်ဘေးရှောင် လူဦးရေစာရင်းကို ပုံသေသတ်မှတ်၍ မရပေ။ ရွာအနီး တိုက်ပွဲဖြစ်၍ စစ်ဘေး ရှောင်လာပြီးမှ မိမိရွာ ဝန်းကျင်၌ တပတ်၊ ၁၀ ရက်ခန့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါက ရပ်ရွာသို့ ပြန်သွားလေ့ရှိသည်။ တဖန် တိုက်ပွဲအသစ် ဖြစ်ပွားသည့် ရပ်ရွာများမှ ထပ်မံ စစ်ဘေးရှောင် လာလေ့ရှိသည်။ သို့ဖြစ်ရာ စစ်ဘေးရှောင် လူဦးရေ စာရင်းကို အသေမှတ်ယူ၍ မရပေ။

ရခိုင်ပြည်နယ်တွင် စစ်ပွဲနှင့်အတူ စစ်ဘေး ဒုက္ခသည်များ ပေါ်ပေါက်လာသည်။ ၎င်းတို့ကို ဦးစွာ ကူညီခဲ့ကြသူ များသည် မြို့အလိုက် မြို့မိမြို့ဖများနှင့် မြို့ပေါ်ရှိ အရပ်ဖက် အဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့စည်းထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့များ ဖြစ်သည်။ အဆိုပါအဖွဲ့များသည် မြို့ပေါ်တွင် ထမင်းထုပ် ကောက်ခံ၍ လည်းကောင်း၊ ဆန်နှင့်အလှူငွေ ကောက်ခံ၍လည်းကောင်း စစ်ဘေးရှောင်များအား ကူညီပေးခဲ့ကြသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ICRC နှင့် WFP တို့ကလည်း မြို့အလိုက် ဖွဲ့စည်းထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရိက္ခာ၊ သောက်သုံးရေ၊ တကိုယ်ရေသုံး ပစ္စည်းများ၊ အိမ်သာနှင့် ယာယီ အဆောက်အအုံများ ဆောက်လုပ်လှူဒါန်း ခဲ့သည်။ သို့သော်လည်း ဒေသခံ အာဏာပိုင်များ၏ အကန့်အသတ်များ ရှိနေ၍ အပြည့်အဝ ကူညီမှု ပေးနိုင်ခြင်း မရှိဟု သိရသည်။

ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက ထွေအုပ်မှတဆင့် ကူညီမှုတချို့ ပြုလုပ်ခဲ့သော်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့်သာ ပြုလုပ်ခဲ့ပြီး မြို့မိမြို့ဖများ၊ အရပ်ဖက် အဖွဲအစည်းများနှင့် ချိတ်ဆက်မှု အားနည်းနေကာ လူတဦး တရက်လျင် ၃၀၀ ကျပ်နှုန်းဖြင့်သာ ထောက်ပံ့နိုင်သဖြင့် လုံလောက်မှု မရှိပေ။ ပြည်ထောင်စုအစိုးရ ပေါ်လစီဖြစ်သော ပြည်နယ်အစိုးရ၊ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချိတ်ဆက်၍ ပူးပေါင်းကူညီနိုင်မှု အားနည်း နေသေးသည် သို့မဟုတ် လုံးဝချိတ်ဆက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်း ပြည်နယ်အစိုးရက စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ရန် လျာထား စီစဉ်ခဲ့သော်လည်း စစ်ဘေးရှောင်များ၏ ဆန္ဒနှင့်မကိုက်၍ စစ်ဘေးရှောင်များက နေထိုင်ရန် ငြင်းဆိုနေသည်ကို တွေ့မြင်နေရသည်။ စစ်ဘေးရှောင်များ အနေနှင့် စစ်ဘေးကြောင့် ရပ်ရွာကို စွန့်ပြေးခဲ့ရသော်လည်း အိုးအိမ် အသုံးအဆောင်များ ထားခဲ့ရခြင်း၊ ကျွဲ၊ နွား၊ ဝက် စသည့် အိမ်မွေး တိရစ္ဆာန်များ ထားခဲ့ရခြင်းကြောင့် ရွာစောင့်များ ချန်ထားခဲ့ပြီး တိုက်ပွဲငြိမ်သည်နှင့် ရပ်ရွာသို့ ပြန်လည် သွားရောက်ကြည့်ရှုရန် ရွာနှင့် မနီးမဝေးတွင်သာ စစ်ဘေးရှောင် စခန်း တည်ဆောက်လိုကြသည်။

ပြည်နယ်အစိုးရ စီစဉ်သည့် စစ်ဘေးရှောင်စခန်း တည်ဆောက်မည့် နေရာများမှာ ၎င်းတို့ ကျေးရွာများနှင့် ဝေးကွာလွန်း၍ မနေလိုကြပေ။ ထို့ကြောင့် ပြည်နယ် အစိုးရအစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်း တည်ဆောက်မည့် အစီအစဉ်များ ဖြစ်မြောက် မလာနိုင်သေးရာ လက်ရှိ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ရေး ခက်ခဲနေဆဲ ဖြစ်သည်။

စစ်ဘေးရှောင် များပြားလာခြင်းမှာ ရွာတွင်းတိုက်ပွဲ ဖြစ်ခြင်း၊ ကျည် ကျရောက်ခြင်းတိ့ုကြောင့် ဖြစ်သကဲ့သို့ အချက်တချက်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်မတော်က တဖက်သတ် ပစ်ခတ်မှု ပြုခြင်းကြောင့်ဟု ဒေသခံ အရပ်သားများက ဆိုသော်လည်း ထိုအချက်ကို တပ်မတော်က ပယ်ချထားသည်။ ထို့အပြင် လက္ကာရွာ၊ ကျောက်တန်း၊ ပေါက်တောပြင် ရွာများတွင် တပ်မတော်စစ်ကြောင်းက ရွာများရှိ ရွာသားအားလုံးအား ဆင့်ခေါ် စုစည်း ပိတ်လှောင်ထားပြီး AA အဖြစ် သံသယရှိသူများအား စစ်ဆေးခြင်း၊ စစ်ဆေးစဉ် ကာလတွင် စစ်ဆေးခံရသူများ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။

သို့ဖြစ်ရာ ဤသတင်း ဖြစ်ပေါ်ပြီးနောက် ရခိုင်ကျေးရွာများသည် အလားတူ ဖြစ်ရပ်မျိုးအား ရှောင်လွှဲနိုင်ရန် တပ်မတော် စစ်ကြောင်းများ ရွာဆီသို့ ဦးတည် ချီတက်လာပါက ရွာလုံးကျွတ် ထွက်ပြေးကြသဖြင့် စစ်ဘေးရှောင် ဦးရေ ပိုမိုများပြား လာခဲ့သည်။ ထိုကဲ့သို့ ဖြစ်စဉ်များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးခံရသဖြင့် စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာနှင့်ချီ၍ နုတ်ထွက် သည်များကို တွေ့ရှိရသည်။

ကျောက်တန်း ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး လူအခွင့်အရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သော ကော်မရှင်၏ အစီရင်ခံစာက ဒေသခံများ၏ စိတ်ကြေနပ်မှု မဖြစ်စေခဲ့ပါ။ ထိုသို့သော အခြေအနေများကြောင့် ဒေသခံ လူထုအနေဖြင့် တပ်မတော်အား ကြောက်ရွံ့မှုနှင့် မကြေလည်မှု ပိုမိုများစေသည်ကို တွေ့ရသည်။

တဖက်ကလည်း လူအချို့ အသတ်ခံရမှုသည် AA ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိလာသည်။ အပြန်အလှန် စွပ်စွဲပြီး အပြန်အလှန် ငြင်းချက်ထုတ်ကြသည်။ စစ်ပွဲအတွင်း အမှန်တရား ပျောက်ဆုံးနေသည်။

မည်သို့ဆိုစေ စစ်ပွဲအတွင်း အရပ်သားထိခိုက်မှုသည် အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်ခဲ့စေသည်ကိုမူ ငြင်းပယ်၍ မရပေ။

မူလက ညမထွက်ရအမိန့် ကြေညာထားသော ဘူးသီးတောင်၊ မောင်တောအပြင် ရခိုင်မြောက်ပိုင်းရှိ နောက်ထပ် ၅ မြို့နယ်အား ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရာ အရပ်သားများ အရေးပေါ် ကျန်းမာရေး ကိစ္စများအတွက် သွားလာရန် အခက်အခဲ ရှိလာသည်သာမက၊ တောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ရန် အခက်အခဲများ ရှိလာသည်ဟု ဆိုကြသည်။ ထို့အပြင် ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ၏ စာရင်းများ အရ စစ်ပွဲကြောင့် စစ်ဘေးရှောင်လာရခြင်း၊ လယ်ကွက်အတွင်း မပေါက်ကွဲသော ဗုံးဆံများ ရှိနေခြင်းကြောင့် ၂၀၁၉ ဇွန်လအထိ ရခိုင်ပြည်နယ် စစ်ဘေးသင့် ၇ မြို့နယ် ကျေးရွာအုပ်စု ၁၀၄ စု၌ စိုက်ပျိုးခြင်း မပြုနိုင်သည့် လယ်ဧကပေါင်း ၉၉၆၀၀ ဧက အထိရှိလာသည်ဟု ဆိုသည်။ အဆိုပါ မစိုက်ပျိုးနိုင်သည့် လယ်ဧကများတွင် ကျောက်တော်မြို့နယ်၌ ၃၈၀၀၀ ဧက၊ မြောက်ဦးမြို့နယ်၌ ၃၇၀၀၀ ဧက ဖြင့် အများဆုံး ရှိသည်ကိုတွေ့ရသည်။

လတ်တလော အချိန်တွင် ရခိုင်ပြည်နယ် အစိုးရ၊ စိုက်ပျိုးရေး ဌာနကလည်း မစိုက်ပျိုးနိုင်သည့် လယ်ဧက စာရင်းများ ကောက်ယူလျှက် ရှိပြီး မျိုးစပါး ထုတ်ပေးရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း ထိုလယ်ဧကများ စိုက်ပျိုးနိုင်ရန် သေချာမှု မရှိသေးပါ။ အဆိုပါ လယ်ဧက တသိန်းနီးပါး မစိုက်ပျိုးနိုင်ပါက နောက်နှစ်တွင် စစ်ဘေးသင့် ဒေသ၌ ပိုမိုခက်ခဲနိုင်သည်။

ဤတကြိမ် ရခိုင်ပြည်နယ်စစ်ပွဲအတွင်း ထူးခြားချက် တခုမှာ စစ်ဘေးရှောင်များအား ပြည်မမှ သွားရောက် လှူဒါန်း ကူညီသည်ကို မတွေ့ရခြင်းဖြစ်သည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စစ်ပွဲများကြောင့် ဖြစ်လာသော စစ်ဘေး ဒုက္ခသည်များအား ပြည်မမှ သွားရောက်ကူညီမှုများ တွေ့ရသော်လည်း ရခိုင် စစ်ဘေးရှောင်များအား ပြည်မမှ သွားရောက်ကူညီမှု မတွေ့ရသည်မှာ ထူးခြားချက်တခု ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ရခိုင်ပြည်နယ် တိုက်ပွဲများအစပိုင်းက အင်တာနက် လူမှုကွန်ရက်များတွင် ဗမာနှင့်ရခိုင်တို့အကြား လူမျိုးရေး မုန်းတီးမှု သဘောဆောင်သော ရေးသား တိုက်ခိုက်ခဲ့သည့် အချက်ကြောင့်လည်း ပတ်သက်နိုင်သည်။

ထို့အပြင် ပြည်မရှိ လူမှုရေး တက်ကြွလှုပ်ရှားသူများမှာ NLD ကို ထောက်ခံသူများ ဖြစ်သဖြင့် NLD အစိုးရ လက်ထက် လက်နက်ကိုင် ပုန်ကန်မှုတခု ဖြစ်ပေါ်လာခြင်းကို မနှစ်သက်၍ လည်းကောင်း၊ NLD နှင့် ရခိုင်ပါတီ ANP အကြား ဆက်ဆံရေး မကောင်းမွန်ခဲ့၍ လည်းကောင်း အမျိုးမျိုးအကြောင်းများ၏ သက်ရောက်မှုကြောင့် ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခမှတဆင့် ဗမာ-ရခိုင် လူမျိုးရေး မုန်းတီးမှု မဖြစ်စေရန် အမုန်းတရားများ လျှော့ချရန် လိုအပ်နေသည်ဟု ဆိုရပါမည်။

လက်ရှိ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ညမထွက်ရ အမိန့် ထုတ်ထားသည် သာမက ၂၀၁၉ ဇွန်လမှစ၍ ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းရှိ ၈ မြို့နယ်အား လုံခြုံရေး အကြောင်း ပြချက်နှင့် အင်တာနက် အသုံးပြုခွင့် ပိတ်ပင်လိုက်သည်။ ထိုသို့ ပိတ်ပင်ခြင်းသည် လူ့အခွင့်ရေး ချိုးဖောက်ခံရခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြကြသည်။ မည်သို့ပင် ဆိုစေကာမူ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခြင်းကြောင့် မူလကပင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေသည့် ရခိုင်ပြည်နယ် အနေနှင့် အင်တာနက်မှ ပညာဗဟုသုတ ရှာဖွေရန်၊ သတင်း အချက်အလက် ရှာဖွေရန် အခွင့်အလမ်း ဆုံးရှုံး သွားသည့်အပြင် အသေးစား ငွေလွှဲလုပ်ငန်းများအပါ စီးပွားရေး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည် ဖြစ်ရာ စစ်ဘေးသင့် ဒေသအတွက် ရေနစ်သူ ဝါးကူထိုးသကဲ့သို့ ဖြစ်စေခဲ့သည်။ ပြန်လည် စဉ်းစားသုံးသပ်သင့်သည့် အကြောင်းအရာ ဖြစ်ပေသည်။

ထို့အပြင် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းတွင်လည်း စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည်။ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား တရုတ်၏ အကူအည်ီဖြင့် ယူနက်စကိုတွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန် တင်ပြ တောင်းခံနေဆဲ ကာလဖြစ်သည်။ မြောက်ဦးအား စစ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရန် လိုလားနေကြသော်လည်း မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးကျည်များ ကျရောက်ခြင်းကို တွေ့မြင်နေရသည်။ သို့ဖြစ်ရာ လူထုသာ စစ်ဘေးသင့်သည်သာ မကဘဲ၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေပါ စစ်ဘေးသင့် နေသည်ကို တွေ့မြင်နေရပေသည်။

လက်ရှိ မိုးတွင်းကာလ၌ ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခများ လျှော့မချနိုင်ပါက လာမည့် ဆောင်းတွင်းတွင် စစ်ပွဲအရှိန် ပိုမြင့်လာနိုင်ပြီး စစ်ဘေးဒုက္ခသည် ဦးရေ တသိန်းခန့်အထိ တိုးလာနိုင်သည်ဟု သုံးသပ်ရသည်။ ၂၀၁၁ ခုနှစ်မှ တကျော့ပြန် ပြန်လည်ဖြစ်ပွားသော ကချင်ပြည်နယ် စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တသိန်းကျော် ခန့်သည် ၈ နှစ်ကျော်သည် အထိ အိမ်ပြန်ခွင့် မရနိုင်သေးပေ။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်အရေးမှာလည်း မျှော်တွေးမှန်းဆရန် ခက်ခဲနေဆဲဖြစ်ပြီး ၎င်းတို့၏ ကံကြမ္မာသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ထပ်တူကျနေလိမ့်မည် ဟုသာ ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားရေးရာများကို လေ့လာနေသော သုတေသီတဦးဖြစ်သည်။သူ၏ “မြောက်ဦး စစ်တမ်း ”စာအုပ်သည် ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သည်။ ဆောင်းပါးပါ အာဘော်မှာ စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။)

ဆက်စပ်ဖတ်ရှုရန်

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း ၂ 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁ 

ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ 

Did you find apk for android? You can find new Free Android Games and apps.
Loading