ကမ္ဘာ့ သက်တမ်းအရှည်ဆုံးနှင့် သိက္ခာအကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီး နှစ်နိုင်ငံသည် အာဏာနှင့် ပတ်သက်လျှင် မူမမှန်သော စိတ်ရှိသူများကို မည်သည့်အတွက် ခန့်အပ်ပြီး လူကြိုက်မများလှသည့် မူဝါဒများကို ချမှတ်စေသနည်း ဟူသည့် မေးခွန်းအတွက် ရှင်းလင်းသော အဖြေတခုရှိသည်။ ပိုမိုနက်ရှိုင်းသော ရှင်းလင်း တင်ပြချက် တခုလည်း ရှိသည်။
သိက္ခာနှင့် သြဇာအကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု တို့သည် နောက်ဆုံးတွင် ဒေါ်နယ်ထရမ့်နှင့် ဘောရစ်ဂျွန်ဆင်တို့ လက်သို့ မည်သို့မည်ပုံ ရောက်ရှိသွားခဲ့ ပါသနည်း။ ထရမ့်က ဂျွန်ဆင်ကို “ဗြိတိန်ထရမ့်” ဟု ခေါ်သည်မှာ မမှားပေ (တခုခုတော့ မှားနေလိမ့်မည်)။ ထိုကိစ္စသည် ကိုယ်ရည်ကိုယ်သွေးနှင့် နေထိုင်မှုပုံစံ တူညီခြင်း သက်သက်သာမက၊ ထိုသို့သောသူများကို အာဏာရစေသည့် နိုင်ငံရေးမဏ္ဍိုင် အဖွဲ့အစည်းများ၏ ထင်လင်းလှသော အပြစ်အနာအဆာ များကိုလည်း ထင်ဟပ်လိုက်ခြင်း ဖြစ်သည်။
ထရမ့်နှင့်ဂျွန်ဆင် နှစ်ယောက်စလုံးတွင် အိုင်းရစ် ရူပဗေဒနှင့် စိတ်ပညာရှင် အီယန် ဟုဂျ်က ဖရိုဖရဲစိတ် သို့မဟုတ် မူမမှန်သော စိတ်များ “Disordered minds” ဟု ခေါ်သော စိတ်များ ရှိကြသည်။ ထရမ့်သည် နာတာရှည် လိမ်ညာသူ၊ လူမျိုးရေးစိတ်ကို သယ်ဆောင်သူနှင့် အကြီးအကျယ် အခွန် လိမ်လည်သူဖြစ်သည်။ ထရမ့်၏ ၂၀၁၆ ခုနှစ် မဲဆွယ်ပွဲကို ၂၂ လ ကြာ စုံစမ်းစစ်ဆေး အစီရင်ခံစာတွင် အမေရိကန် အထူး အတိုင်ပင်ခံ ပုဂ္ဂိုလ် ရောဘတ်မတ်လားက ထရမ့်၏ တရားမျှတမှုကို လိမ်ညာ နှောင့်ယှက် တားဆီးမှုများကို အကြိမ်ကြိမ် ဖော်ပြသည်။ ထရမ့်သည် ၎င်းတို့ကို လိင်သားကောင် ပြုသည်ဟု အမျိုးသမီး ၂၀ ကျော်က ထရမ့်ကို စွပ်စွဲ ကြပြီး မဲဆွယ်ပွဲ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်သော နည်းဖြင့် ထိုအမျိုးသမီးများကို နှုတ်ပိတ်ခ တရားမဝင် ပေးရန် ရှေ့နေကို ညွှန်ကြားသည်။ ထိုသို့သော အပြုအမူမျိုးသည် ထရမ့်က မှတ်တမ်းတင် ဝါကြွားလိုသည့် အပြုအမူမျိုး ဖြစ်သည်။
ဂျွန်ဆင်၏ ကိုယ်ရေး အပြုအမူသည်လည်း အလားတူ ထိန်းချုပ်မှု ကင်းမဲ့သည်။ သူ့ကိုလည်း နာတာရှည် လိမ်ညာသူ အဖြစ်နှင့် အိမ်ထောင်နှစ်ခါပျက်ပြီး ဝန်ကြီးချုပ် မဖြစ်မီညနေမှာပင် အိမ်တွင်မိန်းမနှင့် ခွန်းကြီး ခွန်းငယ် ဖြစ်သည့် ပုဂ္ဂလိကဘဝတွင် ဖရိုဖရဲ နေသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြသည်။ သူသည် လိမ်ညာခြင်းနှင့် အခြား သိက္ခာကင်းမဲ့သော လုပ်ရပ်များကြောင့် အလုပ်များမှ အကြိမ်ကြိမ် ထုတ်ပယ် ခံရဖူးသည်။ သူသည် နောင်တွင် မှားယွင်းကြောင်း ပေါ်ပေါက်လာသည့် ပြောဆိုချက်များဖြင့် ၂၀၁၆ ခုနှစ်က Brexit လှုံ့ဆော်မှုကို ဦးဆောင်ခဲ့သည်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျှို့ဝှက် ထောက်လှမ်းရေး သတင်းပေါက်ကြားမှု နှစ်ကြိမ် ဖြစ်စေခဲ့သည်။ ပထမ ပေါက်ကြားမှုမှာ လစ်ဗျားအကြောင်း ပြင်သစ် ထောက်လှမ်းရေး သတင်းဖြစ်ပြီး အခြားတခုမှာ အီရန်အကြောင်း ဗြိတိန်ထောက်လှမ်းရေး သတင်းဖြစ်သည်။ ထရမ့်ကဲ့သို့ပင် သူ့တွင်လည်း အသက်အရွယ် အုပ်စုအားလုံး အကြား လူကြိုက်နည်းမှုနှုန်း မြင့်မားသည်။ သူ့အပေါ် ထောက်ခံမှုနှုန်းသည် မဲပေးသူ အသက်အရွယ်အလိုက် တက်သည်။
ထရမ့်၏ ရာထူးသက်တမ်း မှတ်တမ်းသည်လည်း နောက်ထပ် နိုင်ငံရေးပုစ္ဆာ ဖြစ်နေသည်။ သူ၏ မူဝါဒများသည် ယေဘုယျအားဖြင့် လူထု ထောက်ခံမှုမရဘဲ အများပြည်သူ ထင်မြင်ချက်ကို ထင်ဟပ်ခဲလှသည်။ သူ၏ အရေးအပါဆုံး ဥပဒေပြု အောင်ပွဲဖြစ်သည့် ၂၀၁၇ ခုနှစ် အခွန် ဖြတ်တောက်ရေးသည် ထိုစဉ်က လူကြိုက် မများသကဲ့သို့ ယခုလည်း လူကြိုက်များခြင်းမရှိပေ။ ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှုကြီးကြပ်ရေး၊ မက္ကဆီကို နယ်စပ်တွင် တံတိုင်း ဆောက်လုပ်ရေး၊ လူမှုဖူလုံရေး အသုံးစရိတ် ဖြတ်တောက်ခြင်း၊ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှ အဓိက အစိတ်အပိုင်းများကို ရပ်စဲခြင်း၊ အီရန် ညူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခြင်းနှင့် အခြား အရာများစွာကိုလည်း လူကြိုက်များခြင်း မရှိပေ။
ထရမ့်အပေါ် လူထု ထောက်ခံမှုနှုန်းမှာလည်း အမြဲတစေ ၅၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိနေပြီး လက်ရှိ ထောက်ခံမှု နှုန်းမှာ ၄၃ ရာခိုင်နှုန်းသာရှိပြီး မထောက်ခံမှုနှုန်းမှာ ၅၃ ရာခိုင်နှုန်း ရှိနေသည်။
ထရမ့်သည် သူ၏ လူကြိုက်မများလှသော အစီအစဉ်များကို အကောင်အထည်ဖော်ရန် အရေးပေါ် ဒီဂရီများနှင့် အုပ်ချုပ်ရေး အမိန့်များ ထုတ်ပြန်သည်။ ထိုဒီဂရီ အများအပြားကို တရားရုံးများက ပယ်ဖျက်ပြီး တရားစီရင်ရေး လုပ်ငန်းများ နှေးကွေး၊ ဝေ့ဝိုက်ကာ ကြိုတင်ခန့်မှန်း၍ မရတော့ပေ။ လက်တွေ့တွင် အမေရိကန် ပြည်ထောင်စုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အန္တရာယ် များလှသော ကန့်သတ်ချက်များအတွင်းမှ လူ တဦးတည်း၏ အုပ်ချုပ်ရေးနီးပါး ဖြစ်နေသည်။
ဂျွန်ဆင်၏ အခြေအနေမှာလည်း အလားတူပင်ဖြစ်သည်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး အတွက် ထွက်ခွာရေး လှုပ်ရှားမှု (Leave Campaign) ကတိကဝတ်များသည် ၂၀၁၆ ဆန္ဒခံယူပွဲမတိုင်ခင်က အလိမ်အညာ ချဲ့ကား ပြောဆိုမှုများသာ ဖြစ်ကြောင်း သိလာကြပြီးနောက် ဂျွန်ဆင်၏ အဓိက အားထားရာဖြစ်သည့် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေးကို လူထုအမြင်က ဆန့်ကျင်ကြသည်။ အများပြည်သူနှင့် ပါလီမန် ကိုယ်စားလှယ် အများစုထံမှ မည်သည့် သဘောတူညီချက်မျှ မရဘဲ၊ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကို အပြင်းအထန် ဆန့်ကျင် ကြသော်လည်း ဂျွန်ဆင်က သူ၏ အခြားနည်းလမ်းတခုကို ညှိနှိုင်းနိုင်သည်ဟုသာ ကတိပေးသည်။
ကမ္ဘာ့ သက်တမ်းအရှည်ဆုံးနှင့် သိက္ခာအကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီး နှစ်နိုင်ငံသည် အာဏာနှင့် ပတ်သက်လျှင် မူမမှန်သော စိတ်ရှိသူများကို မည်သည့်အတွက် ခန့်အပ်ပြီး လူကြိုက်မများလှသည့် မူဝါဒများကို ချမှတ် စေသနည်းဟူသည့် မေးခွန်းအတွက် ရှင်းလင်းသော အဖြေတခုရှိသည်။ ပိုမိုနက်ရှိုင်းသော ရှင်းလင်း တင်ပြချက် တခုလည်းရှိသည်။
ရှင်းလင်းသော အဖြေမှာ ဂျွန်ဆင်နှင့် ထရမ့် နှစ်ဦးစလုံးတို့သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း နောက်ချန်ထား ခံရသည်ဟု ခံစားနေရသည့် သက်ကြီးရွယ်အို မဲဆန္ဒရှင်များ အကြားတွင်သာ လူကြိုက် များကြခြင်း ဖြစ်သည်။ ထရမ့်သည် ကုန်သွယ်ရေးနှင့် နည်းပညာကြောင့် နေရာပျောက်သွားသော သက်ကြီး ရွယ်အို လူဖြူ အမျိုးသား ရှေးရိုးဆန်သူများကို ဆွဲဆောင်နိုင်သည်။ အချို့၏ အမြင်အရ ထိုသူများသည် အမေရိကန် နိုင်ငံသားအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနှင့် လိင်အခွင့်အရေး လှုပ်ရှားမှုများကြောင့် အခန်းကဏ္ဍ ပျောက်ရသည်ဟု မြင်ကြသည်။ ဂျွန်ဆင်ကမူ စက်မှုလုပ်ငန်း လျှော့ချခြင်းကြောင့် အထိနာသော သို့မဟုတ် ဗြိတိန် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်ခဲ့သည့် ရွှေခေတ်ကို တမ်းတနေသော သက်ကြီးရွယ်အို မဲဆန္ဒရှင် များကို ဆွဲဆောင်သည်။
သို့သော် ထိုအချက်သည် ပြည့်စုံလုံလောက်သည့် ရှင်းလင်း တင်ပြချက် မဟုတ်သေးပေ။ ထရမ့်နှင့်ဂျွန်ဆင် ခေါင်းထောင် ထလာခြင်းသည် ပိုမိုနက်ရှိုင်းသော နိုင်ငံရေးအရ ကျဆုံးမှုကိုလည်း ထင်ဟပ်နေသည်။ ၎င်းတို့ကို ဆန့်ကျင်သော ပါတီများဖြစ်သည့် ဒီမိုကရက်တစ်နှင့် လေဘာပါတီများသည် ဂလိုဘယ် လိုက်ဇေးရှင်းခေါ် ကမ္ဘာတဝှမ်း ဆက်စပ်မှုကြောင့် အခန်းကဏ္ဍ ကင်းမဲ့သွားရသည့် အလုပ်သမားများ၏ လိုအပ်ချက်များကို ဖြေရှင်းပေးရန် ပျက်ကွက်ကြသည်။
ထိုကြောင့် ၎င်းတို့သည် လက်ယာဖက်သို့ ဘက်ပြောင်း သွားကြသည်။ သို့သော် ထရမ့်နှင့် ဂျွန်ဆင်တို့သည် အမေရိကန်ပြည်ထောင်စုတွင် လူချမ်းသာများအတွက် အခွန် ဖြတ်တောက်ခြင်းနှင့် ဗြိတိန်တွင် မည်သည့် သဘောတူညီချက်မျှ မရဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး စသည့် ၎င်းတို့၏ အခြေခံအင်အားစုများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သည့် မူဝါဒများကို ကျင့်သုံးကြသည်။
နှစ်နိုင်ငံစလုံးတွင် တူညီသော နိုင်ငံရေး အပြစ်အနာအဆာသည် နိုင်ငံရေး ကိုယ်စားပြုမှုစနစ် အထူးသဖြင့် ရွေးကောက်ပွဲစနစ် ဖြစ်သည်။ မဲဆန္ဒနယ်တခုတွင် ပါတီဝင် တဦးသာ ယှဉ်ပြိုင်ရမည် ဟူသည့် စနစ်သည် အနောက် ဥရောပ နိုင်ငံများတွင် ပါတီအများအပြား ရွေးချယ်ခံရသော အချိုးကျ ကိုယ်စားပြုစနစ် ကဲ့သို့မဟုတ်ဘဲ အင်အားကြီးသော ပါတီနှစ်ခုကသာ လွှမ်းမိုးမှုကို ဖြစ်စေသည်။
နှစ်ပါတီစနစ်မှ နိုင်သူအကုန်ယူ နိုင်ငံရေးသို့ ဦးတည်သော စနစ်သည် မဲဆန္ဒရှင်များ၏ အကျိုးစီးပွားကိုသာမက ပါတီနှစ်ခုနှင့် အထက် လက်ခံနိုင်သော မူဝါဒများကို ချမှတ်ရမည့် ညွန့်ပေါင်း အစိုးရများကိုလည်း ကိုယ်စား မပြုနိုင်ပေ။
အမေရိကန်နိုင်ငံ၏ အခြေအနေကိုကြည့်ပါ။ ထရမ့်သည် ရီပတ်ဗလစ်ကန် ပါတီကို လွှမ်းမိုးထားသော်လည်း အမေရိကန် ၂၉ ရာခိုင်နှုန်းသာ ၎င်းတို့ကို ရီပတ်ဗလစ်ကန်များအဖြစ် သတ်မှတ်ကြပြီး ၂၇ ရာခိုင်နှုန်းက ဒီမိုကရက်များအဖြစ် သတ်မှတ်ကာ ၃၈ ရာခိုင်နှုန်းက တသီးပုဂ္ဂလများ ဖြစ်သည်ဟု သတ်မှတ် ကြသည်။
ထိုတသီးပုဂ္ဂလများသည် နှစ်ပါတီစလုံးကို မကြိုက်သော်လည်း အခြားနည်းဖြင့် ကိုယ်စားပြုခြင်း မရှိကြပေ။ ရီပတ်ဗလစ်ကန် ပါတီတွင်းတွင် အာဏာရထားသောကြောင့် ထရမ့်သည် ပြိုင်ဘက် ဟီလာရီကလင်တန်ထက် မဲနည်းသော်လည်း ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲ ပိုရပြီး ပွတ်ကာသီကာ အာဏာရသွားသည်။ ၂၀၁၆ ခုနှစ်တွင် မဲပေးခွင့်ရှိသူ အမေရိကန်များ၏ ၅၆ ရာခိုင်နှုန်းသာ မဲပေးသောကြောင့် (မဲပေးရခက်အောင် ရီပတ်ဗလစ်ကန်တို့ ရည်ရွယ်ချက်ရှိရှိ အားထုတ်ခဲ့ခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်) ထရမ့်သည် မဲပေးခွင့်ရှိသူ ၂၇ ရာခိုင်နှုန်းထံမှ မဲရခဲ့သည်။
ထရမ့်သည် မဲပေးခွင့်ရှိသူ သုံးပုံတပုံ အောက်သာ ကိုယ်စားပြုသောပါတီကို ထိန်းချုပ်ပြီး အမိန့်ဒီဂရီဖြင့် အုပ်ချုပ်နေသည်။
ထောက်ခံမှုနှုန်း ၃၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ဂျွန်ဆင်ကို ဝန်ကြီးချုပ်ဖြစ်စေမည့် ၎င်းတို့ပါတီ ခေါင်းဆောင်အဖြစ် သတ်မှတ်သူ ကွန်ဆာဗေးတစ် ပါတီဝင် တသိန်းပင်မပြည့်ပေ။ သူ့ကို ဆန့်ကျင်နှုန်းမှာ ၄၇ ရာခိုင်နှုန်းရှိသည်။
ပါတီတခုစီသည် မဲအားလုံး၏ ထက်ဝက်နှင့် တမဲပိုရရေးအတွက် နိုင်ငံရေး၏ ဗဟိုသို့ ရွှေ့ပြောင်းသောကြောင့် နှစ်ပါတီ စနစ်သည် ကြားနေ မဲဆန္ဒရှင်များကို ကိုယ်စားပြုလိမ့်မည်ဟု နိုင်ငံရေးသိပ္ပံ ပညာရှင်များက ခန့်မှန်းသည်။ လက်တွေ့တွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း မဲဆွယ်ပွဲရန်ပုံငွေ ရှာဖွေရေးသည် အမေရိကန် နိုင်ငံရေးပါတီ တွက်ချက် စဉ်းစားမှုများကို လွှမ်းမိုးနေသည်။
ထို့ကြောင့် ပါတီများနှင့် ကိုယ်စားလှယ်များသည် ချမ်းသာကြွယ်ဝသော အလှူရှင်ကြီးများနှင့် အဆင်ပြေရန် လက်ယာ ယိမ်းကြသည် (အထက် လွှတ်တော်အမတ် ဘာနေးဆန်းဒါးကမူ ငွေကြေးချမ်းသာသူမျာ၏ ချုပ်ကွက်ကို ချိုးဖောက်ရန် အလှူရှင်ငယ်များထံမှသာ ရန်ပုံငွေ အများအပြားရအောင် လုပ်ခဲ့သည်)။
ဗြိတိန်တွင် မည်သည့် အဓိကပါတီကမျှ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကို ဆန့်ကျင်သူအများစုကို ကိုယ်စားပြုခြင်း မရှိပေ။ သို့သော် ဗြိတိန် နိုင်ငံရေးစနစ်သည် ပါတီတွင်းမှ အုပ်စုတစုအနေဖြင့် မဲဆန္ဒရှင် အများစု ဆန့်ကျင်သည့် နိုင်ငံအတွက် သမိုင်းဝင်ရှည်ကြာသည့် ရွေးချယ်မှုများကို ပြုလုပ်နိုင်စေသည်။ အဆိုးဆုံးမှာ နိုင်သူ အကုန်ယူကြေး နိုင်ငံရေးစနစ်သည် လူထုက ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေသည့်ကြားမှ အန္တရာယ်ရှိသူ နှစ်ဦးကို အာဏာရအောင် လုပ်နိုင်စေခြင်းပင် ဖြစ်သည်။
မည်သည့် နိုင်ငံရေးစနစ်ကမျှ လူထုဆန္ဒကို မူဝါဒအဖြစ် အပြည့်အဝ ပြောင်းလဲပေးနိုင်ခြင်း မရှိဘဲ အန္တရာယ် ကြီးသော ခံစားချက်များဖြင့် လူထုဆန္ဒကိုလည်း မကြာခဏ ဆိုသကဲ့သို့ ရှုပ်ထွေးအောင်၊ မှားယွင်း နားလည်အောင်၊ ယိမ်းယိုင်အောင် လုပ်ကြသည်။ နိုင်ငံရေး အဖွဲ့အစည်းများ၏ တည်ဆောက်ပုံသည် အမြဲ ဆင့်ကဲ တိုးတက်နေသော စိန်ခေါ်မှုဖြစ်သည်။ သို့သော် ယနေ့တွင် ၎င်းတို့၏ နိုင်သူ အကုန်ယူ စည်းမျဉ်း များကြောင့် ကမ္ဘာ့ သက်တမ်းအရှည်ဆုံးနှင့် အမြင့်ဆုံး ဒီမိုကရေစီ နှစ်နိုင်ငံတို့သည် အန္တရာယ် ရှိလောက်အောင်ပင် စွမ်းဆောင်ရည် နိမ့်ကျလာခဲ့ကြသည်။
(ဆောင်းပါးရှင် ဂျက်ဖရီ ဆက်ရှ်သည် ကိုလံဘီယာတက္ကသိုလ်မှ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးပါမောက္ခ၊ ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲမှု ပါမောက္ခ၊ ကိုလံဘီယာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ကုလသမဂ္ဂ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အဖြေရှာရေး ကွန်ရက်တို့၏ ဒါရိုက်တာဖြစ်သည်။ သူရေးသားသော The Crisis of Anglo-American Democracy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး