လက်ရှိ လူ့အခွင့်အရေးကော်မရှင်သည် လာမည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ထိုကော်မရှင်သည် ယခင်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်တွင် ဥပဒေ ပြဌာန်းချက်အရ မဟုတ်ဘဲ သမ္မတအမိန့်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တွင် လွှတ်တော်မှ ဥပဒေ အတည်ပြု ပြဌာန်းပြီး တရားဝင် ဥပဒေဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဥပဒေ အရ လက်ရှိ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းသည် လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ၅ နှစ် ဖြစ်သော်လည်း ၎င်းတို့ တာဝန်ထမ်းဆောင်နေသည်မှာ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည် ဖြစ်၍ ယခုအချိန်ထိ ဆိုလျှင် သက်တမ်းမှာ ၈ နှစ် ရှိပြီဖြစ်သည်။
အဆိုပါသက်တမ်းအရ လက်ရှိ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် လူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတကာတွင် (က) အဆင့် နှင့် ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်ရန် လုံလောက်သော အခြေအနေ ဖြစ်နေသင့်ပေသည်။
သို့သော်လည်း ၎င်းတို့သည် ဥပဒေပါ ပေးအပ်ထားသော (သို့မဟုတ်) မျှော်မှန်းချက်များကို ဖော်ဆောင်ပေး နိုင်မှု အားနည်းလှသည်။ စတင်ထူထောင်ခဲ့စဉ်က ရှိသင့်သည့် အခြေအနေထက် တစုံတရာ တိုးတက်အောင် လုပ်ဆောင်နိုင်မှုများ ရှိခဲ့သော်လည်း ၎င်းတို့အား သက်တမ်း ထပ်တိုးခြင်း ကိစ္စကိုမူ သေသေချာချာ ဆန်းစစ် ရန် ပြုလုပ်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယခုကိစ္စသည် တည်ဆဲ အစိုးရ နှင့် လွှတ်တော် ပေါ်တွင် များစွာ မူတည် နေပါသည်။ အဆိုပါ ကော်မရှင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ရန် လိုအပ်ချက်များကို ထောက်ပြနေခြင်းသည် လက်ရှိ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ တိုင်းပြည်၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးနှင့် လူ့အခွင့် အရေး ချိုးဖောက်မှုှုများကို ကာကွယ်တားဆီးနိုင်ရန် ထောက်ပြခြင်း ဖြစ်ပါသည်။
လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရသည့် အဓိက အကြောင်းရင်း မှာ လက်ရှိ လူ့အခွင့်အရေး ကော်မရှင်အပေါ် အများ၏ ယုံကြည်လက်ခံနိုင်မှု အခြေအနေ တိုးတက်လာစေရန် နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ သတ်မှတ်ချက်အရ လက်ရှိ လူ့အခွင့်အရေးကော်မရှင်သည် (ခ) အဆင့်သာ သတ်မှတ်ခံထားရပြီး ထိုအခြေအနေမှ တဆင့် (က) အဆင့်သို့ တိုးမြှင့်လာစေရန် ရည်ရွယ်သည်။
ထိုသို့ ဖြစ်မြောက်လာစေရန် မည်သည့်အရာများကို ပြုပြင်ပြောင်းလဲရမည်နည်း။
(၁) လူ့အခွင့်အရေးကော်မရှင် ၏ ဥပဒေ
(၂) လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းပုံနှင့် ကော်မရှင် အဖွဲ့ဝင်များ
ထို ၂ ခုသည် တခုနှင့် တခု အပြန်အလှန် အမှီသဟဲ ပြုနေသည်။ သို့သော် ဥပဒေ ကို ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ခြင်းကို ပြောင်းလဲခြင်း မပြုနိုင်ပါ။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ကော်မရှင်မှ ပြင်ဆင် ဆောင်ရွက်နေသည်အား တွေ့ရှိရသည်။ ထိုနည်းတူ အရပ်ဖက် အဖွဲ့အစည်းများမှ လေ့လာပြင်ဆင်၍ သက်ဆိုင်ရာ လွှတ်တော် ကော်မတီများနှင့် အစိုးရ တာဝန်ရှိသူများအား အကြံပြု တင်ပြနေသည်များလည်း ရှိနေပါသည်။
ထိုဆောင်ရွက်ချက် ၂ ခုတွင် အရပ်ဖက် အဖွဲ့အစည်းများမှ ကော်မရှင်ဥပဒေအား ပါရီအခြေခံမူနှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်များ၏ စံချိန်စံနှုန်းများဖြင့် ချဉ်းကပ်မှုပြုလုပ်ပြီး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကမူ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွင် (က) အဆင့် ရရှိရေးအပေါ် ဦးတည်သည့် ချဉ်းကပ်မှု အဖြစ် ကွာဟချက်အား တွေ့ရှိရပါသည်။
ထို့အပြင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း ပြည်ထဲရေး ဝန်ကြီးဌာန ပါဝင်နေခြင်း နှင့် မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ် စသည့် လွတ်လပ်သည့် အဖွဲ့အစည်းများ ဟု ပြောဆိုရန် ခက်ခဲသည့် အဖွဲ့များ ပါရှိနေခြင်းသည် အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ရွေးချယ် ရာတွင် အများပြည်သူ၏ ယုံကြည်မူကို ထိခိုက်စေသည်။
အရပ်ဖက် အဖွဲ့အစည်းဟု ဆိုရာတွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂ ဦးဟု ပြဌာန်းထားရာ လွတ်လပ်သော၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ အတွက် ဆောင်ရွက်နေသော အရပ်ဖက် အဖွဲ့အစည်းများ၏ ပါဝင်မှုအား ကန့်သတ်ထားသည့်အတွက် ဥပဒေ တွင်လည်း ပြင်ဆင်စရာ အချက်များစွာ ရှိနေပါသည်။
ယခုဆောင်းပါးတွင် အချက်အချို့ကိုသာ ထောက်ပြထားခြင်းဖြစ်သည်။
ထို့အပြင် လူ့အခွင့်အရေးကော်မရှင် စတင်ဖွဲ့စည်းစဉ် ကတည်းကလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင်များ အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ အထူးသဖြင့် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် များတွင် သံတမန်ဟောင်း ပါဝင်နေပြီး၊ ထိုသူသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဟု ငြင်းဆန်ခဲ့သူဖြစ်ကာ တချို့မှာ နောက်ခံအရ တပ်မတော်မှ အငြိမ်းစားဖြစ်နေခြင်းနှင့် ကော်မရှင် အရာရှိကြီး ၁ ဦးသည် အငြိမ်းစား ရဲအရာရှိ ဖြစ်နေခြင်း အစရှိသည် တို့ကလည်း လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် များသည် ဘက်လိုက်မှု ကင်းသည် ဆိုသည်ကို စိန်ခေါ်မှု ဖြစ်စေပါသည်။
ထို့နောက် လူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ဆန်းစစ်ကြည့်ရာတွင်လည်း လူ့အခွင့်အရေး ကော်မရှင်သည် အကျဉ်းထောင်၊ ရဲဘက်စခန်းများ ကို စစ်ဆေးနိုင်သည် ဟု ဆိုထားသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တင်ကြိုခွင့်ပြုချက် ရယူပြီးမှ စစ်ဆေးနိုင်သည်။ ထိုအချက်သည်လည်း အချက်အလက် အမှန် ရရှိနိုင်မူကို အားနည်းသွားစေသည်။
ထို့အပြင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ နှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးမယူဟု ဥပဒေ မှ ပြဌာန်း ထားသော်လည်း လက်တွေ့တွင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်သူများ အရေးယူခံရခြင်းများ ရှိနေ သည်။
လူ့အခွင့်အရေးကော်မရှင် သည် အောက်ပါကိစ္စရပ်များကို စစ်ဆေးခွင့် မရှိဟု ဥပဒေ က ပြဌာန်းထားသည်။
ယင်းအချက်များမှာ (က) နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို ထိခိုက်စေနိုင်သည့် စာရွက်စာတမ်း သို့မဟုတ် အထောက်အထားများ၊ (ခ)အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက လုံခြုံမှု အဆင့်အတန်း သတ်မှတ်ထားသော စာရွက်စာတမ်းများ တို့ ဖြစ်သည်။
ထိုပြဌာန်းချက်သည် ကော်မရှင်၏ လုပ်ပိုင်ခွင့် ကို အားလျော့ အားနည်း သွားစေပြီး ယုံကြည်မှု လျော့ကျ သွားစေသည်။
အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဝန်ကြီး နှင့် ဒုဝန်ကြီး အဆင့် အဆောင်အ ယောင်များ ပေးအပ်ထားသော်လည်း အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းလှသည်။
လူ့အခွင့်အရေးဆိုသည်မှာ ကျယ်ပြန့်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ သည်။ အထူးသဖြင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း နိုင်ငံတကာ နှင့် ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ထောက်ပြမှုများ ရှိနေသည်။
ထိုသို့ ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အထက် ဖော်ပြပါ ပြဌာန်းချက်အရ လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ရန် ခက်ခဲသွားသည်။ ထို့အပြင် ကော်မရှင်နာများ၏ နောက်ခံ အရလည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုသည်ကို အဓိပ္ပာယ်ဖွင့် ဆိုရာတွင် မည်သို့ဖွင့်ဆိုသနည်း ဆိုသည်မှာ မေးခွန်းဖြစ်သည်။
ဥပမာ အားဖြင့် ရခိုင်ပြည်နယ် ကျောက်တန်းကျေးရွာတွင် ဖြစ်ပျက်ခဲ့သော ရွာသားများ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း နှင့် နှိပ်စက်ညှင်းပန်း ခံရမှုကို ကော်မရှင်က ကြေငြာချက် ထုတ်ပြန်ရာတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့်အတိုင်း နီးပါး ဖြစ်နေသဖြင့် အရပ်ဖက် အဖွဲ့အစည်းများမှ ဝိုင်းဝန်း ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အစိုးရမှ စစ်မှန်သော ပြောင်းလဲမှုကို ပြုလုပ်လိုလျှင် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားမှုကို ပြသလိုလျှင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သလို လူရွေးချယ်မှုမှာလည်း ပွင့်လင်းမြင်သာမှု ရှိရှိနှင့် လူ့အခွင့်အရေး အမြင် ရှိသော လူတန်းစားပေါင်းစုံ ပါဝင်သည့် စုဖွဲ့မှု ဖြစ်ရမည်။
သို့မှသာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး ကို ကာကွယ် မြှင့်တင်ပေးသည့် အဖွဲ့ဖြစ်နိုင်ပြီး လူအများ၏ ယုံကြည်မှုကို ရရှိပေမည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)
ဆက်စပ်ဖတ်ရှုရန်
သမ္မတ ဦးဝင်းမြင့် မိန့်ခွန်းထဲက လူ့အခွင့်အရေး
ပြည်ထဲရေးရဲ့ တုန့်ပြန်တဲ့အခြေအနေကို ကြည့်ရမှာပေါ့
ပိုးလောင်းရဲစခန်းရဲ့ နှိပ်စက်မှုမှ အပြန်
လူ့အခွင့်အရေး မြှင့်တင်ရေး ဘဝနှစ်ထားသူ တယောက်၏ ဇာတ်လမ်း