သူငယ်ချင်း သတင်းထောက် တယောက်က လက်ဖက်ရည်ဆိုင် ထိုင်ဖို့ ခုံပုကလေး ထိုးပေးရင်း“ထိုင်ပါဦး စကားပြောရ အောင် ခင်ဗျားကို အခုတလော ကြည့်ရတာ တမျိုးဖြစ်နေ သလား လို့” ဆိုပြီး သူက အမြင်မကြည်ဘူး ဆိုတဲ့ လေသံနဲ့ ပြောလာတော့ သတင်းသမား အချင်းချင်း ကြောက်ကြောက်နဲ့ ဝင်ထိုင်လိုက်ရတယ်။
“တနေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ကျင်းပတဲ့ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း နဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကလေး တခုကို ရောက်ခဲ့တယ်။ အဲဒီက အပြန် ခါးနာပြီး လမ်းလျှောက်တဲ့အခါ အခုလို ကုန်း ကွကွ ဖြစ်နေ တာပါ။ မော်ဒယ်တွေ အတွက် လမ်းလျှောက်နည်း အသစ်ကို ဦးဆောင် တီထွင်ပြနေတာ မဟုတ်ရပါဘူး၊ နားလည် ပေးပါ”လို့ ကျနော်က သူ့ကို ပြောပြလိုက်တယ်။
ရန်ကုန်တိုင်းလွတ်တော်၊ မှုခင်းစီမံခန့်ခွဲမှု၊ အလုပ်ရုံဆွေးနွေးပွဲ စတဲ့ ပြုပြင်ပြောင်းလဲရေးကာလ စကားလုံးကြီးကြီးတွေ သုံးပြီး တောင်းပန်သလိုလို၊ ကြွားသလိုလို လေသံနဲ့ ပြောလိုက်တော့ သူတော်တော် စိတ်ဝင်စားသွားပုံ ရပါတယ်။ မီဒီယာသမား အချင်းချင်း၊ မြွေဖမ်းသူ အချင်းချင်းမို့ ခြေမြင်ပြီးသား။
“ဘာသတင်းတွေ ထူးလို့လဲ”လို့ မေးရင်း သူ့မျက်လုံးတွေ ပြူးထွက်လာတယ်။ ပါးစပ်ကြီးလည်း ပြဲဟလာတယ်။ သူ ကျနော့်ဆေး မိသွားပြီ။
“ထူးတာတော့ မပြောနဲ့တော့ ပြုပြင်ပြောင်းလဲရေး ကာလမှာ တရားရေးမဏ္ဍိုင်ကြီး တခုလုံး အကြီးအကျယ် ပြောင်းလဲ နေပြီ ဆိုတာ အဲဒီ အလုပ်ရုံဆွေးနွေးပွဲ ရောက်မှ သိလိုက်ရတယ်”လို့လည်း သူ့ကို ပြောလိုက်တယ်။
သူ့မျက်နှာပေါ်မှာ ငါတော့ သတင်းတွေ နှိုက်လို့ရပြီ၊ အယ်ဒီတာ စိတ်ဝင်စားမယ့် သတင်းဆောင်းပါး တပုဒ်တော့ ရပြီ၊ တဆင့် ကြားစကားတွေကို ကိုယ်တိုင် မြင်တွေ့ ကြားစကားတွေ ပုံစံပြောင်းပြီး ဆောင်းပါး ရေးလိုက်ရရင်တော့ ဒီနေ့ နေ့တွက် စီပြီ ဆိုတဲ့ အတွေးတွေကို သူ့မျက်လုံးကတဆင့် မထိန်းနိုင် မသိမ်းနိုင် ထွက်ကျလာတာကို မြင်လိုက်ရတယ်။
“ဆိုစမ်းပါဦး သူငယ်ချင်း”
သူ့အသံက ချက်ချင်း လေးစားတဲ့ ဘက်ကို ပြောင်းသွားတယ်ဆိုတာ သိလိုက်တယ်။ စကား ဆက်မပြောသေးဘဲ နေလိုက်တယ်။
သူ အထာ ပေါက်တယ်။
ချက်ချင်းပဲ“လက်ဖက်ရည်တခွက် ကျကျလေး”လို့ မှာလိုက်တယ်။ ကျနော် သောက်နေကြ လက်ဖက်ရည်ကို သူသိ တယ်။
“ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် တက်တဲ့ ပွဲဆိုတော့ ပြောရမှာတော့ နည်းနည်းရှည်တယ်။ သတင်း နောက်ခံတွေပါ သိထားဖို့လိုတယ်လေ”လို့ သူ့ကို ထပ်ပြောလိုက်တယ်။
သူအလိုက်သိတယ်။
“ညီလေးရေ ပေါက်စီ ချပေးပါ” တဲ့။
စားပွဲထိုးကို လှမ်းမှာလိုက်တယ်။
“ဒီမှုခင်း စီမံခန့်ခွဲမှု အစီအစဉ် ဆိုတာက အမှုနဲ့ သက်ဆိုင်သူတွေ အားလုံးပူးပေါင်းပြီး ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် စစ်ဆေးနိုင်ဖို့ လုပ်ရတဲ့ အစီအစဉ် တခုပဲတဲ့”လို့ ဆိုလိုက်ပြီး သူ့မျက်လုံးကို ကြည်လိုက်တော့ သိပ် စိတ် ဝင်စားပုံ မပေါ်။
“ဒီလိုကွ အမှုတွေကို အတတနိုင်ဆုံး အမြန်ဆုံး စစ်ဆေး ဆုံးဖြတ်နိုင်ဖို့ အမှုအမျိုးစားတွေ သတ်မှတ်၊ စစ်ဆေး ကြား နာချိန် သတ်မှတ် လိုက်တဲ့အခါ အမှုတွေ မလိုအပ်ဘဲ မကြာတော့ဘူး၊ မြန်မြန်ပြီးမယ်၊ ရုံးချိန်းတွေ လျှော့လာတော့ အမှု သည်တွေ သက်သာမယ်”လို့လည်း ကျနော်က ဆက်ပြောလိုက်တယ်။
သူက“အဲဒါ ဆို သတင်းထောက်တွေ အတွက် တရားရုံး သတင်းတွေ နည်းသွားမှာပေါ့။ အမှုသည်တွေ တရားရုံး ခဏ ခဏ ထုတ်မှ သတင်းထောက်တွေက နောက်ဆက်တွဲ သတင်းလေး ရေးရပြီး အယ်ဒီတာ ကို မျက်နှာ လုပ်ရမှာ။ အခုလိုဆို သွားပြီ။ တရားရုံးသွားမယ်၊ တရားသူကြီးမလာဘူး၊ ရှေ့နေမလာဘူး ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ဟိုဝေ့ဒီဝေ့ လုပ်လို့ မရတော့ဘူးပေါ့”လို့ တုံ့ပြန်လာပါတယ်။
သူ့ရဲ့စိတ်ဝင်စားမှုကို ဖမ်းလို့မမိ။ ရှေ့မှာကလည်း ပေါက်စီ တပွဲနဲ့ လက်ဖက်ရည်တခွက် ရဲ့ မျက်နှာကလည်း ရှိသေး။ နောက်တကြိမ် ထပ်ကြိုးစားကြည့်ဦးမှ။
“စီမံခန့်ခွဲမှုကလည်း တော်တော် အသေးစိပ်တယ်။ ဥပမာ အလျင်အမြန် ဆောင်ရွက်ရမယ့် အမှုဆိုရင် ၃ လ အတွင်း၊ ရိုးရှင်းတဲ့ အမှုဆိုရင် ၆ လ အတွင်း၊ ရှုပ်ထွေးတဲ့ အမှုဆိုရင် ၉ လ အတွင်း၊ ရိုးရှင်းတဲ့ တရားမမှုဆိုရင် ၁ နှစ်အတွင်း၊ ရှုပ်ထွေးတဲ့ တရားမမှုဆိုရင် ၁ နှစ်ခွဲ အတွင်း ပြီးပြတ်အောင် စစ်ပေးမယ်တဲ့”လို့ အချက်အလက်တွေ ထပ်ပြောပေး လိုက်တယ်။
သူ အိပ်ပျော်လု နီးပါး ဖြစ်သွားပါပြီ။
အေးစက်စက် လက်ဖက်ရည်နဲ့ အေးစက်စက် ပေါက်စီကို စားရင်း ကျနော့် အတွေးတွေလည်း အေးစက်စက် ဖြစ်လာ ပါတယ်။
“ပြန်မယ်ကွာ ခါးနာနေလို့”ဆိုပြီး ကျနော် အေးစက်စက် နှုတ်ဆက်လိုက်ပါတယ်။
သူက“နေပါဦး အဲဒီ အလုပ်ရုံဆွေးနွေးပွဲ သွားတာနဲ့ ခါးနာတာ ဘာဆိုင်လို့လဲ”လို့ မေးလာပါတယ်။
“ဒါက ဒီလို၊ အဲဒီ အလုပ်ရုံဆွေးနွေးပွဲအစ အခမ်းအနားမှူးက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်သိန်း ကြွလာပါပြီလို့ ကြေညာတော့ တိုက်ပုံ အမည်းဝတ် တရားရေး ဝန်ထမ်းတွေ အားလုံးမတ်တတ် ထ ရပ်ကြတယ်။ ကိုယ်ကလည်း မီဒီယာ သမားဆိုတော့ တရားသူကြီးရှေ့မှာ တနေ့နေ့ တရားခံ အဖြစ်နဲ့ ရောက်သွားနိုင်တာမို့ တရာသူကြီးတွေကို အမြော်အမြင် ရှိရှိ ဖားတဲ့အနေနဲ့ သူတို့ လုပ်သလို မတ်တတ် ရပ်ပြရတာပေါ့။ တရားသူကြီးတွေ လုပ်သလို ကျနော်မျိုး မီဒီယာ သမား လေးလည်း ဝန်ကြီးချုပ်ကို လေးစားဂါရ၀ ပြုပါကြောင်း သိသာအောင် ခြေဖျားကလေး ထောက်ထောက် ပြီး မတ်တတ် ရပ် ပြရတာပေါ့။ ဒါပေမယ့် ရှေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တတ်မရပ်ကြဘူး မောင်ရေ၊ အဲဒီတော့ ငါကလည်း သတင်းထောက်ဆိုတာ ပြည်သူတွေရဲ့ကိုယ်စား သတင်းလာယူတာ ဝန်ကြီးချုပ်ကို မတ်တတ်ရပ် ဂါရပြုစရာ မလို ဘူးဆိုတဲ့ အတွေးတွေ ဝင်လာတယ်။ အဲဒီတော့ ပြန်ထိုင်ဖို့ ပြင်လိုက်တယ်၊ ဒါပေမယ့် တရားရေး ဝန်ထမ်းတွေ တောင် မတ်တတ်ရပ်နေမှတော့ ကိုယ်လည်း မတ်တတ် ပြန်ရပ်ရမလိုဖြစ်ပြန်ရော၊ အဲဒါနဲ့ မတ်တတ်ရပ်သလိုလို ထိုင် သလိုလိုနဲ့ ကုန်းကုန်းကွကွကြီး ဖြစ်ပြီး ဝန်ကြီးချုပ်ကို ကုန်းကွကွ ဂါရ၀ ပြုလိုက်တာ အခုထိ ခါးတွေ နာနေတုန်းပါ သူငယ်ချင်းရာ”လို့ ဝန်ခံလိုက်ပြီး ထိုင်ရာက ထလိုက်ပါတယ်။
အဲဒီတော့မှ ကိုယ်တော်ချောက“ပြန်ပြောပါဦး သူငယ်ချင်း ဝန်ကြီးချုပ်ကို ပြည်သူ့ ကိုယ်စားလှယ်တွေက ဂါရ၀ မပြု ကြဘူး ဟုတ်လား၊ အဲဒါ သတင်းပဲ၊ အဲဒါသတင်းပဲ၊ ပြန်ပြောစမ်းပါဦး၊ ဘယ်ပွဲမှာ တွေ့ခဲ့တာလဲ၊ အသံလေးလည်း ဖမ်းထားပါရစေ၊ ညနေကျရင် စာမှုခ ထုတ်ပြီး ဘီယာတိုက်ပါ့မယ်”လို့ အလောသုံးဆယ် ပြောလာပါတယ်။
သေချင်းဆိုး။ အခုမှ အရေးတယူ လာမလုပ်နဲ့ မပြောတော့ဘူး။ စာဖတ် ပရိသတ်တွေလည်း လမ်းမှာ ကျနော့်ကို ကုန်း ကွကွနဲ့ တွေ့ရင် ဘာဖြစ်လို့ ကုန်းကွကွ ဖြစ်သွားတာလဲ လာမမေးနဲ့။ မပြောဘူး။ ဒါပဲ။ ။
စာရေးသူ သားကြီးမောင်ဇေယျသည် ရန်ကုန် အခြေစိုက် သတင်းစာ ဆရာ တဦး ဖြစ်ပါသည်။
You may also like these stories:
သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး