တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသည့် ဟောင်ကောင်အခြေစိုက် သုတေသီ တဦးအနေဖြင့် စာရေးသူသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ရောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်း အစီအစဉ်ကြောင့် ထိခိုက်ရသည့် လူမှု အသိုင်းအဝန်းများသို့ စာရေးသူ ကွင်းဆင်းစဉ်အတွင်း အံ့သြခဲ့ရသည့် အဖြစ်အပျက်များ ရှိသည်။ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံ အများအပြားသည် ဟောင်ကောင်အကြောင်း သိနေကြခြင်းဖြစ်သည်။
အများအပြားက ဟောင်ကောင် အက်ရှင်ဇာတ်ကားများ အကြောင်း ပြောကြသော်လည်း ၂၀၁၄ ခုနှစ်က ထီး လှုပ်ရှားမှုအကြောင်း၊ ၂၀၁၅ ခုနှစ်က စာအုပ်ရောင်းသူများကို တရုတ်သို့ ပြန်ပေးဆွဲသည့် အကြောင်းနှင့် ၂၀၁၆ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း မပြည့်မီမှုများအကြောင်း ပြောသူများလည်း အမျာအပြားရှိသည်။
မကြာသေးမီ လများက ဖြစ်ပွားသည့် ရာဇဝတ်သား လဲလှယ်မှု ဥပဒေဆိုင်ရာ အငြင်းပွားမှု သည်လည်း မြန်မာနိုင်ငံ၏ အာရုံစိုက်ခံရသော ကိစ္စဖြစ်သည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဟောင်ကောင် အစိုးရသည် ထိုင်ဝမ်မှ လူသတ်မှု တခုနှင့် ပတ်သက်၍ ဝရမ်းပြေး ရာဇဝတ်သား ဆိုင်ရာ ဥပဒေ (ရာဇဝတ်သား လဲလှယ်ရေး ဥပဒေ) ကို ပြင်ဆင်ရန် အဆိုပြုသည်။
ထို လူသတ်မှုတွင် သံသယ ဖြစ်ခံရသည့် ဟောင်ကောင်သားက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် သူ့ချစ်သူကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသည်။ သူသည် ထိုသို့သတ်ဖြတ်ပြီးနောက် ဟောင်ကောင်သို့ ထွက်ပြေး လာခဲ့သည်။
လက်ရှိအချိန်အထိ ဟောင်ကောင်နှင့် ထိုင်ဝမ်အကြား ရာဇဝတ်သား လဲလှယ်ရေး သဘောတူညီချက် မရှိပေ။ ထိုအကြောင်းကြောင့် ဟောင်ကောင်အစိုးရသည် ထိုသံသယဖြစ်ခံရသူအား အမှု ရင်ဆိုင်ရန်အတွက် ထိုင်ဝမ်သို့ ပို့ပေးနိုင်ခြင်းမရှိပေ။
တရားမျှတမှု ဖွေရှာရေးအတွက် ဥပဒေ ဟာကွက်ကို ပိတ်ပစ်ရန် ဟောင်ကောင်အစိုးရသည် ရာဇဝတ်သား လဲလှယ်ရေး ဥပဒေကို ပြင်ဆင်ရန် အဆိုပြုသည်။ ထိုအဆို ပြုပြင်ဆင်ချက်အရ ဟောင်ကောင် အစိုးရသည် သံသယရှိသူများကို ထိုင်ဝမ် အပါအဝင် ထိုင်ဝမ်ကို အချုပ်အခြာ အာဏာကပိုင်သည်ဟု ဆိုသော တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးစေနိုင်မည် ဖြစ်သည်။
သို့သော် ဟောင်ကောင်သားများကမူ ဟောင်ကောင်တွင် တရုတ်ဥပဒေ သက်ရောက်မှု ခံရမည်ကို စိုးရိမ်ကြသည်။
ဗြိတိန် ကိုလိုနီဟောင်းဖြစ်သော ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်လာသည်။ အချုပ်အခြာအာဏာ လွှဲပြောင်းရေး သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် တရုတ် နိုင်ငံသည် ဟောင်ကောင်တွင် တနိုင်ငံစနစ်နှစ်မျိုး မူဝါဒကို အကောင်အထည် ဖော်သည်။
ထိုမူဝါဒအရ ဟောင်ကောင်သည် ၎င်း၏ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များကို နှစ် ၅၀ ကြာသည့် ၂၀၄၇ ခုနှစ်အထိ ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ဟောင်ကောင်ကို တရုတ်နိုင်ငံနှင့် ကွဲပြားစေသည်မှာ ၎င်း၏ စီးပွားရေးမဟုတ်ဘဲ၊ နိုင်ငံရေးသာ ဖြစ်ကြောင်းမှာ ထင်ရှား လှသည်။ ဟောင်ကောင်သည် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ သဘော တူညီချက် အဖွဲ့ဝင် ဖြစ်ပြီး မိမိတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်း အပင်း ဖွဲ့စည်းခွင့်များကို အခွင့်အရေးများဥပဒေ (Bill of Rights Ordinance) ဖြင့် အကာအကွယ် ပေးထားသည်။
ဟောင်ကောင်သည် လူထုက တရုတ်နိုင်ငံတွင် တပါတီ အာဏာရှင်စနစ် အဆုံးသတ်ရန် တောင်းဆိုခွင့်ရှိသည့် တခု တည်းသော တရုတ်ပိုင်နက် ဖြစ်သည်။ တရုတ်နိုင်ငံမှ ပြောင်ကျသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဟောင်ကောင် သားတို့ မသိကြသည် မဟုတ်သကဲ့သို့ တရားသူကြီးများက ကွန်မြူနစ်ပါတီကို လိုက်နာရသည့် တရုတ် တရားစီရင်ရေး စနစ်ကိုလည် သံသယရှိကြသည်။
မိမိတို့သည် မိမိတို့ မကျူးလွန်သော ပြစ်မှုအတွက် တရုတ်နိုင်ငံသို့ ရာဇဝတ်သားအဖြစ် ပို့ဆောင်ခံရမည်ကို ဟောင်ကောင် သားတို့ စိုးရိမ်ကြသည်။ ဟောင်ကောင်မှ စာအုပ်ရောင်းသူ လမ်ဝင်းခေး၏ ခက်ခဲ ကြမ်းတမ်းသော အတွေ့အကြုံသည် တရုတ်နိုင်ငံ၏ တရားမျှတမှု မရှိသော တရားစီရင်ရေးစနစ်၏ ဥပမာ ဖြစ်သည်။
လမ်၏ စာအုပ်ဆိုင်သည် တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော တရုတ် နိုင်ငံရေး စာအုပ်များ ရောင်းချသည်။
ဟောင်ကောင်မှ တရုတ်နိုင်ငံသို့ စာအုပ်များ ပို့ဆောင်ခြင်းအတွက် တရားမဝင် စာအုပ်လုပ်ငန်း လုပ်ကိုင်သည်ဟူသော စွပ်စွဲချက်ဖြင့် သူ့ကို ဖမ်းဆီးထားသည်မှာ ၈ လခန့် ရှိပြီဖြစ်သည်။
တချိန်တည်းတွင် သူနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်သူ၊ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ကွိုင်မင်ဟိုင်ကို မူးယစ်ပြီး ယာဉ် မောင်းသည့်အတွက် လူသေမှု စွပ်စွဲချက် အတွက် တရုတ်နိုင်ငံတွင် ဖမ်းဆီးထားသည်။ ထိုအမှုသည် လုပ်ဇာတ်သာ ဖြစ်ကြောင်း သူ၏ သမီးက ပြောသည်။
၂၀၁၉ ခုနှစ် မတ်လမှ စတင်ပြီး ဟောင်ကောင်သားတို့သည် အထက်ပါဥပဒေကို ဆန့်ကျင်ရန် လမ်းမများပေါ်သို့ ထွက်လာ ကြသည်။ ရှေ့နေများ အသင်းနှင့် ဥပဒေအသင်းအပါအဝင် အတတ်ပညာရှင် အဖွဲ့အစည်းများစွာ၊ ဟောင်ကောင် ကုန်သည် ကြီးများ အသင်းနှင့် ဟောင်ကောင်ရှိ အမေရိကန် ကုန်သည်ကြီးများ စသည်တို့ကဲ့သို့သော ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သည်အသင်းများ၊ အဓိက ဘာသာရေး ခေါင်းဆောင်များ တို့က ထိုဥပဒေနှင့် ပတ်သက်ပြီး အလေးအနက် စိုးရိမ် ကြောင်း ထုတ်ဖော် ပြောဆိုကြသည်။
ပြည်သူများအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်မှာ ဟောင်ကောင် အစိုးရသည် ဆုံးဖြတ်ချက်ကို မပြင်ဘဲ၊ ဇွန်လ ၉ ရက် က လူတသန်း ငြိမ်းချမ်းစွာ ချီတက်သည့် အချိန်အထိ ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင် ထားသည်။ နိုင်ငံသားများ သည် ထိုဥပဒေနှင့် ပတ်သက်ပြီး နားလည်မှု လွဲမှားနေသည်ဟု ဆက်လက် ပြောဆိုနေသေးသည်။
ဆန္ဒပြသူ ထောင်ပေါင်းများစွာမှာ ရွေးစရာလမ်းမရှိတော့ဘဲ၊ ဇွန်လ ၁၂ ရက်နေ့တွင် ထိုဥပဒေကို အတည်ပြုမည့် လွှတ်တော်ကို ဝိုင်းထားကာ ရပ်တန့်အောင် လုပ်ရသည်။ ရဲက အလွန်အမင်း အကြမ်းဖက်ပြီး ဆန္ဒပြသူများကို ဖြိုခွဲသည်။ မျက်ရည်ယိုဗုံး ၁၅၀ ခန့်ကို လူအုပ်အတွင်း ပစ်ထည့်သည်။ ဆန္ဒပြသူများ၏ ဦးခေါင်းများသို့ ရာဘာကျည်ဆံများဖြင့် ချိန်ရွယ်ပစ်ခတ်သည်။
ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို ပိတ်ဖမ်းပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်ကြသည်။ အစိုးရက ထိုဆန္ဒပြပွဲကို အဓိကရုဏ်းဟု ပုံဖော်ပြီး ဆန္ဒပြသူတချို့ကို အဓိကရုဏ်းဆူပူမှုဖြင့် စွဲချက်တင်သည်။ ၎င်းတို့သည် အစီရင် ခံရပါက ထောင် ၁၀ နှစ်အထိ အချခံရနိုင်သည်။ တဖက်တွင်မူ မည်သည့်ရဲအရာရှိကိုမျှ အာဏာ အလွဲသုံးခြင်း အတွက် တာဝန်ရှိသည်ဟု ပြောဆို အရေးယူခြင်းမရှိပေ။
အချို့သော ဆန္ဒပြသူများသည် အကြမ်းဖက်ကြသည်ကို ဝန်ခံရမည်ဖြစ်သည်။ မျက်ရည်ယိုဗုံးများ၊ ရော်ဘာ ကျည်ဆံများ၊ ငရုတ်ရည်များနှင့် ရဲတပ်ဖွဲ့၏ နံပါတ်တုတ်များကို ရင်ဆိုင်ရန် လူငယ် မျိုးဆက်သစ်တို့ကို မည်သူ တွန်းအားပေးနေ သနည်း။
ထိုလှုပ်ရှားမှုတွင် ၎င်းတို့၏ လွတ်လပ်မှုနှင့် အနာဂတ်ကို သူတို့မည်သည့်အတွက် စတေးကြသနည်း။ ဇွန်လ ၉ ရက်နေ့က လူတသန်း ဆန္ဒပြပွဲနှင့် ဇွန်လ ၁၂ ရက်နေ့က ပဋိပက္ခဖြစ်ပွားပြီးနောက် ထိုဥပဒေကို ဆိုင်းငံ့ ထားမည်ဟု အစိုးရက ကြေညာသည်။
သို့သော် ဟောင်ကောင်သားတို့က ထိုဥပဒေ ရုပ်သိမ်းသည်အထိ တောင်းဆိုသည်။ ထိုကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် လူ ၂ သန်း ဆန္ဒပြသည်။ အင်တာနက် အသုံးပြုသူများက ရန်ပုံငွေရှာပြီး နယူးယောက်တိုင်းမ်နှင့် ဂါးဒီးယန်း အပါအဝင် နိုင်ငံတကာ သတင်းစာ တဒါဇင်ခန့်တွင် ကြော်ငြာများ ထည့်သွင်းသည်။
သက်ကြီးရွယ်အို များလည်း အစာငတ်ခံ ဆန္ဒပြပွဲများတွင် ပါဝင်ကြသည်။ ပြည်သူ့ဝန်ထမ်း များနှင့် ဌာန အများအပြားက အိပ်ဖွင့်ပေးစာများ ထုတ်ပြန်ကြသည်။ ပိုမို ဆိုးရွားသည်မှာ ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို အစိုးရက ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုပြီး လူငယ်ခြောက်ဦးက ၎င်းတို့ကိုယ်၎င်းတို့ သတ်သေကြသည်။
ထိုအချက်များ အားလုံးကို အစိုးရက အရေးမပါသလို သဘောထားသည်။ ဟောင်ကောင်ကို တရုတ်သို့ လွှဲပြောင်းပေး သည့် ၂၂ နှစ်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁ ရက်နေ့ညတွင် ဆန္ဒပြသူများသည် ဥပဒေပြု ကောင်စီရုံးအတွင်း ချိုးဖျက် ဝင်ရောက်ကာ “ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေဟာ အသုံးမဝင်ဘူး ဆိုတာကို မင်းတို့က ငါတို့ကို သင်ကြားပေးခဲ့တယ်” ဟု ထိုအဆောက်အအုံ တံတိုင်းတွင် ရေးသားထားခဲ့သည်။
ထိုလူမှု လှုပ်ရှားမှုတွင် စိတ်လှုပ်ရှားနေသော လူငယ်များကို အကြမ်းဖက်သောလမ်း လိုက်အောင် တွန်းပေးနေသည်မှာ ဟောင်ကောင် အစိုးရပင်ဖြစ်သည်။
အစိုးရသည် အတိုက်အခံများနှင့် ဆွေးနွေးရန် ငြင်းဆန်သောကြောင့် တင်းမာမှု ပိုမိုမြင့်မားလာပြီး ဆန္ဒပြသူများ အကြမ်းဖက်မှုလည်း ပိုမို ပြင်းထန်လာသည်။ ဇွန်လ ၉ ရက်နေ့မှ သြဂုတ်လ ၅ ရက်အတွင်း ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံး ၁၈၀၀၊ ရော်ဘာကျည် ၃၀၀ နှင့် ရေမြှုပ်ဗုံး ၁၇၀ ဖြင့် ဆန္ဒပြသူများအား ပစ်ခတ်ခဲ့သည်။
အနည်းဆုံး လူ ၇၀၀ ကို ထို ရာဇဝတ်သား လဲလှယ်ရေးဥပဒေ ပြဿနာတွင် ဖမ်းဆီးထားပြီး ဖြစ်သည်။ ဆန္ဒပြသူ ၄၄ ဦးကို အဓိကရုဏ်း ဆူပူမှုဖြင့် တရားစွဲသည်။ ထိုသို့ အစီရင်ခံရသူ အများအပြားမှာ ဆယ်ကျော်သက် များနှင့် အသက် ၂၀ အတွင်းရှိ လူငယ်များသာ ဖြစ်သည်။
ဟောင်ကောင် နိုင်ငံရေး အကျပ်အတည်းသည် မိမိတို့နိုင်ငံရေးစနစ်၏ ကျဆုံးမှုတွင် မြစ်ဖျားခံသည်။
မြန်မာနိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတပုံကို စစ်တပ်က ခန့်အပ်သည်။ ဟောင်ကောင်တွင် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၀ အနက် ၃၀ သို့မဟုတ် ၄၃ ရာခိုင်နှုန်းကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်ခြင်း မဟုတ်ပေ။
မိမိတို့၏ အမှုဆောင် အရာရှိချုပ်ကို အဖွဲ့ဝင် ၁၂၀၀ ပါဝင်သော ရွေးကောက်ပွဲ ကော်မတီက ရွေးချယ်သည်။ ထိုကြောင့်ပင် နိုင်ငံသားများ၏ တောင်းဆိုမှုများကို အမှုဆောင်အရာရှိချုပ်က ပယ်ချခြင်းဖြစ်သည်။
ရာဇဝတ်သား လဲလှယ်မှု ဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် မိမိတို့သည် မိမိတို့ နိုင်ငံရေးစနစ်မှ ပြဿနာ များကို ပြင်ဆင်ရန် အကြွင်းမဲ့ ဆန္ဒမဲပေးခွင့်ကို တောင်းဆိုသည်။
တစိတ်တပိုင်း ပိတ်ဆို့ထားသော နိုင်ငံရေးစနစ်တွင် အစိုးရသည် လျှော့ပေးမှု လုပ်နိုင်သည်၊ သို့မဟုတ် အတိုက်အခံ နိုင်ငံရေးတွင် ပါဝင်သူများကို အင်အား လျော့သွားစေရန် ဖိနှိပ်မှုများ ပြုလုပ်နိုင်သည်။ ကံအဆိုးဆုံးမှာ ဟောင်ကောင် အစိုးရသည် ဖိနှိပ်သော သေနင်္ဂဗျူဟာကို ကျင့်သုံးလိုက်ခြင်း ဖြစ်သည်။
ဆန္ဒပြသူများကို လမ်းမပေါ် မထွက်အောင် လုပ်ဆောင်ရမည့်အစား နိုင်ငံရေးဖိနှိပ်မှုများသည် အကြမ်း နည်းလမ်းကို လူအများ လက်ခံလာအောင် လုပ်နေသည်။
နိုင်ငံရေးသိပ္ပံ ပညာရှင်များနှင့် လူမှုသိပ္ပံ ပညာရှင်များသည် အနှောင့်အယှက် ဖြစ်စေသော ဆန္ဒပြပွဲများ၏ ကြိုတင် ခန့်မှန်းနိုင်သော ရလဒ်များကို ကောက်ချက် မချခဲ့ကြောင်း ပါမောက္ခ မာကို ဂျုနီ ၏ လေ့လာမှု တခုက ဆိုသည်။ သေနင်္ဂဗျူဟာ တခုသည် နိုင်ငံရေးအခြေအနေ တခုမှ လူထုအမြင်နှင့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် မည်သို့ အပြန်အလှန် တုံ့ပြန် ဆောင်ရွက်သည်ကို လေ့လာရန်အရေးကြီးသည်။
ဟောင်ကောင် အခြေအနေအရ ကြည့်လျှင် လူထု၏ ထင်မြင်ယူဆချက်မှာ လွန်စွာ ရှင်းလင်းလှသည်။ ပြည်သူ့ ထင်မြင်ချက် သုတေသနသိပ္ပံက ဇူလိုင်လနှောင်းပိုင်းတွင် ကောက်ယူသော လူထုသဘောထား စစ်တမ်းအရ ဖြေကြားသူများ၏ ၈၀ ရာခိုင်နှုန်း နီးပါးက ရာဇဝတ်သား လဲလှယ်မှု ဥပဒေ အငြင်းပွားမှုနှင့် ပတ်သက်သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို တောင်းဆိုကြသည်။
ဖြေကြားသူများ၏ ၇၀ ရာခိုင်နှုန်းကျော်က ထိုဥပဒေကြမ်းကို လုံးဝရုပ်သိမ်းရန် အစိုးရကို တိုက်တွန်းကြသည်။ ၆၀ ရာခိုင်နှုန်းကျော်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုကြသည်။
လူမှု လှုပ်ရှားမှုများသည် လူထု ထောက်ခံမှု ရရှိခြင်းဖြင့် အပေးအယူ ရင်းမြစ်များကို ထုတ်ပေးနိုင်သည် ဟူသည့် ပါမောက္ခ မိုက်ကယ် လစ်စကီး၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆန့်ကျင်သည့် သဘောဖြစ်နေသည်။
ဟောင်ကောင် အစိုးရသည် တရုတ်နိုင်ငံ၏ လိုလားမှုကိုသာ ဂရုစိုက်နေသည်။ ဆန္ဒပြပွဲများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ကိုသာ အားကိုးနေသည်။ ရဲနှင့်ဆန္ဒပြသူများ အကြား ပိုမိုပြင်းထန်သော ပဋိပက္ခကိုသာ မျှော်လင့် နေရသည်။
ဇူလိုင်လလယ်က ဟောင်ကောင်မှ အဓိကရုဏ်း တခုသည် တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အဖြူရောင် ဝတ်စုံဝတ်ထားသည့် လူဆိုးဂိုဏ်းဝင်များက ဆန္ဒပြသူများနှင့် သာမန် နိုင်ငံသားမျာကို ရဲများ၏ ရှေ့တွင်ပင် တိုက်ခိုက်ခဲ့သည်။
ပိုမို ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုတိုက်ခိုက်သူများ မည်သူမည်ဝါဖြစ်သည်ကို ပြသသည့် ဓာတ်ပုံ ဗီဒီယိုများ ရှိသော်လည်း ထိုတိုက်ခိုက်သူများအနက် မည်သူ့ကိုမျှ အရေးမယူ သေးခြင်းဖြစ်သည်။ အလားတူ တိုက်ခိုက်မှု အသေးစားများသည် လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက တချို့သော ရပ်ကွက်များတွင် ဖြစ်ပေါ်လာသည်။
ယခုအချိန်တွင် ဟောင်ကောင်သည် နိုင်ငံတကာ ထောက်ခံမှုကို အလိုအပ်ဆုံး အချိန်ဖြစ်နေသည်။
မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်အောက်တွင် ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က “မိမိတို့၏ လွတ်လပ်မှုကို မြှင့်တင်ရန် သင်၏ လွတ်လပ်မှုကို အသုံးပြုပါ” ဟု နိုင်ငံတကာ အသိုင်းအဝန်းကို ပြောခဲ့ဖူးသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟောင်ကောင်အတွက် ရပ်ခံပြောကြားပေးမည်ဟု စာရေးသူ မထင်မိပေ။
သို့သော် စာရေးသူသည် မြန်မာနိုင်ငံသားများကို ယုံကြည်သည်။ ကျေးဇူးပြုပြီး ဟောင်ကောင်နှင့်အတူ ရပ်တည် ပေးကြစေလိုသည်။
ဟောင်ကောင်နိုင်ငံသား Debby Sze Wan Chan သည် ဟောင်ကောင်တက္ကသိုလ်၊ Sociology ဌာန၏ postdoctoral fellow တဦးဖြစ်သည်။
You may also like these stories:
ဟောင်ကောင်ရဲများကို တရုတ်နိုင်ငံပိုင် မီဒီယာက ထောက်ခံကြောင်း ဖော်ပြ
ဟောင်ကောင်လေဆိပ် ပြန်ဖွင့်၊ လေကြောင်းလိုင်းတချို့ ပျံသန်း
ဟောင်ကောင် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ကြောင့် ဂျက်ကီချန်း ဝေဖန်ခံရ
ဟောင်ကောင် ရဲတပ်ဖွဲ့ကို တရုတ် ကာကွယ်ပြောဆို