မိမိကိုယ်ကို မိမိ နေပြည်တော် မဲဇာပို့ခြင်း
ရန်ကုန်က မွန်းကြပ်သည်။ ရုံးပိတ်ရက်တွေမှာ လည်စရာက ဖန်တီးပေးထားတာ မရှိ၊ မြို့ပြင်မှာ အဆင့်အတန်းမီ စားသောက်ဆိုင်တွေ၊ လည်ပတ်စရာတွေ၊ အပန်းဖြေ Restaurant တွေ၊ Resort တွေ၊ ပန်းခြံတွေ၊ လူငယ်နဲ့ ကလေးကစားကွင်းတွေ လိုအပ်သည်။
ထောက်ကြန့်မှာ၊ ပဲခူးမှာ၊ မှော်ဘီမှာ၊ လှော်ကားမှာ၊ သန်လျင်မှာ၊ နေရာအများအပြားမှာ ဖန်တီးလို့ ရသည်။ ဘယ်အစိုးရ၊ ဘယ် စီးပွားရေးသမားတွေက ရင်းနှီးမြုပ်နှံမလဲမသိ။ ဒါတွေရှိရင် စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ လည်လို့ရသည်။
ပြီးတော့ ရန်ကုန်မှာ နယ်ကလူတွေ၊ တောက လူတွေက ပြောင်းပြီးစုနေကြသည်။ အလုပ်အကိုင် စီးပွားရေးအတွက် လာကြခြင်း၊ အဆင်မပြေသော ဘဝတွေ၊ အသံတွေ၊ မျက်လုံးတွေ၊ မချိပြုံးတွေ၊ အကုသိုလ်စိတ်တွေ၊ Negative Feeling တွေ စုနေသည်။ ဒီလိုစုနေတော့ စိတ်ဆိုတာ ကူးတတ်သည်၊ ပွားတတ်သည်။ သန်းနဲ့ချီသော မပြေလည်တဲ့ သူတွေစုနေသော ဘုံနေရာကြီးမှာ စိတ်အကုသိုလ်တွေ စုဝေးနေတဲ့နေရာဆိုပါတော့။ သင်စဉ်းစားသာကြည့်တော့။
ဒါနဲ့ နေပြည်တော်မဲဇာကို သွားလည်ရသည်။ Fresh Air လေကောင်းလေသန့်လည်းရှု၊ ဦးနှောက် လည်း ဆေးပေါ့။ နေပြည်တော်မဲဇာဟု ခေါ်လို့ရသည်။ ဒါပေမယ့် တကယ်တော့ နေပြည်တော်သည် နေချင့်စဖွယ် ဖြစ်လာပြီဖြစ်သည်။
သစ်ပင်တွေက စိမ်းစိမ်းစိုစို၊ မိုးတွင်းနဲ့ဆောင်းတွင်းမှာ နေလို့ကောင်းသည်။ ကားလမ်းမကြီးတွေက ရှင်းသည်။ ရန်ကုန်က ကားဆရာတွေ မမောင်းတတ်လောက်အောင် ရှင်းသည်။
နေပြည်တော် ပတ်လည်မှာ လည်ပတ်စရာတွေစုံသည်။ ဒါပေမယ့် နေပြည်တော်သည် Tourist Destination မဟုတ်သေး။ သေသေချာချာ ပြုပြင်မွမ်းမံပြီး Promotion လုပ်ဖို့တော့ အများကြီး လိုသေးသည်။ လေကောင်းလေသန့် တဝရှုလို့ ရသည်။ မြေထုရေထုက လူထက်ပိုပြီး ကျယ်ပြန့်သလို ခံစားရသည်။
ရန်ကုန်မှာလို ပုရွက်ဆိတ်အုံတွေမရှိ၊ အထပ်မြင့် အဆောက်အဦတွေ မရှိ၊ ဆေးမသုတ်ဘဲထားပြီး ညစ်ပေနေသော တိုက်တာအဆောက်အဦတွေ မရှိ၊ ကောင်းကင်ပြာ၊ မိုးကုတ်စက်ဝိုင်းကို ကြည့်လို့ရ သည်။ ရန်ကုန်လို ပြွတ်သိပ်မွန်းကြပ်မှု နည်းသည်။ မင်းနေပြည်တော် ရုံးစိုက်ရာဆိုတော့ လုံခြုံရေး က ပိုစိတ်ချရသည်။
ရန်ကုန်ကနေ နေပြည်တော်ကို ကားနဲ့ မောင်းသွားမည်ဆိုလျှင် လေးနာရီခန့်ကြာမည်။ နေပြည်တော် အသွားလမ်းမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က စားသောက်ဆိုင်က ကျိုးတိုးကျဲတဲ၊ သန့်စင်ခန်းတွေက ရှားပါး၊ အခုတော့ စားသောက်ဆိုင်တွေ တိုးချဲ့လာသည်၊ သန့်စင်ခန်းတွေ ပိုများလာသည်၊ ဒါပေမယ့် သန့်ရှင်းမှုကိုတော့ အထူးဂရုစိုက်ရဦးမည်။
စားသောက်ဆိုင်တွေ များလာပေမယ့် အဆင့်အတန်းရှိပြီး နိုင်ငံတကာအဆင့်မီ သန့်ရှင်းသပ်ရပ်သော ဆိုင်ကောင်းများ လိုနေသေးသည်။ ပိုက်ဆံပိုပေးရတာက ပြဿနာမဟုတ်၊ Quality Service ကို လိုချင်သူတွေ ပိုများလာသည်။ ဒီအသံ တွေကို ကြားရသည်။
“သူတို့ရောင်းတဲ့ ထမင်းဟင်းတွေကလည်း ဝက်စာလိုပါပဲကွာ” ဟု ပါလာသည့် မိတ်ဆွေက ညည်းသည်။ ပိုက်ဆံပိုပေးပြီး ကောင်းကောင်းစားချင်တယ်ဟု သူကပြောသည်။
ရန်ကုန်ကနေ နေပြည်တော်တလျှောက် မှာရှိတဲ့ မြို့တွေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးနိုင်လျှင် ကောင်းမည်ဟု ကားပေါ်မှာ စီးသွားရင်း တွေးမိသည်။
တိုင်းပြည်တပြည်မှာ Economic Vision ရှိဖို့လိုသည်။ လီကွမ်ယုလို မဟာသီယာလို ထိုင်းနိုင်ငံက ဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးဟောင်း မင်းတိုင်ပင်သက်တော်ရှည်အမတ်ကြီး ပရမ် တင် ဆူလာနွန်ဒါ လို လူမျိုးတွေလိုသည်။ Economic Tsar ရှိဖို့လိုသည်။ ဘယ်မှာလဲ Economic Tsar? မြန်မာပြည်မှာတော့ မရှိသေးပါ။
ခေါင်းဆောင်သည် တိုင်းပြည်၏ စီးပွားရေးကို မေ့ထားလို့မရ။ စီးပွားရေးက တိုင်းပြည်ကို ဆွဲတင် သွားနိုင်သလို ဆွဲချ သွားနိုင်သည်။ ရော ခက်ပြီ။ ရန်ကုန်က ညည်းညူသံများကို မကြားချင်လို့ အေးအေးလူလူ နေပြည်တော်ကို ကားမောင်းပြီး တက်ခါမှ ဒါတွေကို စဉ်းစားမိပြန်သည်။
ကျနော်တို့ဆီမှာတော့ ဆိုရှယ်လစ်စီးပွားရေးဆိုပြီး ၁၉၆၂ မှာ ပြည်သူပိုင်သိမ်းသည်။ တိုင်းရင်းသား အရင်းရှင်နှင့် စီးပွားရေးကို အသေသတ်သည်။ တိုင်းပြည်ကို ကယ်တင်သည်ဟု ကြွေးကြော်သည်။ တကယ်တော့ လက်နက်ကိုင် ဓားပြတိုက်ခြင်းဟု ခံစားတွေးတောမိသည်။ သိမ်းသူတွေက Software လည်းမရှိ၊ Economic Vision လည်း မရှိတော့ တိုင်းပြည် မွဲပြာသွားသည်။
၁၁၅ မိုင်မှာ စားပွဲထိုးလေးတွေက သနပ်ခါးပါးကွက်ကြားနှင့်၊ ဧရာဝတီတိုင်းဖက်က လာကြသည်။ မိဘတွေကို ပြန်စောင့် ရှောက်ကြသည်။ အစ်ကို အစ်မတွေက ထိုင်းမှာအလုပ်လုပ်ကြသည်။ တိုင်းပြည် ရဲ့ စီးပွားရေးကို Remittance က အများကြီးထောက်ပံ့ကူညီထားသည်ကို လေ့လာတွေ့ ရှိရသည်။
ကျနော်ကတော့ ရန်ကုန် နေပြည်တော်တလျှောက် ရပ်နားစရာတွေ လည်ပတ်စရာတွေ Sightseeing လုပ်ရမယ့် နေရာတွေ၊ သမိုင်းဝင် အထင်ကရ နေရာဟောင်းတွေ၊ မြို့တွေရွာတွေကို နိုင်ငံတော်က ဖော်ထုတ်စေချင်သည်။ ဒီနေရာတွေမှာ ရပ်နားလို့ရသည်။
“ကျနော်တို့ တိုင်းပြည်က တည်ဆောက်ဆဲလေဗျာ၊ လောမကြီးပါနဲ့” လမ်းပြင်သည့်လုပ်ငန်းကို မိုးရေထဲမှာလုပ်နေသော သူများကို ကြည့်ရင်း အဖော်ကဆိုသည်။ “အင်း ဟုတ်တယ်၊ တည်ဆောက် နေတာ နှစ်ပေါင်း ၇၀ ကျော်သွားပြီ”
မိုးက သဲကြီးမဲကြီး ရွာချလိုက်တော့ ရန်ကုန်- နေပြည်တော် ကားလမ်းပေါ်မှာ ရေတွေအိုင် နေတတ် သည်။ ကားဒရိုင်ဘာ လေးက လမ်းဖောက်သူတွေကို မေတ္တာပို့သည်။ ကျနော်က မိုးရေထဲက မြင်ရ သော ပဲခူးရိုးမ မှိုင်းပြပြကို ငေးကြည့်မိသည်။
ဒီတောင်တန်းရိုးမတကြောမှာ တချိန်က ကွန်မြူနစ်လက်နက်ကိုင်တွေ စခန်းချခဲ့ဖူးသည်။ တပ်မတော် က စစ်ဆင်ရေးနဲ့ တက်ရှင်းတော့ နောက်ဆုံးမှာ ကွန်မြူနစ်ရန် ရှင်းသွားသည်။ ကျနော်က အတွေးကို ဆန့်ကြည့်မိသည်။
ကမ္ဘောဒီးယားက ခမာနီတွေအာဏာရလာတော့ ပညာတတ်တွေကို သတ်ခဲ့တာတွေ၊ တရုတ်၊ ဗီယက်နမ်နှင့် အနောက်က ဝင်ရောက် စွက်ဖက်ခဲ့တာတွေ၊ သွေးချောင်းစီးခဲ့တဲ့ ခမာနိုင်ငံတော်၊ ကျနော်တို့ဆီမှာရော၊ ဗမာကွန်မြူနစ်ပါတီက ဖြုတ်၊ ထုတ်၊ သတ်ကို ကျင့်သုံးခဲ့သည်။
မြရာပင်တောထဲမှာ အဖေက သားကိုသတ်၊ သားက အဖေကိုသတ် သွေးခင်းခဲ့ကြသည်။ အယူဝါဒစွဲ ပြင်းထန်သောစိတ်၊ နိုင်ငံရေးဝါဒကို သတိပြုမိသည်။
ဗီယက်နမ် ကွန်မြူနစ်ကတော့ အမေရိကန်ကိုလည်း ခံတိုက်နိုင်ခဲ့သည်။ ပြင်သစ်ကိုလည်း တွန်းလှန် နိုင်ခဲ့သည်။ စိတ်ဓာတ် ပြင်းပြီး အလုပ်ကြိုးစားတဲ့ လူမျိုး။ ကွန်မြူနစ်ခေါင်းဆောင်တွေက အမြင် ကျယ်တော့ နောက်ပိုင်းမှာ အမေရိကန်ကို ပြန်ပေါင်းသည်။ စီးပွားရေးတံခါးဖွင့်သည်။ တိုင်းပြည်ကို ဆွဲတင်နိုင်ခဲ့သည်။ စီးပွားရေးပဲ အခရာကျတာကို သွားတွေ့သည်။
မြန်မာပြည်မှာ အဲဒီအချက်နဲ့ ဦးတည်ရာက ပျောက်လိုက် ပေါ်လိုက် ကူးလိုက် နစ်လိုက် ဖြစ်နေသည်။ နိုင်ငံရေးကဲသည်။ ညီညွတ်မှုမရှိ။ တောင်မင်း မြောက်မင်း မကယ်နိုင်။
ကျနော့်ရဲ့အတွေးတွေက မျောနေသည်။ ကားသမားလေးကို သတိထားမောင်းဖို့ ပြောရသည်။ လမ်းတွေက ပြင်သည့် နေရာတွေပြင်၊ ပျက်တဲ့နေရာတွေပျက်၊ Ambulance တွေ လုံလုံ လောက်လောက် ရှိရဲ့လား၊ မတော်တဆ ထိခိုက်မှုတွေက နေပြည်တော် Highway မှာ ရှိသည်။
လေကြောင်းလိုင်းတွေကတော့ နေပြည်တော်ကို ဆွဲနေကြပြီ။ MNA, KBZ ဒီထက်ပိုပြီး ဆွဲဖို့လိုသည်။ Service ကို ကောင်းကောင်းပေးဖို့လိုသလို Safety ကိုလည်း အသေအချာ အာမခံရမည်ဖြစ်သည်။ မိတ်ဆွေတဦးက သံတမန်တွေ မြန်မာ့လေကြောင်းလိုင်းတွေ စီးရမှာ စိုးရိမ်မကင်း ဖြစ်ကြကြောင်း ပြောတာ အမှတ်ရမိသည်။
“ခင်ဗျားရော ဘယ်လေကြောင်းလိုင်းကိုရှောင်လဲ” ကျနော်ကမေးတော့ သူကဖြေသည်။ သူပြောတဲ့ လေကြောင်းလိုင်းကို ကျနော်ကစီးဖူးသည်။ ဘာလို့မစီးတာလဲမေးတော့ “မီးဖိုချောင်ထဲဝင်ကြည့်ပြီးရင် အဲဒီဆိုင်ကို ခင်ဗျားဝင်မစားချင်တော့ ဘူးလေဗျာ”
ယခင်ကထက် စာရင်တော့ ရန်ကုန်-နေပြည်တော်သည် ပိုပြီး ဆက်စပ်မှုရှိလာသည်။ ဆက်သွယ်ရေးက မြန်လာသည်။ မနက်သွား ညနေပြန်ခရီးစဉ်တွေ ရှိလာသည်။ အစိုးရပိုင်းက အာဏာပိုင်တွေ လေကြောင်းခရီးဖြင့် ခေါက်တုံ့ခေါက်ပြန် သွားလို့ရနေပြီ ဖြစ်သည်။
နေပြည်တော်- ရန်ကုန် Express Train Service လိုတာပေါ့ဗျာဟု ကျနော်ကပြုံးပြီး ဝင်ပြောလိုက် သည်။ နှစ်နာရီလောက်နဲ့ ရောက်နိုင်တာမျိုးပေါ့။ ဥရောပမှာလို ရထားပေါ်မှာ Coffee ဆိုင်နဲ့ ဘားထည့်ထားပေးလို့ရတာပေါ့။ “ရထားပေါ်မှာ ကွမ်းစားရင် ဘယ်လိုလုပ်မလဲ” မိတ်ဆွေက ကျီစယ်ပြီး မေးလိုက်သည်။ ဒီအတွက်တော့ ကျနော့်မှာ အဖြေမရှိ။
မိုးရေထဲမှာ ကျနော်တို့ကားလေးသည် နေပြည်တော်ထဲကို ဝင်တော့မည်ဖြစ်သည်။ နိုင်ငံခြား သတင်း စာတွေက နေပြည်တော်ကို Abode of Kings ဟု ခေါ်ဝေါ်သမုတ်ပြီး ရေးကြသည်။ ကားမရှိတဲ့ လမ်းမကြီးတွေကို ဓာတ်ပုံရိုက်ပြီး တအံ့တသြ ရေးသားဖော်ပြကြသည်။ တောထဲတောင်ထဲမှာ လျှို့ဝှက်ဆောက်ခဲ့သော နေပြည်တော်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံ အစိုးရတွေ၊ မီဒီယာတွေကရော ဝေဖန်ရေးသားတာကို ခံခဲ့ရသည့် နေပြည်တော်ဖြစ် သည်။
ဟုတ်ပါသည်။ Toll Gate လုံခြုံရေးဂိတ်ကိုဖြတ်ပြီး နေပြည်တော်အဝင် လမ်းမကြီးပေါ်မှာ ကျနော့် ကားက တစီးထဲ၊ ကားပိတ်ဆို့မှုဖြစ်ပြီး စိတ်ပင်ပန်းဆင်းရဲစွာ ထိုင်နေရသောဒုက္ခတော့ မရှိ။ “Welcome to Nay Pyi Taw” နေပြည်တော်က ကြိုဆိုပါတယ်ဆိုတဲ့ စာတန်းနှင့်အတူ တခေါက် ရောက်ခဲ့ပြန်ပြီ ဖြစ်သည်။
ဒုတိယပိုင်းကို ဆက်လက်ဖော်ပြ သွားပါမည်။
You may also like these stories:
နေပြည်တော်ရောက်ရင် လည်ပတ်စရာတွေ
နမ့်မွန်ကြီးရေတံခွန်ကို သွားလည်ပြီးပြီလား
နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းများ အရှုံးနှင့် ဆက်လက် ရုန်းကန်နေရ