နေပြည်တော်ကို အသက်သွင်းရန် ကြိုးစားခြင်း
နေပြည်တော်ကို ပထမစတင် လည်ပတ်စဉ်က လွန်ခဲ့သော၇ နှစ်ခန့်က ဖြစ်သည်။ မြို့ရဲ့အခင်းအကျင်း က တရုတ်ပြည်က မြို့တွေလို ဖြစ်နေသည်ဟု ခံစားရသည်။
အဆောက်အဦးတွေက Architect ပိုင်းမှာ ခေတ်နောက်ကျနေသည်ဟု ခံစားရသလို ပြုပြင်ထိန်းသိမ်း မှုလည်း လိုနေသည်ဟု ခံစားရသည်။လူတွေဟာ သူ့ရဲ့Taste နဲ့ သူပဲ၊သူ့ရဲ့Class နဲ့ သူပဲဆိုတာကို လက်ခံသွားသည်။
မြန်မာပြည်နှင့် အဝိုင်းတွေက ခွဲလို့မရ၊ ရန်ကုန်မှာလည်း အဝိုင်းတွေက ပြဿနာ၊ နေပြည်တော်မှာ လည်း အဝိုင်းတွေရှိ သည်။ အဝိုင်းပတ်နေရတာက တဒုက္ခ။
မြို့တော်ရဲ့ ဟိုတယ်ကြီးတွေ၊ အခန်းတွေက ကြီးမားလှသည်။ ဧည့်သည်တွေတော့ နည်းသည်။ အစားအသောက်တွေက ထူးထူးခြားခြားမရှိ။ နောက်ပိုင်းမှာတော့ ဟိုတယ်တွေ၊ အထူးသဖြင့်State Guest House ဆိုသော နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်ကြီးတွေက အစည်းအဝေးတွေ၊ ပွဲတွေ၊ လက်ခံ ကျင်းပသဖြင့် အသက်ဝင်လာသလို ရှိသည်။
ဟိုတယ်မန်နေဂျာလေးတွေက ကြိုးစားကြသည်။ တိုင်းပြည်မှာဖြစ်နေသည့် အခြေအနေကို မထွေးနိုင် မအံနိုင် သူတို့ ကြည့်နေရသည်။“သူတို့တွေ ညီညီညွတ်ညွတ် လုပ်ကြရင် ကျနော်တို့လည်း အဆင်ပြေ မှာပေါ့ဗျာ” မန်နေဂျာ၏ လေသံက ခပ် ပျော့ပျော့။
ဟိုတလောကတော့ ဟိုတယ်တွေ ရုန်းကန်နေရသည့် သတင်းနှင့် အင်တာဗျူးကို ဖတ်လိုက်ရသည်။ ဘယ်လိုဈေးတွေ လျော့ပေးနေရသလဲ ဆိုတာလည်းပါသည်။ နေပြည်တော်သည် ဟိုတယ်သင်္ချိုင်း ဖြစ်သွားမှာ စိုးရသည်။ စတင် စဉ်းစားကတည်းက သေသေချာချာ မစဉ်းစားခဲ့လို့လား။
ဟိုတယ်တွေမှာ လူမရှိဆိုသော်လည်း နောက်ဆုံးတခေါက်မှာတော့ တရုတ်ခရီးသွားတွေကို တွေ့ခဲ့ရ သည်။ Kempinski လို ဟိုတယ်ကြီးမှာတောင် တရုတ်တွေ ရာနှင့်ချီပြီးဝင်သည်။သူတို့က မနက်စာ စားပြီးတာနဲ့ နောက်တနေရာကို ခရီးဆက်ကြသည်။
သူတို့ကို အဆောင်သပ်သပ် ခွဲထားရသည်။ တရုတ်တိုးရစ်တွေ ရှိလျှင် အခြား နိုင်ငံခြားသားတိုးရစ် တွေက မနေချင်ကြ၊ ဂျပန်တွေကပိုဆိုးသည်။ မင်းတို့ဟိုတယ်မှာ တရုတ်တွေထားလား ဆိုသော မေးခွန်းကို အရင်စမေးတတ်သည်ဟု သိရ သည်။ တရုတ်တွေမရှိဘူးဆိုမှ သူတို့ကလာနေသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးက အများကြီး လုပ်စရာတွေရှိသည်။ အပြင်ကိုထွက်ပြီး ဈေးရောင်းရ မည်ဟု ပြောကြသည်။ ဟိုတယ်ခန်းတွေ၊ အိမ်သာတွေ လိုက်စစ်ဆေးရမှာ ဝန်ကြီးဌာနရဲ့ အလုပ် မဟုတ်၊ ဟိုတယ်နှင့် ခရီးသွားက ဘတ်ဂျက် များများသုံးဖို့ လိုသလို နိုင်ငံရဲ့ဝင်ငွေကိုလည်း များများ ရှာပေးနိုင်မည်ဖြစ်သည်။ ဒီလိုအတွေးအခေါ်၊ အမြင်၊ Policy တွေနဲ့ မောင်းနှင်နေကြတာလား၊ ဟိုတယ်မန်နေဂျာလေးကတော့ စိတ်ပျက်စွာ ခေါင်းခါသည်။
မနက်စာစားတော့ စီးပွားရေးသမား သုံးလေးယောက်ကို တွေ့ရသည်။ ဟိုတယ်ရဲ့ မနက်စာတွေ ကတော့ အရင်ကထက် ပိုကောင်းသည်။ ဝန်ထမ်းတွေက Hospitality Service ကို နောက်ပိုင်းပိုပြီး အာရုံစိုက်လာတာ တွေ့ရသည်။
သူတို့ ကြိုးစားချင်ကြသည်။ ဧည့်သည်မရှိဘဲ ပျင်းရိစွာ ဖြတ်သန်းရသော နေ့တွေရက်တွေ လတွေ အများကြီး ရှိခဲ့သည် မဟုတ်ပါလား။
ကော်ဖီတခွက်ကို သောက်ရင်း “ဟိုဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့သူတွေ တကယ့် တကယ်ကျ တော့ တီကောင် တောင်မကိုင်ရဲဘူး” စီးပွားရေးသမားတဦးက ဆိုလိုက်သည်။
ဘေးကဝိုင်းပြီး ခေါင်းငြိမ့်ကြသည်။ ပြုံးကြသည်။ သဘောတူကြပါသည်။
“ဇော်ကန့်လန့်တွေကလည်း ခပ်များများဗျ” တယောက်ကဝင်ပြောသည်။ “အမြင်မရှိတာပါဗျာ” နောက် တယောက်က ဝင်ထောက်သည်။ မနက်စာသည် အရသာမရှိ။ ဒါပေမယ့် စိမ်းစိမ်းစိုစို မြင်ကွင်းနဲ့ ရေကန်ကျယ်တို့က စိတ်ကို အမောပြေ စေသည်။
အပြင်သွားစားရင် ဘယ်လိုနေမလဲ၊ နေပြည်တော်မှာ နာမည်ကြီးနေသော မနက်စာ ရောင်းသည့်ဆိုင် တွေ အကြောင်း ရောက်သွားသည်။
“လူတွေတော့ ပြည့်နေတာပဲ၊ တချို့ဆိုင်တွေ ကျတော့ ဝက်စာကို ရောင်းတာကျနေတာပဲ” စီးပွားရေး သမားလေးက လက်သုတ်ပုဝါကို သူ့၏ နှုတ်ခမ်းနှင့် တို့လိုက်ပြီး ပြောလိုက်သည်။ ညနေခင်းကျတော့ နေပြည်တော်က အရာရှိတဦးနှင့် စကားလက်ဆုံကျသည်။သူ့ဆီမှာသတင်းစုံသည်။ အတိုအထွာလေး တွေသူကပြောတတ်သည်။
“ကျနော်ကတော့ နေပြည်တော်ကို အသက်သွင်းဖို့ လုပ်နေတာဗျ” သူ့စကားကို ကျနော်သဘောကျ သွားသည်။
နိုင်ငံခြားမီဒီယာတွေက နေပြည်တော်ကို သရော်တော်တော် ရေးကြတာကို ဖတ်ဖူးတော့ သူအသက် သွင်းဖို့ ကြိုးစားမယ်ဆိုသည့် စကားကို သဘောကျသွားခြင်း ဖြစ်သည်။
တခါတုန်းကနယူးယောက်တိုင်းမ် သတင်းစာကြီးက Surrounded by Poverty, a Lifeless Capital Stands Aloof ဟု ခေါင်းစဉ်ဖြင့်ရေးဖူးသည်။
Poverty (ဆင်းရဲမွဲတေမှု)၊ Lifeless (သက်မဲ့)နှင့် Aloof (တသီးတခြားဖြစ်ခြင်း) ဆိုသော စကားလုံး တွေက နေပြည်တော် သရုပ်သကန်ကို ပြနေတာလား။၂၀၁၉မှာတော့ဒီလိုမဟုတ်တော့။
နေပြည်တော်သည် တဖြည်းဖြည်း အသက်ဝင်လာပြီ။ စိတ်ဝင်စားဖို့ ကောင်းလာပြီဟု ဆိုရမည်။ ဒါက လည်း ရန်ကုန်သည် မြို့ဟောင်း၊ မြို့ပျက်ကြီးနှင့် ပို၍ တူလာသောကြောင့် ဖြစ်နိုင်သည်။ရန်ကုန်ကို ကယ်ဆယ်ဖို့လည်းလိုပါပြီ။
“နောက် ၂နှစ် ဆိုရင် UN ရုံးတွေနဲ့ သံရုံးတွေ စပြီးပြောင်းတော့မယ်” ကျနော့်မိတ်ဆွေက အားပါးတရ ပြောလိုက်သည်။ “သူတို့လာပြီ ဆိုရင် Supply နဲ့Demand ကို တွက်ရတော့မှာပေါ့” နောက်တယောက် က ဝိုင်ခွက်ကို ကိုင်လိုက်ရင်း ဝင်ပြောသည်။
“နေပြည်တော်ရဲ့ လိုအပ်ချက်ကတော့ ပညာရေးနဲ့ကျန်းမာရေးကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ပေးဖို့ပဲ။ ဒါက ဆွဲဆောင်မှုတခုဖြစ်မယ်” မိတ်ဆွေကဝင်ပြောသည်။
ထို့နောက် နေပြည်တော်တခွင်နှင့် ပတ်ဝန်းကျင် လှည့်လည်စရာတွေ အကြောင်း၊ ထပ်ပြီး တူးဆွစရာ နေရာတွေ အကြောင်း၊ ရှေးဟောင်းရွာတွေ အကြောင်း၊ နှစ်တရာကျော် ဘုန်းကြီးကျောင်းတွေကို နိုင်ငံတော် ဘတ်ဂျက်နှင့် အသေအချာပြုပြင် သင့်တဲ့အကြောင်း၊ နေပြည်တော်ပတ်ဝန်းကျင်ရှိ ပေါင်း လောင်းဆည်၊ ငလိုက်ဆည် စသည့် စသည့် သာယာ သည့် နေရာများအပြင် Grand Canyon ဟု နာမည်ကြီးသည့် နမ့်မွန်ကြီးရေတံခွန် စသည်တို့သည် ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင် မည့် အကြောင်းတွေ ပြောဖြစ်ကြသည်။
ပွဲက ပိုမြိုင်လာသည်။ ညည့်ကနက်လာသည်။ နေပြည်တော်ကနေ တဆင့်ပုဂံကို၊ တောင်ပိုင်းရှမ်းပြည် ကို လေကြောင်းခရီးနဲ့ ဆက်စပ်ပေးသင့်သည်၊ ကယားပြည်နယ် လွိုင်ကော်အထိ သွားလို့ရသည်။ နောက်ပိုင်းဆိုရင် ချင်းပြည်အထိ သွားလို့ရတာပေါ့။“ဒါဆိုရင်ဟားခါးလည်းထည့်ဗျာ”ဟု ကျနော်က ဝင်ပြောလိုက်သည်။
အိပ်မက်ဆိုတာအကောင်အထည် ဖော်လို့ရပါသည်။
“Entertainmentတွေ၊Spaတွေ၊ Massage တွေလည်းလိုတယ်လေ၊Jazz Barလေးလည်း ထည့်ပေါ့ဗျာ”
“ခင်ဗျားက ကျနော်တို့ နေပြည်တော်ကို အထင်သေးလို့” ထိုအရာရှိက ပြန်ပြောသည်။
“နေပြည်တော် Walking Street တို့ ညဈေးတို့လုပ်ဗျာ၊ သေသေချာချာ လုပ်ပေါ့၊ သန့်ရှင်းသပ်ရပ်မှု လည်းရှိရမယ်၊ ဧည့်သည်တွေလည်း တနေရာထဲမှာ စုစုစည်းစည်း ဈေးဝယ်နိုင်တာပေါ့”
နိုင်ငံခြားသားတိုးရစ်တွေ တနေကုန်လည်ပြီးရင် Foot Massage ကိုသွားချင်ကြသည်။ ဒေသခံတွေ လည်း ဝင်ငွေရ ကြမည်ဖြစ်သည်။ ဒေသခံ ထွက်ကုန်တွေ အမှတ်တရပစ္စည်းတွေ ရောင်းကြမည်။ ဝင်ငွေရ ကြမည်ဖြစ်သည်။
“ကျနော်တို့ဆီမှာ နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်တောင် ကောင်းကောင်းမရှိဘူး ဖြစ်နေတယ်” မြို့ခံ စီးပွားရေးသမား တဦးက ဝင်ပြောသည်။ ဧည့်သည်တွေ လာရင် သွားစားတာကTai Kitchen ပဲဗျ။ သူက ထိန်းထားနိုင်တယ်၊ ကျနော်တို့ လိုနေတာကQuality Service။
“စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ပြည်သူတွေ ဝင်ငွေရမယ့် SME လုပ်ငန်းတွေကို လုပ်ငန်းရှင် သူဌေး ကြီးတွေက ဝင်ပြီး လုပ်ပေးသင့်တာပေါ့၊ ဒီက လူတွေ ဘာမှမလုပ်တတ်ဘူး၊ အရင်ခေတ်ကိုပဲ ပြန်တမ်း တနေကြတယ်” တယောက်က ဝင်ထောက်လိုက်ပြန်သည်။
ကျနော်တို့ဆီမှာ Entrepreneurship ဆိုသော စကားကစပြီး ခေတ်စားလာနေပြီဖြစ်သည်။ မြန်မာ နိုင်ငံမှာ Entrepreneurs တွေအများကြီးလိုသည်။ တိုင်းပြည်ကိုချစ်သော အလုပ်အကျွေးပြုချင်သော သူများလိုသည်။ ကိုယ့်အိတ်ထဲပဲ ထည့်မယ့် သူတွေ ဝေးဝေးရှောင်ခိုင်းရမည်။ ငါ့ဘို့သမားတွေကို ရှောင်ရမည်။
ဒါပေမယ့် တွေးခေါ်စဉ်းစားပြီး တွန်းအားစိုက်မည်ဆိုသော လူငယ်လူလတ်တွေရဲ့ အသံတွေကို ကြားရတော့ အားတက်ရ သည်။ လူငယ်၊ လူလတ် တတ်သိနားလည်သူတွေ လုပ်ပိုင်ခွင့် အာဏာရဖို့လိုသည်မ ဟုတ်ပါလား။ ဒါမှအပြောင်းအလဲကို မြင်ရမည်။ စွန့်စားမှုကို တွေ့ရမည်။တိုင်းပြည်က ရွေ့ဖို့လိုနေသည်မဟုတ်ပါလား။
တတိယပိုင်းကို ဆက်လက်ဖော်ပြသွားပါမည်။
ဆက်စပ်ဖတ်ရှုရန်
You may also like these stories:
နေပြည်တော်ရောက်ရင် လည်ပတ်စရာတွေ
နမ့်မွန်ကြီးရေတံခွန်ကို သွားလည်ပြီးပြီလား
နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းများ အရှုံးနှင့် ဆက်လက် ရုန်းကန်နေ