နေပြည်တော်မှတ်စု (အပိုင်း – ၃)
ကံကြမ္မာအား ရှာဖွေခြင်း
နေပြည်တော်မှာရော ရန်ကုန်မှာပါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထိုင်မိရင် မြန်မာပြည်အရေး၊ ကိုယ့် တိုင်းပြည်ရေး ဆွေးနွေး လေကန်တတ်ကြပါတယ်။
ဘယ်လို့ ဒီလိုဖြစ်ရတာလဲ၊ စီးပွားရေးက လုံးဝကို ကျသွားတယ်၊ ရခိုင်အခြေအနေက ဘယ်လို ပြန် ကောင်းနိုင်မှာလဲ?။ လူကြီးတွေ အောက်ခြေက အခြေအနေတွေ၊ အနေအထားတွေကို မသိကြဘူးလား စသဖြင့် စသဖြင့်ပေါ့။ လေမုန်တိုင်း ဆင်ကြပါတယ်။
အဲဒီလို ပြောကြဆိုကြ ဆွေးနွေးကြပြီဆိုရင် တချို့က “တိုင်းပြည်ရဲ့ ကံကြမ္မာပဲခင်ဗျာ” ဆိုပြီး အဆုံးသတ်လေ့ ရှိပါတယ်။ ဒါကြောင့် စာရေးသူကျနော်လည်း ဒီကံကြမ္မာကြီးနဲ့ Appointment တောင်းပြီး သူ့ကို အင်တာဗျူး လုပ်ရင်ကောင်းမလား၊ ဒါမှမဟုတ် ကံကြမ္မာကြီးကိုပဲ ဒဲ့ဒိုးပြောပြီး ခင်ဗျားကိုတော့ အပြစ်တင်နေပြီ၊ ပြင်စရာရှိတာတွေပြင်လို့ပြောရင် ကောင်း မလားပေါ့ဗျာ။ ဒီလို စဉ်းစားမိတယ်။
ကံဆိုတာ အလုပ်ဆိုတော့ အလုပ်မှာ စေတနာပါဖို့ လိုသည်ဟု တယောက်က ရှင်းပြသည်။ ဒါဆိုရင် သန်း ၅၀ ကျော်သော ပြည်သူတွေဟာ ကံကြမ္မာကြောင့် ဆင်းရဲမွဲတေနေကြတယ်ဆိုရင် ကံ-အလုပ်၊ စေတနာမှာ ချို့ယွင်းချက်ရှိနေလို့ပဲပေါ့ဟု စောဒကတက်လို့ရသည်။

ကျနော်က ဒီအဖြေကို သိပ်တော့ဘဝင်မကျ၊ တံတွေးကိုမျိုချပြီး အဖြေကိုမကျေနပ်ကြောင်း ကျနော့်ရဲ့ မိတ်ဆွေကို လက်ဟန်ခြေဟန်နှင့် ပြရသည်။ ဒီကံကြမ္မာကြီးကို ICC တင်ရအောင်ဗျာ အားလုံးက ဝိုင်းပြီးရယ်ကြသည်။
“ကံဆိုတာ အတိတ်က ကုသိုလ်ကံကလည်း လိုသေးတယ်” ဟု တယောက်က ဝင်ထောက်သည်။ “ဒါဆိုရင် ကျနော်တို့ အတိတ်ကုသိုလ်ကံတွေ မကောင်းလို့ပေါ့နော်”။
နောက်တယောက်ကတော့ နေပြည်တော်ထိပ်ပိုင်းနဲ့ နီးစပ်သူတဦး၊ အရိပ်အကဲ အသွားအလာတွေကို သိသူတဦး၊ သူ့ကို ချဉ်းကပ်ပြီး ကံကြမ္မာကြီး မေးခွန်းကို မေးရပြန်သည်။ သူက နည်းနည်းလေး ထွေနေတော့ စကားပြောသွက်နေသည်။
ကျနော် ကံကြမ္မာဆိုတာကို ပုံချတာ မယုံဘူးဗျ၊ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတာက အတ္တတွေ မာနတွေကို မလျှော့နိုင်လို့ပဲ။ သူ့ရဲ့အဖြေကို ကျနော် အတိုင်းအတာတခုအထိ လက်ခံလို့ရသည်။ နည်းနည်းတော့ ဘဝင်ကျသွားသည်။
နေပြည်တော်မှာရှိသော နာမည်ကြီး ဘုန်းကြီးကျောင်းတွေကတော့ ကိုးကွယ်ဆည်းကပ်သူတွေ၊ ယတြာချေသူတွေ များသောကြောင့် စည်ကားသည်ဟု ဆိုရမည်။
ဆရာတော်တွေကို ချဉ်းကပ်ပြီး ကံကြမ္မာအကြောင်း မေးခွန်းထုတ်ကြည့်တာ မရ။ “ငါတို့တောင် ကြားမညှပ်အောင် နေ နေရတယ်ကွာ” ဆရာတော်ကဖွင့်ဟတော့ သူ့ပါးစပ်က ကွမ်းဖတ်တွေကို အထင်းသားမြင်ရသည်။ သူက ဂါထာတွေချပေး သည်။
နောက်တကျောင်းကတော့ တောရကျောင်း၊ အေးဆေးငြိမ်သက်မှုကို လိုအပ်သောသံဃာများ သီတင်း သုံးရာ နေရာဌာန။ ဒါပေမယ့် နေပြည်တော်ကြီး ဆောက်လိုက်တော့ ဆရာတော်တွေရဲ့ကျောင်းက လမ်းမကြီးဘေးကို ရောက်သွားသည်။
“အရင်တုန်းက ဒီနေရာကို လှည်းနဲ့လာရတာ” လိုက်ပို့သူ ဆံရစ်ဝိုင်းလေးနဲ့ လူငယ်လေးက ဆိုသည်။ အခုတော့ ကားနဲ့ မောင်းရင် ၁၀ မိနစ် ၁၅ မိနစ်ပဲ။ ဆရာတော်ကတော့ အရင်က တိတ်ဆိတ်မှုကို ငြိမ်သက်မှုကို လွမ်းဆွတ်ပုံရသည်။ ဒါမှ တရားအားထုတ်လို့ ရမှာကိုး။
ဒါပေမယ့် ကောင်းတဲ့အချက်ကတော့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ လွယ်သွားသည်။ နာမကျန်းတဲ့ သံဃာတော်ကို လှည်းနဲ့ တရက်နှစ်ရက် ပို့ရတဲ့ခရီးကို နာရီဝက်၊ မိနစ် ၂၀ နှင့် ပို့နိုင်သည်။ “အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပေါ့” ဆရာတော်ကို ဦးချပြီး ပြန်လာခဲ့သည်။
နှစ် ၁၀၀ ဘုန်းတော်ကြီးကျောင်းတွေ လယ်ဝေးထဲမှာရှိသည်။ ပျဉ်းမနားတဝိုက်မှာရှိသည်။
ကျောင်းတွေထဲက ရှေးဟောင်း ပစ္စည်းတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့လိုနေပြီ ဖြစ်သည်။
ပျောက်ရှကုန်တာတွေကမနည်း၊ အဟောင်းဈေးကွက်ထဲကို ရောက်သွားကြပြီဖြစ်သည်။ နိုင်ငံခြားက ဟိုတယ်ကြီးတွေ၊ သူဌေးတွေရဲ့အိမ်တွေမှာ တခမ်းတနားပြထားတာ ဖြစ်ကုန်ပြီ။
“ကျနော်တို့ဆီမှာတော့ သစ်သားအိမ်ဖျက်ပြီး တိုက်ဆောက်ပေးနိုင်ရင် ဟုတ်ပြီလို့ထင်နေကြတာ။ ဟိုးရှေးခေတ်က အိမ်ကြီးအိမ်ကောင်းတွေ၊ ခြေတံရှည်အိမ်ကြီးတွေကို တန်ဖိုးထားရကောင်းမှန်း မသိဘူး” ကားဆရာလေးက ရှင်းပြသည်။ ကျနော်က အပြင်ကိုငေးနေမိသည်။
မြို့ပြနှင့် တောရဲ့အလှကို ဆက်စပ်ပေးနိုင်ဖို့က အနုပညာမျက်စိနဲ့ အမြင်လိုသည်။ အတတ်ပညာနှင့် ငွေက နောက်က လိုက်လို့ရသည်။ ဘယ်သူ့မှာအမြင်ရှိလဲ၊ ဒါမေးခွန်းပဲ ကျနော် ထပ်ခါတလဲလဲ မေးမိသည်။
“မယောင်ရာဆီလူး၊ ကြောင်ရေချိုးတဲ့ သူတွေပါကွာ”ဒီလိုအသံတွေကို ပိုပြီးကြားလာရသည်။ ဘဝင်မြင့် သွားသူတွေ၊ ဆောင့်ကြွားကြွား ဖြစ်သွားသူတွေ၊ အတိတ်မေ့ရောဂါ စွဲကပ်သွားသူတွေ နေပြည်တော်မှာ တွေ့ခဲ့ရသည်။
တချိန်တည်းမှာ အဖြစ်မှန်ကိုသိပြီး စိတ်ပျက်လက်ပျက်နှင့် ဒီဇာတ်က ထွက်တော့မည့် သူတွေရဲ့အသံ တွေ၊ ညည်းညူ စိတ်ပျက် သံတွေလည်း စုဆောင်းခဲ့ရသည်။

အာဏာသည် လူကိုရူးသွပ်စေသည်။ Absolute Power သည် ကြောက်စရာကောင်း သည်။ မျက်စိ အမြင်ရော နားအကြားပါ မရှိတော့လျှင် ပိုဆိုးသည်ဟု တွေးမိသည်။ သံဝေဂရစရာဆိုပါတော့၊ ဒါပေမယ့် ကံကြမ္မာကိုတော့ ကျနော်အခဲမကြေပါ၊ သူ့ကို ခွင့်လွှတ်လို့မရ။
နေပြည်တော်လမ်းပေါ်မှာ Luxury ကားတွေ စတွေ့ရသည်။ BMW, Mercedes ဒီလိုကားတွေကို လွန်ခဲ့တဲ့ သုံးလေးနှစ်က သိပ်မတွေ့ရ၊ ရန်ကုန်အခြေစိုက် လူကြီးတွေ နေပြည်တော်မှာ ခြံဝယ်ကြသည်။ အိမ်ဆောက်ကြသည်ဟု ကြားရသည်။
“ရန်ကုန်ကို စိတ်ညစ်လို့” တယောက်က ညည်းသည်။ ဟုတ်ပါသည်။ ဒါကြောင့်လည်း ကျနော် နေပြည်တော်မှာ ခေတ္တလာ ပြီး နေကြည့်တာပေါ့။ “မြေလေးဘာလေး ဝယ်ထားပါလား” မြေဝယ်ဖို့ တိုက်တွန်းသူကို အသိအမှတ် ပြုရသည်။
ဟိုးဘက်က ရှမ်းရိုးမ၊ ဒီဘက်က ပဲခူးရိုးမ၊ မြန်မာပြည်ရဲ့ဗဟိုမှာ ဘယ်ကိုသွားသွား သွားလို့ရသည်။ တကယ်ကို မဟာဗျူဟာကျသော အချက်အချာကျသော နေရာတခု။ တချိန်က ဂျပန်တွေလည်း စခန်းချပြီး စစ်ဌာနချုပ်လုပ်ခဲ့ဖူးသည်။ ကွန်မြူနစ်တွေလည်း ကြီးစိုးခဲ့ဖူးသည်။ အခုတော့ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာကို လက်ဝယ်ရှိသောသူများ၊ အငြိမ်းစားကြီးများ၊ တပ်မတော်စစ်ဌာနချုပ် အပါအဝင် ရုံးစိုက်သောမြို့တော် ဖြစ်ခဲ့ပြီဖြစ်သည်။
စတုတ္ထပိုင်းကို ဆက်လက်ဖော်ပြသွားပါမည်။
ဆက်စပ်ဖတ်ရှုရန်