အပြင်ကနေ ခဲနဲ့ ပေါက်နေသူများ
မနေ့ညက မိုးက သဲသဲမဲမဲရွာထားတော့ မနက်ခင်းမှာ နေပြည်တော်သည် မိုးရေချိုးပြီး သစ်လွင် လန်းဆန်းနေသည်။ ကျေးငှက်တို့၏ တေးသံ၊ သစ်ရွက်စိမ်းစိမ်းစိုစို၊ မရဲတရဲပွင့်လာသော နေခြည် တို့နှင့်အတူ နေပြည်တော်သည် နိုးထနေပြီဖြစ်သည်။
ရန်ကုန်နှင့် နေပြည်တော် မနက်ခင်းမှာ လုံ့လပြိုင်ပြီး နိုးထကြမည်ဆိုလျှင်တော့ နေပြည်တော် ရှုံးနိုင် ပါသည်။ ဒါပေမယ့် နောင် ၁၀ နှစ်ဆိုလျှင်တော့ နေပြည်တော်သည် ရန်ကုန်နှင့်အပြိုင် မနက်ခင်းကို ကြိုဆိုရမည်ဟု ကျနော် သုံးသပ်မိသည်။
နေပြည်တော်မှာ YBS မရှိ၊ တက္ကစီမရှိ၊ ကားဟွန်းသံမရှိ ဒါပေမယ့် မော်တော်ဆိုင်ကယ်တွေကိုတော့ သတိထားရသည်။ တခါတရံ ကျွဲအုပ် နွားအုပ်တွေ လမ်းပေါ်တက်တတ်သည်။ တကယ်တော့ သူတို့ရဲ့ နေရာတွေကို လူတွေက နယ်ချဲ့ကျူးကျော်ခဲ့တာကိုး။
နေပြည်တော်ရဲ့ မနက်ခင်းမှာ မျက်မှန်းတန်းနေကျ သံတမန်တဦးကို ကျနော်တွေ့ရသည်။ မနက်စာ စားရင်း မြန်မာပြည်အကြောင်း ဆွေးနွေးကြတော့ သူက ထူးထူးခြားခြား မြန်မာ့ယဉ်ကျေးမှုကို စိတ် ဝင်စားသည် ဆိုတာ ကိုသိရသည်။
မြန်မာစကားလည်း နည်းနည်းပါးပါး ပြောတတ်သည်။ မြန်မာ့နောက်ခံကို သေသေချာချာ လေ့လာ ထားသည်။ ဒါကြောင့် ဆိုးဆိုးပေပေ မွဲမွဲတေတေ မြန်မာပြည်ကို နားလည်သည်။ ခံစားနားလည် ပေးနိုင်သည်။
“မြန်မာပြည်အကြောင်းကို ငါတို့သံတမန်တွေ ဘယ်လောက် နားလည်သလဲတော့ မသိဘူး၊ သုံးနှစ် လောက် အမှုထမ်းပြီး အိမ်ပြန်တော့မယ်ဆိုရင် ဒီတိုင်းပြည်အကြောင်းကို ဘယ်လောက်သိပြီး ပြန်သွား သလဲ၊ ဒါမှမဟုတ် ရန်ကုန်မှာ ဘယ် Bar က ထိုင်လို့အကောင်းဆုံး ဆိုတာသိပြီး ပြန်သွားလဲ ငါတော့ မပြောတတ်ဘူး” သူက ဒီလိုပြောတော့ ကျနော် သဘောကျသွားသည်။ ကျနော့်မှာလည်း အတွေးလေး တွေ ရှိသည်။ မေးခွန်းတွေရှိသည်။
တခါတုန်းက မြန်မာနိုင်ငံမှာ သာမန်ထက်ပိုပြီး နှစ်အတော်အတန်ကြာ တာဝန်ထမ်းဆောင်သွားသော သံအမတ်ကြီး တဦးကို ကြည့်ပြီး ကျနော်က ကျနော့်ရဲ့ မျက်စိကြီး နားကြီး မြန်မာမိတ်ဆွေကို ကပ် မေးရသည်။

“သူက မပြန်သေးဘူးလား”
ကျနော့်မိတ်ဆွေ ပြန်ဖြေတာကို သဘောကျသွားမိသည်။ “သူတို့က တို့ဆီကိုပို့ရင် Third Grade ပဲ ပို့တာလေ၊ အခြားအရေးကြီးတဲ့ နိုင်ငံတွေဆိုရင် အမေရိကားတို့ UK တို့ ဂျပန်တို့ တရုတ်တို့ အိန္ဒိယ တို့ဆိုရင်တော့ First Grade တွေပို့မှာပေါ့”။ သူ့စကားကြောင့် ကျနော် ဝမ်းနည်းသွားသည်။ တို့နိုင်ငံ က တန်ဖိုးမရှိဘူး၊ အရေးမပါဘူးလို့ ဆိုလိုတာလား။ ဒါကြောင့်ပဲ သူ့ကိုကြာကြာထားတာပေါ့။
ဒီလိုဆိုရင် ကျနော်တို့ကရော သံတမန်တွေ လွှတ်တဲ့အခါမှာ ဘယ် Grade တွေကို လွှတ်နေတာလဲ။ ကျနော်တို့ရဲ့ အရေးကြီးတဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန် အပါအဝင် အရှေ့နဲ့ အရှေ့တောင် အာရှ၊ အရှေ့အလယ်ပိုင်းတွေကို ဘယ်လိုလူတွေ လွှတ်သလဲ။ မေးစရာမေးခွန်း ပေါ်လာသည်။
ရခိုင်အရေးမှာ ကျနော်တို့ကို ဖိအားပေးတဲ့ နိုင်ငံတွေကို ရင်ဆိုင်ဖို့အတွက် သက်လုံကောင်းတဲ့ ခံစစ်မှူး တွေ၊ သံတမန်တွေ ရှိနေပြီလား။ တွေးစရာတွေအများကြီး ရသွားသည်။
တဖက်သတ် အပြောခံရတာကို ချက်နဲ့လက်နဲ့ တုံ့ပြန်မယ့်သူတွေ ဘယ်လောက်ရှိသလဲ။
မြန်မာပြည်အကြောင်းကို ဆွေးနွေးကြပြန်တော့ ကျနော့်မိတ်ဆွေ သံတမန်က ကျနော့်ရဲ့အတွေးကို အကဲခတ်မိပုံရသည်။
“မင်း ရန်ကုန်မှာ ထိုင်နေရင်တော့ ဘာမှသိရမှာ မဟုတ်ဘူး၊ မြို့ပြင်ထွက်လိုက်ရင် နယ်တွေမှာ တိုင်းနဲ့ ပြည်နယ်တွေမှာ အပြောင်းအလဲတွေ အများကြီးတွေ့ရတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ်၊ စီးပွားရေး နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ကုန်စည်စီးဆင်းမှုနဲ့ပဲ ဖြစ်ဖြစ်၊ Mobile Penetration ကိုပဲ ပြော ပြော၊ သတင်းတွေရဲ့ စီးဆင်းမှုတွေအပြင် လူတွေရဲ့ လွတ်လပ်မှုနဲ့ စိတ်ကူးစိတ်သန်းတွေက ရန်ကုန်မြို့ နဲ့ မတူဘူး၊ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်”။
သူက စကားအရှည်ကြီး ပြောချလိုက်ပြီး ကျနော့်ကို သဘောတူ မတူ လှမ်းကြည့်သည်။
ကျနော်က “ဒါကြောင့် ငါလည်း နေပြည်တော်မှာ ခဏလာနေတာပေါ့။ အညာဒေသမှာ၊ ရှမ်းပြည်မှာ၊ ကယားပြည်မှာ၊ မြန်မာပြည်တောင်ပိုင်းမှာ သူ့နေရာနဲ့သူ အပြောင်းအလဲတွေက စိတ်ဝင်စားဖို့ကောင်း ပါတယ်” ဟု သူ့စကားကို ဝင် ထောက်လိုက်သည်။
“တချို့လူတွေက Issue တခုထဲကိုပဲ မြန်မာပြည်မှာ လာလုပ်နေတယ်။ ဒါပေမယ့် မင်းတို့ တိုင်းပြည်မှာ လုပ်စရာ Issue တွေက အများကြီး” ထိုသံတမန်က ပြောလိုက်သည်။
သူပြောလိုက်သော Issue တခုထဲဆိုတာ ဘာကိုဆိုလိုသလဲ ဆိုတာကို ကျနော် သေသေချာချာ သဘော မပေါက်။ ဖြေးဖြေးချင်းစဉ်းစားမှ … သြော်။

“သူတို့လည်း Headquarters က ဖိအားပေးတာ ခံရလို့ မြေပြင်က အခြေအနေတွေကို တင်ပြနေရ တာပါ။ တကယ် တော့ Headquarters က သူတွေက သူတို့နိုင်ငံက လှုပ်ရှားသူတွေ တက်ကြွလှုပ်ရှား သူတွေရဲ့ အသံတွေကိုပဲ တဖက်ပိတ်နားထောင်နေတာ”ဒီလိုပြောတော့ ကျနော် နည်းနည်းတော့ သဘောပေါက်လာသည်။
ထိုသံတမန်က သံတမန်မဆန်စွာပဲ ထပ်ပြီးကျနော့်ကို စိန်ခေါ်နှိုးဆွလိုက်ပြန်သည်။
တကယ်တော့ ဟိုးအရင်ခေတ်က မြန်မာပြည်ကို ပိတ်ဆို့ဖို့ ဒဏ်ခတ်ဖို့ ပြောခဲ့တဲ့အုပ်စုက အခုဆိုရင် ပြည်ထဲကို အများကြီး ပြန်ဝင်လာကြပြီ။ သူတို့လည်း တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲ၊ တိုင်းပြည်ဟာ အခြေအနေ ဘယ်လောက်ဆိုးနေတယ်၊ ဘယ်နေရာတွေမှာ ဝင်ဖြည့် ကူရမယ်ဆိုတာ နားလည်သွား ကြပြီ။ Institution တွေ ယိုင်လဲနေတယ်ဆိုတာ မြင်ကြတယ်။
ကျနော်က ခေါင်းငြိမ့်လိုက်သည်။ ဟိုတယ်က လက်ဖက်ရည်တအိုးထပ်မှာပြီး သူ့စကားကို သေသေချာချာမှတ်သားဖို့ ကိုယ်ဟန်ကိုပြင်ရသည်။
ဧည့်သည်အသစ်တွေ Reception ကို ဝင်သွားတာ တွေ့လိုက်ရသည်။ ဟိုတယ်မန်နေဂျာလေးက ကျနော်တို့ကို Morning ဆိုပြီး သေသေချာချာ လာနှုတ်ဆက်သွားသည်။ ပြီးတော့ တခြားဝိုင်းကို ကူးပြီး ဘာတွေလိုအပ်ပါသလဲ၊ နေထိုင်ရတာ အဆင်ပြေရဲ့လား မေးနေသည်။
“အပြင်မှာ Campaign လုပ်နေတဲ့သူတွေ၊ Lobby လုပ်နေတဲ့သူတွေဟာ မြန်မာပြည်ပွင့်သွားတော့ သူတို့ရဲ့ Interest တွေ၊ သူတို့ရဲ့ သြဇာတွေ၊ သူတို့ရဲ့ ထိန်းချုပ်မှုတွေ ပျောက်သွားမှာကို စိုးကြတယ်”။ သံတမန်က စကားကို အားပါးတရ ဆက်သည်။
သူပြောသော Campaign လုပ်သူတွေထဲမှာ မြန်မာတွေ နိုင်ငံခြားသားတွေပါသည်။ တချို့ကို ကျနော် တွေ့ဖူးသည်။
သံတမန်ပြောချင်တာက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နေပြီလို့ ဆိုလိုတဲ့သဘော။ သူတို့က မြန်မာပြည်ကို ကျောက်ခေတ်ထဲ ပြန်ပို့ချင်နေတဲ့သူတွေ။ မြန်မာပြည်ကို အမှောင်ခေတ်ထဲ ပြန်သွင်း ချင်တဲ့ သူတို့ရဲ့သဘောဟု ကျနော် နားလည်လိုက်သည်။ သူတို့က အိမ်ကို အပြင်ကနေ ခဲနဲ့ပေါက်နေ သူတွေ ဖြစ်သည်။
“ဒါဆို သူတို့ကမှ ပြောင်းလဲဖို့ကို ကြောက်တဲ့ အကြောက်တရားကြီးတဲ့သူတွေပေါ့”။ ကျနော်က ငြိမ်နေရာမှ သံတမန် ကို မေးခွန်းထုတ်လိုက်သည်။ သူက ခေါင်းကိုတချက်ငြိမ့်လိုက်သည်။
“အထဲမှာ တကယ့်အကျဉ်းအကျပ်ထဲက ရှေ့ကိုရွေ့ဖို့ ကြိုးစားနေတဲ့သူတွေကမှ ချီးကျူးလေးစားဖို့ ကောင်းတာ၊ အပြင်ကအော်ရတာ လွယ်ပါတယ်”
စားပွဲပေါ်က မနက်စာကို တချက်စားလိုက်ပြီး ပုခုံးတွန့်ပြသည်။ “ဒါပေမယ့် မြန်မာပြည်က သံတမန် တွေထဲမှာ မြန်မာပြည်ကို စေတနာထားပြီး အလုပ်လုပ်ပေးချင်သူတွေ ရှိပါတယ်၊ သူတို့က မင်းတို့ မြန်မာပြည်ကို လက်လျှော့ အရှုံးပေးသွားမှာ မဟုတ်ပါဘူး” ဟု ဆိုလိုက်သည်။
ဟိုတလောက မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံရဲ့ သံရုံးတရုံးမှာ သွားဆန္ဒပြသော လူတချို့ရဲ့ သတင်း ကိုဖတ်ရသည်။ မြန်မာကို ဖိအားပေးဖို့ဖြစ်သည်။ သူတို့က အမေရိကန်သမတ Trump ကို မြန်မာ အပေါ်မှာ အရေးယူဖို့ တောင်းဆို ကြသည်။
“ရူးများနေသလား မသိဘူးနော်” ကျနော့်မိတ်ဆွေက ကရုဏာသဘောနဲ့ မေးသည်။ “သူ့နိုင်ငံမှာတောင်
He is ‘Unfit’ to Govern ဆိုပြီး ဒီရာထူးနဲ့ မထိုက်တန်ဘူး၊ ဒီ သမ္မတကို စိတ်ပိုင်းဆိုင်ရာကအစ စစ်ဖို့ ဆော်သြနေကြတာ ကျနော်တို့နိုင်ငံက လူတချို့က သူ့ကိုသွားပြီး တောင်းဆိုနေကြတယ်” ဟု ပြောသည်။

ကျနော်က ပြုံးမိသည်။ Trump ကိုတော့ Uncle ကတော့ No ပါကွယ်ဟု ဆိုရမည်ထင်သည်။ သူကလည်း စိတ်မဝင်စားပါ၊ ကောင်းပါသည်။ စီးပွားရေးအရဆိုလျှင်တော့ စိတ်ဝင်စားမည်။
ကိုယ်ကလည်း ခဲနဲ့ အပေါက်မခံရအောင်၊ လေးစားအောင် နေတတ်ဖို့လိုပါသည်။ မစော်ကားအောင် နေမှ တော်ကာ ကျမည်။ အဲဒီလိုမျိုး ခဲနဲ့ပေါက်တာကို ခံစားဖူးပါသလား။ ဘယ်လိုတုံ့ပြန်ဖို့ ကြိုးစား သလဲဟု သိချင်သည်။ ကျနော် ကတော့ မကြုံဘူး။
မိတ်ဆွေတယောက်ရဲ့အိမ်မှာ သီချင်းတွေ ဆိုကြတော့ ဝိုင်းဖွဲ့ကြသည်။ နာမည်ကြီး အဆိုတော် တယောက်ရော ဝါသနာအိုးတွေပါ ပါကြသည်။
၂ နာရီလောက် စိတ်ရှိလက်ရှိ အော်ပြီးချိန်မှာတော့ ခဲတွေကျလာသည်။ ဝါသနာအိုးက စိတ်ဆိုးသည်။
အဆိုတော် ကတော့ ခပ်ပြုံးပြုံး။ သူက အရေထူသည်။
“လာ ထွက်ရှာမယ်ကွာ” ဝါသနာအိုးက လိုက်ကြည့်သည်၊ မတွေ့။ နောက်နေ့ စုံစမ်းကြည့်တော့ ရွာထဲက စိတ်မနှံ့သူတဦးက အားပေးသွားခြင်းဟု သိရသည်။
ရွာထဲမှာ စိတ်မနှံ့သူဆိုတော့ ကမ္ဘာ့ရွာကြီးမှာ စိတ်မနှံ့သူတွေ အပုံအပင်၊ အကျိုးစီးပွားထိခိုက်မှာကို စိုးရိမ်သူတွေ ဒုနဲ့ဒေးပေါ့။ မြန်မာသည် မြေနိမ့်ရာ လှံစိုက်ခံရတဲ့ဘဝ။
“မြန်မာတွေကလည်း ဘယ်သူဘာဆိုတာ သိပါတယ်” ဟု ကျနော်က ဝင်ပြောလိုက်သည်။ “ဘယ်သူတွေ က ဘယ်လိုအကျိုးစီးပွားနဲ့ သူတို့ရဲ့ Agenda တွေက ဘာတွေလဲဆိုတာ သိပြီးသားပါ။
ဒါကြောင့် ကျနော်တို့ရဲ့ တိုင်းပြည်ကို ခွန်အားရှိစေချင်တယ်။ ချမ်းသာကြွယ်ဝစေချင်တယ်။ စော်ကား ခံရတာကို အချက်ကျကျ ပြန်ပြောနိုင်ဖို့ ခံစစ်မှူး၊ တိုက်စစ်မှူးတွေလိုတယ်” ဟု ကျနော်က ပြောလိုက် သည်။
ထိုနေ့က နေပြည်တော် မနက်တွင် ကျနော့်မိတ်ဆွေ သံတမန်ကြီးနှင့် ကျနော့်အကြား ငြင်းစရာသိပ် မရှိ။ ညမှာ ထိုင်သောက်ဖို့ချိန်းရင် မနက်ခင်းကို အဆုံးသပ်လိုက်တော့သည်။
ဆဋ္ဌမပိုင်းကို ဆက်လက် ဖော်ပြသွားမည်
ဆက်စပ်ဖတ်ရှု့ရန်