ဆင်ဖြူတော်ကြီးနှင့် တွေ့ဆုံခြင်း
နေပြည်တော်မှာနေစဉ် “စာဖတ်သူကြီး” တည်ထားခဲ့သော ဥပ္ပါတသန္တိ စေတီတော်ကြီးကိုလည်း သွားဖူးရသည်။
လပြည့်နေ့ဆိုတော့ ဘုရားဖူးများနှင့် စည်ကားနေသည်။ အာဏာရှင်ဟောင်း ဦးနေဝင်းက ရွှေတိဂုံ စေတီနားမှာ ကပ်၍ တည်ခဲ့သော မဟာဝိဇယ စေတီတော်ကြီးကို သတိရမိသည်။ ရှေးမင်းအဆက် ဆက်က ဘုရားပုထိုး တည်ခဲ့ကြသည်။
အာဏာရှင် ဦးနေဝင်းလည်း သူထွက်ခါနီးမှာ မဟာဝိဇယကို တည်ခဲ့သည်။ နိုင်ငံရေးမုန်တိုင်း တိုက် ခတ်သည့် အခါကျတော့ စေတီတော်လည်း ထည့်သွင်းဝေဖန်ခံရတဲ့အထဲ ပါသွားသည်။
စာဖတ်သူကြီးရဲ့ စေတီကတော့ နေပြည်တော်မှာ ထီးတည်းကြီးဆိုတော့ စည်ကားသည်။ စေတီပြီးချိန် အာဏာလွှဲချိန် တိုင်းပြည်ပွင့်တဲ့အချိန် သွားတိုက်ဆိုင်တော့ နိုင်ငံရေးမုန်တိုင်းထဲမှာ မပါခဲ့။ အနည်း အကျဉ်းတော့ အဖျားအခတ်ခံရတာလောက်ပဲ ရှိသည်။
တကယ်တော့ ဝင်ပြီးရင် ထွက်တတ်ဖို့လည်းလိုသည်။ ကိုယ်ထွက်ရမယ့်အချိန်ကိုလည်း သိဖို့လိုသည်။ ဒါက သင်ခန်းစာတခု။
စေတီကြီးရဲ့ဘေးက ဆင်ဖြူတော်တွေကတော့ အချိန်မှန်မှန်စားသောက် ပြုစုကျွေးမွေးထား လို့လား မသိ အားလုံး ကျန်းကျန်းမာမာ တွေ့ရသည်။ အရင်စစ်အစိုးရခေတ်ကမိတဲ့ ဆင်ဖြူတော်နှင့် ပတ်သက် လို့ ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက Albino တွေလို့ ပြော လိုက်တာ မှတ်မိသွားသည်။
ခရုသင်းစွဲနေတာပါလို့ ဆရာကြီးက ပြည်ပရေဒီယိုကို ပြောကြားလိုက်ခြင်း၊ ရဲရဲဝံ့ဝံ့ပြောချလိုက်ပေမယ့် ယုံကြည်တဲ့ သူတွေဖက်ကတော့ နာသွားလိမ့်မည်။
သမတဦးသိန်းစိန် လက်ထက်မှာလည်း ဆင်ဖြူတော် ရှာဖွေတွေ့ရှိသည်။ ဆင်ဖြူတော်နှင့် မြန်မာပြည် မှာ ကျားကုတ်ကျားခဲ ရှာဖွေနေရတဲ့ ငြိမ်းချမ်းရေးကို ချိတ်ဆက်ကြသည်။ ဆင်ဖြူတွေ့တာ မြန်မာပြည်တဝှမ်း ငြိမ်းချမ်းရေးရမယ့် အတိတ်တဘောင်၊ ဒီလိုဆိုကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခွင့်ရခဲ့သည်။ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ မရ၊ ဆင်ဖြူတော်နဲ့ ငြိမ်းချမ်းရေး ကျနော် ဆက်စပ်လို့မရ။ တော်သေးသည်၊ ဆင်ဖြူရှင်ဘွဲ့ မပေး လိုက်လို့။ ဆင်ဖြူရှာရတာ လွယ်ဦးမည်၊ ငြိမ်းချမ်းရေးကတော့ ရှာလို့မရ၊ အစပျောက်နေပြီ ဖြစ်သည်။
ဒီဘက်ခေတ်မှာလည်း ငြိမ်းချမ်းရေးစေတီ တည်တာတွေ့ရသည်။ သေနတ်သံတွေ၊ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပိုပြင်းထန်လာသည်။ ငြိမ်းချမ်းရေးကို တဦးတယောက်ထဲက မှတ်ပုံတင်ထားလို့မရ၊ ပြည်သူပြည်သားတွေအားလုံး ပါဝင် ခွင့်ရမှ Political Will ရှိမှ၊ တိုင်းရင်းသားတွေ လိုချင်နေတဲ့ တန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်။
ဒီနေရာမှာ ငြိမ်းချမ်းရေးရဲ့အောက်မှာ တိုင်းရင်းသားဒေသတွေရဲ့ တည်ငြိမ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦတွေ ဖြည့်ဆည်းကူညီရေး၊ ပြည်မက ပြည်သူပြည်သားတွေက တိုင်းရင်းသားတွေရဲ့ ဘဝခံစားချက်၊ အိပ်မက်တွေကို နားလည်ဖို့လိုသည်။
ပေါင်းကူးတံတားတွေ များများထိုးရမည်။ တံတားတွေကို ဖျက်ဆီးပစ်လို့မရ။ နေပြည်တော်က စားပွဲခုံကြီးတွေပေါ်မှာ တောင့်တောင့်ကြီးထိုင်ပြီး စကားပြောဆွေးနွေးနေရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်။ အကြောလျှော့ရမည်။ ယုံကြည်မှု တည်ဆောက်ရမည်။
တိုင်းရင်းသားတွေက ယုံပြီဆိုရင် သူတို့ ပြန်မပြင်။ ပုဂ္ဂိုလ်အပေါ်မှာ တည်ဆောက်ကြသည်။ တိုင်းရင်းသားကို နားလည်ဖို့လိုသည်။
ပင်လုံစာချုပ်အကြောင်းကို ဒီဘက်အစိုးရခေတ် တော်တော်ပြောကြသည်။ ဆင်ဖြူတော်အကြောင်း မပါပါ။
ငြိမ်းချမ်းရေးစေတီလည်း မပါပါ။ ပင်လုံစာချုပ်ကို ချုပ်ခဲ့စဉ်က လက်မှတ်ထိုးခဲ့သော တိုင်းရင်းသား လူကြီးလူကောင်း ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေအနေနှင့် ဒီနေ့ ၂၁ ရာစု မြန်မာနိုင်ငံ ကြုံတွေ့ရင်ဆိုင်နေရသော အခြေအနေသည် ဘာမှမဆိုင်တော့။
ဒီနေ့ခေတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက လက်နက်အင်အား၊ ငွေကြေးအင်အား တောင့်တင်းနေကြပြီ ဖြစ်သည်။ Warlords တွေက ခပ်များများ၊ တချို့ကတော့ ဓားပြကနေ သူပုန် ဖြစ်သွားကြသည်။ သူပုန်ပြီးတော့ တပ်ထောင်ကြသည်။
စီးပွားရေးလုပ်ငန်းများအပြင် မူးယစ်လုပ်ငန်းများမှာလည်း တချို့က ပါဝင်ပတ်သက်နေကြပြီ ဖြစ်သည်။
ဘေးပတ်ဝန်းကျင် နိုင်ငံကြီးငယ်များ၏ သြဇာသက်ရောက်မှုများ ဝယ်ယူထားမှုကိုလည်း ခံနေရ ပြီဖြစ်သည်။ သူတပါး သြဇာခံတွေ ဖြစ်ကုန်ပြီ။ သူတို့ ကိုယ်ပိုင် မဟုတ်တော့။
ဗိုလ်ချုပ်ခေတ်က ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးချိန်မှာ ဒါတွေထည့်သွင်း စဉ်းစားစရာမလို၊ ပြည်မနှင့် တောင်တန်း ကို သွေးခွဲသော နယ်ချဲ့ ဗြိတိသျှကိုတော့ ထည့်စဉ်းစားရသည်။
ယခုတော့ ဇာတ်ခုံပေါ်မှာ လူကြမ်းတွေရော၊ မင်းသားတွေရော၊ ဘီလူးတွေရော၊ သရဲတွေရော၊ မြေဖုတ် ဘီလူးတွေပါ ငြိမ်းချမ်းရေး မြိုင်ထတေးသွားကို အသံဝါကြီးများနှင့် ဆိုနေ ကနေကြပြီ ဖြစ်သည်။
သေနတ်က တရမ်းရမ်း သွေးဆာ နေကြသည်။ သေနတ်သံတွေ၊ ဗုံးသံတွေ၊ ရဟတ်ယာဉ်နဲ့ တိုက် လေယာဉ်ပျံတွေ၊ စနိုက်ပါတွေကြားမှာ ငြိမ်းချမ်းရေး ချိုးငှက်သည် သွေးအလူးလူးနှင့်။
စေတီပေါ်ကဆင်းတော့ ဘုရားဖူးတွေ၊ လူငယ်လူရွယ်တွေ တက်လာတာကို တွေ့ရသည်။ သူတို့ လက်ထဲကဖုန်းတွေနဲ့ ဟိုရိုက်သည်ရိုက်၊ သူတို့ကိုယ်သူတို့ပြန်ရိုက်၊ ကလေးငယ်လေးက သူ့ရဲ့အမေ ခပ်ချောချာ ခပ်ငယ်ငယ်လေးကို ချီခိုင်း နေတာတွေ့ရသည်။
ဒီဘက်ခေတ်မှာ အဆင်လေးတွေက ဆန်းလာသည်။ မြန်မာမလေးတွေ ပိုပြီးဝတ်တတ်လာသည်။ ဒါက ရန်ကုန်မှာ မျက်စိစားပွဲထိုင်သူများအုပ်စုက ခိုင်လုံသောသတင်း။
ရွှေတိဂုံဘုရားပေါ်ကို ရောက်လျှင် ဘုရားအောက်မှာရှိသော ကိလေသာတွေ၊ လောဘဒေါသ တွေ၊ အပူတွေ မရှိတော့ဘဲ အေးမြတဲ့ Vibration ကို ခံစားရတာကို သွားသတိရသည်။
ဘုရားရိပ် တရားရိပ်ဆိုတာ ဒါမျိုးပေါ့။ တခုပဲရှိသည်။ ရွှေတိဂုံတက်တိုင်း သတိထားမိတာကတော့ ရှေးဟောင်း ဘုရားပုထိုး စေတီတွေကို ပြင်ချင်တိုင်းပြင်၊ ပေါ်လစီမရှိဘဲ လုပ်ချင်တာ လုပ်နေတာ ကို တော့ တားသင့်ပြီဖြစ်သည်။ တားတော့တားရမည်။
တားရမည့်သူတွေကလည်း ဘုရားထက်ကြီးတဲ့ “ဘုရားလူကြီး” တွေ။ ပြီးတော့ ငြိမ်းအေးသော စေတီ ရင်ပြင်ပေါ်မှာ လော်စပီကာတွေ ဖွင့်တဲ့ကိစ္စ။ ငြိမ်းအေးမှုကို လာရှာတဲ့သူတွေ၊ ဘုရားကိုလာဖူးတဲ့သူ တွေကို မနှောက်ယှက်သင့်။ ဘယ်လို တရားရှာလို့ရမှာလဲ။
ကျနော်အပြန်မှာ ဆင်ဖြူတော်တွေကို ဝင်ကြည့်သည်။ အားလုံး နေရေးထိုင်ရေး အဆင်ပြေပါသည်။ သူတို့ ရေခမီးခ၊ မီတာခ မပူရပါ။ ဆင်ဖြူတော်မှီပြီးကြံစုပ် ဆိုသည့် မြန်မာစကားပုံကို သွားသတိရ သည်။
ပြီးတော့ White Elephant Project ဟုခေါ်ကာ ဆင်ဖြူတော် စီမံကိန်းများအကြောင်း၊ ပြီးတော့ ဘာကြောင့်မှန်းမသိ သီပေါမင်း ပါတော်မူတော့ သူ့ရဲ့ဆင်ဖြူတော်ကြီးလည်း သေသွားသည့်အကြောင်း ခေါင်းထဲရောက်လာသည်။
ဆင်ဖြူတော်သေတော့ အတိတ်တဘောင် ကောက်သူတွေက ကောက်ကြသည်။ တကယ်တော့ ဆင်ဖြူတော်ကို အစာမကျွေးလို့ သေဆုံးသွားခြင်းသာ ဖြစ်သည်။ ဆင်ထိန်းတွေလည်း ထွက်ပြေးကြ တာကိုး။ ဆင်တွေက တနေ့တနေ့ တန်နဲ့ချီပြီး စားနိုင်သည်မဟုတ်ပါလား။
သီပေါမင်းရဲ့ ဆင်ဖြူတော်ကြီးသေချိန်မှာ မန္တလေးနန်းတော်ကြီးထဲက အဖိုးတန်ပစ္စည်းတွေကို နယ်ချဲ့ ကုလားဖြူတွေ က လုယူကြသည်၊ ခိုးကြသည်၊ ဖျက်ဆီးကြသည်။ ဇနပုဒ်ကလူတွေလည်း ဝင်လုကြ သည်။ ကိုလိုနီရဲ့ အရုဏ်ဦးသည် မလှပပါ။
Sudha Shah ရဲ့ The King in Exile စာအုပ်မှာ ဖတ်ဖူးတာ သွားသတိရသည်။
မြန်မာ့သမိုင်း အစဉ်အလာ နှင့် ဆင်ဖြူတော် ရတနာများဆိုသည့် စာအုပ်မှာတော့ ရန်ကုန်တိရစ္ဆာန် ရုံရောက် သီပေါ မင်း ဆင်ဖြူတော် မုန်ယို လာသည့်အတွက် ၁၉၀၈ ခုနှစ်မှာ သေနတ်ဖြင့် ပစ်သတ်လိုက်ရသည်လို့ ဆိုထားသည်။ မည်သို့ပင်ဖြစ်စေ ဇတ်သိမ်းမကောင်းချေ။
သီပေါက ဘုရားတရား ကြည်ညိုသူ၊ မင်းသားတွေထဲမှာ လူအေး၊ ဉာဏ်ရည်ထက်မြက်သူတော့ မဟုတ်။
ဒါပေမယ့် ဗြိတိသျှက သူတို့မသိမ်းခင်မှာ သူတို့နိုင်ငံတွေရဲ့ မီဒီယာတွေမှာ သီပေါမင်းကို သေရည် အရက်သမား၊ ကဇော်သမား၊ မြာပွေသူ၊ လူသတ်သမားဟု ပုံဖျက်ရေးခဲ့ကြပြီး အထက်မြန်မာပြည်ကို သိမ်းဖို့ လှုံ့ဆော်ရေးခဲ့သည်ကို စာအုပ်ထဲဖတ်ရသည်။
ဒါမျိုးတွေအခုအထိ ကမ္ဘာအရပ်ရပ်မှာ ရှိနေဆဲမဟုတ်ပါလား။ မြန်မာကိုလည်း အခုအချိန်အထိ ဟုတ်တာတဝက် မဟုတ်တာတဝက်ရေးပြီး အပုပ်ချခံနေရဆဲဖြစ်သည် မဟုတ်ပါလား။ ဆရာကြီး ဒေါက်တာသန်းထွန်းက မအ အောင် သမိုင်းကိုသင်ဖို့ ပြောသည်။ ဒါပေမယ့် ကျနော်က ခါးပြတ် နေပြီဟု စိုးရိမ်မိတော့သည်။
ကျနော့်မိတ်ဆွေတချို့က INGO နယ်ထဲမှာ မီဒီယာနယ်ထဲမှာ ကျင်လည်ကြသည်။ သူတို့က သူတို့ရဲ့ Staff တွေကို အားမရကြောင်း ပြောပြသည်။ “ဝမ်းစာ အရမ်းအားနည်းတယ်ဗျာ” ဒီလိုဆိုကြသည်။
“တချို့က ကိုယ့်သမိုင်းတောင် ကိုယ်မသိဘူး၊ ဒါပေမယ့် နိုင်ငံခြားသားဆို ဘာပဲဖြစ်ဖြစ် လွှတ် အထင် ကြီးတယ်။ သူတို့လေးတွေကို တချို့က ဦးနှောက်ဆေးလို့ လွယ်တယ်လို့ မြင်သွားကြတယ်” နောက်တယောက်ကတော့ ဒီလိုပြောသည်။
“ခါးရိုးမဲ့တဲ့ သတ္တဝါလေးတွေ ဖြစ်ကုန်တယ်”။ “ကျမတို့က ပညာလည်းမဲ့၊ ဝမ်းစာလည်းမဲ့၊ ဓနလည်း မရှိတော့ ဝယ်ရတာ ဈေးပေါတာပေါ့ရှင်” တယောက်က ညည်းညူသည်။
“သူတို့ကပဲ Lecture ပေးချင်တာ၊ နားထောင်ချင်တာ မဟုတ်ဘူး”။ ဒီလိုပြောကြသည်။ ဈေးဗန်းခင်း သူကလည်း ခင်းတာကိုး။
“သူတို့က ငါးပိလည်း မစားဖူးဘူး။ ဒိန်ခဲကိုက်ပြီး မွေးလာတာလေ” ကျနော့်သူငယ်ချင်းက ကျီစယ် သည်။
“တိုင်းပြည်ကို ရောင်းစားတဲ့ သူတွေ” နောက်တယောက်က တူးတူးခါးခါး အပုပ်ချသည်။ “ဘယ်ပိဿာ ချိန်နဲ့လဲဗျ” ကျနော်ကဝင်ပြီး အရွှန်းဖောက်သည်။
ကျနော်မြင်တာကတော့ နိုင်ငံတော်သည် ချွတ်ခြုံကျနေသည်။ ခေါင်းဆောင်သည် သူ့ရဲ့ Comfort Zone လေးထဲမှာချည်း နေလို့မရ။ အားလုံးကောင်းပါသည်ခင်ဗျား ခေတ်မဟုတ်တော့။
သူများ ၁၀ လှမ်းဆိုလျှင် ကျနော်တို့က ခြေလှမ်းကျဲကျဲနှင့် အလှမ်း ၅၀-၁၀၀ လောက် လှမ်းနိုင်ရမည်။ အပြေးလိုက်ရ တော့မည်။ စင်ကာပူမပြောနဲ့ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တိုမှီရင် ကံကောင်း။
၁၉၇၀ တုန်းက မြန်မာသည် စစ်ဖြစ်နေသော ဗီယက်နမ်၊ လောနှင့် ကမ္ဘောဒီးယားကို ထိုင်ကြည့်နေ လို့ရသည်။
ဒါပေမယ့် သူတို့တတွေ ပဋိပက္ခတွေရပ်ပြီး တည်ဆောက်ရေးဘက်ကို ခြေလှမ်းပြင်ချိန်မှာ ကိုယ်က နွံထဲမှာနစ်နေပြီ။
မြန်မာသည် တော်မလိုလိုနှင့် ချော်သည် ရှော်သည်ဟု ဆိုရမည်။ ဒီလို အတွေးတွေနှင့် နေပြည်တော် စေတီကြီးပေါ်က ဆင်းသည်။ Mt Pleasant Hotel ကို သွားပြီးထိုင်သည်။ ဘီယာတခွက် မှာသောက်သည်။ ဆိုင်မှာ လူတယောက်မှမရှိ။
စားပွဲထိုးလေးတွေ တဒါဇင်ခန့် အလုပ်အားနေကြသည်။ Reception သည် ဟာလာဟင်းလင်း။ “တော်တော်လှတဲ့ View ပဲနော်” အတူပါသူက ဆိုသည်။
တောင်ပေါ်ကမြင်ကွင်း၊ နေပြည်တော်သည် အနာဂါတ်မှာ ပိုပြီးနေချင့်စဖွယ် ဖြစ်နိုင်သည်။
ဗေဒင်ဟောစာတမ်းတော့မဟုတ်၊ မင်းဘယ်နှစ်ဆက် စိုးစံမလဲတော့မသိ။ “စာဖတ်နေသူကြီး” ဒီနေရာ ကိုရွေးခဲ့တာ မှန်တယ်နော်။ တပ်မတော်အရာရှိဟောင်းတဦးက ကြွားဖူးတာ သတိရသည်။ နေပြည်တော်ကြီး ဘယ်လောက်အထိ တည်မလဲမသိ။
သမိုင်းကိုပြန်ကြည့်တော့ အင်းဝ၊ ရွှေဘို၊ အမရပူရ၊ မန္တလေး … ကျနော်တို့ အဆက်အဆက် ပြောင်းခဲ့သည်။
ကုန်းတွင်းပိုင်းကိုပဲ ရွှေ့ခဲ့သည်။ ကုန်းတွင်းပိုင်းသတ္တဝါများ ဖြစ်သွားကြသည်။ ရေနားနီးစပ်ကို ကျနော်တို့ ဘိုးဘေးဘီဘင်တွေ ကြောက်ကြသည်။ တကယ်တော့ ရေပြင်ကို စိုးမိုးသူတွေက နယ်ချဲ့သွားခဲ့ကြတာ မဟုတ်ပါလား။
ဒီနေ့တော့ တိမ်ကနည်းတော့ အပေါ်စီးကနေ နေပြည်တော်ကြည့်ရသည်မှာ အပြည့်အဝ ခံစားလို့ ရသည်။
ရေခဲစိမ်ဘီယာသည် အေးမြမြနှင့် နေပြည်တော်တဝိုက် ဒီနေ့တော့ သာသာယာယာ ရှိသည်ဟုတော့ ခံစားရပါသည်။
အပိုင်း (၇) ကို ဆက်လက်ဖော်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်