စိတ်ဒဏ်ရာထဲက နေပြည်တော်
နေပြည်တော်ရဲ့ စတုတ္ထမြောက်နေ့မှာ ကျနော် ပျင်းရိစပြုလာပါပြီ။ ညစ်ပတ်ပေရေနေသော ရန်ကုန်မြို့ ပျက်ကြီးကို ပြန်ပြီးလွမ်းလာသည်။
လမ်းပေါ်က ရောင်စုံထီးလေးတွေ၊ ပန်းဆိုးတန်းက ထိုင်နေကျဘား၊ RTH က အုန်းနို့ခေါက်ဆွဲ၊ မခို့တရို့အပြုံးနှင့် ကောင်မလေးတွေ။ မိမိကိုယ်ကို အံ့သြမိသည်။
စိတ်၏သဘော။ သုံးရက်မြောက် လေးရက်မြောက်မှာ သွားစရာမရှိတော့။ ဒါပေမယ့် နေပြည်တော်မှာ အခြေချ နေထိုင်သူတွေ၊ ပြောင်းရွှေ့နေထိုင်လာသူတွေကတော့ ပျော်ကြသည်။ စိတ်ချမ်းသာကြသည်။ ရန်ကုန်နှင့် ဝေးလေကောင်းလေ။
“ရန်ကုန်မှာက ခွေးလေခွေးလွင့်တောင် ကောင်းကောင်း မထိန်းနိုင်ဘူး” မိတ်ဆွေက ဆိုသည်။ လူနဲ့ ခွေး ခင်ဗျား ဘယ်သူ့ကို ရွေးမလဲ။
တကယ်တော့ နေပြည်တော်မှာ လူတွေစုံသည်။ နိုင်ငံရေး အသိုင်းအဝိုင်းကလည်း စုံသည်ဟု ဆိုရမည်။ အရောင်အသွေး စုံလှသည်။ ပြုံးစရာ ထေ့စရာလေးတွေလည်း ရှိသည်။
ရန်ကုန်မှာ ကျနော်နဲ့ခင်သော သမိုင်းဆရာလေးနှင့် ဒီကိုမလာခင်တွေ့တော့ ထိုသမိုင်းဆရာ ကိုလူချောက ဒီလိုပြောပြသည်။ “နေပြည်တော်မှာတော့ Trauma ဖြစ်နေတဲ့သူတွေ များတယ်လေ” သူ့စကားကို ကျနော် သဘောကျသွားသည်။ စိတ်ဒဏ်ရာရနေတဲ့ သူတွေများတယ်ဟု သူကဆိုလိုခြင်း။
“လင်းစမ်းပါဦး”
ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရသူတွေ၊ နေအိမ်အကျယ်ချုပ် နေခဲ့ရသူတွေ၊ ညှင်းပမ်းနှိပ်စက် ခံခဲ့ရသူတွေ၊ ပြည်ပက ပြန်ဝင်လာသူတွေ အများကြီးရှိတယ်လေ။ သူတို့တွေထဲက တချို့က အာဏာရသွားကြပြီ။
သူတို့အားလုံးမှာ မိသားစုပြဿနာတွေ၊ သားကွဲ မယားကွဲ မိဘတွေနဲ့ကွဲပြီး နေခဲ့ရတာတွေ Trauma တွေနဲ့ နေခဲ့ကြရတာ။
ကျနော်က ဆက်စပ်ပြီးတွေးကြည့်သည်။ ဒါဆို တဖက်မှာလည်း တိုင်းပြည်ကို နှစ်ပေါင်းများစွာ လက်နက်နှင့် အာဏာနှင့် အုပ်ချုပ်ပြီး နေလာခဲ့တဲ့သူတွေ ရှိသည်။
အငြိမ်းစားယူပြီး အေးအေးလူလူ နေသွားသောသူတွေ ရှိသည်။ တရားကို ရှာနေသောသူတွေ ရှိသည်။ သွားလေသူကြီးတွေလို နောက်ဆုံးအချိန်ကျမှ ဇာတ်သိမ်းမလှမှာကို ကြောက်နေသူတွေ ရှိသည်။
ထမင်းလုံးတစ္ဆေ ခြောက်နေသူ တွေ ရှိသည်။ စွန့်လွှတ်ခဲ့ရတာတွေကို ပြန်ရဦးမလားဆိုပြီး တွေးတော ပူပန်နေသူတွေ ရှိသည်။ ရှေ့တန်းစခန်းတွေမှာ လက်နက်ကိုင်တိုက် ဘတပြန်ကျားတပြန် နပန်းလုံး ခဲ့သူတွေ ရှိသည်။
တောင်ကုန်းတကုန်းကို သိမ်းရင်း လူပေါင်းများစွာကို သတ်ဖို့ အမိန့်ပေးခဲ့သူတွေ ရှိသည်။ အရှင်မိ လာတာကို မကြားချင်ဘူး ဆိုပြီး စက်ပေါ်က ညွှန်ကြား ပြောခဲ့သောသူတွေ ရှိသည်။ တချို့ကတော့ အခုအချိန် ဘီးတပ် ကုလားထိုင်ပေါ်မှာ … ရှိသည်။ … ရှိသည်။ … ရှိသည်။
ဒီတော့ ကျနော်က သမိုင်းဆရာ ကိုလူချောကို မေးရသည်။ “ကျနော်တို့တော့ Psychiatrist (စိတ်ရောဂါ အထူးကု ဆရာဝန်) တွေ များများလိုတာပေါ့”။ သူက ဟက်ခနဲရယ်ပြီး … “ဒါတော့ မသိဘူး၊ ပြဿနာတော့ ရှိတာသေချာတယ်”။
ကျနော် နားလည်တာကတော့ အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဆရာဝန်နဲ့ တွေ့ခြင်းသည် ထမင်းစား ရေသောက် ဖြစ်သည်။ တချို့ဆိုလျှင် တလတခါ Counselling လုပ်ကြသည်။ ဒီမှာတော့ Psychiatrist နှင့် တွေ့ပါဆိုလျှင် သူ့ကိုရူးနေပြီထင်သည်ဟု ကြားဖူးပါသည်။
တကယ်တော့ ဒီလိုမဟုတ်ပါ။ ကျန်းမာရေးအရ Psychiatrist နဲ့ တွေ့သင့်ပါသည်။ ညနေခင်းလည်း အဖျော်ယမကာ မှီဝဲသင့်ပါသည်။ ဝိနည်းနဲ့တော့ သောက်ပေါ့နော်၊ ပုလင်းလေးတွေလှလို့ ဝယ်သောက် ရင်း ဖောပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားသူတွေ များလှပြီ။
“ဟေ့လူ … တွေးလှချည်လား”
မိတ်ဆွေက လှန့်လိုက်တော့မှ အတွေးပင်လယ်ထဲက ကျနော် ပြန်နိုးလာသည်။
“ကျနော်တို့က Traumatized ဖြစ်နေတဲ့ Society ကြီးပေါ့ဗျာ” ဒီလိုပြောတော့ မိတ်ဆွေက ကျနော့်ကို အူတူတူ ကြည့်သည်။ “နေပြည်တော်ကို ပြောတာလား။ မတည့်အတူနေတွေ စုနေသောနေရာကို ခေါ်သည်ပေါ့ဗျာ”။
“ဒီမှာက အပျော်တွေကို ဖျက်မယ့်သူတွေက များတယ်ဗျ၊ Joy Killer လို့ ခေါ်တာပေါ့၊ အဖျက်သမား တွေ များတယ်ဗျ၊ ဒါကြောင့် မတိုးတက်တာ၊ မုဒိတာ အရမ်းအားနည်းတယ်ဗျ” မိတ်တွေက ကျနော် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်း ပြီး သူထင်တာ ရမ်းပြောနေခြင်း။
ဒီနေ့ ငလိုက်ဆည်မှာ ကျနော်တို့ ခေါင်းရှင်းကြသည်။ သစ်သားအိမ်ဟောင်းတွေကို ပြန်ဆောက်ထား တာ အမြင်ထဲမှာ ဆန်းနေသည်။
ရှားပါးငှက်တွေရဲ့ အော်သံတွေ၊ သီချင်းဆိုသံတွေက စိတ်ကိုကြည်နူးစေသည်။ အပျော်တမ်း ဓာတ်ပုံ ရိုက်အဖွဲ့က ဝင်လာသည်။ ငှက်မျိုးစိတ်တွေအကြောင်း ကျနော့်ကို ရှင်းပြသည်။
မနှစ်ကတော့ ကျနော်တို့ ပေါင်းလောင်းမြစ်ထဲ စိမ်ကြသည်။ ပုစွန်ကင်စားကြသည်။ ထန်းရည် ၂ မြူလောက် သောက်ကြသည်။ ပျော်လိုက်ကြတာ။
ပြီးတော့ ဆောင်းခိုငှက်များအကြောင်း။ နေပြည်တော်တဝိုက် Bird Watching လုပ်လို့ရသည်။ သူတို့ က ပြောပြသည်။ “အရင်တုန်းက သစ်တောကြီးတွေပဲ ရှိခဲ့တာလေ”။ ကင်မရာကို စားပွဲပေါ် တင်လိုက် ရင်း တယောက်က ပြောသည်။
“အခုတော့ တောပြုန်းကုန်ပြီ။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်း မသိဘူး”။ “ဒီလို အသိတွေရှိ ဖို့ ကလေးတွေကို မျိုးဆက်သစ်တွေကို သူငယ်တန်းထဲက သင်ပေးလိုက်ရမှာ”။ ကျနော်က ဝင်ပြော လိုက်သည်။
ငလိုက်ကအပြန် အတွေးကိုယ်စီနှင့်။
ဒီနေရာမှာ ဝါးတားဂိတ် ရှိခဲ့ဖူးတယ်။ ခုတော့ မရှိတော့ဘူး။ ကျနော်မနှစ်က ဒီနေရာကိုဖြတ်တုန်းက ဝါးတားဂိတ်ကို ကျနော့်ရဲ့ ဒရိုင်ဘာလေးက မရပ်ဘဲမောင်းသည်။ ဟိုဘက်ကထွက်လာပြီး ကားကို ရပ်ဖို့အော်သည်။ ကျနော် ရှမ်းပြည်ဘက်ကိုသွားတော့ ညနေ ၆ နာရီ မှောင်ရီပျိုးမှာ မြို့လေးတမြို့ (ဆီဆိုင်ဟုထင်သည်) ကို ဖြတ်မောင်းတော့ မှောင်ရိပ်ထဲက လူအုပ်ကြီးထွက်လာသည်။ ရှေ့မှာလည်း သံဆူးကြိုးတွေပိတ်ထားသည်။
စိတ်ထဲမှာ ထင့်သွားသည်။ ထွက်လာတဲ့လူတွေက အသွေးအရောင်စုံသည်။ ရောင်စုံသူပုန်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ယူနီဖောင်း ညစ်နွမ်းနွမ်းတွေကို ဝတ်ထားကြသည်။ ပုခုံးပေါ်မှာတော့ သေနတ်တွေကို လွယ်ထားကြသည်။ ပစ်လို့ ရမရတော့ မသိ၊ ကြောက်စရာတော့ ကောင်းသည်။
ကားတံခါးမှန်ကိုဖွင့်ပြီး သွားမည့်နေရာကိုပြောတော့ ဟိုဖက် ကပြန်ပြောတာက “လက်ဖက်ရည်ဖိုး လေးတော့ ပေးခဲ့လေဗျာ” မှောင်ထဲမှာ ပြန်ပျောက်သွားသည်။
“ကျနော်တို့တိုင်းပြည်ဟာ Failed State ရဲ့ သွင်ပြင်လက္ခဏာတွေ အပြည့်ပဲဗျ”။ မိတ်ဆွေ Researcher လေးက ပြောလိုက်တာကို အမှတ်ရသည်။
နေပြည်တော်ထဲ ပြန်ဝင်တော့ လမ်းပြပုလိပ်သည် လမ်းကို အားကြိုးမာန်တက် ရှင်းနေသည်။
သူ၏အသားသည် နေရောင်ထဲတွင် မဲပြီးပြောင်လက်နေသည်။ ခရာကိုမှုတ်လိုက်ပြီး လမ်းပေါ်မှာ ဗရမ်းဗတာ မောင်းသွားသော ဆိုင်ကယ်ကိုတားသည်။ နေပြည်တော်မှာ ဆိုင်ကယ်နှင့် နွားကို လမ်းပြပုလိပ်က ရှင်းရသည်။ ပြီးတော့ VIP တွေ၊ VVIP တွေ။
လမ်းဘေးသစ်ရိပ်မှာတော့ လူတချို့က အေးအေးလူလူပဲ ဒီမြင်ကွင်းကို ကြည့်နေသည်။ မကျည်းပင် ကြီးကို မနက်ဘက်မှာ လာပုတ်ပြီး ဈေးထဲသွားသွားရောင်းပြီး ဝမ်းစာရှာသော ကလေးတသိုက်သည် သူတို့ခွဲတမ်းကို ရသွားပြီဖြစ်၍ အိမ်ကိုပြန်ကြလေပြီ။
မကျည်းပုတ်သူများ၊ ချောင်းထဲမြောင်းထဲ ဖားငါးရှာစားသူများ၊ ဂဏန်းဖမ်းသူများ၊ အိမ်နောက်ဖေးက အသီးအရွက်ခူးစားပြီး နေ့စဉ် တဝမ်းတခါးကို ဖြေရှင်းဖြတ်သန်းနေသူတွေ သန်းနဲ့ချီရှိသည်။ IMF နဲ့ World Bank ဆရာကြီးတွေ ဆရာမကြီးတွေ နားမလည်နိုင်သော အရာများ။ Self-Reliance ဆိုလား ဒီလိုခေါ်ကြသည်ထင်ပါ့။
ကျနော်ကတော့ Kempinski ဘားက Road to Mandalay ကို တမ်းတနေပြီဖြစ်သည်။ အကြိုက်ဆုံး Cocktail။
ည ၈ နာရီကျော်ပြီဆိုရင်တော့ နေပြည်တော်သည် ဘာမှမရှိတော့။ “တကယ်တော့ ညဘက်ကို စည် အောင် လုပ်ပေးရမှာဗျ” တယောက်ကဆိုသည်။ “Casino ဖွင့်၊ ဘားတွေများများဖွင့်၊ Entertainment City လုပ်ပေါ့ဗျာ”။
နေပြည်တော်ညနေဆည်းဆာသည် ကော့တေးခွက်ထဲမှာ တဖြည်းဖြည်း ဝင်သွားတော့သည်။
You may also like these stories:
နေပြည်တော်ရောက်ရင် လည်ပတ်စရာတွေ