ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

အောင်ဇော်
ဩဂုတ်လ ၁၅ ရက် ဂုတ်တွင်း ရဲကင်း ဝင်တိုက်ခံရအပြီး သေဆုံးသူ အလောင်းများကို ရှင်းလင်းစဉ် / MPA
Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် မည်မျှသြဇာလွှမ်းမိုးနေသနည်းဟူသော မေးခွန်းကို မကြာခဏ မေးကြသည်။ သံတမန်ဆန်ဆန် ဖြေရလျှင် “တစုံတရာသော အတိုင်းအတာအထိ” ဟု သာဖြစ်သည်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များက ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိုးစစ်သည် ထိုအိမ်နီးချင်းနိုင်ငံကြီး၏ မြန်မာအပေါ် ရှိသော အရိပ်အာဝါသကို အမြင်သစ်ဖြင့် စဉ်းစားစရာဖြစ်လာသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသော်လည်း သြဂုတ်လ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၏ မဟာမိတ်အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ခြင်းကို လအတန်ကြာ ကြိုတင်စီစဉ်ထားကြောင်းမှာ ထင်ရှားလှသည်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ မဟာမိတ်အဖွဲ့က မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်များမှ နေရာ ၅ ခုကို ချိန်ကိုက်တိုက်ခိုက်မှုများကြောင့် စစ်သား၊ ရဲနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးသည်။

ညီအကို မဟာမိတ်များဟု ၎င်းတို့ကို ၎င်းတို့ခေါ်သော ထိုအဖွဲများသည် မြန်မာနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ထားသော အခြေခံလမ်းကြောင်းနှစ်ခုတွင် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အကြီးအကျယ် ပြတ်တောက်စေရန် ကြိုးစားနေကြောင်း ထင်ရှားသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်းတွင် ၎င်းတို့သည်  တရုတ်-မြန်မာနယ်စပ် အရေးအပါဆုံး ကုန်သွယ်ရေး အချက်အခြာဒေသနှစ်ခုသို့ ဦးတည်သည့် ထိုအဓိကလမ်းမကြီးမှ တံတားလေးခုကို ဖေါက်ခွဲခဲ့ကြသည်။

ထိုတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်ရှိ အဓိက နယ်စပ်ဂိတ် နှစ်ခုဖြစ်သော တရုတ်နိုင်ငံယူန်ပြည်နယ် ရွှေလီတဖက်ခြမ်းရှိ မူဆယ်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော်တို့ကို ပိတ်လိုက်ကြကြောင်း ဧရာဝတီ သတင်းဌာနက လွန်ခဲ့သောအပတ်က ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် ရပ်ဝန်းနှင့် လမ်းအစီအစဉ်(BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) အကောင်အထည်ဖေါ်ရန် အလားအလာနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ တွန်းအားပေးမှုအပေါ် ပူပန်မှုများကို ဖြစ်စေခဲ့သည်။ နေပြည်တော်နှင့် ထိုဒေသတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရမီ အထက်ပါစီမံကိန်းကို ရှေ့ဆက်လုပ်ရန် တရုတ်နှင့်မြန်မာအစိုးရများ၏ သေနင်္ဂဗျူဟာ၏ စဉ်းစားတွေးခေါ်မှုကိုလည်း မေးခွန်းထုတ်စရာဖြစ်လာသည်။

“ CMEC ကို အကောင်အထည်ဖေါ်ခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းသို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဆောင်ယူလာပေးမည်ဟု တရုတ်နှင့် မြန်မာနှစ်နိုင်ငံလုံးတို့က ပြောဆိုကြသည်။ CMEC သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ကတိကဝတ်များအနက်တခုဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေမည်ဟု တရုတ်နိုင်ငံမှ အကြံပေးလုပ်ငန်းများက မြန်မာပြည်သူများကို ဖျောင်းဖြဆွဲဆောင်ကြသည်” ဟု ဧရာဝတီ သတင်းထောက် မနန်းလွင် ရေးသားခဲ့သည်။

သို့သော် ထိုအလစ်အငိုက်တိုက်ခိုက်မှုများသည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် နေပြည်တော်မှ ထိပ်တန်းခေါင်းဆောင်များအတွက် အခါလွန် သတိပေးချက် ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

တရုတ်က ကြားဝင်သော်လည်း မယုံကြည်ရ

အထက်ပါတိုက်ခိုက်မှုများအပြီး တပတ်အကြာတွင် တရုတ်သံအမတ် ချန်ဟိုင်သည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသည်။

တရုတ်သံအမတ် ချန်ဟိုင်နှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၂၂ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်/ Office of the Commander-in-Chief

ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်း ပြင်ဦးလွင် တပ်မြို့မှ မကြာသေးမီက တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက အပြင်းအထန် ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်ရန် ဖြစ်နိုင်သော နည်းလမ်းများကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ချန်ကပြောသည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အဆိုအရ သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများအတွက် နေရာအများအပြားကိုလည်း တရုတ်သံအမတ်က အဆိုပြုခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း ကျိုင်းတုံကို ရွေးချယ်ထားပြီး ထိုနေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံသည်ဟု ယုံကြည်ရသည်။

ယခင်က ဗြိတိန်ကိုလိုနီအစိုးရ၏ တောင်ပေါ်စခန်းမြို့ကလေးဖြစ်သည့် မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကို အဖြူရောင်ဒေသ ဖြစ်သည်ဟု တရားဝင် သတ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုမှ ဘေးကင်းလုံခြုံသောနေရာအဖြစ် သတ်မှတ်ကြသည်။ အထက်ပါ တိုက်ခိုက်မှုများကြောင့် အငိုက်မိသွားကြောင်းကိုလည်း တပ်မတော်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံခဲ့သည်။

အထက်ပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်များက ဆွေးနွေးပွဲများကို တက်ရောက်မည်ဟု အတည်ပြုပြောဆိုခြင်း မရှိသေးသော်လည်း တပ်မတော်ကမူ ဆွေးနွေးပွဲကျင်းပရန် စိတ်အားထက်သန်နေပုံရသည်။ ဆက်လက်တိုက်ခိုက်မည် သို့မဟုတ် ဆွေးနွေးမည်ကို စဉ်းစားရန်မှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ကြောင်း ထိုသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောခွင့်ရသူတဦးက ပြတ်ပြတ်သားသားပြောသည်။

အထက်ပါ တိုက်ခိုက်မှုအပြီး တပ်မတော်သည် မြောက်ပိုင်းသို့ တပ်များထပ်မံစေလွှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကို ပိုမိုဝေးကွာသော မြောက်ဖက် တောတွင်းသို့ ပြန်လည်တွန်းလှန်ထုတ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်ကို ချေမှုန်းရန် ယခင်က နေပြည်တော်တွင် စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်ပေးသည်။

အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ သုံးဖွဲ့၏ ထိုးစစ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို ရှုတ်ချကြောင်း ချန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ သြဂုတ်လ ၁၉ ရက်နေ့ အစည်းအဝေးမတိုင်မီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

သို့သော် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် မြန်မာနိုင်ငံတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံရရှိထားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် အထက်ပါ တိုက်ခိုက်မှုများ၏နောက်ကွယ်တွင် ပတ်သက်နေသည်ဟု တပ်မတော်က ယုံကြည်နေသောကြောင့် နေပြည်တော်ရှိ တပ်မတော်ဌာနချုပ်မှ တရုတ်နိုင်ငံသို့ ပေးပို့သော သတင်းစကားမှာ ပြည့်စုံလုံလောက်ခြင်း မရှိသေးပေ။

ထိုအချိန်တွင် ချန်သည် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ချန်၏ နေပြည်တော် အစည်းအဝေး မတိုင်မီတွင် အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် မြန်မာခေါင်းဆောင်များ၏ အမြင်များကို သိရှိသောကြောင့် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းမှုကော်မတီ (FPNCC) မှ အရာရှိများကို ကူမင်းသို့ ဖိတ်ခေါ်ခဲ့သည်။

TNLA, AA နှင့် MNDAA တို့သည် FPNCC အဖွဲ့ဝင်များဖြစ်သည်။ (FPNCC ၏ အခြားအဖွဲ့ဝင်တဦးဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မကြာသေးမီက တိုက်ခိုက်မှုများမှ ခပ်ခွာခွာနေကြောင်း၊ ကချင်နှင့် ၀ သည် မြောက်ပိုင်းတွင် အင်အားအကြီးမားဆုံး တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သော်လည်း အဆင်မပြေကြကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြောင်း ကျွမ်းဝင်သည့် လေ့လာသူများ၏ အဆိုအရ သိရသည်။)

လားရှိုးမြို့ပေါ်ရောက် စစ်ပြေးဒုက္ခသည်များ/ ဇော်ဇော်

ကူမင်းအစည်းအဝေးသို့ ဆုံးဖြတ်ချက်ချနိုင်သည့် ထိပ်တန်းခေါင်းဆောင်များကိုသာ စေလွှတ်ရန် တိုင်းရင်းသားလက်နက်ကိုင်များအား တရုတ်အထူးသံတမန်က ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။ ဝ၊ ကချင်၊ ကိုးကန့်၊ ရခိုင် နှင့် တအန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲများသည် ဆွန် နှင့်တွေ့ရန် ထိပ်တန်းခေါင်းဆောင်များကို စေလွှတ်ခဲ့သည်။ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း တိုက်ခိုက်မှုများရပ်ဆိုင်းရန် ၎င်းတို့ကို တရုတ်နိုင်ငံက ဖိအားပေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်များက နောက်ပိုင်းတွင်ပြောကြားခဲ့သည်။ ထိုအချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နိုင်ငံ၏ ပြောဆိုမှုကို နားမထောင်သည့် လက္ခဏာဖြစ်နေသည်လားဟု မေးစရာရှိလာသည်။

အထက်ပါတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူရှိနေသည်နှင့်ပတ်သက်သော မပြီးဆုံးသေးသည့် သံသယများလည်း ရှိနေသည်။

ထိုတိုက်ခိုက်မှုတွင် TNLA တပ် အများစုပါဝင်ပြီး စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အင်အား ၂၀၀ မှ ၄၀၀ အထိ ပါဝင်သည်ဟု အချို့သတင်းများက ဆိုသည်။

တိုက်ခိုက်မှုအတွင်း တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခဲ့ပြီး တိုက်ခိုက်သူအများအပြားသည် တရုတ်စကားပြောသည်ကို ကြားခဲ့ရသည်။ MNDAA နှင့် ၀ တို့ကဲ့သို့သော အချို့အဖွဲ့များသည် တရုတ်စကားဖြင့် ဆက်သွယ်ကြသည်။

ထိုတိုက်ခိုက်မှုများအတွင်း နိုင်ငံခြားသားများလည်း ပါကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများသည် နှုတ်ဆိတ်နေကြသော်လည်း မြန်မာဗိုလ်ချုပ်များအကြားတွင် တရုတ်နိုင်ငံအပေါ် မနှစ်မြို့မှုနှင့် မယုံကြည်မှုကြီးထွားနေကြောင်း လူတိုင်းသိနိုင်သည်။

၂၀၁၅ ခုနှစ်ဖေဖေါ်ဝါရီလက မြန်မာ့တပ်မတော်နှင့် MNDAA မှ ကိုးကန့်လက်နက်ကိုင်များသည် တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသ၏ အုပ်ချုပ်ရေးမြို့တော် လောက်ကိုင်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားကြသည်။ ထိုတိုက်ပွဲများသည် နှစ်ပတ်ခန့်ကြာသည်။ တပ်မတော်က နောက်ဆုံးတွင် တိုင်းရင်းသားလက်နက်ကိုင်များကို ပြန်လည်တွန်းလှန်နိုင်သော်လည်း နှစ်ဖက်စလုံးတွင် အကျအဆုံးများခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များက တရုတ်နယ်စပ်သို့ ပြန်လည်ထွက်ခွာရသည်။

လောက်ကိုင်တိုက်ပွဲများးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ပြည်တွင်း ပြည်ပ မီဒီယာများက ဖေါ်ပြခဲ့သည်။

တရုတ်ကြေးစားစစ်သားများသည် MNDAA ဖက်မှ ဝင်ရောက်တိုက်ခိုက်ကြောင်း ယခု စစ်ဦးစီးအရာရှိချုပ် ဖြစ်နေသော ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး က ထိုစဉ်ကပြောခဲ့သော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူအကြီးအကဲ ဦးအောင်မင်းက ထိုတိုက်ခိုက်မှုသည် တရုတ်နိုင်ငံနှင့် မပတ်သက်ကြောင်း ပြောသည်။

မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သည့် ယခုနောက်ဆုံးတိုက်ပွဲများအပြီး တပ်မတော်ထိပ်တန်းခေါင်းဆောင်များအပါအဝင်  မြန်မာအရာရှိများသည် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် သြဇာသက်ရောက်မှုကို စိုးရိမ်ပူပန်နေကြသည်။

စစ်ပွဲကြား ထိခိုက်ဒဏ်ရာရသူတဦး ကွတ်ခိုင်ဆေးရုံသို့  ဩဂုတ်လ ၂၅ ရက်နေ့က ရောက်လာစဉ်/ ဇော်ဇော်

တရုတ်နိုင်ငံ၏ ဦးစားပေးမှာ BRI ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံနှင့် တည်ဆောက်မည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအောင်မြင်ရေးသာဖြစ်သည်။ သို့သော် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များက ၎င်းတို့မပါလျှင် ထိုစီမံကိန်းများရှေ့မဆက်နိုင်ကြောင်း ပြသလိုက်ကြသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တိုက်ခိုက်မှုများကို ချေမှုန်းရန် အချိန်ရလိမ့်မည်ဟု တပ်မတော်ခေါင်းဆောင်များက မျှော်လင့်ကောင်းမျှော်လင့်ခဲ့မည်။ သို့သော် ထိုသို့ဖြစ်ရန်မလွယ်ကူတော့ပေ။ တပ်မတော်သည် မြောက်ပိုင်းရှမ်းပြည်နယ်သို့ တပ်များ စေလွှတ်ရသောကြောင့် အင်အားများပြန့်ကျဲနေနိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်များသည် ရခိုင်မြောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း စစ်မျက်နှာနှစ်ခုလုံးတွင် ဖိအားပေးနေမည့်သဘော ရှိသည်။ တရုတ်နိုင်ငံသည် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များကို ထိန်းချုပ်ထားပေးလိမ့်မည်ဟု တပ်မတော်က ထင်ကောင်းထင်ခဲ့နိုင်သည်။ ၂၀၁၅ ခုနှစ်က လောက်ကိုင်တိုက်ပွဲနှင့်မတူဘဲ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်နယ်စပ်မှအဝေး ရှမ်းပြည်နယ်အတွင်းပိုင်း ပိုမိုကျသောနေရာသို့ ဝင်ရောက်ပြီး တပ်မတော်ကို တိုက်ခိုက်နိုင်ခဲ့သည်။

ယခင်က ဆွန်နှင့် အစည်းအဝေးတခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း သိမ်းမိသော ဗုံးပစ်လောင်ချာများ၊ မိုင်းများနှင့် အခြားလက်နက်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဓာတ်ပုံနှင့်တကွ ပေးအပ်ခဲ့သည်ဟု သတင်းများက ဆိုကြသည်။ ထိုလက်နက်များ တရုတ်နိုင်ငံက ထောက်ပံ့ခြင်း သို့မဟုတ် တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်သည်ဟု ယူဆရသည်။

ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ များပြားလှသော အကျိုးစီးပွားများကြောင့် တပ်မတော်ဖက်တွင် မယုံကြည်မှုများ တိုးပွားနေပြီး မြန်မာ့ပဋိပက္ခတွင် တရုတ်နိုင်ငံက ကြားဝင်ရန် ကမ်းလှမ်းခြင်းကို ပိုမိုရှုတ်ထွေးစေနိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ China’s Shadow Looms over Recent Attacks in Myanmar’s Shan State  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် –

လင်းမြွေတောင် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များကျ ဟု တပ်မတော်ပြော

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

တိုက်ပွဲများ ဆက်တိုက်လိုပါက အသင့်ရှိဟု တပ်မတော်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading