သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

ကျော်စွာမိုး
၂၀၁၁ ခုနှစ် နိုင်ငံခြားခရီးစဉ်တခုမှ ပြန်လာသော ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဆီးကြိုစဉ်
Want create site? Find Free WordPress Themes and plugins.

၂၀၁၁ ခုနှစ်တွင် မိမိဆန္ဒအလျှောက် အနားယူခြင်း မပြုမီ ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်သည့် စစ်အစိုးရ၏ အကြီးအကဲ ဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးအတွက် အစီအစဉ်တခုကို ချမှတ်ခဲ့သည်။

ယနေ့အချိန်တွင် အဆိုပါ အစီအစဉ် အကောင်အထည်မပေါ်သေးသည့်အတွက် ဗိုလ်ချုပ်မှုးကြီး အနေဖြင့် ကျေနပ်မှုရှိမည် မဟုတ်ပါ။ နောက်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ တွင် ထို အစီအစဉ်ကို ပြန် အသက်သွင်းရန်  အတွက် သူ၏ ဗိုလ်ချုပ်ဟောင်းများ နှင့် လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်းတွင် ဒုတိယအစီအမံ (Plan B) တခု ရှိကြပါသလား။

သူရာထူးမှ မဆင်းခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ထိပ်တန်းဗိုလ်ချုပ် အနည်းစုသာ ပါဝင် သော အဖွဲ့တခုကို သမ္မတ ရာထူးနှင့် ပတ်သက်ပြီး “ပထမသက်တမ်း (၂၀၁၁-၂၀၁၆) က ကိုသိန်းစိန် အတွက်၊ ဒုတိယသက်တမ်း (၂၀၁၆-၂၀၂၁) က ကိုရွှေမန်းအတွက်” ဆိုပြီး ပြောခဲ့သည်။ ၎င်းမှာ သူ၏ လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အတူ ရာ ထူးမှ ဆင်းမပေးမီ ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ အတွက် အနည်းဆုံး နောက်လာမည့် ဆယ်စုနှစ်အထိ ခြုံငုံမိရန် ဗိုလ်ချုပ်မှူးကြီး ချမှတ်ခဲ့သော အစီအစဉ် အကြမ်း ဖြစ်သည်။ ထိုအစီအစဉ်ကို မည်သည့် ပြဿနာမှ မရှိဘဲ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု သူက ယုံကြည်ခဲ့ပုံရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ အစီအစဉ် အကောင်အထည်ပေါ်ရေး ညီညီညွတ်ညွတ် လုပ်ကြရန် သူ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို မှာခဲ့သေးသည်။

ထို အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် တပ်မတော်က ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထူထောင်သောအခါ ထိုပါတီ ကိုယ်စားပြု ဗိုလ်ချုပ်ကြီး ၃ ဦး တပ်မတော်မှ အငြိမ်းစားယူသွားခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပါတီဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဦးသိန်းစိန် ဖြစ်လာသည်။ ထို ရွေးကောက်ပွဲ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အပါအဝင် အဓိက နိုင်ငံရေးပါတီ အချို့က သပိတ်မှောက်ခဲ့ကြသောကြောင့် USDP က အနိုင်ရခဲ့တာ မဆန်းပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရက အရပ်သား အစိုးရသစ်သို့ အရိုက်အရာ လွှဲပြောင်းပေးခဲ့သော ၂၀၁၁ ခုနှစ် မတ်လ တွင် ဦးသိန်းစိန်က သမ္မတဖြစ်လာပြီး သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုတိယ သမ္မတ ၁ နှင့် သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်လာသည်ကို မြင်တွေ့ခဲ့ရသည်။

တပ်မတော်ကို နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရန် ၂၀၀၈ ခုနှစ် အခြေခံ ဥပ ဒေက အာမခံချက် ပေးထားသည်ထက် ကျော်လွန်ပြီး နိုင်ငံရေး အစီအစဉ်ကို ချဲ့ထွင်ရေး မျှော်မှန်းထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရည်မှန်းချက်ကို ထိုအစီအစဉ်က ဖော်ပြနေသည်။ ထိုအစီအစဉ်တွင် သူ၏ ဗိုလ်ချုပ်ကြီး ၂ ဦးက အနည်းဆုံး သမ္မတသက်တမ်း ၂ ခု ဆက်တိုက် တာဝန်ယူရန်လည်း ပါဝင်သည်။

မကြာသေးမီက နေပြည်တော်သို့ သွားရောက်ခဲ့သည့် ကျနော့် ခရီးစဉ်အတွင်း အငြိမ်းစားဗိုလ်ချုပ်တဦးက ထိုအစီအမံကို ပြန်ပြောပြခဲ့သည်။ ထိုအစီအမံရော ဗိုလ်ချုပ်ကြီးများ ညီညီညွတ်ညွတ် ဆက်လက် ရှိကြရန် ယခင်စစ်အစိုးရ အကြီး အကဲ၏ ဆန္ဒပါ အပြည့်အဝ အကောင်အထည်မပေါ်ခဲ့ကြောင်း သူက ဝန်ခံခဲ့သည်။

အစီအမံ၏ အစောပိုင်းအဆင့်ဖြစ်သည့် သူကိုယ်တိုင်ရွေးချယ်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတွင်း အဆင်မပြေမှုများ ရှိသည်နှင့် အမျှ အငြိမ်းစားဗိုလ်ချုပ်ကြီးများ၏ အချင်းချင်း ဆက်ဆံရေးက စတင် ဆိုးရွားလာခဲ့သည်။

သူတို့ အစိုးရသစ် သက်တမ်း ၁ နှစ်ကျော်သို့ ရောက်သည့်အချိန်လေးမှာပင် ပထမဆုံး အက်ကြောင်းပေါ်လာခဲ့သည်။ ဒုတိယ သမ္မတ ၁ သီဟသူရ ဦးတင်အောင်မြင့်ဦး သူ၏ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သမ္မတနှင့် သဘောထား မတိုက်ဆိုင်လို့ ထွက်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဦးတင်အောင်မြင့်ဦးကို သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အပြည့်အဝ လိုက်ပါနိုင်ခြင်းမရှိသော သဘောထားတင်းမာသူတဦး အဖြစ် အများက မြင်ကြသည်။

ဒုတိယ အက်ကြောင်းက သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြားတွင် ဖြစ်ပေါ်ခဲ့သည်။ ဦးရွှေမန်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တိုင်းပြည်၏ ထိပ်ဆုံးရာထူးကို သိသိသာသာ မျှော်လင့်ထားသူ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစောပိုင်း နှုတ်အားဖြင့် အာမခံချက်က သူ့ စိတ်ထဲတွင် စွဲနေသည်မှာ သံသယ ရှိစရာ မလိုပါ။

ထိုအချိန်တွင် ဦးရွှေမန်းက USDP ၏ ယာယီဥက္ကဌ အဖြစ်ဆောင်ရွက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော အခြေခံဥပဒေက သမ္မတဦးသိန်းစိန်အပါအဝင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များကို ပါတီတာဝန်များဆောင်ရွက်ခြင်း မပြုရန်တားမြစ်ထားသောကြောင့်ဖြစ်သည်။ ပါတီ၏ တည်ဆောက်ပုံအရ ဦးရွှေမန်းသည် ဦးသိန်းစိန်ကို ဆက်ခံမည့်သူနေရာတွင်လည်း ရှိနေသည်။ ထိုအချက် ၂ ခု အရ ဦးရွှေမန်းက တိုင်းပြည်၏ ထိပ်ဆုံးနေရာကို ရယူရန် မျှော်လင့်နေခဲ့ခြင်းက သဘာဝကျသည့် အသွင် ရှိပါသည်။

သို့သော်လည်း အချိန်ကြာမြင့်လာသည့်အခါ ဦးသိန်းစိန်က သူ့ကို နောက်သမ္မတ သက်တမ်းအတွက် ဖယ်ပေးမည်မဟုတ်ဟု ဦးရွှေမန်း အနေဖြင့် တိုးတိုးပြီး သံသယ ဝင်လာပုံရသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် သမ္မတရုံးပြောရေးဆိုခွင့် ရှိသူက သမ္မတဦးသိန်းစိန် နောက်သက်တမ်း တာဝန်ထမ်းဆောင်မည် ဟုတ်မဟုတ်သည် ပြည်သူတို့၏ ဆန္ဒနှင့် တိုင်းပြည်၏ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ် ကြောင်းနှင့် အကယ်၍ ပြည်သူများက လိုလားပါက နောက်သက်တမ်းတခုထမ်းဆောင်ရန် ကြိုးစားလိမ့်မည်ဟု မီဒီယာများကို ပြောခဲ့သည်။

အမှန်တကယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် အချို့ ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း လွှတ်တော်များသို့ ဇူလိုင်လတွင် ဝင်ရောက်လာခဲ့ကြပြီးနောက် ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားမှ အက်ကြောင်းကို ပြည်သူလူထုက စတင် သတိပြုမိခဲ့ကြသည်။

ထိုအချိန်တွင် ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်နီးကပ်လာပြီး သူတို့က နိုင်ငံရေးအရ ဖြစ်နိုင်ချေနည်းသော မဟာမိတ် ထူထောင်ခဲ့ကြသည်။ သူတို့၏ နွေးထွေးသော ဆက်ဆံရေးကြောင့် ဦးသိန်းစိန်၏ အဖွဲ့နှင့် တပ်မတော် ခေါင်း ဆောင်များက ဦးရွှေမန်းကို သစ္စာဖောက်တဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ အလယ်ပိုင်းတွင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှ သန်းခေါင်ယံ အာဏာသိမ်းပွဲနှင့် အတူ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြား တင်းမာမှုက အမြင့်ဆုံး အမှတ်သို့ ရောက်ရှိလာခဲ့ရသည်။ ထိုညတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ဌာနချုပ်ကို ရဲတပ်ဖွဲ့ နှင့် ပါတီ ထိပ်တန်း ခေါင်းဆောင်များက ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထိုအစီအစဉ်ကို တပ်မတော်က ထောက်ခံပေးခဲ့သည်ဟု ယူဆရပြီး ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ခွင့်ပြု ပေးခဲ့ပုံရသည်။ အစိုးရနှင့် တပ်မတော်၏အပြောင်းအရွှေ့အချို့အတွင်း ဦးရွှေမန်းကို ပါတီရာထူးမှ ချက်ချင်း ဖယ်ရှားပစ်ခဲ့ပြီး ဦးရွှေမန်း၏ မဟာမိတ်အချို့လည်း ရာထူးမှ အနားပေးခြင်းခံခဲ့ရသည်။ ဦးသိန်းစိန်က နောက်ထပ် စစ် အရာရှိဟောင်းတဦး ဖြစ်သည့် ဦးဌေးဦးကို ပါတီ၏ ပူးတွဲ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည်။

၂၀၁၆ ဇန်နဝါရီလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို နေပြည်တော်တွင် မြင်ရစဉ်/Reuters

သမ္မတရာထူးအတွက် သူတို့၏ ယှဉ်ပြိုင်ပွဲတွင် ဦးသိန်းစိန်က ဦးရွှေမန်းကို အပြည့်အဝ အနိုင်ယူခဲ့သည်။ သို့သော်လည်း သူတို့ ၂ ယောက်လုံး သတိမပြုခဲ့မိသည်မှာ မကြာမီ သူတို့ ၂ ဦးလုံး အရှုံးသမားများ ဖြစ်ကြတော့မည် ဆိုသည်ကိုပင်။

အားလုံးမျှော်လင့်ထားသည့် အတိုင်းအဖြေထွက်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ကြားမှ တိုက်ပွဲ ရလဒ်က ပြောစရာ၊ စဉ်းစားစရာ မလိုတော့သည့် ကိစ္စတခု ဖြစ်လာခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှ နိုင်ငံရေး ပဋိပက္ခသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူတို့ပါတီ အနိုင်ရရှိပြီး သမ္မတရွေးချယ်ရန် အခွင့်အာဏာရရှိလိမ့်မည်ဟု မှားယွင်းစွာ ယူဆချက်အပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ အခြားသော စစ်ဘက်အရာရှိ ဟောင်းများကဲ့သို့ပင် သူတို့တွင် ပြည်သူလူထု၏ ခံစားချက်ကို ဖတ်ရှုနိုင်စွမ်း ရှိခဲ့ကြပုံ မရပါ။ ဆန္ဒမဲများရေတွက်သည့် အချိန်တွင် NLD က တိုင်းပြည်တွင်းရှိ မဲဆန္ဒနယ် ၁၁၅၀ တွင် ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး USDP က ၁၀ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်က တပ်မတော်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လွှတ်တော်တွင် ကာကွယ်ထားရင်း သူ၏ ဗိုလ်ချုပ်ကြီးများထဲမှ တဦးက သမ္မတဖြစ်လာစေရေးဟူသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ် အတွက် အဓိက ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်။ NLD အနိုင်ရရှိခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ် မတ်လ တွင် ဦးသိန်းစိန်ရော ဦးရွှေမန်းပါ သမ္မတဖြစ်မလာတော့ချေ။

ရွေးကောက်ပွဲ ရလဒ်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလွန်စိတ်ပျက်ခဲ့ရသည်ဟု သိရသည်။ အနိုင်ရရှိမည်ဟု USDP ခေါင်းဆောင်များ အထူးသဖြင့် ပူးတွဲဥက္ကဌ ဦးဌေးဦးက သူ့ကို အာမခံချက်ပေးခဲ့သောကြောင့် ဖြစ်သည်။

ယခု မေးရတော့မည့် မေးခွန်းမှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ ပင် ဖြစ် သည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားများအရ သူတို့အားလုံး တပေါင်းတစည်းတည်း အားထုတ်နေကြသည် မဟုတ်သည့်တိုင် ကြိုးစားနေကြသည့် အသွင်ရှိပါသည်။

စစ်ဘက်အရာရှိဟောင်းများ ဦးဆောင်သည့် USDP က လတ်တလောနှစ်များအတွင်း နိုင်ငံရေးပါတီ အများအပြားနှင့် မဟာမိတ်ပြုလုပ်ခဲ့သည်။ ထိုသို့ မဟာမိတ်ပြုလုပ်ထားသည့် ပါတီ ၂၆ ခုရှိပြီး အားလုံးက NLD နှင့် ကင်းရှင်းအောင်နေခဲ့ကြသည့် ပါတီများဖြစ်သည်။ အချို့မှာ တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။

ပြီးခဲ့သည့် လများအတွင်းတွင် ဗိုလ်ချုပ်ဟောင်းများက ပါတီ ၂ ခု ထပ်မံတည်ထောင်ခဲ့ကြသည်။ တခုမှာ ဦးရွှေမန်းက ဖွဲ့ စည်းသည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) နှင့် နောက်တခုမှာ အခြားဗိုလ်ချုပ်ဟောင်းများက ဖွဲ့စည်းသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ(DNP) ဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်ပြီး ဦးသိန်းစိန်၏ အစိုးရတွင် ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသော ဦးသန်းဌေးက ယခုအချိန်တွင် ဦးဆောင်နေသည့် USDP က အဓိက အတိုက်အခံအင်အားစု အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် NLD ကို ဖယ်ရှားရန် ကြိုးစားရာ တွင် အခြားသော ပါတီများထက် ပိုမို၍ ပြင်းထန်လိမ့်မည် ဖြစ်သည်။ လွှတ်တော်တွင် တပ်မတော်က ခန့်အပ် ားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလုံး၏ ထောက်ခံမှုကို သေချာပေါက် ရရှိထားခြင်းနှင့် အတူ USDP က အစိုးရ တခု ဖွဲ့စည်းရန်နှင့် သမ္မတနေရာကို ပြန်လည်ရယူရန် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းထက် အနည်းငယ်သာ ကျော်လွန် ရရှိရန် လိုအပ်သည်။

၂၀၂၀ ခုနှစ်တွင် NLD နောက်တကြိမ် အနိုင်ရရှိမည့် အလားအလာက တပ်မတော်နှင့် USDP အတွက် အိပ်မက်ဆိုးတခု ဖြစ်သည်။ ထိုသို့ အနိုင်ရရှိပါက NLD အနေဖြင့် နိုင်ငံရေးမှ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းရာတွင် ယခုထက် ပိုမိုရဲတင်းသွားစေလိမ့်မည် ဖြစ်သောကြောင့်ပင်။ ထို့အပြင် USDP အတွက်လည်း အစိုးရ အဖွဲ့တွင် အရေးပါသော နေရာရှိလိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် USDP နှင့် တပ်မတော်တို့က သူတို့ အကြီးအကဲဟောင်း၏ အစီအစဉ်ကို နောက်တကြိမ် အကောင်အထည်ဖော်ရန် ကြိုးစားကြလိမ့်မည်ဟု ယူဆပါက ထိုယူဆချက်သည် ကြောင်းကျိုး ဆီလျော်သည်ဟု ဆိုနိုင်ပါသည်။

ထိုသို့ ယူဆလျှင် သူတို့ အနိုင်ရချေ မည်မျှရှိမည်နည်း ဟု မေးစရာ ရှိပြန်သည်။ ပြောရလျှင်တော့ သူတို့အတွက် အားတက်စရာ အကြောင်းရင်း အချို့ သတင်းတွေထဲတွင် ဖတ်နေရပါသည်။

NLD ၏ ရေပန်းစားလူကြိုက်များမှု လျော့ကျလာခြင်း၊ NLD ၏ အုပ်ချုပ်စွမ်းရည်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ခြင်း၊ သူတို့ အစိုးရ၏ လက်ထက်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားမှ တိုက်ပွဲများက ပိုမိုပြင်းထန် လာ ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေ ခြင်း၊ စီးပွားရေးမကောင်းခြင်း အစရှိသဖြင့် သတင်းများ၊ ထင်ကြေးပေးပြောဆိုချက်များကို ကျတော်တို့ အားလုံးကြားနေ၊ မြင်နေကြရသည်။

ထိုအကြောင်းရင်းများ အားလုံးက USDP အတွက် အောင်ပွဲခံစရာဖြစ်ပါမည်လား။ ကျနော်ကတော့ မထင်ပါ။ NLD အတွက် သတင်းဆိုးများက USDP အတွက် သတင်းကောင်းများဟု တိုက်ရိုက် အဓိပ္ပါယ် မသက်ရောက်ပါ။

မြန်မာပြည်သူအများစုက တပ်မတော်နှင့် ဆက်နွယ်နေသည့် ပါတီများကို မထောက်ခံကြကြောင်း သမိုင်းက ရှင်းရှင်းကြီး သက်သေခံခဲ့ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ဆက်ခံခဲ့ ပြီး တပ်မတော်၏ ထောက်ခံမှုကို ရရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(NUP) က ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁၀ နေရာသာ အနိုင်ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် NLD က ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည်။ နောက် ၂၅ နှစ်အကြာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NUP က တနေရာသာ အနိုင်ရခဲ့သည်။

USDP က NUP နှင့် များစွာ ကွာခြားခြင်းမရှိပါ။ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဟု အများက လက်ခံကြသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် USDP က လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် ၄၉၈ နေရာတွင် ၄၁ နေရာ အနိုင်ရရှိခဲ့ရာ NLD က ၃၉၀ နေရာ အနိုင်ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ (ကိုယ်စားလှယ်နေရာ အရေအတွက်တွင် ယှဉ်ပြိုင်စရာမလိုဘဲ တပ်မတော်ကို ပေးထားရသည့် ၁၆၆ နေရာ ပါဝင် ထည့်တွက်ခြင်း မရှိပါ။)

အကယ်၍ USDP အတွက် ကျနော်၏ ခန့်မှန်းချက်ကို မေးမည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၂ လ အလိုက ကျနော်ရေးသားခဲ့သည့်အတိုင်း ထပ်ပြောရပါမည်။ အဆိုပါဆောင်းပါး၏ အဓိက အကြောင်းမှာ ရွေးကောက်ပွဲက လွတ်လပ်၍ တရားမျှတမည်ဆိုပါက ထိုစဉ်က အာဏာရပါတီ (USDP) အနေဖြင့် အနိုင်ရဖွယ် အလွန်ပင် နည်းပါးသည့် အကြောင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိမှသာလျှင် အာဏာရပါတီ အနိုင်ရနိုင်သည်ဟု ကျနော်ပြောခဲ့သည်။ ယခုလာမည့် ရွေးကောက်ပွဲ တွင်လည်း လွတ်လပ်၍ တရားမျှတမှုရှိမည်ဆိုလျှင် သူတို့ နိုင်ဖွယ် မရှိပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၏ Do Myanmar’s Generals-Turned-Politicians Have a Plan B for the Presidency? ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ဖွဲ့စည်းပုံကြောင့် NLD အစိုးရ ရပ်တည်နိုင်ခြင်းကို မမေ့ရန် တပ်မတော် သတိပေး

၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading