သရဲကြီးနှစ်ကောင်နှင့် မှင်စာလေး
နေပြည်တော်ရှိ ဝတ်လစ်စလစ် လမ်းမကြီးသည် ညအမှောင်တွင် လဲလျောင်းနေပြီ ဖြစ်သည်။ မကြာခင်ကရွာချခဲ့သော မိုးပြေးလေးကြောင့် မြေနံ့သင်းသင်းကိုရ၏။
ဖားတို့၏ မိုးတွင်းသံပြိုင် သီဆိုလိုက်သံကို နားဆင်ရ၏။ သံစုံတီးဝိုင်း ဘေးကို ရောက်နေသလိုလို။
မပြန်ခင် ကျနော်သည် ထုတ်ပိုးပြင်ဆင်ရ၏။ ဟိုတယ်က မိတ်ဆွေတွေကို နှုတ်ဆက်၏။
မန်နေဂျာလေးကို အားပေးနှစ်သိမ့်ရ၏။ ဘဝသည် အတက်အကျရှိသလို ရှေ့ကြုံရမည့်ခရီးအတွက် ပြင်ဆင်ရမည်များကိုလည်း သိသလောက် မှတ်သလောက် ပြောရ၏။ အားပေးစကားကို ဒီလိုအချိန် မှာပြောခြင်းသည် ကုသိုလ်ရ၏။ ကျနော်မှတ်ယူပါ၏။
အားလုံး ရေကူးနေရသူတွေ မဟုတ်ပါလား။ ကမ်းကိုမတွေ့သေးသ၍ ဆက်သာကူး ဆက်သာကူး။ နစ်သွားရင်လည်း မကူနိုင်။ လှိုင်းလုံးကြီးတွေက ကျနော်တို့ကို အုပ်စုခွဲပစ်လိုက်ပြန်၏။
နှုတ်ဆက်ညနေစကားဝိုင်းမှာ လူစုံ၏။ အသောက်စုံ၏။ အရောင်အသွေးစုံ၏။ မြောက်ပိုင်းက တိုက် ခိုက်မှုတွေ အကြောင်းကို တယောက်ကပြောရင်း ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတဲ့အကြောင်း၊ စီးပွားရေး ထိခိုက်တဲ့ အကြောင်း စသည် စသည်တို့ပါ၏။
“အရင်တုန်းကတော့ ပြည်ပအားကိုး ပုဆိန်ရိုးပေါ့ဗျာ”
“အခုကျတော့ တရုတ်အားထား တရားအားထုတ် ဖြစ်ကုန်ပြီလေ”
“သူတို့လည်း ပုဆိန်ရိုးတွေပါပဲဗျာ” တယောက်က ဖွင့်ဟ၏။ တရုတ်၏ မွေးစားထားသော လက်ဝေခံ များ ဖြစ်ကုန်ပြီဟု ဆိုလိုခြင်း။ ကျနော်က ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါ။ ဆွေမျိုးပေါက်ဖော် တွေဆိုတော့ ခပ်မဆိတ်နေတာ ကောင်းပါတယ်။
တရုတ်လုံခြုံရေးပေးမှ လာမယ်ဆိုတော့ ဘဝင်မကျ။
“ဝိုင်လေးတခွက်လောက် ထပ်ပေးပါဦး” စားပွဲထိုးလေးကို ဝိုင်ခွက်မြှောက်ပြရင်း ဆောသြရသည်။ ဒီနေ့ ထူးထူးခြားခြား ဘားထဲမှာလူစည်ကားနေသည်။
“တရုတ်အားကို ပုဆိန်ရိုးတွေ” တယောက်က ပြောရင်းဆဲ၏။ ဝီစကီတွေထဲမှာ ရေခဲတုံးလေး တတုံးနှစ်တုံး။
“နေပါဦး … ဟိုလူတွေကရော ပြန်လာကြမှာလား”
ဘယ်သူတွေကို ပြောလဲမသိ။ တယောက်ကထပ်ပြီး အကျယ်တဝင့် ပြောလိုက်တော့မှ “သြော် … ရခိုင်မြောက်ပိုင်းက လူကြီးမင်းတွေလား”
“ကျနော်တို့ဖက်က အကုန်လုံးပြင်ထားပြီးသားပဲ။ တံခါးလည်းဖွင့်ပြီး ကြိုထားတာပဲ။ လာချင်လာ မလာချင်လည်း သူ့သဘောပေါ့” အစိုးရ အရာရှိလေးက ဝင်ပြောလိုက်သည်။ သူ၏ မျက်နှာမှာတော့ စိတ်အနှောင့်အယှက် ဖြစ် နေပုံရသည်။
“Narrative တွေက အထဲနဲ့အပြင် အရမ်းကွာလွန်းတယ်။ ဒီ Narrative နှစ်ခုကို ဆုံမှတ်တခုလုပ်ပြီး ပေါင်းစည်းဖို့ အရမ်းခက်တယ်” သံတမန်တဦးက ကျနော့်ကိုပြောဖူးတာ သတိရသည်။
ကျနော်တို့ရဲ့ ခံစစ်စည်းရိုးက ကျိုးနေပြီ။ First Defense Line ပျက်သွားပြီ။ သံတမန်ရေးအရ ရှုံးနိမ့်နေတယ်ဆိုတာကို ပြောလိုက်ခြင်းဖြစ်သည်။ အပြင်ကသတင်းစာတွေ မီဒီယာကလည်း ဒီအကြောင်းရေးလိုက်ရင် တဖက်စောင်းနင်း One-Sided ပဲရေးကြတာ။ နောက်တယောက်က ဝင်ထောက်သည်။
“ကျနော့်မိတ်ဆွေ သတင်းစာဆရာလေးကတော့ အရှိန်တက်နေလို့လားမသိ၊ ပြည်တွင်းက မီဒီယာ တွေကို သေသေချာချာ ပြုစုပျိုးထောင်ရမယ်၊ တိုင်းပြည်ရဲ့ အသံတွေ၊ Policy တွေကို ထုတ်ရမယ် ဆိုတာ မသိကြဘူး”
“နိုင်ငံတော်က ဘာမှမလုပ်ပေးတဲ့အပြင် အမြတ်ထုတ်ဖို့ ဖိနှိပ်ဖို့ပဲကြည့်နေတယ်” ပေါက်ကွဲသံစဉ်များ ဖြစ်သည်။
“အခုအစိုးရကထုတ်တဲ့ သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေနဲ့ အရင်ကထုတ်ခဲ့တာတွေ ဘာကွာလဲ” ကျနော်က မေးလိုက်သည်။
“ဘာမှမကွာဘူး၊ စာရွက်ဆေးသားပဲ ကွာသွားတာ”သတင်းစာဆရာလေးက ငေါ့တော့တော့ပြန်ဖြေပြီး သူ၏ ဘီယာခွက်ကို အပြတ်ရှင်းလိုက်သည်။
“ပုဂ္ဂလိကတွေလည်း စတုတ္ထမဏ္ဍိုင်ဆိုတာကို ပြုစုပျိုးထောင်ရကောင်းမှန်း မသိသလို နိုင်ငံတော်က လည်း အမြင် မရှိဘူး၊ ကျနော်တို့ရဲ့ Defense Line တွေက ကျိုးကုန်ပြီ” သတင်းစာဆရာ၏ စကား အဆုံး တယောက်က ဝင်ထောက် လိုက်သည်။
“ဟေ့လူ … စတုတ္ထမဏ္ဍိုင် မရှိဘူးလေဗျာ၊ အခြေခံဥပဒေမှာ မပါဘူးလေ” ဆဲသံဆိုသံများ အုန်းအုန်း ထသွားသည်။
လှောင်ရယ်သံများနဲ့ အရက်ထပ်မှာသံများက လွှမ်းမိုးသွားသည်။ ကျနော်က အခန်းကိုပြန်ခဲ့တော့ သည်။ ပင်ပန်း နေပြီဖြစ်သည်။ ရေနွေးတခွက်သောက်ပြီး အိပ်ယာထဲဝင်ကာ မှေးခနဲတချက်ဖြစ်သွား သည်။
ခဏအိပ်ပျော်သွားသည်ဟု ကျနော်ထင်လိုက်ရသည်။ ကျနော့်ရဲ့ ခြေထောက်ကို လှုပ်နှိုးနေသော အရိပ်သဏ္ဍန်များကို တွေ့ရသလိုလို၊ အိပ်မက်မက်နေသလိုလို၊ ကျနော်လန့်နိုးလာသည်။
ကျနော့်ကုတင်ရဲ့ ခြေရင်းမှာ သရဲကြီးနှစ်ကောင်၊ ကျနော်က သရဲကြီးနှစ်ကောင် ဆိုသော်လည်း မှန်းဆ ပြီး ပြောလိုက် ခြင်းသာ ဖြစ်သည်။ သရဲလည်း ဖြစ်နိုင်သည်၊ သဘက်လည်း ဖြစ်နိုင်သည်၊ ဘီလူး လည်းဖြစ်နိုင်သည်။ ခန့်မှန်းပြီး သရဲဟုဆိုလိုက်ခြင်း။
တကယ်တော့ ကျနော် သရဲ Expert မဟုတ်၊ ရုပ်ရှင်တွေထဲမှာ၊ ဝတ္ထုတွေထဲမှာ၊ ကာတွန်းတွေထဲမှာ တွေ့ဖူးခဲ့တာ ဆိုတော့ သရဲဟု မှန်းဆလိုက်ခြင်း။
သရဲကြီးနှစ်ကောင်မှာ တကောင်က အကောင်ထွားထွား၊ အသားအရေကပြာပြီး အမဲဖက်ကိုလုသည်။ ခက်ထန်သော ရုပ်ရည်နှင့်၊ သူ့ရဲ့အမွေးအမျှင်တွေက ထူပြောလှသည်။ နောက်သရဲကတော့ တပည့် ဖြစ်ပုံရသည်။
မြန်မာပြည်မှာတော့ PSO ဟု ခေါ်ကြသည် ထင်သည်။ ဖြစ်ပုံရသည်။ မျက်နှာက ရန်ပြုမယ့်ပုံမပေါ်၊ ခိုင်းတာလုပ်မည့် ရုပ်မျိုး၊ အမွေးကတော့ တိုသည်။ နှစ်ကောင်စလုံး ရဲရဲတင်းတင်းပင် ခုတင်ခြေရင်း မှာ ထိုင်နေကြသည်။
အကောင်ကြီး အမွေးရှည် သရဲရဲ့ နားရွက်ကြီးတွေက ဟိုတယ်ကြမ်းပြင်အထိ တွဲလျောင်းကျနေသည်။
“ကျုပ်တို့လာတာ ခင်ဗျားကိုမေးစရာတချို့ရှိလို့”
ကျနော့်ကို မေးစရာရှိတယ်ဆိုပါလား။ ကျနော်က အိပ်မှုန်စုံမွှားဖြစ်နေသူ၊ ပြီးတော့ Quality ရှိတဲ့ အိပ်စက်ခြင်းကို ကြိုက်နှစ်သက်သူဆိုတော့ အခုလို အခွင့်မဲ့လာရောက်နှောင့်ယှက်ခြင်းကို လုံးဝ မကြိုက်ကြောင်း ပြောလိုက်သည်။
“ကျုပ်တို့ ခင်ဗျားရဲ့အချိန်ကို အများကြီးမယူပါဘူး၊ တခြားသူတွေကိုလည်း ဒီမေးခွန်းတွေ လိုက်မေး ဦးမှာ ဖြစ်ပါတယ်။ သည်းခံပြီး ဖြေပေးပါ” သရဲကြီးက ပြောလိုက်သည်။ အမွှေးတိုသရဲလေးက ဝင်ပြီး ခေါင်းငြိမ့်လိုက်သည်။ လက်စသပ်တော့ Survey ဆင်းနေတာကိုး။
နေပြည်တော်တဝိုက်တွင် သရဲ၊ မှင်စာ၊ ကြပ်များနေကြသည်ဟု ကျနော်ကြားဖူးသည်။ နေပြည်တော် ဆောက်တော့ သူတို့လည်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်သွားကြပုံရသည်။ ဒါပေမယ့် အခုတော့ ဟိုတယ်ခန်းထဲ ကျူးကျူးကျော်ကျော်၊ မန်နေဂျာကိုတော့ ပြောရတော့မည်။ ကျနော့်ရဲ့အတွေး။
“နံပါတ်တစ် မေးခွန်းကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဆိုတာ ဘာလဲ” သရဲကြီးက စမေး သည်။ သရဲလေးက အသံဖမ်းဖို့ပြင်သည်။
“မသိဘူးဗျာ … သိချင်ရင် ပေါက်ဖော်ကြီးသွားမေး”၊ သရဲကြီးက နံပါတ်နှစ်မေးခွန်းကို ဆက်မေး သည်။
“ဟိုလူတွေက ဘာလို့ ဂက်စ်ပိုက်လိုင်းကိုကျတော့ မဖျက်ဆီးဘဲ လမ်းတွေ လူတွေကို ဖျက်ဆီးဒုက္ခပေး တာလဲ”
“အထက်ဆရာကြီးများ အမိန့်အတိုင်း လုပ်နေတာနေမှာပေါ့”
သရဲကြီးက ခေါင်းကိုငြိမ့်လိုက်ပြီး တတိယမေးခွန်းကို ဆက်သည်။
“ခြေ/ဥ ပြင်ဆင်ရေးက တကယ်အဆုံးသတ်မှာလား”
“ကမ်းမမြင် လမ်းမမြင်ပါဗျာ”
ကျနော်က ဖြေလိုက်သည်။ တဆက်တည်း တွေးမိတာက ဒီသရဲတွေက နိုင်ငံရေးသရဲတွေပဲဟု။
သရဲကြီးက ကျေနပ်သွားပြီး နံပါတ်လေးမေးခွန်းကို ဆက်သည်။ အမွေးတို သရဲလေးကလည်း ကျနော်ဖြေသမျှကို လိုက်မှတ်နေသည်။
“ဘောလုံးမှာတောင် Team မကောင်းရင်၊ လူမကောင်းရင် လဲကစားကြတယ်။ အခုဘာလို့ လဲမကစား တာလဲ”
“လဲစရာလူမရှိလို့ နေမှာပေါ့”
အိပ်ချင်နေပြီဖြစ်သဖြင့် ကျနော်ကသူတို့ကို အခန်းကနေ ထွက်သွားစေချင်နေပြီ။
“ဟိုဝန်ကြီးက အရင်လူ့ဘဝတုန်းက လူရိုသေရှင်ရိုသေ၊ အခု ဝန်ကြီးဖြစ်သွားတော့ အားလုံးကဝိုင်းပြီး မေတ္တာပို့နေကြတယ်၊ ဘယ်လိုထင်လဲ”
“သူ့ကိုသူ နတ်ဖြစ်သွားပြီလို့ ထင်လို့နေမှာပေါ့”
“၂၀၂၀ မှာ သူတို့နိုင်ဦးမယ် ထင်သလား”
ဒီမေးခွန်းကို အမွှေးတိုသရဲက ဝင်မေး၏။ သူ့ကြည့်ရတာ အမွေးထူသရဲကို ကြောက်ကြောက်နှင့် ဝင်မေးတဲ့ပုံစံမျိုး။
“ရွေးစရာမရှိရင်တော့ နိုင်ချင်နိုင်မှာပေါ့”
“ဘာလို့အခြေခံဥပဒေမှာ စစ်ရေးအမြင် ရှိရမယ်ဆိုတာပါပြီး စီးပွားရေးအမြင် ရှိရမယ်ဆိုတာ ထည့်မရေးတာလဲ”
“ရေးတဲ့သူ မေ့သွားလို့နေမှာပေါ့”
ကျနော်က ဘုတောတောလိုက်သည်။ အခန်းထဲက ထွက်ဖို့ကိုလည်း ခြေဟန်လက်ဟန်နှင့် ပြလိုက်သည်။
သရဲကြီးက မေးခွန်းအနည်းငယ်သာ ကျန်တော့ကြောင်းပြောပြီး ဆက်မေးသည်။
“အခု တိုင်းပြည်မှာ ပြန်မပြော နားမထောင်တွေ များနေတယ်၊ နိုင်ငံရေးသမားတွေရော၊ ကိုယ့်နဲ့ မဆိုင်ဘဲ နိုင်ငံရေးဝင်လုပ်ချင်သူတွေရော၊ သူတို့ကို ဘာလုပ်ရမလဲ”
“အရူးထောင်ကို ပို့လိုက်”
“ကျနော်တို့ ရန်ကုန်ကိုရွှေ့ရင် ဘယ်ဆိုင်မှာထိုင်ရင် ကောင်းမလဲ”
“Gekko မှာထိုင်၊ FOC ရရင်တော့ Park Royal မှာ တည်းပေါ့”
နောက်ဆုံးမေးခွန်း။ သရဲကြီးက ကျနော်၏ အဖြေများကို ကျေနပ်ပုံရသည်။
“ခင်ဗျားက ဘာလို့ ကောင်မလေး ချောချောလေးတွေကို ကြိုက်တာလဲ”
ကျနော့်ရဲ့ လျှပ်စီးလက်သကဲ့သို့မြန်သော အဖြေကတော့ ညဖက်သောက်ရန်ထားသော ရေခွက်ထဲကရေနှင့် သရဲကြီးကို လှမ်းပက်လိုက်ခြင်းပင် ဖြစ်သည်။ သရဲကြီးကရေစိုပြီး စိတ်ဆိုးသွား၏။
ထိုစဉ်မှာပဲ ကယ်တင်ရှင်ဟု ခေါ်ရမည်လား … တံခါးခေါက်သံ၊ ဒေါက် … ဒေါက်။
ထဖွင့်ပေးလိုက်တော့ မှင်စာလေးတကောင်။ သရဲကြီးက မှင်စာလေးဟု ခေါ်သောကြောင့် ကျနော် သိလိုက်ခြင်းပါ။ တကယ်တော့ သူတို့ကို အမျိုးအမည်မခွဲတတ်။ နေပြည်တော်ဆောက်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများသာ ဖြစ်သည်ဟု ထင်ပါသည်။
“အဘခေါ်လို့”
မှင်စာလေးက အသံသေးသေးမျှင်မျှင်လေးနှင့် အမွှေးထူသရဲနှင့် အမွှေးတိုသရဲကို ပြောလိုက်သည်။ အဘဆိုတာ သူတို့ရွာကအဘကို ဆိုလိုခြင်းဖြစ်ပုံရသည်။ ကျနော့်ကို သရဲကြီးနှစ်ကောင် ကျေးဇူးတင်စကားတွေပြောပြီး ထွက်သွားတော့သည်။
Quality Sleep ကိုကြိုက်သောကျနော့်အဖို့ နေပြည်တော်နောက်ဆုံးညမှာ ဆက်အိပ်လို့မရဘဲ မျက်လုံးကြောင် တောင်တောင် နှင့် ဟိုဘက်ကူး သည်ဘက်လှိမ့်နှင့် မိုးစင်စင်လင်းခဲ့ရပါတော့သည်။
ကြည်မောင်နိုင်၏ မှတ်စုများကို ဆက်လက်ဖော်ပြသွားပါမည်။
ဆက်စပ်ဖတ်ရှု့ရန်