ကျမတို့ မြန်မာစကားသုံးတွေထဲမှာ သူတပါးရဲ့ သဘာဝ ဖြစ်တည်မှုကို ချိုးနှိမ်တဲ့၊ သူတပါးကို ထိခိုက် နစ်နာစေတဲ့ စကားသုံးတွေ အတော်များများရှိနေတာကို သတိထားမိကြမှာပါ။ တချို့ စကားသုံးတွေ ဆိုရင် အပြောအဆိုတွေထဲ လက်လွတ်စပယ် သုံးနေကြရာကနေ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တရားဝင် အရေးအသား တွေထဲထိ နေရာယူလာတာတောင် ရှိလာပါတယ်။
တဦးတယောက်ရဲ့ လိင်ကွဲပြားဖြစ်တည်မှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်တည်မှုပုံစံ နဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းအားနည်းမှု၊ ဘာသာရေး အသားအရောင် နဲ့ ဆင်းရဲ ချမ်းသာ ကွာခြားမှုတွေကို လှောင်ပြောင် ချိုးနှိမ်တဲ့ အသုံးနှုန်းမျိုးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မထူးဆန်းသလို သုံးလေ့ရှိနေကြတဲ့အပြင် အရေးအသားတွေထဲကိုပါ ရောက်လာတာဟာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာမို့ အင်မတန် စိတ်ထိခိုက်စရာကောင်းပါတယ်။
အဲဒီလို စကားသုံးတွေထဲကမှ ကျမ သိသိသာသာ သတိထားမိလာတဲ့ သတင်းတချို့ထဲက စကားသုံးတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ မုဒိမ်းမှု(Rape Case) ကို သားမယားပြုကျင့်မှုလို့ သုံးနေကြတာပါ။
အဘိဓာန်မှာ Rape ကို အစိုးရထုတ် အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ မုဒိမ်းကျင့်သည် လို့ အနက်ဖွင့်ထားပါတယ်။ Rapist ကိုဆို မုဒိမ်းကာင်လို့တောင် ရင့်ရင့်သီးသီး တိတိကျကျ အနက်ဖွင့်ပါတယ်။
သားမယား ဆိုတဲ့ ဝေါဟာရကိုလည်း Family (မိသားစု) လို့ အနက်ဖွင့်ထားပါတယ်။ ဒီလိုဆိုတော့ သားမယား ပြုကျင့်မှုလို့ သုံးတာက မိသားစုဆက်ဆံရေးတခုအဖြစ် ပုံဖော်တဲ့သဘောဆောင်နေပါတယ်။ ဒါဖြင့် အဓမ္မ အနိုင်ကျင့်တဲ့ ကိစ္စကို ဘာလို့ သားမယားပြုကျင့် တယ် လို့ ဘာကြောင့်သုံးသလဲဆိုတဲ့ မေးခွန်း ထွက်လာ ပါတယ်။ ခက်တာက ဘယ်အဘိဓာန်မှာမှ မရှိတဲ့အသုံးကို ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကြောင့် စသုံး လိုက်တယ် ဆိုတဲ့အစ ရှာမရတာပါပဲ။
ဒီအဓိပ္ပါယ်အရတော့ မြန်မာအမျိုးသားများ လင်ယောကျ်ားများဟာ ကိုယ့်အိမ်သူဇနီးကို အဲဒီလို အနိုင်ကျင့် အကြမ်းဖက် ပြုမူ ဆက်ဆံ သလား၊ အဲလို ထုံးစံရှိသလား၊ အဲသလိုရော ခွင့်ပြုထားသလား။ အဲလို အလေ့အထ ရှိလို့ပဲ မတရားသဖြင့် ရိုင်းရိုင်းစိုင်းစိုင်း အနိုင်ကျင့် စော်ကားတဲ့ ကိစ္စကို အဲလို ပုံမှန်သဘောနဲ့ သားမယားလို ဆက်ဆံတယ်လို့ ခိုင်းနှိုင်းတာလားဆိုတဲ့ ယဉ်ကျေးမှုထုံးတမ်းဆိုင်ရာ မေးခွန်းတွေ မေးစရာ ရှိလာပါတယ်။
ဒီလိုသာ အဓမ္မအနိုင်ကျင့်ဆက်ဆံတာကို သားမယားပြုကျင့်တယ်လို့ ဆိုလိုက်မယ်ဆိုရင် ဒါဟာ ကိုယ့်အမေ အပါအဝင် အမျိုးသမီးတွေရဲ့အဆင့်ကို နှိမ့်ချ စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါထက် ပိုတာ ကတော့ အဓမ္မကျင့်မှုရဲ့ ပြင်းထန်မှုဒီဂရီကိုပါ လျော့ကျသွားစေတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေစေတာပါပဲ။
အဲဒီနောက်ဆက်တွဲမှာတော့ လင်ယောကျ်ားက ဆက်ဆံတာနဲ့ မုဒိမ်းကောင်က ပြုကျင့်တဲ့ အဓမ္မမှုဟာ အတူတူပဲလို့ အဓိပ္ပါယ် ပေါက်သွားပါတယ်။ ဒါဆိုရင် မုဒိမ်းမှုဟာ အဓမ္မမှု မြောက်ပါဦးမလား။
သိပ်ကို ရှင်းတဲ့အဖြေပါ။ ဒါကို ဘာဖြစ်လို့ Rape Case ကို သားမယားပြုကျင့်မှု လို့ သုံးနေတာပါလဲ။ အဓိပ္ပါယ် တခုရဲ့ လေးနက်မှုကို ဂရုမစိုက်တာလား။ ကြီးလေးမှု ကို ပေါ့လျော့စေချင်တာလား အထိ တွေးစရာ ဖြစ်နေ ပါပြီ။ ဒါကြောင့် Rape Case ကို မုဒိမ်းမှု ၊ အဓမ္မကျင့်မှု လို့ သုံးရမယ့်အစား သားမယားပြုကျင့်မှု လို့ သုံးနေ တာကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကျမကတော့ Rape ကို သားမယားပြုကျင့်တယ်လို့ သုံးတဲ့သူတွေကို မေးချင်ပါတယ်။
ခင်ဗျားတို့ ဇနီးမယားတွေကို အလိုမတူဘဲ အဓမ္မဆက်ဆံကြသလားဆိုတဲ့ မေးခွန်းပါ။
(မေငြိမ်းသည် အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ မြန်မာ အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြသည်။ )
You may also like these stories:
သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ
အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား
ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား