လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မှာ ကျနော် တဖန် ပြန်လည်မွေးဖွားခဲ့ပါတယ်။
အဲ့ဒီနေ့မနက်က ကျနော်တို့တတွေဟာ မနက်စာအတွက် ပြင်ကြဆင်ကြ၊ အခန်းအပြင်ဖက်မှာ ဂန်ဖလားတွေ (အပေါ့အလေးသွားရန် သုံးသည့် မြေအင်တုံ) ဆေးကြကြောကြနဲ့ အလုပ်များနေတုန်း ကျနော်တို့ တိုက် ၁ နဲ့ တိုက်၂ ဝင်း အဝကနေ ကျနော့်နာမည်ကို အော်ခေါ်သံ ကြားလိုက်တယ်။
ကျနော်တို့ရှိနေတဲ့နေရာကတော့ ဗြိတိသျှကိုလိုနီတွေကို လက်နက်ကိုင်ပုန်ကန်ခဲ့တဲ့အတွက် နောက်လိုက်နောက်ပါ အများအပြားနဲ့ အတူ ၁၉၃၁ ခုနှစ်မှာ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံ ကြိုးပေးကွပ်မျက်ခံခဲ့ရလို့ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ သာယာဝတီအကျဉ်းထောင်ထဲမှာပါ။
“ကျော်စွာမိုး…ဝင်းနိုင်…ဟန်မြင့်” လို့ ဝါဒါတယောက်က အော်ခေါ်လိုက်တယ်။ ကျနော်တို့ရဲ့ အကျဉ်းကျဖော် ကျဖက်တွေကလည်း ဝမ်းပန်းတသာနဲ့ဝါဒါ အော်တဲ့ အတိုင်း လိုက်အော်ကြပါတယ်။ သေချာတာဆိုလို့ ဘာတခုမှမရှိတဲ့ ထောင်ထဲမှာ အခုလိုမျိုး ကိုယ့်နာမည်ကို ထောင်ဝါဒါက အော်ခေါ်တာဟာ တခြားအဆောင် ဒါမှမဟုတ် တခြားထောင်ကို ပြောင်းဖို့ အခေါ်ခံရတာ ဖြစ်နိုင်သလို လွတ်ရက်စေ့ကာနီး သူအဖို့တော့ အခုလို နာမည်ခေါ်ခံရတာက အတိတ်နိမိတ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။
ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျနော်တို့ သုံးယောက်လုံး ထောင်က လွတ်ခဲ့ပါတယ်။
ထောင်ထဲမှာ ၁၉ နှစ်ကျော်နေခဲ့ရတဲ့ ကျနော့်ရဲ့ရောင်းရင်း နိုင်ငံရေးအကျဉ်းသားတယောက်က “ထောင်ဆိုတာ သင်္ချိုင်းဆိုရင် အကျဉ်းခန်းက အုတ်ဂူပေါ့” လို့ ဆိုဖူးတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ မှာတော့ ကျနော်ဟာ သာယာဝတီထောင် ဆိုတဲ့ သင်္ချိုင်းထဲမှာရှိတဲ့ အကျဉ်းခန်းနံပါတ် ၇ ဆိုတဲ့ ကျနော့်ရဲ့အုတ်ဂူထဲက ထွက်လာခဲ့ပါတယ်။
အဲ့ဒီနေ့ဟာ ကျနော် ပြန်လည်မွေးဖွားခဲ့တဲ့နေ့ပါပဲ။
အဲ့နေ့မတိုင်ခင် ရှစ်နှစ်တာလုံး ကျနော်ဟာ “သေခြင်းတရား”ဆိုတာနဲ့ကြုံတွေ့ခဲ့ရပြီး အင်းစိန်ထောင် နဲ့ သာယာဝတီထောင် အတွင်းမှာ မြှုပ်နှံခံခဲ့ရပါတယ်။
ကျနော် တကယ် သေဆုံးခဲ့တာမဟုတ်မှန်းတော့ သိကြမှာပါ။ ဒါပေမယ့် လူတယောက်အဖို့ လူမှုရေး၊ ပညာရေး၊ မိသားစု အသိုင်းအဝိုင်း၊ နိုင်ငံရေး၊ သင်ယူတာ အားလုံးနဲ့ အဆက်အသွယ်ဖြတ်ခံရတဲ့ဘဝက ဘာများ အဓိပ္ပါယ်ရှိအုံးမှာတုန်း။ လွတ်လပ်တဲ့သူတွေ ခံစား စံစားရာ အရာအားလုံးကင်းမဲ့နေတဲ့ လူတယောက်ကို အသက်ရှင်သန်နေတယ်လို့ ဘယ်လိုများ ယူဆနိုင်ဦးမှာလဲ။ ဒါကြောင့် ကျနော်ဟာ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီးနောက် ဆိုခဲ့ပါအရာတွေကို ကျနော့်ဆီကနေ ယူဆောင်သွားမယ့် အကျဉ်းထောင်ထဲကို ပစ်သွင်းခံလိုက်ရတဲ့နေ့မှာ ကျနော် “သေဆုံး” ခဲ့တယ်လို့ပြောရတာ ဖြစ်ပါတယ်။
ကျနော့်ကို ဖမ်းဆီးပြီး အကျဉ်းထောင်ထဲမှာ မြှပ်နှံခဲ့တာကတော့ န.ဝ.တ လို့ အများခေါ်ကြတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ပါပဲ။ န.ဝ.တ ကို ဖယ်ရှားပြီး ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတရပ် ပြန်ရရေး ဆောင်ရွက်ခဲ့ကြတဲ့ တခြားသူတွေလည်း အလားတူ ဖမ်းဆီးမြှပ်နှံခံခဲ့ကြရပါတယ်။ န.ဝ.တ ဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို အင်အားသုံးဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီပါ။
န.ဝ.တ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျနော်တု့ိရဲ့ စိတ်ဝိဉာဉ်၊ ပြင်းပြတဲ့စိတ်ဆန္ဒ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သတ္တိ၊ အသိဉာဏ်ပညာ၊ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာတွေနဲ့ တခြား အလားတူအရာတွေ အားလုံးကို လုံး၀ မရှိတာ့အောင် ရှင်းလင်းဖျောက်ဖျက်ပစ်ဖို့ပါပဲ။ ဒီတန်ဖိုးဖြတ်မရတဲ့ ဂုဏ်သတ္တိတွေကို ကျနော့်ကတော့ ကျနော်တို့ရဲ့ “လက်နက်”တွေလို့ မြင်ပါတယ်။ ကျနော်တို့ ပိုင်ဆိုင်တဲ့ အဲ့ဒီလက်နက်တွေနဲ့ နိုင်ငံရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အဖွဲ့အစည်းကြီးကို ကျနော်တို့ ဆန့်ကျင်တွန်းလှန်ခဲ့ကြတာပါ။ ဒါကြောင့် သူတို့က ဒီလို လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ကျနော်တို့တွေကို သေဆုံးသွားအောင် လုပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ထောင်ထဲမှာ မြှပ်နှံခံခဲ့ရတာပေါ့။
ဒါပေမယ့် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မနက် သာယာဝတီထောင်က ကျနော် ထွက်လာခဲ့တဲ့အချိန်မှာ ကျနော်ကိုယ်ကျနော် “လက်နက်တွေ” မရှိတော့တဲ့ စစ်သည်တယောက်လို မခံစားခဲ့ရပါဘူး။ အရင်ထက်တောင် ပိုခိုင်မာလာတယ်လို့ ခံစားခဲ့ရပါတယ်။ အသတ်ခံရမှုကနေ လွတ်မြောက်လာခဲ့ရုံမက “အုတ်ဂူ” တွင်း အမြှပ်ခံခဲ့ရတဲ့ ရှစ်နှစ်တာအတွင်းမှာ ပိုအားကောင်းတဲ့ လက်နက်တွေတောင် ရလာသေးတယ်။
ဒီ “လက်နက်” တွေဟာ ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားသူအတွက် အခြေခံတရားတွေပါ။ လက်နက်လို့ ကျနော်သတ်မှတ်တဲ့ အဲ့ဒီ ဂုဏ်သတ္တိတွေက ကျနော်တို့ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတာပါ။ ဒါပေမယ့် ကျနော်တို့ဟာ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်(လ)ဆင်မင်ဒဲလား၊ ချက်ကိုစလိုဗက် အတိုက်အခံခေါင်းဆောင် ဗားကလက်ဟာဗဲ(လ)၊ အမေရိကန် ပြည်သူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေဆီက ကြံြ့ကံခံနိုင်တဲ့ ခွန်အားကိုလည်း အားကျ၊ နမူနာ ယူခဲ့ကြပါတယ်။
အကျဉ်းစံကာလ ၂၇ နှစ်တာ အတွင်းမှာ မန်ဒဲလားလုပ်ခဲ့သလို ကျနော်တို့ဟာလည်း ထောင်ထဲမှာ စိတ်ဓာတ်မကျဘဲ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားခဲ့ကြပါတယ်။ ကျနော့်ရဲ့ ရှေ့ဆောင်းပါးတခုမှာရေးခဲ့သလို အခက်အခဲတွေကြားထဲမှာ ရှင်သန်ရေးနည်းလမ်းတွေထဲက တခုအဖြစ် ကျနော်တို့က ကျနော်တို့ကို မြှပ်နှံထားတဲ့ အကျဉ်းခန်း အုတ်ဂူတွေကို စာသင်ခန်းတွေအဖြစ်၊ စာကြည့်တိုက်တွေအဖြစ် ပြောင်းလဲပြီး အာဏာပိုင်တွေ ပိတ်ပင်ထားတာကြောင့် လျှို့လျှို့ဝှက်ဝှက်နဲ့ အသိဉာဏ်ပညာတွေ တိုးအောင် လေ့လာသင်ယူခဲ့ကြပါတယ်။
ဒါကြောင့်မို့ ထောင်ကလွတ်တော့ ဘွဲ့လွန်ဒီဂရီတခုရရှိပြိး တက္ကသိုလ်ကနေ ထွက်လာသလိုမျိုး ခံစားခဲ့ရပါတယ်။ ထောင်ထဲ ရှစ်နှစ်နေတာ ဘယ်လိုတုန်းလို့ မေးကြတဲ့မိတ်ဆွေတွေနဲ့ တခြားသူတွေကို ကျနော် အဲ့လိုအမြဲ နောက်ပြီး ဖြေလေ့ရှိပါတယ်။
တကယ်တော့ အဲ့ဒီစကားက ထောင်ကျနေတဲ့ကာလအတွင်းမှာ ကျနော်ရခဲ့တဲ့ အင်မတန် ရှားပါးတဲ့အခွင့်အရေးကို ပြည့်ပြည့်၀၀ ထိထိမိမိတောင် မထင်ဟပ်နိုင်ပါဘူး။ ဒီလိုအခွင့်အရေးက ကမ္ဘာပေါ်က လူတွေအများကြီးထဲက လူနည်းစုလေးပဲရတဲ့ အခွင့်အရေးတခုပါ။
ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်မှုတွေနဲ့အတူ ထောင်တွင်းအကျဉ်းကျဘဝဆိုတာ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတဦးရဲ့ ဘဝအတွေ့အကြုံတွေထက် အများကြီး ပိုပါတယ်။ သာမန်နေ့စဉ်ဘဝမှာ မရှိတဲ့ ဒီအခက်အခဲတွေကို ကျနော် ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားရတဲ့အခါတိုင်း စာမေးပွဲတခုကို ဖြေဆိုနေရသလို ကျနော်ခံစားရပါတယ်။
စာမေးပွဲ အောင်ရုံလေးသာ မဟုတ်ပါဘူး။ ဆက်လက်ရှင်သန်နေဖို့၊ အမေက ကျနော့်ကိုပေးခဲ့တဲ့ လူ့ဘဝကို မဆုံးရှုံးဖို့ပါ ဖြစ်ပါတယ်။ ဒီအကျဉ်းခန်းထဲမှာ ကြုံခဲ့ရတဲ့ စာမေးပွဲတွေကို အောင်မြင်နိုင်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ IQ နဲ့ EQ နှစ်ခုစလုံးမှာပါ တိုးတက်စေနိုင်တာ အမှန်ပါပဲ။
ကျနော်ထောင်က ထွက်လာတဲ့ အဲဒီမနက်မှာ ထောင်ဂဏန်းရှိတဲ့ တခြား ကျနော့်ရောင်းရင်း နိုင်ငံရေးအကျဉ်းသားတွေ ထောင်နံရံတွေနောက်မှာ ဆက်ရှိနေကြသေးတဲ့အတွက် ကျနော်အနေနဲ့ အားရပါးရ မပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါ့ပြင် ကျနော်တို့နိုင်ငံက နိုင်ငံရေးအရလည်း လွတ်လပ်မှု မရှိသေး။ ကျနော်တို့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ န.ဝ.တကနေ အမည်ပြောင်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အုပ်ချုပ်မှုအောက်မှာ ဆက်ရှိနေပါတယ်။
ပြောရရင် ကျနော်ဟာ အောင်ပွဲရခဲ့ပြီလို့ ခံစားပြီး ထောင်က ထွက်လာတာ မဟုတ်ပါဘူး။ လုံး၀ မဟုတ်ပါဘူး။ တိုက်ပွဲရှုံးခဲ့ပြီလို့လည်း မခံစားခဲ့ရပါဘူး။ ရှည်ကြာ ပြင်းထန်တဲ့ အထူး လေ့ကျင့်ရေး သင်တန်း တခုကို တက်ရောက်ပြီးမြောက်ခဲ့တာပဲလို့ ခံစားခဲ့ရပါတယ်။ မပြီးဆုံးသေးတဲ့ ကျနော်တို့ရဲ့တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့သာမက မရေရာ မသေချာမှုတွေနဲ့ ပြည့်နေပြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်တဲ့ ကမ္ဘာလောကကြီးကို ရင်ဆိုင်ဖို့အတွက်ရောပေါ့။
ကျနော်တို့အဖမ်းမခံရခင်က စခဲ့တဲ့တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့၊ ကျနော်တို့နိုင်ငံကို အာဏာရှင် လက်အောက် ဒါမှမဟုတ် စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်အောင်ကြိုးပမ်းဖို့ ကျနော်ဟာ အသစ် တဖန်ပြန်လည်မွေးဖွားလာတယ်လို့ ခံစားခဲ့ရပါတယ်။
ကျနော်ပြန်လည်မွေးဖွားလာခဲ့တာ နှစ်နှစ်ဆယ်ပြည့်တဲ့ ဒီအပတ်ထဲမှာ ကျနော်နဲ့အတူ လွတ်လာခဲ့တဲ့ ကိုဟန်မြင့်အပါအဝင် ထောင်ထဲမှာ အတူနေခဲ့ရတဲ့ သူတချို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ ကိုဟန်မြင့်ဟာ သူ အဖမ်းမခံရခင်ကတည်းက သူ နေထိုင်အသက်မွေးခဲ့ရာ ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ အနှစ် ၃၀ ကျော်လုပ်လာခဲ့တဲ့ စာအုပ်ဟောင်းရောင်းသူ ဘဝနဲ့ပဲ ဆက်လက် အသက်မွေးနေပါတယ်။ သူက နိုင်ငံရေးလှုပ်ရှားသူတယောက်ရယ်လို့ မဟုတ်ခဲ့ပေမယ့် ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အစိုးရတွေကို နိုင်ငံသားတယောက်အနေနဲ့ အမြဲ ဆန့်ကျင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပန်းဆိုးတန်းပလက်ဖောင်းပေါ်က သူ့စာအုပ်ဆိုင်လေးမှာ ထိုင်ရင်းနဲ့ ကျနော်တို့ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းစကား အပြန်အလှန်ပါးရာမှာ ကူညီခဲ့မှုအတွက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ချခံခဲ့ရသူ ဖြစ်ပါတယ်။
အင်းစိန်နဲ့ သာယာဝတီနှစ်ထောင်မှာ သူ ထောင်ကျခံခဲ့ရတဲ့ကာလတလျှောက် ဘယ်တုန်းကမှ စိတ်ပျက်လက်ပျက်ဖြစ်ပုံ မပြခဲ့ပါဘူး။ ဒီအပတ်ထဲ သူနဲ့ ကျနော် ဆုံဖြစ်တော့ အေးအေးလူလူနဲ့ ပျော်ပျော်ကြီး စာအုပ်ရောင်းနေတာ တွေ့ရပါတယ်။ သူလည်း ပြန်လည်မွေးဖွားခဲ့တာပါပဲ။ သူ့စိတ်ဓာတ်ကို ထောင်ထဲမှာ ပြိုကွဲမခံခဲ့ပါဘူး။
ဒီအပတ်ထဲမှာ ကျနော် သွားတွေ့ခဲ့တဲ့ တခြားနိုင်ငံရေးသမားတယောက်ကတော့ ကိုစိုးမြင့်ပါ။ သူနဲ့ ကျနော် သာယာဝတီထောင်မှာ ဆုံခဲ့ရတာဖြစ်ပါတယ်။
သူကတော့ သုံးကြိမ်သုံးခါပြန်လည်မွေးဖွားခဲ့တဲ့သူပါ။ ၁၉၇၈ ခုနှစ်မှာ ပထမအကြိမ် သူ အဖမ်းခံခဲ့ရပြီး ၁၉၈၀ ခုနှစ်အထိ နှစ်နှစ်ကြာထောင်ကျခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ထပ်အဖမ်းခံရပြီး ၁၉၈၈ ခုနှစ်အထိ အကျဉ်းချခံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်မှာ သုံးကြိမ်မြောက်သူအဖမ်းခံခဲ့ရပြီး ထောင်ဒဏ်အနေနဲ့နှစ် ၂၀ အတိ အကျ ကျခံခဲ့ရပါတယ်။ သူ့ရဲ့ အစွပ်စွဲခံရတဲ့ပြစ်မှုအားလုံးဟာ ဦးနေဝင်းရဲ့အာဏာရှင်အစိုးရနဲ့ သူ့ကိုဆက်ခံတဲ့ စစ်အစိုးရကို ဆန့်ကျင်ခဲ့မှုတွေကြောင့် ပါပဲ။
ကိုစိုးမြင့်ဟာ ထောင်ထဲမှာ စုစုပေါင်း ၂၉ နှစ်ကြာနေခဲ့ရပါတယ်။ မင်ဒဲလားထက်တောင် ပိုကြာသေးတယ်။ အခုတော့ သူ့မိသားစုနဲ့အတူ နေနေပြီး မဂ္ဂဇင်း၊ စာစောင်တချို့အတွက် ကိုယ်တိုင်လည်း စာရေးပြီး ဘာသာပြန်တွေလည်း ရေးပေးနေတယ်။ သူက နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ စစ်တပ်နဲ့ပတ်သက်ဆက်စပ်တဲ့ ဆောင်းပါးတွေကို ရေးတယ်။ ဒီလူတွေဟာ “အတွင်းကြေ အတွင်းသေ” ဒါမှမဟုတ် စိတ်ဓာတ်ရေးရာအရ ဘုန်းဘုန်းလဲသွားလိမ့်မယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ ဒူပေဒါပေခံနိုင်စွမ်းက အံမခန်းပါဘဲ။
မြန်မာ့အရေး နိုင်ငံရပ်ခြားက လေ့လာသူတွေနဲ့ ပြည်တွင်းကလူတွေက မြန်မာ့လူ့အဖွဲ့ အစည်းတခုလုံးက အာဏာရှင်စနစ်ရဲ့ ဖိနှိပ်အုပ်စိုးမှုနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ငါးခုကျော် တိုင်းပြည်ရဲ့ ဆိုးရွားလှတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်ဝေဒနာရနေတယ် ဆိုပြီး ပြောလေ့ရှိတယ်။
ဒါကို ကျနော်လုံးဝသဘောမတူပါဘူး။ သေချာတာက လူဦးရေ ၅၃ သန်းထဲက တချို့သောလူပုဂ္ဂိုလ်တွေအနေနဲ့ တခြားနိုင်ငံက လူ့အဖွဲ့အစည်းတွေမှာ ရှိကြသလိုပဲ စိတ်အမာရွတ်တွေ ထင်ကျန်နေခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ မတရား နှိပ်စက်ညှင်းပမ်းခံခဲ့ရတဲ့သူတွေ၊ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ၊့ ခြိမ်းခြောက်ခံခဲ့ရတဲ့ ဒါမှမဟုတ် နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေ ပါဝင်မှာပါ။
ဒါပေမယ့် “မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး စိတ်ဝေဒနာရခဲ့ကြတယ်” လို့ ပြောတာကတော့ မမှန်ပါဘူး။ တကယ်တော့ ဒီလိုပြောသူတွေဟာ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတာမျိုး သူတို့ကြုံတွေ့ရရင် သူတို့ဘယ်လို ဖြစ်သွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ပြလိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အပေါ်မှာ ကျနော်ဖော်ပြခဲ့တဲ့ အကျဉ်းကျဖော်ဟောင်းတွေက ပြသခဲ့ကြတဲ့ ကြံကြံခံ အန်တုနိုင်စွမ်းနဲ့ ပြန်နလန်ထူနိုင်စွမ်းတွေက “စိတ်ဒဏ်ရာရခဲ့တဲ့လူ့အဖွဲ့အစည်း” တခုဆိုတဲ့ အယူအဆမှားယွင်းကြောင်း သက်သေပြနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ တကယ် စိတ်ဒဏ်ရာရကြစတမ်းဆိုရင် ဗြိတိသျှတို့က နှစ် ၁၀၀ ကိုလိုနီပြုအုပ်ချုပ်ကတည်းက ရနိုင်ပါတယ်။ ဒါမှမဟုတ် ဂျပန်ခေတ်မှာ ရခဲ့မှာဖြစ်ပြီး တခါ ဒုတိယကမ္ဘာစစ်ပြီး ဗြိတိသျှတို့ပြန်အဝင်မှာ နောက်တကြိမ် ထပ်မံခံစားခဲ့ကြရမှာပါ။
မြန်မာပြည်သူတွေဟာ အတော် ကြံကြံခံအန်တုနိုင်စွမ်းရှိကြတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ဟာ တကြိမ်တခါမက အသတ်ခံခဲ့ရကြပေမယ့် ပြန်လည်ရှင်သန်နိုင်ခဲ့ကြပါတယ်။
ကျနော်ပြန်လည်မွေးဖွားခဲ့ပြီး နှစ် ၂၀ အကြာမှာ ယုံကြည်ချက်အတွက် ကျနော် ဆက်လက်တိုက်ပွဲဝင်နေသလို ကျနော့်ဝန်းကျင်မှာလည်း ကျနော်နဲ့ တလှေတည်းစီးပြီး သူတို့ယုံကြည်မှုတွေအတွက် ကြိုးစားရုန်းကန်နေကြတဲ့ မရေတွက်နိုင်တဲ့သူတွေကိုလည်း တွေ့နေရပါတယ်။ ကျနော်တို့ အနေနဲ့ သေခြင်းတရားကို နောက်တကြိမ် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလို ကြုံလာရင်လည်း နောက်တကြိမ် ပြန်လည်မွေးဖွားလာဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။
(Kyaw Zwa Moe ၏ Recalling the Day When I Was Reborn ကို လူသာလင်း မြန်မာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်
သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး
ကယန်းတောင်ပေါ်ရွာလေးထဲ စိတ်ကူးယဉ်ခြင်း