၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား

ဆလိုင်းကျဲအိုဘိခ်ထောင်
၂၀၁၅ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မြန်မာပြည်က တာဝန်ယူချိန် နေပြည်တော်၌ ကျင်းပသော အစည်းအဝေးတွင် ကျောင်းသားလူငယ်များအား တိုင်းရင်းသားရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
Want create site? Find Free WordPress Themes and plugins.

အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲနိုင်ငံရေးကို မြန်မာပြည်တွင် ယဉ်ကျေးမှုတခုအဖြစ် မထွန်းကား သေးသော်လည်း ပါတီနိုင်ငံရေးကို အထိုက်အလျောက် လေ့ကျင့်လာသည့် အာရှနိုင်ငံ တခု ဖြစ်လာပါပြီဟုဆိုရမည်။ အထူးသဖြင့် မြေပြန့်သားများဖြစ်ကြသော ဗမာ၊ ရခိုင်၊ ကရင်နှင့် မွန်တို့သည် ဗြိတိသျှလက်ထက်ကတည်းက ရွေးကောက်ပွဲကို ၆ ကြိမ် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ခုနှစ်) လေ့ကျင့်ခွင့်ရသည့် အတွက် အခြားတိုင်းရင်းသားများထက်စာလျှင် ရွေးကောက်ပွဲစနစ်နှင့် ပိုမိုရင်းနှီးမှုရှိသည်ဟု ဆိုရမည်။

လွတ်လပ်ရေးနောက်ပိုင်းတွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၆ ကြိမ်ထပ်မံ ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ရာ တဖြည်းဖြည်းမြင့်တက်လာသော နိုင်ငံရေးရေချိန်နှင့်အတူ ပါလီမန်စနစ်နှင့် သမ္မတစနစ်ကို ရောထွေးကျင့်သုံးသော လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်း မြန်မာ့သမိုင်းတွင် တခါမှ မကြုံခဲ့ဖူးသည့် ညွန့်ပေါင်းအစိုးရ အခင်းအကျင်းကို ၂၀၂၀ အလွန်တွင် မြင်တွေ့နိုင်ဖွယ်ရှိ မရှိ လေ့လာသုံးသပ်ကြည့်ချင်သည်။

ပေးထားချက် (၂၀၀၈အခြေခံဥပဒေ)

လက်ရှိ ခြေ/ဥပုဒ်မ(၆၀-င)အရ ပြည်ထောင်စုအစိုးရဖွဲ့စည်းမည့် နိုင်ငံတော်သမ္မတကို အမတ်နေရာ ၆၆၄ ဦးပါဝင်သော ပြည်ထောင်စုလွှတ်တော် ထဲမှတဆင့် ဒု-သမ္မတလောင်း ၃ ဦး ထဲက တဦးဦးကို အများဆုံးမဲဆန္ဒဖြင့် ရွေးချယ်ရသည်။ ယင်းပေးထားချက်အရဆိုလျှင် အမတ်ဦးရေ ၃၃၃+ သည် အစိုးရဖွဲ့စည်းရေးအတွက် ခိုင်လုံ/အာမခံမဲဟု ဆိုရမည်။ လက်တွေ့တွင် မငြိမ်းချမ်းသည့် တိုင်းရင်းသားဒေသများအတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောနေရာ ခပ်များများရှိလေရာ ၃၃၃ မဲပြင် လိုအပ်ချင်မှ လိုအပ်မည်။ တပ်မတော်ခွဲတမ်း ၁၆၆ နေရာ(၂၅%)၊ တိုင်းရင်းသား ပြည်နယ်ဒေသတွင်း ခွဲတမ်း ၂၀၇ နေရာ (၃၁%၊ အမျိုးသားလွှတ်တော် ၈၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၁၂၃ နေရာ) ဗမာပြည်မဟု အလွယ်အားဖြင့်ခေါ်သည့် တိုင်းဒေသကြီးများ ခွဲတမ်း ၂၉၁ နေရာ (၄၁%) စသည်ဖြင့် အသီးသီးရှိကြပါသည်။

လက်ရှိအစိုးရအခင်းအကျင်း (၂၀၁၅ ရွေးကောက်ပွဲရလဒ်)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အမတ်နေရာ ၃၈၀ ခန့် (၅၈ ရာခိုင်နှုန်းခန့်) အနိုင်ရခဲ့သည်။ သမ္မတရွေးချယ်ရန်အများဆုံးလိုအပ်သည့် ၃၃၃ နေရာထက် အပို ၄၀ ကျော်ရရှိသည့်အတွက် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် တိုင်းရင်းသားပါတီများက နေရာ ၅၆ နေရာခန့်သာ အနိုင်ရခြင်းနှင့် NLD က ပြည်နယ်များ၏ မဲအများစုကို သိမ်းကျုံးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တဖက်မှကြည့်လျှင် NLD အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၃၀၀ အောက်အနို င်ရခဲ့လျှင် သူ့ပါတီတခုတည်းဖြင့် အစိုးရ(သမ္မတ) ဖွဲ့စည်းနိုင်မည် မဟုတ်ဘဲ အခြားအမတ်၊ ပါတီများ၏ ကူညီမှု လိုအပ်မှာဖြစ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းရမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ် ခန့်မှန်းချက်

ယေဘုယျအားဖြင့် NLD ရေပန်းစားမှုလျှော့ကျလာသည့်နှင့်အညီ ၂၀၂၀ ရွေးကောက်ပွဲတွင် (အထူးသဖြင့် တိုင်းရင်းသား ဒေသများ) အမတ်နေရာရရှိမှု အနည်းနှင့် အများ ကျဆင်းလာမည်ဟု သုံးသပ်ရပါသည်။ ယင်းသည်လည်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များက နိမိတ်ပြခဲ့ပါပြီ။ ထို့ပြင် ပြည်နယ်အခြေပြုပါတီများဖြစ်ကြသော ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပါတီများလည်း မကြာသေးခင်မှာ မိမိလူမျိုးအလိုက် တပါတီအဖြစ် အသီးသီးပေါင်းစည်းကြပြီဖြစ်သည့်အတွက် ပြည်သူများက ပူပူနွေးနွေး ချီးကျူးသြဘာပေးခြင်းခံရချိန်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများက ၂၀၁၅ရွေးကောက်ပွဲတွင် အမတ်နေရာ ၅၀ ခန့်သာ အနိုင်ရရှိရာခဲ့မှ လာမည့်၂၀၂ ၀ရွေးကောက်ပွဲတွင် အမတ်နေရာရရှိမှု မြင့်တက်လာနိုင်ပြီး ၁၅၀ ခန့် (သို့မဟုတ်) အနည်းဆုံး ၁၀၀ ကျော်ရရှိနိုင်သည်။

အကျိုးဆက်အားဖြင့် NLD သည် တိုင်းရင်းသားဒေသအပြင် ပြည်မတွင်လည်း ကြံ့ခိုင်ရေးပါတီ၊ သူရဦးရွှေမန်းပါတီနှင့် ကိုကိုကြီးပါတီတို့က (၁ နေရာ၊ ၂ နေရာ)နည်းနည်းစီ ဖဲ့ထုတ်သွားနိုင်သည်ဖြစ်၍ လက်ရှိအမတ် ၃၈၀ ခန့်ရရှိရာမှ အများဆုံး ၃၀၀ မှ အနည်းဆုံး ၂၅၀ ကြားလောက်အထိ လျော့ကျနိုင်ခြေရှိသည်။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လှောင်အိမ်ထဲက ဒေါင်းအကောင်ရေ ၁၀၀ လောက် လျော့ကျသွားနိုင်ခြေရှိသည်။ ထိုအခြေအနေသို့ရောက်ရှိသွားလျှင် ပါတီတပါတီတည်းဖြင့် အစိုးရဖွဲ့စည်းနိုင်မှာ မဟုတ်ဘဲ အခြားပါတီများနှင့် မဖြစ်မနေ ညွန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်လာပါတော့မည်။ မည်သည့်ပါတီများက မည်ကဲ့သို့ဖွဲ့မည်နည်း ဆိုသည်မှာ ထပ်ဆင့်မေးခွန်းဖြစ်လာပါသည်။

၂၀၂၀အလွန် ဖြစ်နိုင်ခြေ မဟာမိတ်/ညွန့်ပေါင်းအစိုးရ အခင်းအကျင်း

အထက်ပါတိုင်း ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပါက ၂၀၂၀ အလွန်အစိုးရဖွဲ့ရန် နည်းလမ်းမျိုးစုံ ဖြစ်လာန်ိုင်ပါသည်။ တနည်းအားဖြင့် ရွေးကောက်ပွဲရလဒ်ကြေညာပြီးပြီးချင်း မည်သည့်ပါတီက မည်ကဲ့သို့အစိုးရဖွဲ့မည်ဆိုသည်ကို ချက်ချင်းအဖြေပေးရန် မလွယ်ကူဘဲ ညွန့်ပေါင်းအစိုးရအတွက် ညှိနှိုင်းမှုမှာ လနဲ့ချီကြာနိုင်သည်။ ပိုဆိုးသည်မှာ ပါလီမန်စနစ် အသားပေးသည့် ၂၀၀၈ အခြေခံဥပဒေအောက်တွင် ပါတီငယ်များဖြင့် ညွန့်ပေါင်းအစိုးရ (minority government) ဖွဲ့ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ် လမ်းဖွင့်ထားခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေ ညွန့်ပေါင်းအစိုးရအခင်းအကျင်း ၃ မျိုးကို ဖော်ပြလိုပါသည်။

ဖြစ်နိုင်ခြေ(၁) NLD + တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ။

ယင်းသည် အလားလာအများဆုံးဟု ဆိုရမည်။ သို့သော် ဤနေရာတွင်လည်း UNA အဖွဲ့နှင့် ညွန့်ပေါင်းဖွဲ့မည်လော၊ NBF နှင့်ဖွဲ့မည်လော သို့မဟုတ် တိုင်းရင်းသားပါတီများစုဖွဲ့မှု(မဟာမိတ်)မဟုတ်ဘဲ တပါတီချင်း သို့မဟုတ် လွှတ်တော်အမတ်တဦးချင်းဖြင့် ညှိနှိုင်းမည်လော ဆိုသည့် အခြားနည်းလမ်း အမျိုမျိုး ရှိနိုင်သေးသည်။ ထို့ပြင် NLD က တိုင်းရင်းသားပါတီကြီးများကိုသာ ချဉ်းကပ်မည်လား သို့မဟုတ် ပါတီငယ်များကို သိမ်းကျုံးမည်လား ခန့်မှန်းရခက်သည်။ NLD အနေဖြင့် မည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ဟု အတိအလင်းကြေညာထားပြီးဖြစ်သည့်အတွက် သူ့အနေဖြင့် သမ္မတ ရရှိနိုင်ရေးလိုအပ်သည့် အမတ်ဦးရေ အနည်းအများအပေါ် မူတည်ပြီး ပါတီချင်းအလိုက် ချဉ်းကပ်နိုင်ခြေလည်း ရှိသည်။ ဒါတင်မက ရာထူးကြီးကြီးနှင့် တောင်းဆိုချက်ခပ်များများ လိုက်လျောပေးစရာမလိုသော ပါတီငယ်ခပ်များများကို ချဉ်းကပ်သည့် နည်းလမ်းကိုလည်း အသုံးပြုနိုင်သေးသည်။

ဖြစ်နိုင်ခြေ(၂) တပ်မတော် + တိုင်းရင်းသားပါတီများ + ဗမာပါတီများ ညွန့်ပေါင်းအစိုးရ။

လူနည်းစုအစိုးရ(minority government) မျိုးလည်း မဖြစ်နိုင်ဟု မဆိုနိုင်ချေ။ အထူးသဖြင့် လွှတ်တော်တွင် မဲအများစုအနိုင်ရမည့် NLD က တိုင်းရင်းသားပါတီများကို ပြေပြေလည်လည်မဆက်ဆံဘဲ အထက်က ဖြစ်နိုင်ခြေ(၁)အသွင်ဖြင့် ညှိနှိုင်းမှုမအောင်မြင်ပါက တိုင်းရင်းသားပါတီများက ကိုယ့်အမျိုးသားရေး အတွက် ဈေးကြီးကြီးပိုပေးနိုင်သည့် မည်သည့်အဖွဲ့နှင့်မဆို ရပ်တည်ရန် ဝန်လေးကြလိမ့်မည် မဟုတ်ချေ။ ၂၀၁၆ ခုနှစ်တုန်းက NLD က ရှမ်းပါတီကို အစိုးရတွင်ပါဝင်ရေး ကမ်းလှမ်းခဲ့သော်လည်း ဈေးပေါပေါ သာပေးသည်ဟုဆိုကာ SNLD က ငြင်းပယ်ခဲ့သကဲ့သို့ အမတ်နေရာအများဆုံးရမည့် NLD အနေဖြင့် ၂၀၂၀ အလွန်တွင်လည်း အတတ်နိုင်ဆုံး ဈေးနှိမ်ပြီး ကမ်းလှမ်းမှုမျိုး ပြန်ကြုံလာနိုင်သည်။ ထိုအချိန်တွင် ‘တပ်မတော်+ပြည်ခိုင်ဖြိုးပါတီအုပ်စု’နှင့် အခြားဗမာပါတီများက အစိုးရဖွဲ့နိုင်ရေး တိုင်းရင်းသားပါတီများကို အဆမတန် ဈေးပိုပေးပြီး ကမ်းလှမ်းလာနိုင်သည်။

ဖြစ်နိုင်ခြေ (၃) NLD + ဗမာပါတီများ ညွန့်ပေါင်းအစိုးရ။

၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး စားပွဲဝိုင်းများမှာ တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်အကြောင်းအရာများ ဆွေးနွေးသည့်အခါတိုင်း NLD၊ တပ်မတော်နှင့် အခြားဗမာနိုင်ငံရေးခေါင်းဆောင်များသည် ဆုံမှတ်တခုတည်းတွင် အလိုအလျောက်စုစည်းရပ်တည်လေ့ရှိသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်အရေးမှာ သဘောထားပိုမိုနီးစပ်သည့် ဗမာပါတီအချင်းချင်းသာ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး အကျိုးတူကိစ္စအတွက် အတူတကွ ရပ်တည်နိုင်ခြေလည်း ရှိပါသည်။ လက်တွေ့လည်း ကျပါမည်။

တိုင်းရင်းသားပါတီများ စဉ်းစားသင့်သည့်အချက်များ

လက်ရှိတွင် တိုင်းရင်းသားပါတီ ၅၀ ကျော်ရှိသည့်အနက် ၁၀ ပါတီကသာ ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာရရှိပြီး စုစုပေါင်းအမတ် ၅၆ နေရာခန့်ရှိပါသည်။ လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀၀ မှ ၁၅၀ လောက်အထိရအောင် အမှန်တကယ် စွမ်းဆောင်နိုင်မည်လား။ လွယ်လှသည်တော့ မဟုတ်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ ပေါင်းစည်းရုံသက်သက်၊ NLD ပါတီအားနည်းချက်ကို ထောက်ပြရုံသက်သက်ဖြင့် မပြီးဘဲ တိုင်းရင်းသားပါတီများအနေဖြင့် ဗျူဟာကျကျပြင်ဆင်ရန် လိုအပ်ပါသည်။

အထူးသဖြင့် တိုင်းရင်းသားပါတီများ စုဖွဲ့မှုအနေအထား ပြန်လည်သုံးသပ်ရန် လိုလာပါသည်။ UNA တို့ NBF တို့ စုဖွဲ့မှုသည် လက်ရှိအချိန်အထိတွင် ညှိနှိုင်းဆောင်ရွက်သည့်စုဖွဲ့မှု (coordination body) အဆင့်သာရှိပြီး ရွေးကောက်ပွဲမဟာမိတ်(electoral alliance) အဆင့်ထိ မရောက်သေးပေ။ ထို့ကြောင့် UNA နှင့် NBF မပေါင်းစည်းနိုင်သေးသည့်တိုင် ၂၀၂၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်တွင် “တဖွဲ့ချင်းမဟုတ်ဘဲ အဖွဲ့လိုက်/မဟာမိတ်ဖြင့်သာ ညှိနှိုင်းဆွေးနွေးမည်”ဆိုသည့် စုပေါင်းသဘောထား ရပ်တည်ချက်မျိုးအထိ အချိန်မီ တည်ဆောက်နိုင်ရန် လိုအပ်ပါသည်။ ထို့ပြင် ပြည်မပါတီကြီးများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ညှိနှိုင်းသည့်အခါတွင်လည်း နိုင်ငံရေးရာထူး တာဝန်သက်သက်အတွက် ညှိနှိုင်းခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားအခွင့်အရေးနှင့် မူဝါဒကို အခြေခံညှိနှိုင်းမည်ဆိုသည့်မူနှင့် ရပ်တည်ချက်မျိုးကိုလည်း သက်ဆိုင်ရာ မဲဆန္ဒရှင်များကို ကြိုတင်တင်ပြနိုင်ရန် လိုအပ်ပါသည်။

(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး ချင်းတိုင်းရင်းသားပါတီ ၃ ပါတီ ပေါင်းစည်းထားသည့် ပါတီသစ် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း အထွေထွေအတွင်းရေးမှူး ပူးတွဲတာဝန်ယူထားသူ ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

အခြေခံဥပဒေ ပြင်ဆင်ရေး NLD တင်ပြချက် တိုင်းရင်းသားအရေး ဘယ်လောက်ပါသလဲ

တိုင်းရင်းသားပါတီများ နိုင်ရင် ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးပါ

Did you find apk for android? You can find new Free Android Games and apps.
Loading