စစ်အစိုးရခေတ်က ဖက်ဒရယ် ဟူသော စကားရပ် သုံးစွဲမှုကို တားမြစ် ဖိနှိပ်ထားစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ဒီမိုကရေစီလိုလားသူများသည် တားမြစ်မှုကို ဆန့်ကျင်ခဲ့ကြသည်။ ယနေ့အချိန်တွင်မူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ အစ နေ့စဉ်သုံးအထိ ထို ဖက်ဒရယ် ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီ ဖြစ်သည်။ ထိုအပြောင်းအလဲ စခဲ့သည်မှာ မကြာသေးဘဲ ၈ နှစ်ခန့်သာ ရှိသေးသည်။
မြန်မာ့နိုင်ငံရေးတွင် အထူးသဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆီ လမ်းဖွင့်ပေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ‘တော်လှန်ရေး၊ ပြည်တွင်းစစ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်’ စသည့် စကားလုံးများအတွက် အငြင်းပွားမှုများ တစိုက်မတ်မတ် ရှိခဲ့သည်။ စကားရပ်များအပေါ် အငြင်းပွားမှုကြောင့် နှောင့်နှေးရသဖြင့် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မူကြမ်းကို ဆွေးနွေးသည့် ၂၀၁၄-၁၅ ခုနှစ်က ထိုစကားလုံးများအပေါ် အငြင်းပွားမှုကြောင့် ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ဖူးသည်။
အာဇာနည် ဟူသောစကားလုံးနှင့်ပတ်သက်ပြီး NLD အစိုးရနှင့် တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ကရင်တိုင်းရင်းသားများအကြား အယူအဆကွဲပြားမှုသည်လည်း ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဆူပွက်လာသည်။ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော ကွယ်လွန်သူ ကရင့်တော်လှန်ရေးခေါင်းဆောင်များအတွက် နှစ်စဉ်အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားရခြင်းဖြစ်သည်။ ထိုခေါင်းဆောင်များကို ကရင်တိုင်းရင်းသားများက အာဇာနည်အဖြစ်မြင်သော်လည်း ထိုသို့ ရည်ညွှန်းသုံးနှုန်းခြင်းအပေါ် အစိုးရက စိတ်မချမ်းမြေ့ဖြစ်နေသည်။ ထို့ကြောင့်ပင် ကရင့်အာဇာနည်နေ့ စကားရပ်အသုံးပြုသည့် အခမ်းအနားကျင်းပခြင်းကို ပိတ်ပင်သည်။ ထိုလုပ်ရပ်က တိုင်းရင်းသားအသိုင်းအဝန်းကို ဒေါသဖြစ်စေသည်။
ယခုနှစ် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဟူသော စကားလုံးကို ပယ်ဖျက်ရန် အမိန့်ကို မလိုက်နာသဖြင့် ကျောက်တံတားရဲစခန်းမှ ရဲများက တက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို အရေးယူသည်။ ထိုနေ့၊ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် မြန်မာ့တပ်မတော်က ကရင်အမျိုးသားရေးဝါဒီများလည်းဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) ကို တည်ထောင်သူဖြစ်သော စောဘဦးကြီးနှင့် ဗိုလ်ချုပ် စိုင်းကေတို့ကို ကော့ကရိတ်မြို့နယ် ထို့ကောကိုးကျေးရွာ အနီးတွင် ခြုံခိုတိုက်ခိုက်သောကြောင့် ကရင်ခေါင်းဆောင်နှစ်ဦး ကျဆုံးသောနေ့ဖြစ်သည်။
ဖမ်းဆီး တရားစွဲခံထားရသည့် ကရင်တိုင်းရင်းသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေး အကျဉ်းသူဟောင်းတဦးဖြစ်သော နော်အုန်းလှက ကရင့်အာဇာနည်နေ့စုဝေးပွဲကို အာဏာပိုင်များအား အကြောင်းကြားပြီး ဆောင်ရွက်ခြင်းဖြစ်သောကြောင့် သူမသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်လှည့်လည်ခြင်း ဥပဒေကို ချိုးဖေါက်သည်ဟူသော စွပ်စွဲချက်ကို အချုပ်ခံလျက်နှင့်ပင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နော်အုန်းလှက ပြောကြားထားပြီး ဖမ်းဆီးခံ သုံးဦးစလုံးသည် အာမခံယူခြင်း မရှိကြပေ။
၎င်းတို့အမှုကို ရုတ်သိမ်းရန် တောင်းဆိုမှုများ မြင့်တက်လာသည်။ လူမှုအခြေပြုအဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့တို့က တရားစွဲဆိုမှု ရုတ်သိမ်းပြီး သူတို့ကို လွှတ်ပေးရန် တောင်းဆိုသည်။
“ကရင့်အာဇာနည်နေ့ ကျင်းပပြုလုပ်ခြင်းကို အကြောင်းပြုကာ ဦးဆောင်သူအား ဖမ်းဆီး တရား စွဲဆို နေခြင်းသည် ကရင်တိုင်းရင်းသားတွေရဲ့ အတိတ်သမိုင်းကို ပြန်လည်နှိုးဆွပေးနေသလို ဖြစ်နေပါသည်” ဟု KNU Concerned အဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ကထုတ်ပြန်သော ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။ KNU ဒုတိယ ဥက္ကဌဟောင်း နော်စီပိုးရာစိန် ဦးဆောင်သော KNU ရေးရာ (KNU-Concerned) အဖွဲ့သည် ကရင့်ရေးရာများနှင့် ပတ်သက်ပြီး အာဏာပိုင်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်သောအဖွဲ့ ဖြစ်သည်။ ၎င်းတို့၏ တောင်းဆိုချက်ကို အစိုးရက ဖြည့်ဆည်းခြင်းမရှိပါက ကရင်လှုမှုအသိုင်းအဝန်းတခုလုံးက အမျိုးသားရေးလှုပ်ရှားမှု အသွင်ဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် အကျိုးဆက်များကို အစိုးရက တာဝန်ယူရမည် ဖြစ်ကြောင်း ထိုအဖွဲ့ ကပြောသည်။
၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် KNU တို့ နှစ်ဘက်ပဏာမ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ထိုးပြီးချိန်မှစတင်ပြီး ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ရန်ကုန်တွင် ကျင်းပလာသည်။ ကရင်တိုင်းရင်းသားများသည် တနိုင်ငံလုံးတွင် ပြန့်ကျဲနေထိုင်သောကြောင့် ထိုအခမ်းအနားကို ကရင်ပြည်နယ်တွင်သာမက ကရင်တိုင်းရင်းသားများနေထိုင်ရာ နေရာများဖြစ်သော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း စသည့်နေရာများတွင်လည်း ကျင်းပကြသည်။ ကရင်တိုင်းရင်းသားများက စောဘဦးကြီးနှင့် အခြားတော်လှန်ရေးခေါင်းဆောင်များကို အာဇာနည်များအဖြစ် လေးစားတန်ဖိုးထားကြသည်။ သမတဟောင်း ဦးသိန်းစိန်အစိုးရခေတ်ကပင် ထိုကဲ့သို့သော ပြဿနာမရှိခဲ့ကြောင်းလည်း ပြောဆိုကြသည်။
ထိုစကားလုံးကို မသုံးရန်တားမြစ်သည့် NLD အစိုးရ၏ တခုတည်းသော အကြောင်းပြချက်မှာ လွတ်လပ်ရေး သူရဲကောင်းများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၊ မန်းဘခိုင်နှင့် အခြား အာဇာနည် ၇ ဦးတို့နှင့် ရောထွေးကုန်မည်ကို စိုးရိမ်ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက သြဂုတ်လ ကရင့်အာဇာနည်နေ့မတိုင်မီက ဧရာဝတီ သတင်းဌာနသို့ ပြောဆိုထားသည်။ သို့သော် ထိုအခမ်းအနားစီစဉ်သူများ အနေဖြင့် ကျဆုံးပြီးသော သူရဲကောင်းများအတွက် အောက်မေ့ဖွယ်အခန်းအနား ပြုလုပ်နိုင်သည်ဟု ဆိုသည်။ ဆန္ဒပြသူများသည် ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပသောကြောင့် တရားစွဲဆိုခံရခြင်း မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေကို ချိုးဖေါက်သောကြောင့်သာ ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး က စက်တင်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။
ထိုအမှုကိုရုတ်သိမ်းရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် KNU ကလည်း တောင်းဆိုထားသည်။ KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူးကလည်း ကရင့်အာဇာနည် ဟူသောအသုံးအနှုန်းကို ပိတ်ပင်ခြင်းအား ယခင်လက ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ကန့်ကွက်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် ကွဲပြားမှုများကြားမှပင် ညီညွတ်ရန်အတွက် မတူညီကွဲပြားသော တိုင်းရင်းသားများ၏ နောက်ခံ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် စာပေများကို အသိအမှတ်ပြုခြင်းသည် အရေးပါကြောင်း သူက ထောက်ပြပြောဆိုသည်။ မြန်မာအစိုးရနှင့် လူများစု ဗမာများသည် တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှုများ၊ စာပေများကို နားလည် အသိအမှတ်ပြုသည်ဟု မပြောမီ တိုင်းရင်းသားများ၏ စိုးရိမ်ချက်များအပေါ် စိတ်ဝင်စားသင့်သည်ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူများသည် စစ်အစိုးရနှင့် ယခင်အရပ်သားတပိုင်းအစိုးရ ခေတ်တို့ထက် အရပ်သားအစိုးရအောက်တွင် လွတ်လပ်စွာပြောဆိုခွင့်ကို ပိုမိုမျှော်လင့်ထားကြသည်။ သို့သော် ငြိမ်းချမ်းစွာ စုဝေးပွဲများ စီစဉ်ကျင်းပခြင်းဖြင့် ဆန္ဒဖေါ်ထုတ်သည့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူမှုများ ပိုမိုများပြားလာသည်။ ထိုသို့ဖမ်းဆီးအရေးယူရာတွင် ကရင်တိုင်းရင်းသားများကိုသာမက ရန်ကုန်မှ စစ်ဆန့်ကျင်သူများ၊ ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်သူများ၊ ကယားပြည်နယ်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆန့်ကျင်သူများအပါအဝင် အများအပြားလည်း ပါဝင်သည်။
လတ်တလော ဖြစ်ပေါ်နေသည်များကို ကြည့်လျှင် စောဘဦးကြီးနှင့်သက်ဆိုင်သည့်နေ့အပေါ် NLD အစိုးရသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်များနှင့် တိုက်ခိုက်ခဲ့သည့် တပ်မတော်ထက်ပင် ပိုမိုဒေါသဖြစ်နေသည့်ပုံ ပေါက်နေသည်။
ဆယ်စုနှစ် ၇ ခုကျော် ပြည်တွင်းစစ် ပဋိပက္ခများကို ကျော်လွားရန်အတွက် မြန်မာနိုင်ငံတွင် ယုံကြည်မှုတည်ဆောက်ရန် အရေးကြီးလှကြောင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် အစိုးရက ပြောဆိုထားသည်။ ထိုသို့ဆိုပါက အစိုးရအနေဖြင့် KNU ခေါင်းဆောင်များနှင့် သာမက ကရင်ပြည်သူများနှင့်ပါ ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းရမည် ဖြစ်သည်။ ထိုသို့ ကရင်တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေး အားထုတ်မှု အောင်မြင်ပါမှ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွင်ပါဝင်သည့် အခြားတိုင်းရင်းသားများနှင့် ပြေလည်ရေး၊ ယုံကြည်မှု ပိုမို တည်ဆောက်နိုင်ရေးအတွက်လည်း အထောက်အကူ ဖြစ်ပေမည်။
မည်သို့ဆိုစေ KNU ကိုထောက်ခံကြသည့် ကရင်တိုင်းရင်းသားပြည်သူများကို ဆက်ဆံပုံအား NCA လက်မှတ်မထိုးရသေးသည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စောင့်ကြည့်နေသည်။ အစိုးရကလည်း ထိုအုပ်စုများ NCA လက်မှတ်ထိုးလာရေးကို ကြိုးပမ်းနေသည်။ သို့သော် NCA လက်မှတ်ရေးထိုးပြီးသည့်အဖွဲ့များကို တန်းတူဆက်ဆံမှုမရှိခြင်း သို့မဟုတ် အတိတ်သမိုင်းကို အတင်းအကျပ် မေ့ဖျောက်ခိုင်းခြင်းတို့ ဖြစ်ပေါ်ပါက အခြားအဖွဲ့အစည်းများအနေဖြင့်လည်း အဘယ်ကြောင့် NCA လမ်းကြောင်းကို လိုက်ပါတော့မည်လဲဟု မေးခွန်းထုတ်ကြတော့မည် ဖြစ်သည်။
လက်ရှိအစိုးရ၏ လုပ်ရပ်သည် လက်တွေ့တွင် နောက်ပြန်လှည့်သွားနေခြင်း ဖြစ်သည်။ အစိုးရ၏ လုပ်ရပ်များကို ပြန်လည်အကဲဖြတ်ရန် နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း အစိုးရအနေဖြင့် ဆန္ဒရှိလျှင် တိုင်းရင်းသားလူမှုအသိုင်းအဝန်းများအားလုံး၏ ထောက်ခံမှုကို ပြန်လည်ရယူရန် စတင်ဆောင်ရွက်နိုင်သည်။
မည်သူတဦးတယောက်မဆို ၎င်းတို့၏ ခေါင်းဆောင်များကို အာဇာနည်အဖြစ် အသိအမှတ်ပြု အလေးအမြတ်ပြုခြင်းသည်မမှား။ ယင်းသည် တဦးချင်းစီ အမှတ်ရနေသော အမျိုးသားရေးအတိတ်သမိုင်းဖြစ်သည်။ စောဘဦးကြီးသည် ကရင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကရင်တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သဖြင့် ကရင်တိုင်းရင်းသားများသည်လည်း မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ခေါင်းဆောင်အား လွတ်လွတ်လပ်လပ် အမှတ်ရခွင့် ရှိသင့်သည်။
(Nyein Nyein ၏ Karen Martyrs’ Day Case Shows Ethnic Rights in Retreat Under Present Myanmar Govt ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
နော်အုန်းလှအား အမြန်ဆုံးလွှတ်ပေးရေး UNA တောင်းဆို
NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား