မြန်မာနိုင်ငံမှာ မန္တလေးမြို့ကို ယဉ်ကျေးမှုမြို့တော် လို့တောင် တင်စားရတဲ့ မြို့တမြို့ပါ။ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ “ရွှေခြေကျင်းနဲ့ မန္တလေးသူ” လို့ ပြောစမတ်ပြု ခံခဲ့ရတဲ့ အစဉ်အလာကောင်းတွေ ပြည့်ဝတဲ့ ရတနာပုံ မန္တလေးပါ။ မန္တလေးလို့ ပြောလိုက်ရင် “ဈေးချိုတော်” ဆိုတဲ့ ဈေးကြီးကိုလည်း ထည့်မပြောလို့ မဖြစ်ပါဘူး။
ကျမဟာ စစ်ကိုင်းဇာတိ ဖြစ်ပေမယ့် မန္တလေးဟာ ကျမနဲ့ အရင်းနှီးဆုံး မြို့တမြို့ပါ။ စစ်ကိုင်းနဲ့ မန္တလေးဟာ ဧရာဝတီ မြစ်ကြီး ခြားထားတယ် ဆိုပေမယ့် စစ်ကိုင်းတံတားကြီးက မြို့ ၂ မြို့ကို လက်ချင်းယှက်ပေးသလို၊ ဆက်သွယ် ပေးထားတာကြောင့် သွားရေးလာရေး အလွန်လွယ်ကူပါတယ်။ မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့ရတာကြောင့်လည်း ဇာတိမြို့နဲ့ မခြား မန္တလေးကို ချစ်မြတ်နိုးမိသလို မန္တလေးသူ၊ မန္တလေးသားတွေရဲ့ ပကတိ ယဉ်ကျေးပျူငှာမှုကို လက်တွေ့ မျက်တွေ့ ခံစားခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က မန္တလေးမြို့မှာ သွားရေးလာရေး အတွက် စက်ဘီးကိုပဲ အများဆုံး အသုံးပြုခဲ့ပါတယ်။ မန္တလေး တက္ကသိုလ်ကို တက်တဲ့ ကျောင်းသူ ကျောင်းသားတွေဟာလည်း ကျောင်းထဲမှာ စက်ဘီးပဲ စီးကြတာ များပါတယ်။ နောက်တခုက မန္တလေးတက္ကသိုလ်ကနေ ဈေးချို၊ မန္တလေးတက္ကသိုလ်နဲ့ ဘုရားကြီး ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့် စက်ဘီးပဲ စီးစီး၊ ဘတ်စ်ကားပဲ စီးစီး သွားလာရတာ အဆင်ပြေသလို လုံခြုံမှုလည်း ရှိပါတယ်။
ဈေးချိုတော်နဲ့ အနီးတဝိုက်မှာ ညဘက်မှာ ခင်းကျင်းရောင်းချတဲ့ စာအုပ်တန်းတွေလည်း ရှိနေပြီး၊ အေးအေးဆေးဆေး ထိုင်ရွေးနိုင်သလို စာအုပ်ကို ဖတ်နေလို့လည်း ရပါတယ်။ ဈေးချိုတော်မှာ ဈေးဝယ်မယ် ဆိုရင်လည်း ဈေးချိုသူ၊ ဈေးချိုသားတွေက ဖော်ဖော်ရွေရွေ ဖိတ်ခေါ် ရောင်းချကြပါတယ်။ စစ်ကိုင်းတို့၊ အမရပူရတို့လို အနီးအနား မြို့တွေက ကုန်သည်တွေဟာ ဈေးချိုက အထည်အလိပ်တွေ၊ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူပြီး မိမိတို့မြို့မှာ ပြန်လည်ရောင်းချကြတာ လည်း တွေ့ဖူးပါတယ်။
အဲဒီကာလတုန်းက ကျမတို့လို တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ ကျောင်းထဲမှာ ဘာမှ စိုးရိမ်စရာ မလိုဘဲ နေ့ရောညပါ အချိန်မရွေး ဝင်ထွက် သွားလာနိုင်သလို အဆောင်နေ ကျောင်းသား ကျောင်းသူတွေလည်း မိမိတို့ စက်ဘီးလေးနဲ့ မြို့တော်ရဲ့ နေရာမရွေး သွားလာနိုင်ခဲ့တာကို ပြန်ပြီး မှတ်မိနေပါသေးတယ်။ အချိန်ရရင် ရသလို မန္တလေးကျုံးမှာ လမ်းလျှောက်၊ ဒါမှမဟုတ် စက်ဘီးစီး၊ မန္တလေးတောင်ကြီးကို လှမ်းငေးမော၊ မန္တလာသူ ညိုပြာညက် လေးတွေရဲ့ “ခင်ဗျား၊ ကျနော်” ဆိုတဲ့ စကားသံလေးတွေ နားထောင်ရင်း ကျုံးဘေးမှာ လေညင်းခံ၊ လတ်ဆတ်တဲ့ လေပြေထဲမှာ ငြိမ်းချမ်းအေးမြပြီး ဘာကိုမှ စိုးရိမ်သောက ရောက်စရာ မရှိခဲ့တာတွေကို ပြန်ပြီး အောက်မေ့ သတိရနေမိပါတယ်။
ဆိုလိုတာက လတ်တလော လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေ ပေါ်မှာ တွေ့မြင်၊ ဖတ်ရှု၊ ကြားသိနေရတဲ့ လုယက်မှု ဆိုတာ မန္တလေးမြို့မှာ ကြားတောင် မကြားဖူးခဲ့သလို အလွန်အေးချမ်းတဲ့ အစဉ်အလာကောင်းတွေ ထိန်းသိမ်းထားတဲ့ မြို့တမြို့ ဖြစ်တဲ့ အကြောင်းပါ။ ဒါပေမယ့် အခုတော့ မန္တလေးမှာ ပြောင်းလဲလာတဲ့ ခေတ်ရေစီးနဲ့ အတူ ယခင်က သွားလာရေး အတွက် အသုံးပြုခဲ့တဲ့ စက်ဘီးလေးတွေ အစား ဆိုင်ကယ်တွေက နေရာယူလာပါပြီ။ ဆယ်စုနှစ် တခု အတွင်း ဆိုင်ကယ် အရေအတွက်က သိသိသာသာ များပြားလာသလို စက်ဘီးစီးသူတွေလည်း တော်တော်နည်းသွားပါတယ်။
ဘ၀ပေး အခြေအနေအရ ရန်ကုန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရပေမယ့် မန္တလေးကို ချစ်တဲ့ စိတ်နဲ့ နှစ်စဉ်ရောက်ဖြစ်တဲ့ အခါတိုင်း ညီညာကျယ်ပြန့်တဲ့ မန္တလာမြို့ရဲ့ လမ်းမတွေ အပေါ်မှာ ဆိုင်ကယ်တွေ ပိုပိုပြီး ရှုပ်ထွေးများပြား သွားလာ နေကြတာကို ကြည့်ပြီး ကျမ တအံ့တသြ ဖြစ်ရပါတယ်။ ဆိုင်ကယ် ကယ်ရီဆွဲသူတွေကလည်း သူ့ထက်ငါ အလုအယက် လူခေါ်ကြတာက စိတ်အနှောင့်အယှက် အရမ်းဖြစ်ရပါတယ်။
ဆိုင်ကယ် မတော်တဆ ဖြစ်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေ အများကြီး ရှိလာသလို ဆိုင်ကယ်ကို အသုံးပြုပြီး လုယက်မှုတွေ ပေါ်ပေါ်တင်တင် ကျူးလွန်လာတာတွေလည်း ကြားသိနေရပါတယ်။ လုယက်မှု ကျူးလွန်သူတွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ပါ အနည်းနဲ့ အများဆိုသလို ဆက်စပ်နေပြီး ကျူးလွန်သူ အများစုဟာ လူငယ်လူရွယ်တွေ ဖြစ်နေတာက တကယ့်ကို ဝမ်းနည်းစရာပါ။ မူးယစ်ဆေးဝါး သုံးစွဲမှု၊ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် ပိုက်ဆံအိတ် ဆွဲလုတာ၊ လက်ကိုင်ဖုန်းကို အတင်းလုယူတာ၊ ဆွဲကြိုးဆွဲဖြတ်လုပြေးတာ စတာတွေ ကျူးလွန်ကြရုံသာမက အလု ခံရသူက အော်ဟစ် အကူအညီတောင်းရင် ဓားနဲ့ ထိုးတဲ့အထိ အတင့်ရဲ ရမ်းကားလာတာတွေလည်း တုန်လှုပ်စရာ သတင်းတွေ ကြားနေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က မန္တလေးဈေးချိုတော် အနီး၊ ၂၇ လမ်းနဲ့ ၈၄×၈၅ လမ်းကြားမှာ ဂျပန်နိုင်ငံသူ အမျိုးသမီးတယောက် လုယက်ခံခဲ့ရပါတယ်။ ဂျပန်နိုင်ငံသူ နှစ်ယောက်နဲ့ ဧည့်လမ်းညွှန်တဦးတို့ လမ်းလျှောက်လာချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား တဦးက ဂျပန်နိုင်ငံသူ တဦိးဆီက ဖုန်းကို လုယက်ခဲ့တာပါ။ ဂျပန်နိုင်ငံသူက ဖုန်းကို ပြန်လည် လုယူနိုင်ခဲ့ပေမယ့် ရမ်းကားလုယက်သူက ဆိုင်ကယ်ကို မောင်းထွက်သွားပါတယ်။ ဒါပေမယ့် ခဏတာ အတွင်းမှာ လုယက်သူက ဆိုင်ကယ်ကို ပြန်လှည့်လာပြီး ဧည့်လမ်းညွှန်နဲ့ ဂျပန်နိုင်ငံသူ ဧည့်သည်တွေကို ရန်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ဘေးပတ်ဝန်းကျင်ကို ဟစ်အော် အကူအညီတောင်းခဲ့သေးပေမယ့် ဝန်းကျင်က လူအများဆီက ဘာအကူအညီမှ မရခဲ့ဘူးလို့လည်း သိရပါတယ်။
အလုယက်ခံရတဲ့ ဂျပန်နိုင်ငံသူ နှစ်ဦးဟာ စစ်ကိုင်းမြို့မှာ ရှိတဲ့ ဝါးချက်ဆေးရုံမှာ ပရဟိတ အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ သူနာပြု ဆရာမလေးတွေ ဖြစ်လို့ အခုလို လုယက်မှုဟာ ယဉ်ကျေးမှုမြို့တော် မန္တလေးရဲ့ ပုံရိပ်ကိုသာ မက၊ ခရီးသွားလုပ်ငန်းနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်အထိပါ ကျဆင်းမှာ စိုးရိမ်ရပါတယ်။
နှစ်လိုဖွယ် အမူအရာနဲ့ ယဉ်ကျေးပျူငှာဖော်ရွေပြီး ဧည့်သည်ကို အလေးထား ဆက်ဆံ ကူညီပေးတတ်တဲ့ မန္တလာသူ မန္တလာသားတို့ရဲ့ စိတ်ထားကောင်းတွေဟာ ဈေးချိုတော် အနီး လုယက်မှု ဖြစ်ပွားချိန်မှာ ဘာကြောင့်များ ပျောက်ဆုံးသွားခဲ့ ပါလိမ့်၊ ဘာကြောင့် အကူအညီ မပေးခဲ့ကြတာပါလိမ့်၊ အကူအညီ မပေးရဲလောက်အောင်ကို လုယက်သူဘက်က ပြုမူနေတာကြောင့်လား ဆိုတဲ့ မေးခွန်းတွေ အစီအရီ ပေါ်ထွက်လာစေပါတယ်။
ဧည့်လမ်းညွှန်က လက်အုပ်ချီ တောင်းပန်ပြီး အနီးနားက လုံခြုံရေး ဝန်ထမ်းတဦးကို အကူအညီ တောင်းခံခဲ့ရတယ် လို့လည်း သိရပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မန္တလေးဧည့်လမ်းညွှန် အသင်းထံကို စာပို့တင်ပြခဲ့တယ် လို့လည်း ဆိုပါတယ်။ သို့ပေမယ့် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ (မန္တလေး) ကိုတော့ တိုင်ကြားမှု မရှိဘူး လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကနေ ရရှိတဲ့ ဝင်ငွေ မြင့်တက်ဖို့ အစိုးရဘက်က နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးပမ်းနေချိန်မှာ အခုလို နိုင်ငံခြားသား ခရီးသွားများ လုယက်ခံရတဲ့ အဖြစ်အပျက်က လုပ်ငန်းစဉ်ကို ထိခိုက်မှု ဖြစ်စေတဲ့ အပြင် အစိုးရရဲ့ စီမံကွပ်ကဲမှု၊ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်မှုတွေ အထိ အရိပ်မည်းကြီး စွန်းထင်းစေနိုင်ပါတယ်။
အထူးသဖြင့် မန္တလေးမြို့ဟာ မြန်မာဘုရင်နောက်ဆုံး နန်းစိုက်ရာမြို့၊ ယဉ်ကျေးမှု အမွေအနှစ်ကြွယ်ဝတဲ့မြို့၊ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့မြို့၊ မန္တလေးတောင်၊ ဈေးချိုတော်၊ မဟာမြတ်မုနိဘုရား စတဲ့ နေရာတွေကို နိုင်ငံခြားသား ခရီးသွားတွေ နှစ်စဉ် သိန်းချီလာရောက် လေ့လာလည်ပတ်တဲ့ မြို့ဖြစ်တာကြောင့် အခုလို နေ့ခင်းကြောင်တောင် လူအများကြား လုယက်ရမ်းကားမှု ဖြစ်စဉ်က မြို့ခံပြည်သူများ အတွက် မျက်နှာပျက် အရှက်ရစရာပါ။
မြို့လယ်ခေါင်မှာတောင် ခရီးသွား ဧည့်သည်တွေ လုယက်ရန်ပြု ခံရတယ် ဆိုတဲ့ သတင်းက ခရီးသွားကဏ္ဍ အပေါ် ရိုက်ခတ်မှု ရှိမှာ အသေအချာပါပဲ။
မကြာခဏ ဆိုသလို ကြားနေ၊ ဖတ်နေရတဲ့ မန္တလေးမြို့မှာ ဓားနဲ့ ထောက်ပြီး ဆိုင်ကယ် လုယက်မှု၊ ဖုန်းလုယက်မှု၊ ပိုက်ဆံအိတ်၊ ဆွဲကြိုးဖြတ် စတဲ့ လုယက်မှုတွေရဲ့ အကြောင်းခံကို ရှာဖွေဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူရမှာပါ။ “တရားဥပဒေ စိုးမိုးရေး” အတွက် ပိုမိုတင်းကျပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်သလို “ကောင်းသတင်း” တွေ များလာမှသာ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားတွေလည်း ပိုမို လာရောက်လည်ပတ်ကြမှာ ဖြစ်ပါတယ်။
ဆိုင်ကယ်ကို အသုံးပြုပြီး လုယက်မှု ကျူးလွန်တာ ဖြစ်လို့ ဒီဆိုင်ကယ်တွေဟာ တရားဝင် လိုင်စင် ရှိသလား ဆိုတာ စနစ်တကျ ကျပ်မတ်သင့်ပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသွားတွေ လုံခြုံရေး အတွက် Tourist Police (ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့) ကပါ လုံခြုံမှု ပေးရမှာ ဖြစ်ပြီး အဲဒီအဖွဲ့ အနေနဲ့လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒေသခံ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက် သင့်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။
မန္တလေးမြို့တော်ဟာ သန့်ရှင်းသာယာ လှပလာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က Asian Oceanian Computing Industry Organization က ပေးအပ်တဲ့ ASOCIO Smart City Award 2019 ဆု ရွေးချယ် ပေးအပ်ခံထားရတာပါ။ စမတ် စီးတီး အဖြစ် ရွေးချယ်ခံရခြင်းဟာ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ အပြင် မန္တလာသူ မန္တလာသားတို့လည်း ဂုဏ်ယူစရာပါ။
ဒီလို ဂုဏ်ယူစရာမြို့တော် မန္တလေးမှာ လုယက်မှု၊ ရမ်းကားမှုတွေ လျော့နည်း ပပျောက်ပြီး ကောင်းသတင်း တဝေဝေနဲ့ မွှေးပျံ့လွှမ်းစေဖို့ အမြန်ဆုံးနဲ့ အရေးအကြီးဆုံး မဖြစ်မနေ ဆောင်ရွက်ပေးရမှာက “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးပြီး အေးချမ်းလာမယ် ဆိုရင်တော့ သမိုင်းစဉ်နဲ့ ယဉ်ကျေးမှု အမွေအနှစ်ကြွယ်ဝတဲ့ မန္တလေးမြို့ကို ကမ္ဘာလှည့် ခရီးသွားတွေ လုံခြုံစိတ်ချ ဘေးကင်းစွာ လာရောက်လည်ပတ်ကြမှာပါ။
တဖက်ကလည်း မန္တလာသူ၊ မန္တလာသားတွေရဲ့ ရင်းနှီးဖော်ရွေ ပျူငှာယဉ်ကျေးတဲ့ ချစ်ခင်နှစ်လိုဖွယ် ကိုယ်အမူအရာတွေနဲ့ ဧည့်သည်ဆိုရင် အလေးထား ကူညီဖေးမတတ်တဲ့ ဓလေ့စရိုက်တွေလည်း မဆိတ်သုဉ်း မပျောက်ကွယ် စေဘဲ ဆက်လက်ထွန်းကားဖို့နဲ့ မန္တလေးမြို့ရဲ့ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)
မန္တလေး၌ အိမ်အကူကို ၈ နှစ်ကြာပိတ်လှောင်နှိပ်စက်သူ၂ ဦးအား ထောင် ၁၅ နှစ်စီချမှတ်
မူးယစ် ဆေးဝါးမှ ရရှိသောငွေ လွှဲပြောင်းမှုဖြင့် မန္တလေးက ငွေလွှဲလုပ်ငန်းသမား ၃ ဦးကို အမှုဖွင့်
တရုတ်မဂ္ဂဇင်း မျက်နှာဖုံးကို မန္တလေးသားတွေ ဒေါပွ
မန္တလေး ဝန်ကြီးချုပ်အား ဂုဏ်သိက္ခာ ကျဆင်းရန် ပြုလုပ်မှုဖြင့် ဖေ့စ်ဘုတ် သုံးသူ ၂ ဦးကို အမှုဖွင့်