ထွန်းသစ်စ မြန်မာ့ဒီမိုကရေစီ တိုက်စားခံနေရပြီ

Joe Kumbun
အကယ်၍ အစိုးရက နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆက်လက်၍ ဥပေက္ခာ ပြုနေခဲ့လျှင် မြန်မာနိုင်ငံ ၏ မွေးကင်းစ ဒီမိုကရေစီက ကြာကြာခံလိမ့်မည် မဟုတ်ပါ / မျိုးမင်းစိုး

ပြင်သစ်အောက်လွှတ်တော်က ၁၇၈၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး ကြေညာချက်၌  “အတွေးအခေါ်နှင့် အယူအဆများ လွတ်လပ်စွာ ဆက်သွယ်ခြင်းက လူသား၏ အဖိုးအထိုက်တန်ဆုံးသော အခွင့်အရေး များထဲမှ တခုဖြစ်သည် ” ဟုဖော်ပြထားသည်။ အမှန်တကယ်တွင်လည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်က အကာအကွယ် အပေးသင့်ဆုံး အခွင့်အရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သင့်ပါသည်။

ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်က ဒင်္ဂါးတခုတည်း၏ မျက်နှာစာ ၂ ခုဖြစ်ကြသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့် တိုက်စားခံခဲ့ရလျှင် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်ပါ။ ထိုနည်းတူပင် ဒီမိုကရေင်္စီ မရှိပါကလည်း လွတ်လပ်စွာ ထုတ် ဖော်ခွင့် ရှိနိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီတခုတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်က နိုင်ငံသားများ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး နောက်ပိုင်းတွင်မြန်မာနိုင်ငံက ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ တဆင့် ဒီမိုကရေစီဟုဆိုသော နိုင်ငံတခု ဖြစ်လာသည်။ လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်ဘက် ကိုယ်စားလှယ်များအတွက် ပေးထားရသော်လည်း ထိုစဉ်က သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ရွေးကောက်ခံ အစိုးရ က နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့် စီးပွားရေး အရဆိုလျှင် အထွေထွေပို့ကုန် အခွန်ကို ၇ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ နိုင်ငံခြားတွင် ရရှိသည့် ဝင်ငွေကို ပြည်တွင်းပြန်ပို့သည့် အခါ စည်းကြပ်သည့် အခွန်ကိုလည်း ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင် နှုန်း သို့ လျှော့ချပေးခဲ့သည်။ အလားတူပင် ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်ကြသည့် Telenor နှင့် Orredoo တို့ကဲ့သို့သော နိုင်ငံခြားမှ နိုင်ငံတကာ ကုမ္ပဏီကြီးများကို လိုင်စင်များ ချထားပေးခဲ့သည်။

နိုင်ငံရေးအရဆိုလျှင် အစိုးရက ၎င်း၏ တင်းကျပ်သော စာနယ်ဇင်းစိစစ်ရေးစနစ်ကို အဆုံးသတ်ခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့် နှင့် စုဝေးခွင့်များ အပေါ်ကန့်သတ်ထားချက်များကို လျှော့ချပေးခဲ့သည်။ နိုင်ငံတကာ ဒီမိုက ရေ စီပုံရိပ်တခု ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့် ချီသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ် ပေး ခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲရေးများကို ပြည်တွင်းကရော ပြည်ပကပါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ကျနော် အပါအဝင် လေ့လာစောင့်ကြည့်သူ အချို့က မြန်မာနိုင်ငံကို အသစ်ပေါ်ထွန်းလာသော ဒီမိုကရေစီနိုင်ငံတခု၊ အခြားသော အာဏာရှင် အစိုးရများအတွက် စံနမူနာတခု ဖြစ်သည်ဟုပင် မျှော်လင့်ခဲ့ကြသည်။

ထိုမျှော်လင့်ချက်များက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အာဏာ ရရှိလာသောအခါ ပို၍ပင် မြင့်တက်လာခဲ့သည်။ သူတို့၏ “ပြောင်းလဲချိန်တန်ပြီ ” ဆိုသည့် ရွေးကောက်ပွဲ ကြွေးကြော်သံက တပြည်လုံးတွင် ပဲ့တင်ထပ် ပြန့်နှံ့သွားခဲ့သည်။ တိုင်းရင်းသား လူနည်းစုများ အပါအဝင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီက သူတို့ကို အပယ်ခံထားရသည့်၊ ကြောက်ရွံ့ ထိတ်လန့်နေသည့် အခြေအနေမှ ကယ်တင်ပေးလိမ့်မည်ဟု တွေးခဲ့ကြသည်။

ကံမကောင်းစွာနှင့်ပင် မြင့်မားသည့် အဆိုပါ မျှော်လင့်ချက်များ (လူနေမှု အခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် နိုင်ငံ ရေး ပြုပြင်ပြောင်းလဲမှု ရှေ့ဆက်ရန်)က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ တချိန်က သူပေးခဲ့သော အိပ်မက်က အကောင်အထည် ပေါ်မလာခဲ့ပါ။ ကတိများက ဖြစ်မြောက်မလာခဲ့ပါ။

တိုင်းပြည်တလွှားမှ နိုင်ငံသားများ၊ ဂျာနယ်လစ်များ နှင့် အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှာ တရားမျှတ မှုနှင့် အမှန်တရားအတွက် ပြောဆိုခြင်း အတွက် အစိုးရကဖြစ်စေ တပ်မတော်က ဖြစ်စေ တရားစွဲဆိုခြင်းနှင့် ထောင်ဒဏ်ကျခံ ရခြင်းများ ကြုံတွေ့ကြရသည်။

ပြည်သူများအပေါ် တပ်မတော်၏ မမျွှတသော တရားစွဲဆိုမှုများကို ကန့်သတ်ရမည့် အစား (၎င်းကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသော ) NLD အစိုးရကလည်း တက်ကြွလှုပ်ရှားသူများကို တရားစွဲဆိုရာတွင် ပါဝင်နေခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ကချင်လူငယ်တက်ကြွ လှုပ်ရှားသူ ၂ ဦးတို့မှာ သူတို့၏ ပြည်တွင်းစစ် ပြန်လည်စတင်ခြင်း ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ၏ ဆိုးရွားသော အခြေအနေကို သရုပ်ဖော်သည့် တင်ဆက်မှုတခုကို လမ်းပေါ်တွင် ပြုလုပ်ရုံမျှ နှင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုစီရင်ချက်နှင့် အခြားသော တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များ အပေါ် ချမှတ်သည့် ပြစ်ဒဏ်များက မြန်မာနိုင်ငံ တွင်  လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကျဆုံးနေသည်ကို မီးမောင်းထိုးပြနေသည်။

အရပ်သားအစိုးရ အနေဖြင့် တပ်မတော်နှင့် ၎င်း၏ ရဲတပ်ဖွဲ့ကို ထိန်းချုပ်နိုင်စွမ်းက အကန့်အသတ် ရှိနေသည်မှာ နား လည်ပေးနိုင်ဖွယ်ရာ ဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ လွှတ် တော် ကိုယ်စားလှယ်များက နှုတ်ဆိတ်မနေသင့်ပါ။ ပြည်သူတို့၏ ထုတ်ဖော်ပြောဆိုနေမှုများကို သူတို့ နားထောင်သင့် ပါသည်။

ပြည်သူများ အတူးသဖြင့် တိုင်းရင်းသား လူနည်းစုများ (ဥပမာအားဖြင့် ကရင်၊ ရခိုင်၊ ကချင်နှင့် အခြားတိုင်းရင်းသားများ) က NLD အစိုးရနှင့် တပ်မတော်သည် ဒင်္ဂါးတပြား၏ မျက်နှာစာ တခုစီ ဖြစ်နေကြပြီဟု ယခုအခါ ယူဆနေကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အများစုက ပြုပြင်ပြောင်းလဲရေးသမားများနှင့် ဒီမိုကရေစီကို ပျိုးထောင် စောင့်ရှောက်သူများအဖြစ် တချိန်က ယုံကြည်ခဲ့ကြသည့် NLD အတွက် ကောင်းသော လက္ခဏာတခု မဟုတ်ပါ။

အစိုးရက စီးပွားရေးကျဆင်းမှုကို ဖြေရှင်းရန်၊ အခြေခံ ဥပဒေပြင်ဆင်ရန်၊ ပြည်တွင်းစစ်ကို ရပ်တန့်ရန် နှင့် ငြိမ်းချမ်းရေး ရယူရန် ကြိုးစားနေသည်ကို နားလည်ပါသည်။ သို့သော်လည်း ဒီမိုကရေစီ၏ ပင်မ သဘောတရားဖြစ်သော ပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ငြင်းပယ်ခံနေရခြင်းကို မျက်စိမှိတ် မထားသင့်ပါ။ နားပိတ် မထားသင့်ပါ။

အကယ်၍ အစိုးရက ၎င်း၏နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆက်လက်၍ ဥပေက္ခာ ပြုနေခဲ့လျှင် မြန်မာနိုင်ငံ ၏ မွေးကင်းစ ဒီမိုကရေစီက ကြာကြာခံလိမ့်မည် မဟုတ်ပါ။ လွတ်လပ်၍ စည်ပင်တိုးတက်သော လူအဖွဲ့အစည်းတခု အစား သမိုင်းတွင် (အတိတ်က ကျန်သော) အမှတ်တရတခု အဖြစ်သို့ ပြောင်းလဲသွားရပါလိမ့်မည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်ပါသည်။ ၎င်း၏ Myanmar’s Emerging Democracy is Being Eroded  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

NLD တိုင်းရင်းသားရေးရာကော်မတီအပေါ် တိုင်းရင်းသားများ၏ အမြင်များ

ကရင့်အာဇာနည်နေ့ ပိတ်ပင်မှုသည် တိုင်းရင်းသားအခွင့်အရေး ဆုတ်ယုတ်နေကြောင်း ပြနေသည်

၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား

Loading