သမ္မတရှီကျင့်ဖျင် အာဏာရလာပြီးနောက် တရုတ်နိုင်ငံသည် တကမ္ဘာလုံးကို မဟုတ်လျှင်ပင် ဒေသတွင်းတွင် စီးပွားရေးအရ၊ နိုင်ငံရေးအရ ဦးဆောင်ရန် ကြိုးစားနေသည်။ ရှီ၏ အာဏာ ကြီးထွားလာသည်နှင့်အမျှ တရုတ် နိုင်ငံသည် စီးပွားရေးတိုးချဲ့ခြင်း၊ နိုင်ငံရေးသြဇာနှင့် စစ်ရေးအရ ခေတ်မီအောင် ပြုလုပ်ခြင်းတို့ဖြင့် ၎င်း၏ ခေါင်းဆောင်မှု အနေအထားကို ဒေသတွင်းနှင့် အခြားနေရာများသို့ တိုးချဲ့လာသည်။
စီးပွားရေးစစ်မျက်နှာတွင် တရုတ်နိုင်ငံသည် အလှမ်းကျယ်လှသော ရည်မှန်းချက် ကြီးမားသည့် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ကို အကောင်အထည် ဖော်သည်။ ထိုအစီအစဉ်သည် နိုင်ငံအများအပြားတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် အာဏာ ထူထောင်ရန် အရေးပါသော စီမံကိန်းဖြစ်သည်။
BRI စီမံကိန်းများအတွက် မြန်မာနိုင်ငံသည် သေနင်္ဂဗျူဟာအရ အရေးပါသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားပြီး ထိုအနေအထားမှ တဆင့် တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာနှင့် ထိုမှ အရှေ့အလယ်ပိုင်းနှင့် အာဖရိကအထိ ချိတ်ဆက်ရန် စီစဉ်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် ပြည်တွင်းစစ်သည် BRI အတွက် အဓိက အတားအဆီးများ ဖြစ်နေသည်။ အထူးသဖြင့် BRI စီမံကိန်းများကို အကောင်အထည်ဖော်မည့် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများသည် စီစဉ်ထားသော အကောင်အထည် ဖော်မှုများကို ဟန့်တားနေသည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများသည် ၂၀၁၇ ခုနှစ် ဧပြီလက စတင်လည်ပတ်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းများ၏ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေသည်။ ထိုပိုက်လိုင်းများသည် ရခိုင်ပြည်နယ်မှ စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဝင်ရောက်သည်။ ထိုပိုက်လိုင်းများသည် နှစ်စဉ် ရေနံတန်ချိန် ၂၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၃ ဘီလျံ တင်ပို့နိုင်ပြီး ယူနန်၊ ကွေ့ကျိုးနှင့် ကွမ်ရှီ ပြည်နယ်များသို့ တင်ပို့နေပြီး ဖြစ်သည်။
တိုက်ပွဲများသည် ထိုပိုက်လိုင်းများကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မတော်တဆဖြစ်စေ ထိုခိုက်စေနိုင်ပြီး ထိုပိုက်လိုင်းအနီး တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအနေဖြင့် စိတ်ပူရသည်မှာ သေချာသည်။
တရုတ်နိုင်ငံသည် ထိုပိုက်လိုင်းများနှင့် BRI စီမံကိန်းများအတွက် လုံခြုံရေးကို ဦးစားပေးသည်။ ထို့ကြောင့် ထိုဒေသများတွင် တိုက်ပွဲများရပ်တန့်ပြီး တည်ငြိမ်မှု ထိန်းသိမ်းနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးကိစ္စ ကြားဝင် ဆောင်ရွက်ပေးသူအဖြစ် ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်ခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနှင့် အခြားနိုင်ငံများတွင်လည်း နိုင်ငံရေးသြဇာရရှိရန် ကြိုးစားနေသည်။ ထို့ကြောင့် နိုင်ငံခြား ဆက်ဆံရေးတွင် ကြားဝင်မစွက်ရေး အစဉ်အလာ မူဝါဒမှ ခွဲထွက်လာပြီး မြန်မာ့နိုင်ငံရေးရာများတွင် ပါဝင်လာတော့သည်။
ဥပမာအားဖြင့် ဆိုရပါက တရုတ်နိုင်ငံသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရိုဟင်ဂျာ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးတွင် ပါဝင်ပတ်သက်လာသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်တို့နှင့် စက်တင်ဘာလ ၂၃ ရက်နေ့က နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ သီးခြားအစည်းအဝေးတွင် တွေ့ဆုံပြီး ထိုကိစ္စကို ဆွေးနွေးသည်။
ရခိုင်ပြည်နယ် အကျပ်အတည်းတွင် ပါဝင်ပတ်သက်မှုအပြင်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်ပြီး အနီးကပ် ပတ်သက်လာသည်။ ထိုစဉ်က ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် (KNO) သည် အမေရိကန်အပါအဝင် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ရန် ကြိုးစား ခဲ့သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်သည် ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ သွားရောက်ကာ ထိုစဉ်က သံအမတ် ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံပြီး ဆွေးနွေးပွဲများတွင် အမေရိကန် ပါဝင် ပတ်သက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် ဆမ်လွတ် ဂွမ်မော်သည် အမေရိကန်သို့ သွားရောက်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိများနှင့် ကုလသမဂ္ဂ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးရန် ကြိုးစားခြင်းသည် တရုတ်နိုင်ငံ၏ ဒေသတွင်းတွင် ကြာရှိတည်နေသည့် သြဇာကို ထိခိုက်စေသည်ဟု တရုတ်နိုင်ငံကမြင်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်ပအင်အားကြီး နိုင်ငံများ၊ အထူးသဖြင့် အမေရိကန် ပါဝင်ပတ်သက်မည်ကို ကန့်ကွက်သည်။
ထိုအချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် အထူးသံတမန်များ ခန့်အပ်ခြင်းနှင့် မြန်မာခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်ရန် အားထုတ်မှုကို အရှိန်မြှင့်တင်လိုက်သည်။
၂၀၁၃ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသည် မြန်မာ့ရေးရာများကို အထူးအာရုံစိုက်ရန် ပထမဆုံး အာရှရေးရာ အထူးသံတမန်အဖြစ် ဝန်ရင်ဖန်းကို ခန့်အပ်သည်။ ထိုနောက် ဆွန်ကော့ရှန်သည် အာရှရေးရာ အထူး သံတမန်ဖြစ်လာပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရေးကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်သည်။
မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် – ရက္ခိုင့်တပ်မတော် (AA)၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင် ဆောင်ရွက်မှုကြောင့် ထိုအဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသည် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံပြီး မြန်မာခေါင်းဆောင်များကို တရုတ်သို့ ပုံမှန်ဖိတ်ခေါ်ကာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး သဘောတူညီချက်များ ပြုလုပ်ပြီး အဓိက ပါဝင်ပတ်သက်သူ အနေအထားကို ရယူထားသည့်သဘော ဖြစ်နေသည်။
တရုတ်နိုင်ငံ၏ ကာလကြာရှည်စွာ ပါဝင်ပတ်သက်မှုကြောင့် မြန်မာ့တပ်မတော်သည် တခါမျှ မလုပ်ဆောင်ဖူးသေးသည့် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာသည်။ ယခင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက KIA ကို ထိုးစစ်ရပ်ရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားစဉ်ကပင် ထိုသို့ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
မကြာသေးမီက ရှမ်းပြည်နယ် ကျိုင်းတုံတွင် ကျင်းပသည့် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်များအကြား ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကြားဝင် ဆောင်ရွက်သောကြောင့် ကျင်းပသည်ကို မငြင်းနိုင်ပေ။
AA, MNDAA နှင့် TNLA တို့က တရုတ်နှင့် မြန်မာကို ဆက်သွယ်သည့် အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် လမ်းတလျှောက်ရှိ မြန်မာ့ တပ်မတော်များကို ချိန်ကိုက် တိုက်ခိုက်မှုအပြီးတွင် ထိုအစည်းအဝေးကို အလျှင်အမြန် ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက နှစ်ဖက်စလုံး တိုက်ခိုက်မှုရပ်ပြီး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည်။
တိုက်ခိုက်မှု ရပ်ရန် သို့မဟုတ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် ထိုအစည်းအဝေးတွင် ခိုင်မာသောရလဒ်များ မရရှိခဲ့သည်မှာ အံ့သြဖွယ် မဟုတ်ပေ။ ပိုမိုဆိုးသည်မှာ မြန်မာ့ တပ်မတော်သည် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို စက်တင်ဘာ လလယ်တွင် အဆုံးသတ်လိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးကို စိတ်မဝင်စားကြောင်း ပြောသည်။ မြောက်ပိုင်း မဟာမိတ်များကမူ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တဖက်သတ် အပစ်အခတ် ရပ်စဲထားမည်ဟု ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကချင်ပြည်နယ်နှင့် အခြား နေရာများတွင်လည်း တိုက်ပွဲဖြစ်မည့် အလားအလာ ခြိမ်းခြောက်မှုများ ရှိနေသည်။
လက်တွေ့တွင် တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ နှစ်ဖက်စလုံးကို လက်နက်များ ရောင်းချရခြင်းကြောင့် အကျိုးဖြစ်ထွန်းနေသည်။ စစ်ပွဲများ ရှည်ကြာလေလေ တရုတ်နိုင်ငံအနေဖြင့် လက်နက်ကိရိယာများ ပိုမိုရောင်းရလေလေ ဖြစ်ကာ ငွေပိုရလေပင် ဖြစ်ကြောင်းကို သမားရိုးကျအသိဖြင့်ပင် နားလည်နိုင်သည်။ တရုတ်နိုင်ငံသည် ပဋိပက္ခဒေသမှ သစ်၊ ကျောက်စိမ်း၊ ရွှေ၊ ပယင်းနှင့် အခြားတွင်းထွက်များ စသည့် သဘာဝသယံဇာတများ တရားမဝင် ရောင်းဝယ်ခြင်းကလည်း အကျိုးအမြတ် ခံစားနေရသည်။
ပိုမိုကျယ်ပြန့်စွာ ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် တည့်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဆောင်ယူပေး နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရိုးသားသော ကြားဝင် ဆောင်ရွက်ပေးသူ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားအတွက်သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေပြီး ထိုလုပ်ငန်းစဉ်သည် ခရီးရောက်မည် မဟုတ်ပေ။
(Joe Kumbun သည် ကချင်ဒေသ အခြေစိုက် သုတေသနပြုသူတဦး ဖြစ်သည်။ ၎င်း၏ Under China’s Direction, Myanmar’s Peace Process Goes Nowhere ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပဟေဠိ
ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ
”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”