တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ သမ္မတဖြစ်လာနိုင်တယ်လို့ စဉ်းစားခဲ့ဖူးကြပါသလား။ မြန်မာ့နိုင်ငံရေးဟာ တခြားနိုင်ငံတွေထက်ပိုပြီး ခန့်မှန်းရခက်တာမို့ မဖြစ်နိုင်ဘူးလို့ တွေး မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ ဖြစ်ရေး မဖြစ်ရေးက အနည်းဆုံးတော့ “အကယ်၍” ဆိုတဲ့ အပေါ် မူတည်နေပါတယ်။
ဆိုလိုတာက “အကယ်၍” တပ်မတော်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ သူ့ရဲ့ မဟာမိတ် ပါတီတွေကသာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၆ ရာခိုင်နှုန်း အနိုင်ရခဲ့မယ်ဆိုရင် တပ်ချုပ် သမ္မတ ဖြစ်လာနိုင်ပါတယ်။
ဒီဖြစ်နိုင်ခြေကို ဆက်မပြောခင် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကရော သမ္မတဖြစ်ချင်လား မဖြစ်ချင်ဘူးလားဆိုတာကို အရင်စဉ်းစားကြည့်ကြရအောင်။
မြန်မာ့နိုင်ငံရေး ဝေဖန်လေ့လာသူ တော်တော်များများကတော့ ဗိုလ်ချုပ်မှူးကြီးက သမ္မတ ရာထူးမှန်းနေတယ်လ ယုံကြည်ပါတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ သူ့အနေနဲ့ တိုင်းပြည်ရဲ့ ထိပ်ဆုံးရာထူးကို မှန်းပါသလားလို့ မေးတဲ့အခါ ဗိုလ်ချုပ်မှုးကြီး အနေနဲ့ ‘မလုပ်ဘူး’ လို့ တခါမှ မငြင်းဖူးဘူး။
အသက် ၆၃ နှစ်ရှိနေပြီဖြစ်တဲ့ တပ်ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဖြစ်ဖို့ စိတ်ကူးနိုင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သူက အစိုးရဝန်ထမ်းတွေရဲ့ အငြိမ်းစားယူသက်ဖြစ်တဲ့ အသက် ၆၀ ပြည့်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သူအငြိမ်းစားယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမယ့် တကယ်တမ်းမှာ အဲ့လိုမဖြစ်ခဲ့ဘဲ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို တိုးခဲ့ပါတယ်။
“နိုင်ငံတော်သမ္မတက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်”လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သက်တမ်းတိုးတဲ့အချိန်မှာ အဲဒီတုန်းက သမ္မတဖြစ်တဲ့ ဦးထင်ကျော်ဟာ ကနဦး သဘောမတူခဲ့ လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရကြားမှာ တင်းမာမှုတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့အပတ်တွေတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကလည်း လူတော်တော်များများကို အံ့သြစေခဲ့ပါတယ်။ တပ်ချုပ်က မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးတချို့က ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ဘုရားကျောင်းတွေကို သွားပြီး အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။
ဒီလို ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို သွားရောက်လှူဒါန်းတာက ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းအတွင်း မကြုံစဖူး ထူးထူးကဲကဲပါပဲ။ လေ့လာစောင့်ကြည့်သူတွေကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာက သူ့အပေါ်စွပ်စွဲထားတဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေကို တန်ပြန်တာထက် ပိုတဲ့ လူထုနိုင်ငံရေး မဲဆွယ်စည်းရုံးမှုတခု အဖြစ် မြင်ကြပါတယ်။
၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို ARSA က အလစ်ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး တပ်ချုပ်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ အရေးယူဖို့ နိုင်ငံခြားတိုင်းပြည်တချို့က ဖိအားပေးခဲ့ကြပါတယ်။
ဒီလိုပြည်တွင်းပြည်ပဖိအားတွေကြားမှာ ပိတ်မိနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမ္မတဖြစ်ဖို့ ဆန္ဒရှိနိုင်ပါတယ်။ ဒီရည်မှန်းချက်က ပြည်တွင်းပြည်ပက သူ့ရန်ဘက် အားလုံးအပေါ် ‘တန်ပြန်လက်စားခြေမှု’ တခုဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သူ့ အကျိုးအတွက် ရည်မှန်းချက် သက်သက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တပ်မတော်၊ USDP နဲ့သူ့ရဲ့အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့အတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ သူတို့ရဲ့အစဉ်အလာဟောင်းဖြစ်တဲ့ အာဏာသိမ်းတာနဲ့မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားတဲ့ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရာဇပလ္လင်ကို ပြန်လည်ရယူနိုင်ခဲ့မယ်ဆိုရင် သူဟာ သူရဲကောင်းတဦး ဖြစ်ပါလိမ့်မယ်။ ဒီခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် သူ သမ္မတဖြစ်ချင်မှာ သေချာသလောက်ပါပဲ။
ဒါဆို နောက်မေးခွန်းကတော့ တပ်ချုပ် သမ္မတ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာနဲဲ့့ အဲဒီလိုဖြစ်ဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိမလဲ ဆိုတာပါပဲ။
အရှေ့မှာပြောခဲ့သလို အကယ်၍သာ USDP နဲ့သူ့မဟာမိတ်ပါတီတွေက ပြည်ထောင်စုလွှတ်တော်မှာ ၂၆ ရာခိုင်နှုန်းနေရာ အနိုင်ရမယ်ဆိုရင် တပ်ချုပ်သမ္မတဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ USDP က ပြည်ထောင်စုလွှတ်တော်မှာ ၆ ရာခိုင်နှုန်းကိုသာ ရရှိထားပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အာဏာရပါတီ NLD က ၅၉ ရာခိုင်နှုန်းကျော်ကိုရရှိထားကာ တပ်မတော်သားကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်းယူထားတာမို့ ဒီကိစ္စဟာ ဖြစ်မယ့်ပုံတော့ သိပ်မပေါ်ပါဘူး။ ကျန်တဲ့၉ ရာခိုင်နှုန်းကိုတော့ တိုင်းရင်းသားပါတီအများစုက ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် “အကယ်၍” ဆိုတဲ့ အခြေအနေက ဖြစ်တောင့်ဖြစ်ခဲလို့ဆိုရမှာပါ။
ဒါပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ နိုင်ငံရေး အနေအထား က ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလနဲ့ ကွာခြားနိုင်ပါတယ်။ တိုင်းရင်းသားတော်တော်များများနဲ့ တိုင်းရင်းသားပါတီတွေက NLD အနေနဲ့ တိုင်းရင်းသားတွေကို နေရာမပေးတဲ့ မူဝါဒကျင့်သုံးတယ်၊ သူတို့ကို ပစ်ပယ်ထားတယ်လို့ ခံစားနေရတာကြောင့် ၂၀၁၅ တုန်းကလို န်ိုင်ငံအနှံ့ ပြည်လုံးကျွတ် နိုင်ဖို့ NLD အနေနဲ့ သိပ်မလွယ်လှပါဘူး။
ဒါကြောင့် USDP ဟာ လွှတ်တော်နေရာပိုရဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေကတော့ တိုင်းရင်းသားဒေသတွေမှာ နိုင်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာ USDP ရဲ့မဟာမိတ်တွေ ဘယ်လောက်များများ အနိုင်ရပြီး၊ အစိုးရ ဖွဲ့နိုင်ဖို့အတွက် သူတို့အထဲက ဘယ်ပါတီတွေက USDP နဲ့ ပူးပေါင်းချင်ကြမလဲဆိုတာကို ကျနော်တို့စောင့်ကြည့်ရမှာပါ။
တိုင်းရင်းသားဒေသတွေမှာ NLD ရဲ့လူကြိုက်နည်း လာတာကြောင့်USDP နဲ့ သူ့မဟာမိတ်ပါတီတွေ (၂၅ ပါတီ လောက်ရှိပါတယ်) က ၂၆ ရာခိုင်နှုန်းလောက် နိုင် နိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ထားဖို့ လိုပါတယ်။
ဒါကြောင့်မို့ ကျနော်ပြောတဲ့ “အကယ်၍” ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ၂၆ ရာခိုင်နှုန်းနဲ့ ခုံပိုရမယ့် USDP ကနေ ပါတီဥက္ကဋ္ဌဦးသန်းဌေးဟာ သမ္မတဖြစ်လာလိမ့်မယ်လို့ ယူဆတဲ့သူတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် တကယ်တော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ အမှန်တကယ် အောင်ပွဲခံမယ့်သူဟာ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သာဖြစ်ပါလိမ့်မယ်။
သူဘယ်လို သမ္မတဖြစ်လာနိုင်သလဲဆိုတာ ဆက်ရှင်းမပြခင် ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနဲ့ ဒုသမ္မတတွေကို အထွေထွေရွေးကောက်ပွဲကနေ တိုက်ရိုက် ရွေးချယ်တင် မြှောက်တာမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
ဒါကြောင့်မို့ ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာဖို့အတွက် ရွေးကောက်ပွဲကို ဝင်ပြိုင်စရာ မလိုပါဘူး။ စစ်အစိုးရဟောင်းရေးဆွဲခဲ့တဲ့ ဒီအခြေခံဥပဒေက သူ့ကို အလွယ်တကူပဲ ဒုတိယသမ္မတ ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့သမ္မတရွေးချယ်တဲ့အစီအစဉ်မှာ လွှတ်တော်တွင်း အုပ်စုသုံးစုကနေ သူတို့ရဲ့ ဒုတိယသမ္မတလောင်းတွေကို ရွေးချယ်ပေးရပါတယ်။ အဲဒီအုပ်စုသုံးစုကတော့ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော်သားကိုယ်စားလှယ်အဖွဲ့များဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွန်ကြားချက်တွေပေါ်မှာ အခြေခံပြီး စစ်တပ်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဒုတိယသမ္မတကိုရွေးချယ်ပေးကြပါတယ်။ လက်ရှိ ဒုတိယသမ္မတ-၁ က ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေပါ။ သူ့ကို စစ်တပ်ကိုယ်စားလှယ်တွေက ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ် တင်မြောက်ရေး လုပ်ငန်းစဉ် ကတဆင့် ရွေးချယ်ပေးခဲ့တာပါ။
ဒါကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ပြန်လည်ကျင်းပတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လွှတ်တော်တွင်းက သူ့ရဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ဒုတိယသမ္မတအဖြစ် သူ့ကိုရွေးချယ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတာမို့လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကိုဘယ်သူမှ (ဘယ်သူမှ ဆိုတာ အစိုုးရနဲ့ တခြားပါတီတွေထဲက ဘယ်သူမှကို ဆိုလိုတာပါ) မတားဆီးနိုင်ပါဘူး။
အဲဒီတော့ သူဟာ အခု ဒုတိယသမ္မတတယောက်ဖြစ်လာပြီလို့ ယူဆထားပြီး စဉ်းစားကြည့်ရအောင်။ သူသမ္မတ ဘယ်လိုဖြစ်လာနိုင်သလဲ။ ကျနော်တို့အနေနဲ့ တခြားဒုတိယ သမ္မတနှစ်ဦးဟာ ဘယ်သူတွေဖြစ်မလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ အပေါ်မှာ ကျနော်တို့ပုံဖော်ပြခဲ့တဲ့ ယူဆချက်အရ USDP နဲ့ သူ့မဟာမိတ်ပါတီတွေဟာ လွှတ်တော်တွင်းက နေရာတွေရဲ့ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်ဆိုတာကို သတိရပါ။ ဒါပေမယ့် NLD ဟာ၂၀၁၅ တုန်းကလောက် တောင်ပြိုကမ်းပြိုပွဲကို ထပ်မရဘူးဆိုတောင် USDP ထက် မဲအများကြီး ပိုရမယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်။
အဓိကအချက်ကတော့ လွှတ်တော်တခုချင်းစီက NLD ကိုယ်စားလှယ်အရေအတွက်ဟာ USDP နဲ့ သူ့မဟာမိတ်ပါတီတွေထက် ပိုသာနေမှာပါ။ ဒီလိုအခြေအနေမှာ NLD ဟာ သူ့ရဲ့ပါတီဝင်တွေကို တခြားဒုတိယ သမ္မတနှစ်ယောက်အတွက် ရွေးချယ်နိုင်ဆဲပါပဲ။
ဒါကြောင့် အခုဆို ကျနော်တို့မှာ ဒုတိယသမ္မတသုံးဦးရှိပါပြီ။ တဦးက စစ်တပ်ကနဲ့ ၂ ဦးက NLD ကပါ။ ဒီလိုဆိုတော့ USDP အနေနဲ့လွှတ်တော်နေရာ ၂၆ ရာနှုန်းကိုရတောင်မှ သူ့ကိုုယ်စားလှယ်တယောက် ယောက်ဟာ သမ္မတဖြစ်လာဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ပါဘူး။
အခုဆိုရင် ဒီလုပ်ငန်းစဉ်ရဲ့ ကျန်တဲ့အပိုင်းက ဒုတိယသမ္မတသုံးဦးကြားကနေ သမ္မတတဦးတင်မြှောက်ဖို့ပါ။ လွှတ်တော်နှစ်ရပ်မှာပြန်ကြည့်ရင် စစ်တပ်က ၂၅ ရာနှုန်းနဲ့ USDP နဲ့ သူ့မဟာမိတ်ပါတီတွေက ၂၆ ရာနှုန်းမို့လို့ စုစုပေါင်းနေရာဟာ ၅၁ ရာနှုန်း ဖြစ်နေပြီမို့ NLD ရဲ့နေရာထက် ပိုများနေပါတယ်။ တပ်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်နှစ်ရပ်ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ သမ္မတကို လွှတ်တော်မှာ တင်မြှောက်ရတယ်ဆိုတော့ NLD ရဲ့ ဒုတိယသမ္မတနှစ်ဦးမှာ အလားအလာ မရှိတာမြင်သာပါတယ်။
ဒီဖြစ်နိုင်ခြေမှာ USDP နဲ့ သူ့မဟာမိတ်ပါတီတွေဟာ ရွေးစရာမရှိပါဘူး။ စစ်တပ်ကိုယ်စားလှယ်တွေနဲ့အတူ သူတို့ရဲ့ ဒုတိယသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပဲ ရွေးချယ်တင်မြှောက်ရမှာပါ။
ဒီအတိုင်းဆိုရရင် ၂၀၂၁- ၂၀၂၆ ကာလ အတွက်သမ္မတဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ပြီးပြည့်စုံတဲ့ အယူအဆတခုတော့မဟုတ်သေးပါဘူး။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အထက်ဖော်ပြပါ “အကယ်၍” ဆိုတဲ့ အနေအထား မရှိခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်လာမှာလဲ။
တကယ်လို့ သူသမ္မတမဖြစ်နိုင်ဘူးဆိုရင် ဒုတိယသမ္မတကတော့ ဖြစ်ချင်မှာမဟုတ်ဘူးလို့ ပြည်တွင်း၊ ပြည်ပလေ့လာသူ အများအပြားက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျနော်ပြန်မေးချင်တာက ဘာလို့ သူမဖြစ်ချင်ရမှာလဲ။ ဒုတိယသမ္မတ ဖြစ်တာဟာ သူ့ဖို့ ဘာမှဆုံးရှုံးစရာမရှိပဲ အကျိုးအမြတ် များများတောင် ရနိုင်ပါတယ်။ ဒါကြောင့် သူဟာ သမ္မတမဖြစ်နိုင်ရင်တောင် ဒုတိယသမ္မတတော့ သေချာပေါက်ဖြစ်နိုင်ပါတယ်။ ဒီဒုတိယသမ္မတရာထူးဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ICC ပို့ဖို့ကြိုးစားနေတဲ့ အချိန်မှာ သူ့အနေနဲ့ အစိုးရရဲ့ ထိပ်တန်းရာထူးတခုကို ရအောင်လုပ်နိုင်တယ်ဆိုတာ ပြသခွင့်ရနိုင်တဲ့ စင်မြင့်တခုဖြစ်နေဆဲမို့ပါ။ ပြီးတော့လည်း နိုင်ငံတနိုင်ငံ ရဲ့ ဒုတိယ သမ္မတ ဖြစ်နေတဲ့အတွက် နိုင်ငံတကာက ကြိုးပမ်းနေတဲ့ အပြစ်တင် အရေးယူခံရမယ့် အနေအထားကနေ အတိုင်းအတာ တခုအထိတော့ အကာအကွယ်လည်းဖြစ်နိုင်ပါတယ်။
အစိုးရအဖွဲ့ထဲကို သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတအဖြစ် ဝင်ရောက်ဖို့ မဆုံးဖြတ်ခင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် လုပ်ဖို့လိုတာက သူ့ လက်ရှိ တပ်ချုပ်ရာထူး ကို ဆက်ခံဖို့ သစ္စာစောင့်သိတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို သူ့လက်ထောက်ဗိုလ်ချုပ်ကြီးတွေထဲက ရွေးချယ်ဖို့ပဲ ဖြစ်တယ်။
အခုဆို၂၀၂၁ ခုနှစ်၊ မတ်လနဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတာကို စိတ်ကူးကြည့်ဖို့ နည်းနည်းပိုလွယ်ကောင်းလွယ်သွားပါပြီ။ သူဟာ မြန်မာပြည်သူလူထုအများစု ဒါမှမဟုတ် သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ သမ္မတတယောက်တော့ ဖြစ်မှာမဟုတ်တာ သိသာထင်ရှားပါတယ်။ အဲဒီတော့ သူ့ရဲ့ အစိုးရ အဖွဲ့ဟာလည်း ပြည်သူ့တင်တဲ့ အစိုးရ အဖွဲ့ ဖြစ်မှာ မဟုတ်သလို ရလဒ်ကတော့ ပြည်သူ့အတွက် အစိုးရလည်း ဖြစ်လာမှာ မဟုတ်ပေဘူး။ NLD အတွက် တိုက်ရိုက်အကျိုးဆက်ကတော့ ရွေးကောက်ပွဲမှာပေးတဲ့ မဲအများစုကို ရထားပေမယ့် အာဏာလက်လွှတ် ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတလက်ထက်မှာ မြန်မာနိုင်ငံဟာ ဘာနဲ့တူမလဲ၊ နိုင်ငံရဲ့လက်ရှိနိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ပြောင်းလဲသွားမလဲနဲ့ မြန်မာနိုင်ငံနဲ့နိုင်ငံတကာအသိုင်း အဝိုင်းကြားဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာ စာဖတ်သူအနေနဲ့တွေးကြည့်နိုင်ပါတယ်။
အခု ဖော်ပြခဲ့တာတွေဟာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ၊ ဒု သမ္မတ ဖြစ်မယ်ဆိုပြီးဟောကိန်း ထုတ်နေတာ မဟုတ်ဘူး။ ဟောကိန်းလို့ ဆိုတာထက် မြန်မာနိုင်ငံရေးမှာ ဖြစ်နိုင်ချေ ရှိတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်နိုင်မယ့် ဖြစ်စဉ်တခု ကို မှန်းဆ တွက်ပြခြင်းသာ ဖြစ်ပါတယ်။ သူသာ သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်လာမယ် ဆိုရင် ဘာပဲဖြစ်ဖြစ် ဒါဟာ ICC မှာ တရားစွဲဆိုခံရမယ့် ခြိမ်းခြောက်မှု အန္တရာယ်နဲ့နိုင်ငံတကာပြစ်တင်ရှုတ်ချမှု ဘေးကနေ လွတ်မြောက်နိုင်ပြီး လူကြိုက်များတဲ့ရွေးကောက်ခံ NLD ကို အနိုင်ယူနိုင်ခဲ့သူ မြန်မာစစ်ဗိုလ်ချုပ်ကြီးတဦးရဲ့ အောင်နိုင်ဇာတ်ကြောင်းတခု ဖြစ်နိုင်ပါတယ်။ “အကယ်၍” ဆိုတဲ့ ယူဆချက်သာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာနိုင်ပါတယ်။ မဟုတ်ခဲ့ရင်လည်း ဒုတိယသမ္မတတော့ ဖြစ်နိုင်ပါသေးတယ်။
(Kyaw Zwa Moe ၏ How Myanmar’s Military Chief Could Become President ကို လူသာလင်းမြန်မာပြန်ဆိုသည်။)
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား
သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား
မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ