နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ဓာတ်မြှင့်တင်ရေး၊ ပြည်သူတွေ လိုက်နာကျင့်သုံးရမယ့် ပြည်သူ့နီတိ တွေဟာ ပညာရေးစနစ်အပေါ် အများကြီး မူတည်နေပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးနယ်ပယ်ကို ကြည့်ရင် စာသင်ကျောင်း အလုံအလောက် မရှိသေးတဲ့ ဒေသတွေ ရှိနေသေးသလို ဆရာ၊ ဆရာမ မရှိသေးတဲ့ ကျောင်းတွေလည်း အများအပြား ရှိနေတာ တွေ့ရပါတယ်။
အထူးသဖြင့် မိမိရဲ့ ရပ်ရွာဇာတိ မဟုတ်တဲ့ ဒေသတွေမှာ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ တာဝန်ထမ်းဆောင်နေရတဲ့ ကျောင်းဆရာမလေးတွေ အတွက် ဂုဏ်သိက္ခာရှိရှိ၊ လူနေမှု အဆင့်အတန်းမြင့်မြင့် တာဝန် ထမ်းဆောင်နိုင်ဖို့ လိုအပ်တာ အမှန်ပါ။
သင်ကြားရေးနဲ့ မပတ်သက်တဲ့ ကိစ္စတွေကိုပါ ကျောင်းဆရာမတွေ ဆောင်ရွက်နေရတာကလည်း မဖြစ်သင့်ပါ။ NLD အစိုးရ လက်ထက်မှာ ပညာရေးကဏ္ဍ အတွက် အသုံးစရိတ်တွေ တိုးမြှင့်ချထားပေးတာကို ကြိုဆိုရမှာပါ။ သို့ပေမယ့်… အဲဒီထက် ပိုပြီး အရေးကြီးတာက ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့၊ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာမတွေ သွားလာဖို့ အတွက် အဆင်ပြေအောင် စီစဉ်ပေးဖို့၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာမတွေ အတွက် လုံခြုံရေး အာမခံချက် ရှိဖို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး တယောက် ဒေသတခုအတွင်း လာရောက်တိုင်း ကျောင်းသား ကျောင်းသူ ကလေးတွေနဲ့ ဆရာမတွေက ကြိုဆိုခိုင်းတာ၊ ရွေးကောက်ပွဲတွေမှာ မဲရုံစောင့်ခိုင်းတာတွေလည်း မပြုလုပ်သင့်တော့ပါ။
တာဝန်ထမ်းဆောင်နေရတဲ့ ကျောင်းဆရာတွေရဲ့ လစာဟာလည်း များတယ်လို့ ပြောလို့ မရနိုင်ပါ။ အလယ်တန်းပြ ဆရာမ တယောက်ရဲ့ လစာဟာ အလွန်ဆုံး ၂ သိန်းကျော် ဝန်းကျင်ပဲ ရှိပါတယ်။ မြင့်မားလာနေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ် ကြည့်ရင် လုံလောက်တဲ့ လစာ မဟုတ်တာ သိသာပါတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ တာဝန်ကျရင်တော့ အကြောင်း မဟုတ်ပေမယ့် တခြား ရပ်ရွာမှာ တာဝန်ကျလို့ အိမ်ငှားနေရရင်၊ ဒါမှမဟုတ် အဆောင်ငှားနေရရင် ကုန်ကျစရိတ် ပိုများပြားလာမှာပါ။ ဒါကြောင့် ကျောင်းဆရာမတွေ အတွက် ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးဖို့ လိုအပ်နေပါတယ်။
မကြာသေးမီက ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်၊ ဒမငယ်သစ်ချိုခြံ ကျေးရွာ ဒေသခံတွေနဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ် တွေ့ဆုံပွဲမှာ ဆရာမတွေရဲ့ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်နဲ့ ပတ်သက်ပြီး ဒေသခံ တဦးက တင်ပြခဲ့ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က “ဆရာမတွေကို လူငယ်တွေက ရည်းစားစကား လိုက်ပြော သင့်ကြောင်း၊ ဆရာ/ဆရာမတွေ ရွာသူ/ရွာသားတွေနဲ့ အိမ်ထောင်ကျရင် ရပ်ရွာက ထွက်သွားမှာ မဟုတ်ကြောင်း၊ ဝန်ထမ်းအိမ်ယာ မရှိတာ ကောင်းကြောင်း” ပြောခဲ့လို့ ပညာရေး အသိုင်းအဝိုင်းနဲ့ ပြည်သူတွေကြား ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ပညာရေး ဝန်ကြီးဌာနရဲ့ ဆရာ/ဆရာမ ခန့်ထားရေး မူဝါဒအရ ကျေးလက်ဒေသတွေမှာ တာဝန် ထမ်းဆောင်ရတဲ့ ဆရာမတွေဟာ အများအားဖြင့် အသက် ၁၉ နှစ်ကနေ ၂၅ နှစ် အရွယ်တွေပဲ ဖြစ်နေလို့ပါ။ သူတို့ အတွက် နေထိုင်ရေး စီစဉ်မပေးနိုင်ဘူး ဆိုရင် တာဝန်ကျတဲ့ ရွာမှာပဲ မဖြစ်မနေ အိမ်ငှား နေထိုင်ရလေ့ ရှိပါတယ်။ နေထိုင်ရေး အတွက် အပိုဆောင်း ကုန်ကျကြရသလို တချို့ဒေသတွေမှာ ဆရာမတွေကို အိမ်အပြင်ဘက်က ချောင်းကြည့်တာ၊ ကာယိန္ဒြေ နှောင့်ယှက်ခံရတာတွေလည်း ရှိနေတာကြောင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကျိုးကြောင်း ဆီလျော်မှု ကင်းမဲ့ပြီး လက်ရှိ ဖြစ်စဉ်နဲ့ မအပ်စပ်တဲ့ စကားဆိုပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာပါ။
နောက်ထပ် ထင်ရှားတဲ့ ဥပမာ တခုကတော့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်၊ တတ်ပုအောင်း ကျေးရွာမှာ တာဝန်ကျနေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ပညာရေး ဝန်ထမ်းတယောက်ကို အသက် ၂၀ အရွယ် ဒေသခံ ရွာသား တယောက်က ရည်းစားစကား ပြောတာ လက်မခံလို့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပါ။
ဖြစ်စဉ်ကို လေ့လာကြည့်တော့ ပြီးခဲ့တဲ့နှစ်က ရည်းစားစကား ပြောခဲ့တာ၊ အမျိုးသမီးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးဆီ သွားတိုင်တာ၊ နောက်နောင် မနှောင့်ယှက်ဖို့ အဲဒီရွာသားကို ခံဝန်အထိုးခိုင်းတာတွေ တွေ့ရှိရပြီး ယခုနှစ်မှာ အငြိုးအတေးနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလယ်တန်းကျောင်းခွဲ (ရွှေလှေ) က ကျောင်းအုပ် ဆရာမကြီးကို လူတစုက ကျောင်းဝင်းထဲဝင်ပြီး ကြိမ်းမောင်းမှု တခုလည်း ဖြစ်ပွားခဲ့ ပါသေးတယ်။ ကျောင်းအုပ် ဆရာမကြီးကို ဒေသခံတချို့က ပညာရေးဝန်ကြီးထံ တိုင်ကြားထားပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် ကျောင်းသား မိဘတွေကို လုပ်အားပေး ခေါ်တယ်၊ ဆရာ/ဆရာမ လိုအပ်ချက်ကို ပြည့်မီအောင် မလုပ်ဆောင် ပေးနိုင်ဘူးလို့ စွပ်စွဲထားပါတယ်။
ပညာရေးဝန်ကြီးဌာနက အဆိုပါ စွပ်စွဲချက်တွေကို စစ်ဆေးနေမှုတွေ မပြီးဆုံးသေးခင် လူစုလူဝေးနဲ့ ကျောင်းဝင်ထဲထိ ဝင်ရောက် ကြိမ်းမောင်းတာမျိုး ဖြစ်သင့်သလားလို့ ထောက်ပြ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့မှာ အခြေခံပညာ ပညာရေးသမဂ္ဂများ ဗဟို အလုပ်အမှုဆောင် ကော်မတီက ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ကျောင်းဝင်း အတွင်း လူစုလူဝေးနဲ့ ဝင်ရောက် ကြိမ်းမောင်းသူကို ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုတို့နဲ့ ခရမ်းမြို့နယ် တရားရုံးမှာ တရားစွဲတင် ခဲ့တယ်လို့ သိရပါတယ်။
အခုလို လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ ကျောင်းဆရာမတွေကို ဒေသခံ လူငယ်တွေက ရည်းစားစကား လိုက်ပြောခိုင်းတဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်၊ အခြေခံပညာရေး လုပ်သားများ သမဂ္ဂများ ဗဟိုကော်မတီ၊ ဒဂုံတက္ကသိုလ်ဆရာများ သမဂ္ဂ၊ အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီတို့က ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂရဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ – “အခြေခံပညာရေး ကဏ္ဍတွင် တာဝန်ထမ်းဆောင် နေရသော ဆရာ/ ဆရာမများ အနေဖြင့် နေထိုင်ရေး အလွန်ခက်ခဲလျှက် ရှိပြီး ဝေးလံသော ဒေသများတွင် တာဝန် ထမ်းဆောင်ရသော ပညာရေးဝန်ထမ်း အမျိုးသမီးများ အနေဖြင့် ဝန်ထမ်းအိမ်ရာ မရှိဘဲ လူနေအိမ်များနှင့် ဝေးကွာသော နေရာများတွင် နေထိုင်ရသဖြင့် ထိုအခြေအနေကို အခွင့်ကောင်းယူကာ အကြမ်းဖက် ခံရခြင်းများ၊ နေအိမ်တွင်း ကျူးကျော်ဝင်ရောက် ခံရခြင်းများ၊ အမျိုးသမီးသုံး ပစ္စည်းများ ခိုးယူခံရခြင်း၊ လူငယ်တချို့က ၎င်းတို့အား မလိုက်လျောသည့် အမျိုးသမီး ပညာရေး ဝန်ထမ်းများအား ရိုင်းပျစွာ ပြောဆိုဆက်ဆံခြင်း၊ ကျောင်း/အိမ်တွင် ညစ်ညမ်းစာများ ရေးသားခြင်း၊ အဓမ္မပြုကျင့်ရန် ကြံစည်ခြင်းများကို တွေ့ကြုံ ခံစားနေရသော်လည်း ယင်းဖြစ်စဉ်များ အတွက် တာဝန်ယူ ဖြေရှင်းပေးမှု မရှိသလောက် နည်းပါးနေသည်ကို သိရှိရပါသည်” လို့ ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြီးခဲ့တဲ့ ဘတ်ဂျက်တွေတုန်းက ပညာရေးဝန်ထမ်းတွေ အတွက် အိမ်အလုံး ၂၀၀ ကျော် ဆောက်လုပ်ပေးခဲ့တာ ရှိပြီး နောက်ထပ် အိမ်ရာ ၃၀၀ ကျော် ၄၀၀ နီးပါး ဆောက်လုပ်ပေးဖို့ ရှိတယ်လို့ ပြောကြားကြောင်း ဘီဘီစီ သတင်းတရပ်မှာ တွေ့ရပါတယ်။ ယခုနှစ် အတွက် ပညာရေးကဏ္ဍ အသုံးစရိတ် ၂ ဒသမ ၇ ဘီလျံ ရရှိထားတယ် လို့လည်း သိရပါတယ်။ တဖက်ကလည်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ အထက်တန်းပြ ဆရာ/ဆရာမ တသောင်းခွဲကျော်အထိ လိုအပ်နေပါတယ်။
ပညာရေးလောကနဲ့ အများပြည်သူများ အကြား ကျယ်ပြန့်ပြင်းထန်တဲ့ ဝေဖန်ခံရမှုတွေ ထွက်ပေါ်လာပြီနောက် အောက်တိုဘာ ၁၂ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာ ထိခိုက်နစ်နာသူတွေကို အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ဖော် ပြောကြားပါတယ်။ အခုလို ကိုယ်ပြောစကား နှုတ်လွန်မှားမှုကို ကိုယ်တိုင်တာဝန်ယူပြီး တောင်းပန်တာဟာ ကောင်းမွန်တဲ့ အပြုအမူ ဖြစ်ပေမယ့် ဒီထက် ပိုပြီး အရေးကြီးတာက ဝန်ကြီးချုပ် ရာထူး ရယူထားသူ တဦးအနေနဲ့ စကားကို လက်လွတ်စပယ် မပြောဖို့၊ ပါတီနဲ့ အစိုးရဘက်က ကြပ်မတ်ပေးဖို့လည်း လိုတယ်လို့ ထောက်ပြ ပြောဆိုတာတွေလည်း ရှိပါတယ်။
အဆင့်မြင့်ပညာရေး အတွက်ရော၊ နိုင်ငံတော်ရဲ့ အနာဂတ် အတွက်ပါ အရေးကြီးတဲ့ အခြေခံပညာရေး ကဏ္ဍမှာ အခက်အခဲတွေ ကြားက စာသင်ကြား ပို့ချပေးနေရတဲ့ ဆရာ/ဆရာမတွေရဲ့ စား၊ ဝတ်၊ နေရေး သုံးပါး အဆင်ပြေစေဖို့၊ ကာယိန္ဒြေ နှောင့်ယှက်တာ မခံရဖို့၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ရပ်တည်နိုင်ဖို့ ပညာရေး ဝန်ကြီးဌာနနဲ့ အစိုးရဘက်က တာဝန်ယူ၊ တာဝန်ခံမှုရှိရှိနဲ့ လုပ်ဆောင်ပေးသင့်ပြီ ဖြစ်ပါကြောင်း။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)
You may also like these stories:
ပဲခူးတိုင်းဝန်ကြီးချုပ်အပေါ် ဆရာများအဖွဲ့ချုပ်၏ တိုင်ကြားမှု NLD စစ်ဆေးမည်
ပြည်သူ့အနာဂတ် အာမခံနိုင်သည့် ပါတီဖြစ်အောင် လုပ်မည်ဟု NLD ဆို
ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီ ဆုံးဖြတ်ချက် NLD သဘောထားဖြစ်နေဟု တပ်မတော် ပြော