“အစားမတော် တလုပ်” ဆိုသည့်စကားပုံအတိုင်း အစားအသောက်သည် ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ကို အထူးပြောရန်မလိုပါ။ ထို့အတူ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသလို အများပြည်သူ၏ ကျန်းမာရေးသည်လည်း နိုင်ငံ၏ကျန်းမာရေးပင်ဖြစ်သည်ဟု ဆိုရမည်။ ကျန်းမာရေး ချူချာသည့် နိုင်ငံလည်း မဖွံ့ဖြိုးနိုင်ပါ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နှစ်စဉ် အစားအသောက်နှင့်ဆက်နွယ်ပြီး ဖျားနာမှု၊ ဆေးဝါးကုသမှု၊ သေဆုံးမှုနှင့် ပတ်သက် သောအချက်အလက်တွေကို စနစ်တကျပြစုထားကြသည်။ အမေရိကန်နိုင်ငံတွင် အစားအသောက်နှင့်ဆက်နွယ်ပြီး ရောဂါမျိုးပေါင်း ၂၅၀ ကျော် ရှိကြောင်း၊ နှစ်စဉ် လူ ၆ ဦးတွင် ၁ ဦးသည် အဆိပ်သင့် သောအစားအသောက်ကို စားသုံးမိ၍ ဖျားနာရကြောင်း၊ လူပေါင်း ၁၂၈,၀၀၀ သည် ဆေးရုံတင် ကုသမှုခံယူရကြောင်းနှင့် လူပေါင်း ၃,၀၀၀ သည် သေဆုံးရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့ အချက်အလက်များ စနစ်တကျ စုဆောင်းပြီး သုံးသပ်ကြည့်မယ်ဆိုလျှင် အစားအသောက်ကြောင့် ဖျားနာ သေဆုံးသူပေါင်း အလွန်များနိုင်သည်။
အများပြည်သူစားသုံးကြသည့် သား၊ ငါး၊ ငါးပိ၊ ပဲပြား၊ ပဲသွေး စသောစားသုံးကုန်များတွင် ကြာရှည်ခံအောင် လူသေ အလောင်းများမပုပ်မသိုးရန် အသုံးပြုသော ဖော်မလင် ဓါတုပစ္စည်းနှင့် ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သည့် အခြားသော ဓါတုပစ္စည်းများထည့်သွင်း အသုံးပြုနေကြသည်ကို စစ်ဆေးတွေ့ရှိကြောင်း သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့ရသည်။ ထို့အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွေမှာလည်း ကျန်းမာရေးကို အန္တရာယ်ပြု စေနိုင်သည့် အရောင်ဆိုးဆေးများ၊ မှည့်ဆေးများနှင့် ပိုးသတ်ဆေးများ အသုံးပြုနေကြသည်ကို ကြားသိနေရသည်။
စာဖတ်မိတ်ဆွေမိသားစုမှာ စားခါနီးတွင် ဟင်းခွက်ကို သွန်ပစ်ဖူးပါသလား။ အကယ်၍ သွန်ပစ်ခဲ့ဖူးလျှင် မိတ်ဆွေ တစ်ယောက်တည်းတော့ မဟုတ်ပါ။ ဤကဲ့သို့ ပြင်ဆင်ချက်ပြုတ်ပြီး သွန်ပစ်ရ၍ ဒေါသစိတ်နှင့် မလုံခြုံစိတ်တွေ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင်လည်း မိတ်ဆွေ တယောက်တည်း မဟုတ်ပါ။
ကျနော်တို့မိသားစုသည် အများနည်းတူ နေ့စဉ်နံနက် ၈ နာရီခွဲ ရုံးချိန်အမီ၊ ကလေးတွေရဲ့ ကျောင်းကား (ferry) အမီဖြစ်ရန် နေ့စဉ် နံနက် ၈ နာရီမတိုင်ခင် မနက်စာ စားသည်။ တနေ့တွင် မိသားစုအားလုံး ထမင်းစားပွဲဝိုင်းတွင် ကျေးဇူးတော်ချီးမွမ်းဆုတောင်းပြီး စားဖို့အသင့်ဖြစ်လေပြီ။ ရှေးဦးစွာ ဟင်းရည်ကိုသောက်ကြည့်လိုက်သည်။ အနံ့ဆိုးတစ်မျိုးကြောင့် ချက်ချင်းပင် ပြန်ထွေးထုတ်လိုက်ပြီး ဟင်းခွက်ကို သွန်ပစ်လိုက်ရသည်။ ဤကဲ့သို့ သွန်ပစ်ခဲ့ရသည်မှာ တကြိမ်တည်းမဟုတ်ပါ။ နောက်ပြီး တခါကလည်း ဝက်သားကို ကြော်ရာမှာ ပုံမှန်မဟုတ်တဲ့ အနံ့ထွက်သလို အမြှုပ်ထွက်တာလည်း မကုန်နိုင်၍ အကုန်လုံးကို သွန်ပစ်လိုက်ရသည်။
ဤသို့ဖြစ်ရခြင်းမှာ စားသုံးကုန်များ၏ အရည်အသွေးများကို ကြပ်မတ် စစ်ဆေးထိန်းကျောင်းမှုမှာ သက်ဆိုင်ရာ အစိုးရဌာနများ၏ အားနည်းမှု၊ ဥပဒေများ၏ အားနည်းမှု၊ အများပြည်သူ၏ ကျန်းမာရေးကို ထည့်တွက်မစဉ်းစားပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ မိမိကိုယ်ကျိုး အတွက်သာ ရှေးရှုပြီး စီးပွားရှာနေသော လုပ်ငန်းရှင်များ၏ စီးပွားရှာမှုကြောင့် ဖြစ်သည်။
ဖေါ်ပြပါအားနည်းချက်များအနက် အစိုးရဌာနဆိုင်ရာများ၏ အားနည်းချက်နှင့် ဥပဒေအားနည်းချက်များသည် အဓိကကျသည်ဟု ဆိုရမည်။ အကြောင်းမှာ လူးသားများဖြစ်သည့်အလျောက် အနည်းနှင့်အများ လောဘရှိသူများ ဖြစ်သည်။ မိမိအတွက် အကျိုးရှိမည်ဆိုလျှင် ဘာမဆိုလုပ်မည်ဆိုသည့် စီးပွားရေးသမားများလည်း ရှိနိုင်သည်။ ထို့ကြောင့်သက်ဆိုင်ရာအာဏာပိုင်တို့၏ မူဝါဒ၊ ဥပဒေများ၊ နည်းဥပဒေများ၊ ကွပ်ကဲထိန်းကျောင်းမှု၊ အရေးယူမှုများ အားကောင်းရန် လွန်စွာ အရေးကြီးပေသည်။
လက်ရှိဈေးကွက်က စားသုံးကုန်ပစ္စည်းအရည်အသွေးအခြေအနေ
စားသုံးသူ (သို့မဟုတ်) သုံးစွဲသူများအနေဖြင့် မိမိတို့ ပေးဝယ်ရတဲ့တန်ဖိုးနဲ့ ထိုက်သန်သော၊ စိတ်ချရသော စားသုံးကုန်တွေ ရရှိရန် လက်ရှိတွင် စိန်ခေါ်မှု များစွာ ရှိနေသည်။
ရန်ကုန်မြို့ရှိ သန့်ရှင်းမှုမရှိတဲ့ အရည်အသွေးညံ့သောက်ရေသန့် ထုတ်လုပ်နေမှု တချို့နှင့် တားမြစ်ဆိုးဆေးများကို အများသုံးလို့ လိုက်သုံးနေသောဈေးသည်များအကြောင်းကိုလည်း The Voice Journal တွင် ဖတ်ရသည်။
နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ် မဟုတ်ကြောင်း၊ နို့စိမ်းဆိုပြီး နွားနို့တစက်မှမပါဘဲ စက်မှုကုန်ကြမ်းသုံး အညံ့စား စားအုန်းဆီဖြင့် ဖော်စပ်ပြုလုပ်ထားသော နွားနို့အတုတွေရှိနေကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၏ သတိပေးချက်ကိုလည်း ဒီဗွီဘီ သတင်းဌာနက ၂၀၁၉ ဖေဖော်ဝါရီ ၂၂ ရက် နေ့တွင် ရေးသားဖော်ပြခဲ့၍ သိရသည်။ ၎င်းသတင်းသည်လည်း ဒီဗွီဘီ online တွင်လည်း လူဖတ်အများဆုံး သတင်းတပုဒ် ဖြစ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်မှာ ရောင်းချနေသော မြေပဲဆီ အမှတ်တံဆိပ်ပေါင်း ၁၈ မျိုးသည် မြေပဲဆီအစစ် မဟုတ် ကြောင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်မှုမရှိကြောင်း၊ ထို့ကြောင့် ၎င်းဆီများကို ဈေးကွက်မှ ပြန်ရုပ်သိမ်းရန် ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည့်အကြောင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ဒီဗွီဘီ သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင်းဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေသော အချဉ်ရေတွေဟာ အများပြည်သူအတွက် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး စားသုံးရန် မသင့်သောအချဉ်ရေများဖြစ်ကြောင်း၊ သူတို့မှာ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်သောကုန်းပစ္စည်းများ၏ အချိုးအစား၊ လုပ်ငန်း၏ လိပ်စာ၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့က စစ်ဆေးချက်တွေလည်း မပါသော ကုန်ပစ္စည်းဖြစ်ကြောင်း ဒီဗွီဘီ သတင်းဌာန ၏ရေးသားဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံ ဈေးကွက်ရှိ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းများ ၏ စိုးရိမ်ဖွယ်ရာ အရည်အသွေးညံ့ဖျင်းမှု အခြေအနေကို ဒီဗွီဘီ သတင်းဌာန၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ဆောင်းပါး “စားသုံးသူ ကာကွယ်ရေးလား သုံးစွဲသူ ကာကွယ်ရေးလား” တွင် ဤသို့ ဖော်ပြထားသည်။
“အရောင်ရင့်ရင့် ဆေးဆိုးထားတဲ့အသီးအနှံတွေ၊ ဟင်းခတ်ပစ္စည်း တွေ၊ ဆေးဆိုးသားငါးတွေ၊ ယင်မနားတဲ့ ဆေးဆိုး ငါးပိတွေ၊ မလတ်ဆတ်တာတွေကို ဖုံးဖိဖို့ ဆေးဆိုးတာတွေ၊ အလေးခိုး ပြုလုပ်ရာကတဆင့် အမြင်တင့်အောင် ဆေးဆိုးတဲ့ ရောဂါက ဈေးဝယ်သူရော ဈေးရောင်းသူပါ စွဲနေကြကြောင်း” ဖော်ပြထားသည်။
မုန့်ဖတ်၊ ပဲပြား၊ ပဲသွေးတွေကို အရောင်ဖြူရန်နှင့် တာရှည်ခံရန် အစားအသောက်တွင် ထည့်သွင်းအသုံးပြုရန် တားမြစ်ထားသည့် ဖော်မလင် (formalin) ထည့်သွင်းအသုံးပြုထားကြောင်း၊ အမဲသွေးကို ပဲသွေးဟုဆိုကာ လိမ်လည် ရောင်းချနေကြသည့်အကြောင်းကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်ထုတ် The Voice Journal တွင် ဖတ်ရသည်။
ဖော်မလင်၏ အန္တရာယ်
ဖော်မလင် (formalin) ဓာတုပစ္စည်းကို မသိလိုက်မိလို့ အစားအသောက်ကတဆင့် ကိုယ်တွင်းဝင်သွားသော ဖော်မလင်သည် ကင်ဆာ ဖြစ်စေနိုင်သည်၊ ဖော်မလင်ကို ပမာဏ ၁၅ ppm လောက်ကို ၂ နှစ်လောက် မသိလိုက်ဘဲ စားမိနေသူ တွေမှာ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ အသည်းခြောက်တာနှင့် ကျောက်ကပ်ပျက်စီးတာ တွေဖြစ်နိုင် ကြောင်း ဒေါက်တာ သင်းရတနာက ဒီဗွီဘီ သတင်းဌာန တွင် ဖော်ပြထားသည်။
၁၅ ppm (parts per million) ဆိုတဲ့ ပမာဏက ဘယ်လောက်ရှိမလဲ။ မျက်စိတွင် မြင်နိုင်အောင် ပြောရလျှင် ၁ ppm ဆိုသော ပမာဏသည် ရေ ပေပါပုံး အလုံးပေါင်း ၅၅ လုံးထည့်ထားသော ရေကန်တွင် ဘောပင်မင်စက် ၁ စက် ချထည့်လိုက်ခြင်းဖြစ်သည်ဟု West Virginia University က ရှင်းလင်းထားသည်။ ဆိုလိုသည်မှာ ဖော်မလင်သည် အချိန်တန်လျှင် ထပေါက်ကွဲမည့် ချိန်ကိုက်ဗုံးသဖွယ် ကုသရန် ခက်ခဲသော ရောဂါများကို ခန္ဓာကိုယ်တွင်း သယ်ဆောင်ပေးသည့် အလွန်အန္တရာယ်ကြီးသော အဆိပ်အသောက် ဓာတုပစ္စည်းတမျိုး ဖြစ်သည်။
ညှာသာလွန်းတဲ့ ပြစ်ဒဏ်များဖြင့် ပြည်သူ့ကျန်းမာရေးကို မကာကွယ်နိုင်
လက်ရှိ ဥပဒေသည် အများပြည်သူ၏ ကျန်းမာရေးကို စတေးပြီး မသမာစီးပွားရှာသူ များကို အလွန်ပင် ငဲ့ညှာလွန်း သည်ဟု ဆိုရမည်။ ဥပမာ – စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) တွင် ပုဒ်မ (၇၃) အရ ပေးထားသည့် အမြင့်ဆုံး ပြစ်ဒဏ်သည် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည် ဟူ၍ဖြစ်သည်။
ဤသို့ ထောင်ဒဏ် (၂) နှစ်၊ ငွေဒဏ် ကျပ်သိန်း (၂၀၀) ထိ ပြစ်ဒဏ်ရနိုင် သည့် လုပ်ရပ်များမှာ ပုဒ်မ (၆၆၊ ခ) အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထား သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ ပုဒ်မ (၆၇) အရ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ် အသားတွင် ဖော်ပြထားသည့် အချက်အလက်များ နှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ ကြော်ငြာနှင့် အရောင်းမြှင့်တင်ခြင်း တို့တွင်ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ (ပုဒ်မ ၆၈) အရ သတ်မှတ်ပြဋ္ဌာန်းချက် ထားသော ကုန်အညွှန်း အမှတ်အသားများနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း တို့ဖြစ်သည်။
အမျိုးသားအစားအသောက် ဥပဒေ (၁၉၉၇) တွင် လိုင်စင်မရှိဘဲ ထိန်းချုပ်အစားအသောက်ကို ထုတ်လုပ်လျှင် အမြင့်ဆုံး ပြစ်ဒဏ်မှာ ငွေဒဏ် ကျပ် ၅၀၀,၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံနိုင်ကြောင်းတွေ့ရသည်။ (ပုဒ်မ ၂၈၊ က) အရ စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော (သို့မဟုတ်) ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက် များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်လျှင် ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ကျပ် ၃ သိန်း ထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဤကဲ့သို့သော ပြစ်မှုအတွက် ထောင်ဒဏ် ၆ လမှ ၁၀ နှစ် ဖြစ်စေ၊ ငွေဒဏ် ဘတ်ငွေ ၅ ထောင်မှ ၁ သိန်း ထိ ပြစ်မှုချနိုင်အောင်ပြဌာန်းထားသည်ကို တွေ့ရသည်။ ထို့ပြင် အစားအသောက်ကုန်တွေကို အရည်အသွေးနှင့် အသုံးဝင်မှုတွေကို လိမ်လည်ပြီး ကြော်ငြာခြင်းကို တားမြစ်ထားပြီး ပြစ်မှုကျူးလွန်သူကို ငွေဒဏ် ဘတ်ငွေ ၃ သောင်း (ကျပ် ၁၅ သိန်း) ဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေ ခံရစေနိုင်သော FOOD ACT B .E. 2522 ဥပဒေကို ပြဌာန်း ထားသည်ကိုတွေ့ရသည်။
တရုတ်နိုင်ငံ၏ နို့မှုန့်ထုတ်လုပ်ရောင်းချသည့် အကြီးဆုံးကုမ္ပဏီဖြစ်ခဲ့သော Sanlu သည် မယ်လမင်း (melamine) ဓာတုပစ္စည်းကို ထည့်သွင်းပြီး ကလေးနို့မှုန့် တွေကို ထုတ်လုပ်ရောင်းချနေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ၎င်းနို့မှုန့်ကို စားသုံးမိ၍ ကလေး ၁၃ ဦးသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်း ကလေးပေါင်း ၃ သိန်းကျော်ကို ဖျားနာစေခဲ့သောသတင်းသည် စားသုံးသူများကို တုန်လှုပ်စေခဲ့သည်။
အစိုးရသည် ၎င်းကုမ္ပဏီ၏ ထုတ်လုပ်ရေးတာဝန်ခံနှင့် ဖြန့်ချီရေး တာဝန်ခံ နှစ်ဦးကို သေဒဏ်၊ ကုမ္ပဏီပိုင်ရှင်ကို တသက်တကျွန်းထောင်ဒဏ်၊ တာဝန်ရှိအခြားဝန်ထမ်း ၁၉ ဦးကို လည်း ထောင်ဒဏ်တွေ အသီးသီးပေးခဲ့ကြောင်းနှင့် ၎င်းကုမ္ပဏီသည်လည်း ဒေဝါလီခံသွားခဲ့ရကြောင်း သတင်းတွေ မှာဖတ်ခဲ့ရသည်။
မယ်လမင်း (melamine) ဓာတုပစ္စည်းသည် ပလပ်စတစ်နှင့် ဓါတ်မြေသြဇာထုတ်လုပ်ရာတွင် အသုံးပြုရပြီး စားသုံးမိလျှင် ကျောက်ကပ်ကို ပျက်စီးစေကြောင်း၊ ၎င်းဓာတုပစ္စည်းကို ထည့်သွင်းထုတ်လုပ်ထားသည့် နို့မှုန့်သည် ပရိုတင်း (protein) ဓာတ် ပိုမိုပြည့်ဝသည့်အသွင်ကို ဆောင်စေနိုင်သဖြင့် ကျန်းမာရေးအန္တရာယ်ကို သိလျက်နဲ့ ထည့်သွင်း ထုတ်လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
မသမာစီးပွားရှာသူများအား ငဲ့ညှာနေသလား
အစားအသောက်ကုန်များကို ကြာရှည်ခံရန်ဖြစ်စေ၊ ရောင်းပန်းလှ (အမြင်တင့်) ရန်ဖြစ်စေ လူ့ကျန်းမာရေးနဲ့ လုံး၀ ညီညွှတ်မှုမရှိသော၊ အသက်ကိုအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများကို ထည့်သွင်းအသုံးပြုပြီး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းသည် သန်းပေါင်းများစွာသော အများပြည်သူကို အစာအဆိပ်ခပ်၍ ဖြည်းဖြည်း သတ်ဖြတ်နေခြင်းပင်ဖြစ်သည်။ သို့သော် ဤကဲ့သို့ မသမာစီးပွားရှာနေကြသူများ ဖမ်းဆီးထောင်ချခံရသည့် သတင်းကို မကြားမိပါ။ ဆိုင်တွင်တင်ထားသည့်ပစ္စည်းများ ဖျက်ဆီးပစ်ခြင်း၊ နောက်နောင်မလုပ်ရန် ဆိုင်ရှင်ကို ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်းများကိုသာ သတင်းတွေမှာ ဖတ်ရသည်။
ဒီနှစ်စောပိုင်းတွင် တိုင်ကြားချက်အရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က လှိုင်မြို့နယ်ရှိ အေးမြကြည်သောက်ရေသန့် စက်ရုံကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်ကို ဒီဗွီဘီ (၁၅ မတ်လ ၂၀၁၉) တွင် ဖတ်လိုက်ရသည်။ ၎င်းစက်ရုံသည် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိခြင်း၊ လိုအပ်သော ရေသန့် လုပ်ငန်းဖွဲ့စည်းပုံမရှိခြင်း၊ စက်ရုံထုတ်လုပ်မှု အလိုက်အခန်းမရှိခြင်း၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ်မလုပ် ခြင်း၊ စနစ်တကျထိန်းသိမ်းမှုမရှိခြင်းနှင့် စက်ရုံအတွင်း သန့်ရှင်းမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြ ထားသည်။
အဆိုပါ အေးမြကြည်ရေသန့်လုပ်ငန်းကို ပိတ်သိမ်းခဲ့ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုရန် ခံဝန် ကတိကိုသာထိုးစေခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် အထက်တွင်ဖော်ပြခဲ့သည့် ဈေးကွက်မှ ပြန်ရုပ် သိမ်းတင့်သော မြေပဲဆီ ၁၈ မျိုးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ချက်ချင်းသိမ်းဆီးအရေးယူမှုများ မလုပ်ပဲ အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးရန် သတိပေးသည့် အဆင့်သာရှိခဲ့သည်။
ဤကဲ့သို ကျန်းမာရေးနဲ့ ညီညွှတ်မှု မရှိတဲ့ အဆိုပါလုပ်ငန်းရှင်များ၏ ‘သောက်ရေသန့်’၊ ‘မြေပဲဆီ’ များကို ဝယ်ယူစားသုံးနေခဲ့ကြသည့် များစွာသော ပြည်သူများ၏ ကျန်းမာရေးဆုံးရှုံးမှုကို လုံး၀ လျစ်လျူရှုခြင်း ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့် “အစားမတော် တလုပ်” ဆိုသလို အစားအသောက်သည် ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ ပြည်သူ့ကျန်းမာရေးသည် နိုင်ငံ့ကျန်းမာရေးဖြစ်သည်။ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သော စားသုံးကုန်များ ကို ထုတ်လုပ်ရောင်းချပြီး စီးပွားရှာနေကြသည့် မသမာသောလုပ်ငန်းရှင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူခြင်း နှင့် ၎င်းအန္တရာယ်ရှိစားသုံးကုန်များကို ဈေးကွက်မှ ဖယ်ရှားခြင်း ကြပ်မတ်လုပ်ဆောင်ရန် လိုအပ်နေသည်။
လက်ရှိတွင် တိုင်းပြည်၏ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးမှုအခြေအနေအရ စားသုံးကုန်များလုံခြုံမှုရှိအောင် ကြီးကြပ်ကွပ်ကဲနိုင်ရန် လိုအပ်သော နည်းပညာများ၊ စက်ယန္တရားများကို လုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်မှု မရှိသေး သည့်အတွက် ကြီးကြပ်၊ စစ်ဆေး၊ ကွပ်ကဲမှုတွေမှာ အားနည်းချက်တွေ ရှိနိုင်သည်ကို အတိုင်းအတာတခုထိ နားလည်နိုင် သည်။ သို့သော်လည်း အများပြည်သူ၏ ကျန်းမာရေးကို အန္တရာယ်ပြုစေနိုင်သော စားသုံးကုန်များကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းတို့ဖြင့် အများပြည်သူ၏ ကျန်းမာရေးကို စတေးပြီး ကိုယ်ကျိုးစီးပွားရှာနေသော လုပ်ငန်းရှင်များကို စစ်ဆေးတွေ့ရှိသော်လည်း ပြစ်ဒဏ် တစုံတရာ ပေးခြင်းမရှိပဲ နောက်နောင်တွင် ထပ်မံမလုပ်ရန် ခံဝန်ကတိလောက်သာ ထိုးခိုင်းပြီး ပြန်လွှတ်ပေးခြင်းကို နားမလည်နိုင်ပါ။
ဤကဲ့သို့ ကျူးလွန်သူများကို ငဲ့ညှာပြီး ပြစ်ဒဏ်မဲ့လွှတ်ပေးနေခြင်းသည် လူသတ်သမားကို နောက်ထပ် မသတ်ရန် သတိပေးပြီး ပြန်လွှတ်ပေးလိုက်တာနဲ့ တူနေသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးအတွက် မသမာစီးပွားရှာသူ များကို ငဲ့ညှာသည့် ပြစ်ဒဏ်များနှင့် ကြီးကြပ်ကွက်ကဲမှုများကို ပြင်ဆင်ရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
(ယော်ဘောမ် မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသားနေသူတဦး ဖြစ်သည်။)
You may also like these stories:
စားသောက်ကုန် ဘေးကင်းလုံခြုံရေး ညီလာခံခေါ်
အစားအစာ ဘေးကင်းစေရေး အလေးအနက် ထားခြင်း