၂၀၅၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဘယ်လိုဖြစ်နေမယ်ဆိုတာ ဟောကိန်းထုတ်နိုင်ဖို့ ကျနော့်မှာ အကြားအမြင်စွမ်းအား မရှိပါဘူး။ ဒါပေမယ့် ရှေ့လာမယ် ဆယ်စုနှစ်တွေအတွင်း ကျနော်တို့ တိုင်းပြည်မှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေအတွက် အသုံးတည့်မယ့် သမိုင်းဆိုင်ရာ ယူဆချက်ပုံစံ တရပ်ကို အခုတလော စဉ်းစားနေမိတယ်။
ကျနော့် အမြင်အရဆို ပြည်သူတွေအဖို့ မြန်မာ့ သမိုင်း ဟာ ရိုလာကိုစတာ စီးနေရသလိုဘဲ။ ပျော်စရာ၊ စိတ်လှုပ်ရှား စရာတွေ ရှိသလို အလန့်တကြား စိုးရိမ် စရာတွေလည်း ရှိတာကိုး။ ၂၁၀၀ ပြည်နှစ် မတိုင်ခင် ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံ ဘာတွေကြုံနိုင်မယ်ဆိုတာ မှန်းဆကြည့်ဖို့ အတိတ် ဖြစ်ရပ်တွေဟာ အသုံးတည့်တဲ့ လမ်းညွှန် ဖြစ်နိုင်ပါတယ်။
၁၉ ရာစုကနေ ပြန်စဉ်းစားကြည့်ရအောင်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မန္တလေးနန်းတော်ကြီးကို သိမ်းပိုက်၊ သီပေါမင်းကို အဓမ္မ ထီးနန်း စွန့်ခိုင်းပြီးနောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံကို တရားဝင် ကိုလိုနီပြုလိုက်တုန်းက နောက်နှစ်ပေါင်း ၆၀ လောက်ကြာအောင် ကိုလိုနီအုပ်ချုပ်ရေးအောက်မှာနေရတော့မယ်လို့ မြန်မာနိုင်ငံက ဘယ်သူမှ ထင်မထားခဲ့ပါဘူး။
အလားတူဘဲ ၂၀ ရာစုကို ကြည့်ကြရအောင်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ နိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မှုအောက် နောက် နှစ်ပေါင်း ၆၀ နီးပါး ကျရောက်တော့မယ်လို့ ဘယ်သူမှ အိပ်မက်တောင် မမက်ခဲ့ကြဘူး။
၁၉ ရာစု၊ ၂၀ ရာစုနဲ့ ၂၁ ရာစု မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်တဲ့အခါ ၆၀-၁၀-၆၀ နိုင်ငံရေး စက်ဝိုင်း တခုပုံစံမျိုးဖြစ်နေတာကို ကျနော် တွေ့မိတယ်။ ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ အတွင်း မြန်မာနိုင်ငံဟာ နယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ် ( ပိုပြီး တိတိကျကျပြောရရင် စစ်အာဏာရှင်စနစ်) ဆိုတဲ့ မနှစ်မြို့စရာ နိုင်ငံရေးလမ်းကြောင်း နှစ်ခုကို ဖြတ်သန်းခဲ့ရတယ်။
ဗြိတိသျှတွေက မြန်မာနိုင်ငံကို ၁၈၈၆ ခုနှစ်ကနေ ၁၉၄၈ အထိ ၆၂ နှစ်ကြာအုပ်ချုပ်ခဲ့တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ သွားလေသူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစတင်တဲ့ ၁၉၅၈ ကနေ ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် ရာထူးဆက်ဆံမှုရပ်ဆိုင်းသွားပြီး ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း အစိုးရကို နိုင်ငံရေးပါတီတခုက ပထမဆုံးအကြိမ် စီမံခန့်ခွဲတဲ့ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံကို ၅၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပြန်တယ်။
ဒီခေတ်နှစ်ခုအကြားမှာ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ဆယ်စုနှစ်တခုနီးပါး ကြားကာလတခုရှိတယ်။ အဲဒီ ကာလအတွင်းမှာ လွတ်လပ်ရေးခေတ် မြန်မာ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီခေတ် ကို ကြုံခဲ့ရတယ်။ ဒီကာလမှာ ၁၉၆၀ ကနေ ၁၉၆၂ ခုနှစ်အထိ နှစ်နှစ်တာကာလကိုလည်းထည့်သွင်းကြည့်နိုင်တယ်။ အကြမ်းဖျင်းပြောရရင် အဲဒီကာလဟာ ဆယ်နှစ်လောက်တော့ ကြာတယ်။
ဆယ်စုနှစ်တွေအလိုက်ကြည့်မယ်ဆိုရင် ခေါင်းဆောင်တဦးချင်းစီနဲ့ သူတို့ရဲ့ မူဝါဒတွေဟာ အဲဒီ ကာလတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ဘ၀တွေကို ပုံဖေါ်ပေးတတ်တယ်။ ရာစုနှစ်တွေကို ကြတော့ အဲဒီကာလအတွင်း နိုင်ငံရေးအရ ဖြစ်ပျက်ခဲ့တဲ့ အထင်ကရ ဖြစ်ရပ်တွေနဲ့ လမ်းကြောင်းတွေက ပုံဖေါ်တယ်။ ၁၉ ရာစု နဲ့ ၂၀ ရာစုနှစ်မှာ ကျနော်တို့နိုင်ငံဟာ အခြားကမ္ဘာ့နိုင်ငံများစွာလိုပဲ နယ်ချဲ့စနစ် နိုင်ငံရေးလမ်းကြောင်းရဲ့လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ၂၀ ရာစုနဲ့ ၂၁ ရာစုမှာကျတော့ စစ်အာဏာရှင်စနစ် က အဓိက လွှမ်းမိုးတဲ့ အင်အားစုဖြစ်နေတာကို တွေ့ရတယ်။
အဲဒီနိုင်ငံရေး လမ်းကြောင်း နှစ်ခုလုံးမှာ သက်ရောက်မှုကတော့ အတူတူဘဲ။ အဲဒါကတော့ နိုင်ငံတည်ဆောက်ရေး အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်လိုက်တာပဲ ဖြစ်တယ်။
ဗြိတိသျှတွေက ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲကို ဆင်နွှဲတဲ့အခါကျတော့ မြန်မာ့သမိုင်းမှာ အလေးစားခံရဆုံးနဲ့ လူကြိုက်အများဆုံး ဘုရင်တပါးဖြစ်တဲ့ မင်းတုန်းမင်းဟာ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ၁၈၅၃ ခုနှစ်ကနေ ၁၈၇၈ ခုနှစ်အထိ သူ့ရဲ့နန်းသက်အတွင်းမှာ တိုးတက်တဲ့ အမြင်ရှိတဲ့ မင်းသားတွေ အမတ်တွေရဲ့အကူအညီနဲ့ နိုင်ငံ ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီး မင်းတုန်းမင်းကြီးဟာ ခေတ်မီတဲ့ကမ္ဘာနဲ့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံကို ပြန်လည်ထူထောင်ဖို့ သူ့ရဲ့အားထုတ်မှုဟာ ကမ္ဘာတဝန်း နယ်ချဲ့ဝါဒခေါင်းထောင်လာခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူး။
၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိတဲ့အခါ မြန်မာနိုင်ငံဟာ ပြန်လည်တည်ထောင်ဖို့ အခွင့်အရေးကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့ပါတယ်။ တိုင်းပြည်ခေါင်းဆောင်ပိုင်းကလည်း အဲဒီအတွက်ကိုဘဲ ကြိုးပမ်းခဲ့ကြပြီး ဦးနုအုပ်ချုပ်တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ အထိ ကာလမှာ လွတ်လပ်မှုနဲ့ နိုင်ငံသားအခွင့်အရေးပြည့်၀ပြီး အာရှမှာ စီးပွားရေး အကောင်းဆုံးနိုင်ငံ တွေထဲက တခုဖြစ်ခဲ့လို့ မြန်မာနိုင်ငံရဲ့့ရွှေခေတ် လို့သတ်မှတ်ကြပါတယ်။
ဒါပေမယ့်လည်း ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်အုပ်ချုပ်ရေးကြောင့် နိုင်ငံဟာ ၂၀၁၆ ခုနှစ်အထိ ပြန်လည်ထူထောင်ဖို့ အခွင့်အရေးမရဖြစ်ခဲ့ရပြန်ပါတယ်။
ဒါကြောင့် ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၁၃၀ ကို ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းအားဖြင့် (နှစ်ပေါင်း) ၆၀-၁၀-၆၀ နိုင်ငံရေး ပုံစံဖြစ်နေပါတယ်။
၂၀၁၁ ခုနှစ်မှာ ယခင်စစ်အစိုးရက အာဏာချုပ်ကိုင်မှုကို ဖြည်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရထံကို အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် အခုအခါမှာတော့ ကျနော်တို့ဟာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ တတိယအခွင့်အရေးကို ရထားကြတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲအရပြောရရင် ဗိုလ်ချုပ်ကြီးတဖြစ်လဲ သမ္မတဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ကို အတိုင်းအတာ တခုအထိ ဖွင့်ပေးခဲ့ပေမယ့် သူ့ရဲ့ ရာထူးသက်တမ်း ငါးနှစ် (၂၀၁၁-၂၀၁၆) ကို ထည့်တွက်စရာ မလိုပါဘူး။ အဲဒီကာလဟာ အခြေခံကျတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမဟုတ်သလို သူ့ရဲ့အစိုးရဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အဓိကတိုင်းရင်းသားပါတီတွေ သပိတ်မှောက်တဲ့ လက်တလုံးခြားရွေးကောက်ပွဲကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကို တတိယအကြိမ်ပြန်လည်တည်ဆောက်ဖို့ တတိယအခွင့်အရေးဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရသူတွေဟာ နှစ်ပေါင်း ၅၈ နှစ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ခံအစိုးရကို ဖွဲစည့်စည်းပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကမှ စတင်ခဲ့တယ်လို့ ကျနော်ပြောရခြင်းဖြစ်ပါတယ်။
၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ နိုင်ငံကို ပြန်လည်တည်ထောင်ဖို့ အခွင့်အလမ်းကို လက်လွှတ်ခဲ့ရပြီးနောက် အခု ၂၁ ရာစု မှာမြန်မာ နိုင်ငံဟာ တတိယ အခွင့်အရေးကို ရရှိနေပါပြီ။ ရာစုနှစ်တခုမှာမှ တခါသာရတဲ့ အခွင့်အရေးပါ။
ဒီတတိယအခွင့်အရေးဟာ လွတ်လပ်ရေးခေတ်လွန် ၁၉၄၈ နဲ့ ၁၉၅၈ ခုနှစ်အတွင်းရခဲ့တဲ့ အခွင့်အရေးနဲ့ တူတယ်လို့ကျနော်မြင်ပါတယ်။ အဲဒီကာလအတွင်းမှာလိုပဲ နိုင်ငံဟာ ပြည်တွင်းစစ်နဲ့ လုံးထွေးနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လက်ကိုင်အဖွဲ့အစည်းတွေပိုမိုများပြားလာပြီး ရိုဟင်ဂျာ ပြသနာလည်း ရှိနေတာပေါ့လေ။ ရိုဟင်ဂျာကိစ္စဟာဆိုရင် နိုင်ငံကို မကြုံစဖူး ဆိုးရွားတဲ့ အခြေအနေကိုကျရောက်စေပြီး ကြီးမားတဲ့နိုင်ငံတကာဖိအားကိုခံရစေတယ်။ နောက်ပြီးတော့ အရပ်သားအစိုးရနဲ့ စစ်ဖက်ခေါင်းဆောင်တွေအကြား ပြန်လည်သင့်မြတ်ရေး မရရှိတာလည်းရှိနေတယ်။ အဲဒီ အကြောင်းတရားတွေကြောင့် နိုင်ငံပြန်လည်ထူထောင်ဖို့ အခုရထားတဲ့ တတိယ အကြိမ် အခွင့်အရေး ပျက်မပျက်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
ကျနော်တို့တွေ ဒီတကြိမ်မှာ ထပ်ပြီးမအောင်မမြင်ဖြစ်ရင်တော့ မြန်မာနိုင်ငံဟာ ဒီရာစုနှစ်မှာ ပြန်လည်တည်ဆောက်ဖို့ နောက်ထပ်အခွင့်အရေးရတော့မယ့် အလားအလာ မရှိပါဘူး။
မြန်မာနိုင်ငံ အနေနဲ့ ဒီတကြိမ် အခွင့်အရေးကို လက်လွှတ်လိုက်ရတာကို ဘယ်သူမှမြင်ချင်မှာ မဟုတ်တာကတော့ သေချာတယ်။ တကယ်လို့ ဆုံးရှုံးသွားရင် တော့ ကျတော်တို့ နိုင်ငံရေး လမ်းကြောင်း ပုံစံဟာ ၆၀-၁၀-၆၀-၁၀- ၆၀ ဖြစ်လာနိုင် ပြီး နောက်ဆုံး ၆၀ ဟာ အကြမ်းဖျင်းအားဖြင့် ၂၀၁၆ ခုလောက်ကနေ ၂၀၈၀ ခုနှစ်များသို့မဟုတ် ၂၀၉၀ ခုနှစ်များအထိကြာပြီး နယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ်တွေ အောက်မှာတုန်းကလို ကြာနိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ အခုရာစုနှစ်ကုန်ခါနီး အထိ ရောက်သွားပြီလို့ဆိုနိုင်ပါတယ်။
ဒီလိုပုံစံမျိုးထပ်ဖြစ်တာကို ကျနော်တို့အားလုံး မလိုချင်ကြပါဘူး။ ကျနော်တို့အားလုံးဟာ ဒီဆိုးရွားလှတဲ့ သံသရာကို အဆုံးသတ်ချင်နေကြပြီ။ ဒီတကြိမ်မှ သမိုင်းတပတ်လည်တာကို ကျနော်တို့ခွင့်ပြုလို့ မဖြစ်ပါဘူး။ မြန်မာပြည်သူတွေ မြင်ချင်တဲ့ပုံစံက ၆၀-၁၀-၆၀-၁၀+ထာဝရ ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက “ ကိုလိုနီစနစ်- ပြန်လည်တည်ဆောက်ဖို့အခွင့်အရေး- စစ်အာဏာရှင်စနစ်- ပြန်လည်တည်ဆောက်ဖို့အခွင့်အရေး- စစ်မှန်တဲ့ ဒီမိုကရက်တစ်လူ့အဖွဲအစည်း” ပဲဖြစ်ပါတယ်။
ကျနော်တို့ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ထိလွယ်ခိုက်လွယ် အနေအထားဖြစ် နေလို့ ၁၉ ရာစုနဲ့ ၂၀ ရာစုတုန်းကလို ဒီတတိယနဲ့ ၂၁ ရာစုအတွက် နောက်ဆုံးအကြိမ်လို့လည်း ပြောနိုင်တဲ့ အခု အခွင့်အရေး ဟာ ဟာ ပျက်သွားမလားး ဆိုတာကို လောလောဆယ်တော့ ဘယ်သူမှ သေချာပေါက်မပြောနိုင်သေးပါဘူး။
မြန်မာနိုင်ငံခေါင်းဆောင်တွေ၊ မြန်မာ့အရေးလေ့လာသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အပါအဝင် လူတိုင်းနီးပါးက မြန်မာ့သမိုင်းရဲ့ ကနေ့ခေတ်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ကြပါတယ်။ မမှားပါဘူး။
ဒါပေမယ့် အခြားနိုင်ငံတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တွေထက် မြန်မာနိုင်ငံအတွက် ဒီကာလဟာ ပိုမိုအရေးကြီးမယ် လို့ကျနော်ယုံကြည်ပါတယ်။ ဒီကာလဟာ မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အသွင်ကူးပြောင်းရေးကာလ၊ သမိုင်းက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပုံစံဟောင်းကနေ ခွဲထွက်ဖို့ နောက်ဆုံး အခွင့်အရေး အသွင်ကူးပြောင်းရေးကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီတတိယနဲ့နောက်ဆုံးအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလို့ မဖြစ်ပါဘူး။ ဆုံးရှုံးခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ဖက်ပေါင်းစုံမှာ ဘုန်းဘုန်းကျ နေတဲ့ နိုင်ငံ ဖြစ်သွားမှာဖြစ် ပြီး ကျနော်တို့တွေဟာ လူမျိုးတမျိုး နိုင်ငံတနိုင်ငံအနေနဲ့ နောက်တကြ်ိမ် နာလန်ထူနိုင် တော့မှာ မဟုတ်ပါဘူး။
အခုအချိန်ဟာ စိတ်ဝင်စားစရာ ကောင်းတာထက် ပိုတယ် လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူတွေ ကိုယ်တိုင်ဟာလည်း ရိုလာကိုစတာ စီးနေကြရသလိုပါဘဲ။ စိတ်လှုပ်ရှားစရာ ကောင်းသလို အသည်းထိပ်စရာကောင်းပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အဲဒီရိုလာကိုစတာပေါ်ကနေ ဘေးမသီရန်ခမဘဲ ဆင်းလာနိုင်ရေးပဲ ဖြစ်ပါတယ်။
( Kyaw Zwa Moe ၏ Forecasting the Coming Century for Myanmar—Without a Crystal Ball ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှု့ရန်
ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို
မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ