ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရခေတ်မှာ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို လိုက်နာနေပါသလား။ သို့မဟုတ် လက်ရှိမူဝါဒဟာ ယခင်အစိုးရအဆက်ဆက်ကနေ လမ်းခွဲထွက်လိုက်တာလား။
မကြာသေးမီက Nikkei Asian Review နဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျမတို့နိုင်ငံဟာ အရမ်းကို ကြားနေတဲ့ အရမ်းကို ယထာဘူတကျတဲ့ နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်ရေးရကတည်းက ကျင့်သုံးခဲ့တယ်။ ကျမတို့ဟာ နိုင်ငံငယ်လေးဖြစ်ပြီး မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့် ထိန်းချုပ်လွှမ်းမိုးတဲ့ အဆင့်ကို အရင်ကလိုဘဲ ဘယ်တုန်းကမှ မရောက်ခဲ့ဘူး” လို့ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးခြင်းလားလို့ တချို့က ပဟေဠိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ တကယ်ကော မှန်ရဲ့လား။
ဗိုလ်ချုပ်ကြီးနေဝင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ဖြစ်ပေမယ့် ဗြိတိန်က မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေနဲ့ စစ်အေးတိုက်ပွဲအတွင်း နိုင်ငံရဲ့ အတက်အကျတွေကို ကိုယ်တွေ့ကြုံခဲ့ပြီး ပါးနပ်ထက်မြက်တဲ့ နိုင်ငံရေးသမား ဘဝကို လဲယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။
ဂျပန်နိုင်ငံရဲ့ လေ့ကျင့်ပေးမှုနဲ့ သူဟာ အမျိုးသားလွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းပြည်လွတ်လပ်ရေး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ကြတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒရဲ့ သေနင်္ဂဗျူဟာရှင်လား
သူဟာ အစိုးရ အကြီးအကဲဖြစ်လာတဲ့အခါ အရှေ့တောင်အာရှ ပဋိပက္ခတွေကနေ နိုင်ငံကိုဆွဲထုတ်ပြီး အမေရိကန်အကူအညီကို ငြင်းပယ်ကာ ဘက်မလိုက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမယ့် နောင်မှာ အဲဒီလှုပ်ရှားမှုက နုတ်ထွက်လိုက်ပြန်ပါတယ်။ သူရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ကာကွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုထားတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ငါးနိုင်ငံ ဖွဲ့စည်းထားတဲ့ အာဆီယံ ASEAN နဲ့ ခပ်ကင်းကင်း နေခဲ့ပြန်တယ်။
စစ်အေးတိုက်ပွဲအတွင်းက ဗိုလ်ချုပ်ကြီးနေဝင်းကို “တရုတ်ကျွမ်းကျင်သူ” အဖြစ် အသိများပြီး အနောက်နိုင်ငံ ခေါင်းဆောင်တွေကတောင် မော်စီတုန်းလက်ထက်က တရုတ်နိုင်ငံကို ပိုမိုနားလည်ဖို့ သူ့ကို မြန်မာနိုင်ငံမှာ လာရောက်တွေ့ဆုံပြီး သူရဲ့ တရုတ်နိုင်ငံအပေါ် နားလည်ထားတဲ့အမြင်တွေကို လေ့လာရတယ်လို့ ဆိုပါတယ်။
၁၉၆၇ ခုနှစ်က မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အဓိကရုဏ်းပြီးတဲ့အခါ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အဆင်ပြေအောင် ပြန်လည်ဆောင်ရွက်ခဲ့တယ်။
၁၉၆၀ ခုနှစ်တွေ၊ ၁၉၇၀ ခုနှစ်တွေနဲ့ ၁၉၈၀ ခုနှစ်တွေမှာတောင် သူဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်ခဲ့ကြတဲ့ မော်စီတုန်း၊ ချုအင်လိုင်းနဲ့ တိန့်ရှောင်ဖိန်တို့ကို တွေ့ဆုံဖို့ ဘေ့ဂျင်းကို သွားရောက်လည်ပတ်နေပေမယ့် သူ၏လက်အောက်ငယ်သားတွေ တိုင်းမှူးတွေကတော့ တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီကို မြန်မာနိုင်ငံမြောက်ပိုင်းမှာ အသေအလဲ တိုက်ခိုက်ခဲ့ကြရတယ်။ တရုတ်နိုင်ငံဟာ “နေဝင်းစစ်အစိုးရ”ကို ဖြုတ်ချနိုင်ဖို့အတွက် ဗမာကွန်မြူနစ် သူပုန်တွေကို အကြီးအကျယ်ထောက်ခံခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဝိနည်းကြီးတဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့တယ်လို့ အချို့သောပညာရှင်တွေက ဆိုပါတယ်။ အချို့ကတော့ သဘောမတူဘဲ သူဟာ ၁၉၆၈ ခုနှစ်က ချက်ကိုဆလိုဗက်ကီးယားကို ဆိုဗီယက် ယူနီယံက ကျူးကျော်တာကို ဆန့်ကျင်ခဲ့တဲ့ ဥပမာအဖြစ် ထောက်ပြကြတယ်။
ဒါပေမယ့် ခြုံပြီးပြောရရင်တော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ မြန်မာနိုင်ငံကို ဒေသတွင်းနဲ့ ကမာ္ဘ့ ပဋိပက္ခတွေထဲ ပါမသွားအောင် ဆွဲထုတ်ထားခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် ဆိုဗီယက်ယူနီယံနဲ့ တရုတ်က အကူအညီတွေကို ယူခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အမေရိကန်နဲ့ (CIA) ကို ကြောက်လန့် စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ခပ်ဝေးဝေးမှာထားပြီး ဆက်ဆံတယ်။
CIA က တရုတ်ကူမင်တန် ( KMT) အမျိုးသားရေးဝါဒီတွေကို ရှမ်းပြည်အရှေ့ပိုင်းမှာ အထောက်အပံ့ပေးတာနဲ့ ဗီယက်နမ်စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကိုလည်း သူဟာ အမြဲစိုးရိမ်နေခဲ့တယ်။
ဘက်မလိုက်မှုဝါဒကို ဆက်လက်ထိန်းသိမ်းထားပေမယ့် ၁၉၆၀ ခုနှစ်တွေနှာင်းပိုင်းမှာ သူဟာ တရုတ်ကွန်မြူနစ် ခြိမ်းခြောက်မှုကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက စစ်ရေးအကူအညီ ရရှိရေးတွက် ကြိုးစားဖို့ ပြင်ဆင်ထားတယ်။
သူရဲ့ လက်အောက်ငယ်သားများတွေနဲ့ ပြည်တွင်းပြည်ပ လေ့လာသူတွေကတော့ စစ်အေးတိုက်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ဆိုဗီယက် ပြည်ထောင်စုအကြား ချိန်ခွင်လျှာညှိတဲ့ ဘက်မလိုက်ကြိုးတန်းပေါ် လျှောက်တဲ့ ကြားနေ အနေအထား ထ်ိန်းသိမ်းထားခြင်းအတွက် သူ့ကို ချီးကျုးကြတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အိမ်နီးချင်းကောင်း မူဝါဒ
NLD အစိုးရအောက်မှာ မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ ရည်မှန်းချက်ပန်းတိုင်က အိမ်နီးချင်းနိုင်ငံတွေနဲ့သာမက တခြားဝေးကွာတဲ့ နိုင်ငံတွေနဲ့ပါ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ဖို့ ဖြစ်တယ်။ “အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ တခြားဝေးကွာတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေထက်ပိုပြီး သိမ်မွေ့နက်နဲတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးတယ်။
ဒီအချက်ကလည်း ဒီနေ့အထိ မှန်ကန်နေတယ်။ သူရဲ့ ခေါင်းဆောင်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ အရိပ်လွမ်းမိုး သြဇာကြီးမားလာခြင်းနဲ့ ဖြစ်ပေါ်လာတဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေနဲ့အတူ မြန်မာ့နိုင်ငံခြားဆက်ဆံရေးဟာ ဘယ်လောက်အထိ သိမ်မွေ့နက်နဲ အန္တရာယ်ရှိနေတယ်ဆိုတာကို မြင်တွေ့ရတယ်။ ဒီနေရာမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပတ်သက်လာတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်နိုင်ငံအပေါ် မှီခိုမှုကို ဂျပန်က ဘယ်လို ချိန်ခွင်လျှာ ပြန်လည်ညှိနိုင်မှာလဲ။

ချိန်ခွင်လျှာ ညှိခြင်းလား
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ စီးပွားရေးသြဇာ ကြီးထွားလာခြင်းနဲ့ပတ်သက်ပြီး သတင်းသမားကမေးမြန်းတဲ့အခါ (နိုင်ငံရေး သြဇာလွှမ်းမိုးမှုအကြောင်းကို ထိုသတင်းသမားက မေးမြန်းခြင်းမရှိပါချေ) ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က ဂျပန်လည်းမိတ်ဆွေ တရုတ်လည်း မိတ်ဆွေလို့ မြင်တယ်။ မိတ်ဆွေတွေကြားမှာ ဘယ်သူ့ကိုရွေးချယ်ခိုင်းတာ မှန်တဲ့ကိစ္စလို့ ကျမမထင်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့တယ်။
ဒီလိုပြောလိုက်တာဟာ အင်အားကြီးမားတဲ့ နိုင်ငံကြီးများနဲ့ စီးပွားရေးတွေကြားမှာ ချိန်ခွင်လျှာညှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်တယ်လို့ ယူဆရမလား။ ဒါမှမဟုတ် သူဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးရုပ်မဟုတ်ကြောင်း ပြသလိုတာလား။
သူဟာ တရုတ်နိုင်ငံ စိတ်ဆိုးအောင် လုပ်မှာ မဟုတ်တာတော့ သေချာတယ်။ ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတိတ်က ဘယ်လို သဘောထားရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ယူဆစေကာမူ ပထဝီနိုင်ငံရေး စစ်တုရင်ကစားပွဲမှာ အရေးပါတယ်လို့ သဘောပေါက်မှာဖြစ်တယ်။ ဒါတောင်မှ တရုတ်ဟာ ရည်မှန်းချက်ကြီးမားတဲ့ ရပ်ဝန်းနဲ့ လမ်း (BRI) အစီအစဉ်အရ ရေနက်ဆိပ်ကမ်းတခု၊ မြို့သစ်တွေ၊ စက်မှုဇုန်တွေ၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေ၊ မြန်နှုန်းမြင့် ရထားလမ်းတွေ အပါအဝင် ဒေါ်လာဘီလီယံ များစွာတန်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖေါ်ပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြျုပ်နှံတဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲက တနိုင်ငံမျှသာဖြစ်ပြီး တရုတ်နိုင်ငံရဲ့နောက် ခပ်လှမ်းလှမ်းမှာ ကျန်နေရစ်တယ်။
သြဂုတ်လက ရန်ကုန်က ဂျပန်နဲ့ အမေရိကန်သံရုံးတွေက ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ပြီး မြန်မာပြည်သူတွေရဲ့ အကျိုးနဲ့ နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် တာဝန်သိ၊ အရည်အသွေးမီ၊ ကျင့်ဝတ်ညီတဲ့ ရင်းနှီးမြျုပ်နှံမှုတွေကို အားပေးဖို့ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြောကြားခဲ့တယ်။ သံရုံးတွေ ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့တယ်။
သူရဲ့ပါတီ အာဏာရလာတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံက တရုတ်နိုင်ငံ အကူအညီနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ အားထားပုံရတယ်လို့ စောင့်ကြည့်သူ အတော်များများက မြင်ခဲ့ကြပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို မသွားရောက်မီ ဘေ့ဂျင်းသို့ သွားရောက်ခဲ့တာလဲ မှန်ကန်တယ်လို့ အချို့သောလေ့လာသူတွေက မြင်ကြတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရလာပြီး ရက်အနည်းငယ်အကြာမှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာကနေ ဆောင်းပါးတစောင်ထုတ်ဝေပြီး တရုတ်နိုင်ငံရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို ထိခိုက်ခံပြီး အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုနီးကပ်စွာဆက်ဆံခြင်းဟာ မြန်မာနိုင်ငံအတွက်ရေရှည်အကျိုးစီးပွားကို အကျိုးမပြုဘူးလို့ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အစိုးရအတွက် သတိပေးတဲ့ တရုတ်ရဲ့ သတင်းစကားကတော့ ရှင်းလင်းလှပါတယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်လာရင် မရှုပ်နဲ့ ကောင်းကောင်းနေ ပြဿနာမရှာနဲ့လို့ ပြောလိုက်ခြင်းသာဖြစ်ပါတယ်။
သတင်းစာတချို့က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံဘက်သားအဖြစ် ပုံဖေါ်ခဲ့ကြတယ်။ အလားတူစွာပဲ တရုတ်နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတယ်။ မေးစရာရှိတာကတော့ သူဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ် စီးပွားရေး၊ မဟာဗျူဟာနဲ့ အမျိုးသားအကျိုးစီးပွားကို ဘယ်အတိုင်းအတာအထိ လေးစားလိုက်နာမယ်၊ အရင်အစိုးရလက်ထက်က ဆိုင်းငံ့ထားတဲ့ စီမံကိန်းတွေကို ဘယ်အတိုင်းအတာအထိ ပြန်လည်အသက်သွင်းပေးမလဲဆိုတဲ့ မေးခွန်းပဲဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒရှိတယ်ဆိုရင်တောင်မှ အဲဒီမူဝါဒကို ဖေါ်ထုတ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းလို အခြေအနေနဲ့ အချိန်များများမရခဲ့တာကို တချို့လေ့လာသူတွေက် ထောက်ပြတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်ရဲ့ ထောက်ခံမှုရရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်ရဲ့ ထောက်ခံမှုကို မရဘူး ။ အတွင်းရန် အပြင်ရန်တွေကိုလည်း ချက်ခြင်းဆိုသလို ရင်ဆိုင်ရတယ်။ ရခိုင်အကျပ်အတည်းနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေ စတင်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံဟာ တရုတ်နဲ့ ပိုမိုနီးကပ်လာတယ်လို့ မြင်ကြတယ်။ မကြာမီအချိန်အတွင်း သူဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာမယ်လို့ ပြောခဲ့တဲ့ ဝေဖန်သူများ မှားယွင်းသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့တယ်။ သူမနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်ခြင်းမရှိခဲ့ပါဘူး။
ပိုမိုအရေးကြီးတဲ့ အချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံဟာ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေရဲ့ သြဇာကို ဘယ်အတိုင်းအတာအထိ လက်ခံမယ်ဆိုတာကို တရုတ်က စောင့်ကြည့်နေတာပဲဖြစ်တယ်။ ကော်ဇောနီနဲ့ ကြိုဆိုတာတွေ လက်ရှိအစိုးရနဲ့ ဘေ့ဂျင်းတို့အကြား အပေါ်ယံ ခင်မင်မှုများပြသနေတာတွေ ရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က သူမရဲ့ အနောက်နိုင်ငံသား အကြံပေးတွေကို ဘေ့ဂျင်းက ဘယ်အတိုင်းအတာအထိ ယုံကြည်မှုရှိတယ်ဆိုတာကို မေးဖို့လိုပါတယ်။
အခြားစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်တခုကတော့ အရင်သမ္မတဦးသိန်းစိန်နဲ့ သူ့အဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လက်ရှိအစိုးရရဲ့ မူဝါဒထက် ပိုမိုကောင်းမွန်သလားဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဦးသိန်းစိန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အနောက်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး၊ နိုင်ငံတကာအသိုင်းအဝန်းကို ပြန်လည်ဝင်ရောက်ရေးနဲ့ အပစ်ပယ်ခံအဆင့်ကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းပြီး သူ့အရင် စစ်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကွဲပြားခြားနားတယ်။
မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ပြီး အနောက်နိုင်ငံအစိုးရတွေအနေနဲ့ ပိတ်စို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ အချက်ပြခဲ့တဲ့ ဦးသိန်းစိန်အစိုးရဆီကနေ တရုတ်နိုင်ငံဟာ ကြီးမားတဲ့ သင်ခန်းစာတခုကို သင်ယူခဲ့ရတယ်။

နိုင်ငံခြားရေးမူဝါဒကို ဘယ်သူပုံဖေါ်နေလဲ
ဒါဆိုရင် မြန်မာနိုင်ငံခြားရေးမူဝါဒကို ဘယ်သူက အမှန်တကယ်ပုံဖေါ်လဲလို့မေးစရာဖြစ်တယ်။
ပြည်တွင်းအနေအထားအရကြည့်မယ်ဆိုရင် တပ်မတော်က မြန်မာနိုင်ငံခြားရေးမူဝါဒကို တဖက်ကနေ ပုံဖေါ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုကျိုကို မသွားခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သို့သွားရောက်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ဂုဏ်သရေရှိ ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံခဲ့တယ်။ ဒီအချက်က မြန်မာ့တပ်မတော်ဟာ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်သြဇာလွှမ်းမိုးရေးအတွက် ပြည်ပအစိုးရတွေ၊ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားကြောင်းပြသနေတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းအပါအဝင် နိုင်ငံအများအပြားကိုလည်း သွားရောက်ခဲ့တယ်။ လုံခြုံရေးနဲ့ ပြည်တွင်းရေးပြဿနာတွေဆွေးနွေးခြင်းကိုလည်း ဘယ်အခါကမှ သူ မရှောင်ရှားခဲ့ဘူး။
ဒီနေ့ မြန်မာနိုင်ငံဟာ ဘက်မလိုက် ကြားနေသော နိုင်ငံခြားရေးမူဝါဒကို အမှန်တကယ်ပင် ကျင့်သုံးတယ်။ သေချာတာကတော့ ဒီလိုလုပ်နေတာဟာ ကိုယ်ခံအားကောင်းလို့ အင်အားရှိလို့ ကျင့်သုံးနေတာတော့ မဟုတ်ဘူး။ ဒီအခြေအနေသည် အန္တရာယ်များတဲ့ အနေအထားဖြစ်တယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံဟာ ကြားနေပြီးလွတ်လပ်တဲ့ မူဝါဒကို ကျင့်သုံးတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာ့ရေးရာများမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက အကြိမ်ပေါင်းဘယ်လောက် စွက်ဖက်ခဲ့သလဲဆိုတာလည်း မေးစရာပါ။
နောက် အရေးကြီးတဲ့ အချက်တခုကတော့ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို လိုက်နာဖို့ သဘောတူထားတာဖြစ်တယ်။ ဒီအချက်များတွေမှာ တနိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာပိုင်မှုကို အခြားတနိုင်ငံကလေးစားရေး၊ အပြန်အလှန်မကျူးကျော်ရေး၊ တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးစီးပွားနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ပါဝင်တယ်။
ဒါပေမယ့် ဒီနေ့မှာ နယ်မြေ၊ အချုပ်အခြာနဲ့ ပတ်သက်ရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးလို့ခေါ်နေကြတဲ့ မူကို ဘယ်သူချိုးဖေါက်နေလဲလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်းပြင်ဦးလွင်က စစ်တက္ကသိုလ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မကြာသေးမီက တိုက်ခိုက်ခဲ့တာမှာ တရုတ်လက်ဝေခံတွေလို့ သတ်မှတ်ထားတဲ့ သူပုန်တွေနဲ့ စစ်ဘုရင်တွေ ပါဝင်ပတ်သက်နေတာကြောင့် အဲဒီတိုက်ခိုက်မှုဟာ ပြဿနာကို လှုပ်နှိုးလိုက်တဲ့ သတိပေးချက်ဖြစ်တယ်လို့ လူအများအပြားကမြင်ကြတယ်။ သူတို့ပေးလိုတဲ့ သတင်းစကားကတော့ သူတို့ဟာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်သလို စစ်ကိုလည်း ဖန်တီးနိုင်ပြိး စီးပွားရေးကိုလည်း ထိခိုက်အောင် လုပ်နိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။
မြန်မာနိုင်ငံဟာ အင်အားချိနဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၅၀ ခုနှစ်များက စတင်ပြီး ဘက်မလိုက်လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းကျင့်သုံးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာသာမက ဘယ်ခေါင်းဆောင်ကမှ အဲဒီမူဝါဒကနေ သိသိသာသာ လမ်းခွဲထွက်ခြင်းမရှိကြဘူးလို့ ဆိုနိုင်ပါတယ်။
ဒါကြောင့်ပဲ နိုင်ငံတော်အတိုင်ပင်ခံက “ကျမတို့ရဲ့နိုင်ငံခြားရေးမူဝါဒဟာ လွတ်လပ်တက်ကြွအောင် ကျမတို့ အမြဲတမ်းထိန်းသိမ်းခဲ့ပြီး နိုင်ငံအားလုံးနဲ့ ချစ်ကြည်မှုကိုပဲ အခြေခံတယ်။ ဒါကြောင့် ကျမတို့က ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ထက်သန်တဲ့ မိတ်ဆွေအားလုံးကို ကြိုဆိုတယ်။ ကျမတို့ဟာ ကျမတို့နိုင်ငံကို အခြားဘယ်နိုင်ငံအုပ်စုအတွက်မှ အငြင်းအခုန်ဖြစ်၊ သဘောထားကွဲစရာအဖြစ် အမြင်မခံနိုင်ဘူး”လို့ ပြောခဲ့တယ်။
ဒါကြောင့် မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ အတိတ်ကနေ လမ်းခွဲထွက်ခြင်းမရှိဘဲ ကြိုးညှိပြီး ခပ်ပါးပါးပဲ အပြောင်းအလဲရှိတယ်လို့ အချို့ကပြောကြတယ်။ တကယ်တော့ မြန်မာနိုင်ငံခြားရေး မူဝါဒဟာ ကြိုးတန်းပေါ်မှာ ဆက်လက်လမ်းလျှောက်နေဦးမယ်ဆိုတဲ့ အဖြေသာ ထွက်လာနေတော့တယ်။
( Aung Zaw ၏ Does Daw Aung San Suu Kyi Follow Ne Win’s ‘Neutrality’? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ
နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်
အမေရိကန် ပြည်ဝင်ခွင့်ပိတ်သောကြောင့် တပ်မတော် လမ်းကြောင်း မပြောင်းနိုင်