လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် အချိန်ကတည်းကစပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလတလျှောက်လုံး ပြည်တွင်းစစ်ဖြစ်ပွားခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရမှု၊ ဘာသာရေး ဖိနှိပ်ခံရမှု၊ အလုပ်အကိုင် ရှားပါးမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ရေကြည်ရာ မြက်နုရာဆိုသလို နိုင်ငံခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင် စားသောက်လျက်ရှိပါသည်။
နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေကြသည်ဟု ဆိုသော်လည်း၊ အများစုမှာ အိမ်နီးချင်း ထိုင်းနိင်ငံတွင် ဒေသခံ ထိုင်းနိုင်ငံသားများ မလုပ်သည့် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များသော၊ ညစ်ပတ်ပေရည်ပေသော လုပ်ငန်များနှင့် အိမ်အကူ (အိမ်ဖော်) လုပ်ငန်းများကို အဓိကအားဖြင့် လာရောက် လုပ်ကိုင် စားသောက်ကြပါသည်။
ထိုင်း-မြန်မာအစိုးရများ၏ အတည်ပြုချက်အရ တရားဝင် မြန်မာအလုပ်သမား ၂.၂ သန်းခန့် အလုပ်လုပ်ကိုင်နေသည်ဟု သိရပါသည်။
သို့သော် အကြောင်းအမျိုးကြောင့် တရားဝင်လက်မှတ် မရှိသည့် မြန်မာနိုင်ငံသား တသန်းကျော် ရှိနေသေးသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက သုံးသပ်ပြောဆိုနေကြသည်။
နိုင်ငံခြားတိုင်းပြည်များတွင် ဆင်းရဲ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်နေကြရသော်လည်း၊ နေ့စဉ်နှင့်အမျှဆိုသလို အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု၊ လူကုန်ကူးခံနေရမှုနှင့် မှားယွင်းစွာ ဥပဒေအရ အပြစ်ပေးအရေးယူ ခံရမှုများ ဖြစ်ပွားလျက် ရှိပါသည်။
ယနေ့အချိန်အထိ အမှုမှန် မပေါ်ပေါက်သေးသည့် ရော်ဘာခြံများထဲတွင် သတ်ဖြတ်ခံခဲ့ရသည့် အမှုများ၊ အမျိုးသမီးများ အဓမ္မပြုကျင့် ခံခဲ့ရသည့်အမှုများ၊ သူခိုးဟု မတရားစွပ်စွဲခံခဲ့ရသည့် အိမ်ဖော် လုပ်ကိုင်နေသည့် ရွှေ့ပြောင်း မြန်မာအမျိုးသမီးငယ်လေးများ၏ အမှုများစွာ ရှိနေပါသေးသည်။
မြန်မာအစိုးရ အဆက်ဆက်အနေဖြင့် နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းသမားများအား တရားဥပဒေအရ အကာအကွယ်ပေးမှု လွန်စွာနည်းပါးခဲ့၏။ အစိုးရများအနေနှင့် မိမိတို့လုပ်ကိုင်နိုင်သည့် တရားဥပဒေ လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုခဲ့ပါက မိမိနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာတိုင်းပြည်များတွင် တရားဥပဒေအရ အကာအကွယ်ရရှိမှု နည်းပါးမည် ဖြစ်ပါသည်။
ဥပမာအားဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဆူနာမီ ဖြစ်ပွားခဲ့၏။ ထောင်နှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အသက်ဆုံးရှုံးခဲ့ကြပြီး ထောင်သောင်းချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ၏။ တခြားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များနှင့် အလုပ်သမားများအတွက် သက်ဆိုင်ရာအစိုးရများမှ ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့၏။ ဆူနာမီဖြစ်ပွားခဲ့ရာ ဒေသများတွင် ယာယီသံရုံးများ ဖွင့်လှစ်ပေးခဲ့ပြီး ပျောက်ဆုံး (ပျက်စီး) သွားသည့် နိုင်ငံကူးလက်မှတ်များနှင့် လိုအပ်သည့် စာရွက်စာတမ်းများ ထုတ်ပေးခဲ့၏။
အလားတူပင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဆူနာမီဒုက္ခသည်များကို ကူညီရန် အဆိုပါကာလက မြန်မာသံရုံး တာဝန်ရှိသူများအား ဆက်သွယ်အကူအညီ တောင်းခံခဲ့ဖူး၏။ သို့သော်လည်း မြန်မာအစိုးရ သံရုံးအနေနှင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်စားသောက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား လိုအပ်သည့် ကူညီပံပိုးမှု တစုံတရာမျှ မလုပ်ပေးခဲ့ပါ။
မြန်မာအစိုးရ၏ လျစ်လျူရှုမှုကြောင့် ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာပြည်သို့ ပြန်ပို့ခံခဲ့ရ၏။ တချို့မြန်မာရွှေ့ပြောင်းအလုပ်သမား ဆူနာမီဒုက္ခသည်များအနေဖြင့် သူတပါး ပစ္စည်းများမခိုးယူဘဲ၊ သူခိုးဟု စွပ်စွဲခံရကာ ထောင်တွင်းအကျဉ်းချ ခံခဲ့ရ၏။
ထိုင်းနိုင်ငံတွင် လုပ်ကိုင် စားသောက်နေသည့် မြန်မာနိုင်ငံသားများအနေနှင့် မတရား သတ်ဖြတ်ခံခဲ့ရမှု၊ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့်ခံရမှုနှင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရမှုများ နေ့စဉ်ဆိုသလို ဖြစ်ပျက်နေ၏။
သို့သော် မြန်မာအစိုးရ၏ အကူအညီပေးနေမှုများမှာ မေးခွန်းထုတ်စရာ ဖြစ်နေသေး၏။
ရွှေ့ပြောင်းအလုပ်သမားများနှင့် ထောင်ဝင်စာ
မြန်မာအစိုးရအနေနှင့် နိုင်ငံခြားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား တရားဥပဒေအရ မျှတစွာ အကာအကွယ်ပေးလိုပါက အကျဉ်းထောင်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများအား ထောင်ဝင်စာ ပုံမှန် သွားရောက် တွေ့ဆုံသင့်ပါသည်။
အစိုးရတရပ်အနေနှင့် ထိုကဲ့သို့ အရေးတယူ သွားရောက်တွေ့ဆုံမှသာလျှင် သက်ဆိုင်ရာအစိုးရများ အနေနှင့် မိမိတို့နိုင်ငံသားများကို အလေးထား ဆက်ဆံလာမည် ဖြစ်ပါသည်။ ထိုသို့သွားရောက်တွေ့ဆုံခြင်းဖြင့် အကျဉ်းကျ ခံနေရသည့် မြန်မာအလုပ်သမားများ အရေအတွက်နှင့် မည်သည့်အတွက်ကြောင့် အပြစ်ပေး အရေးယူခံနေရသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်မည် ဖြစ်ပါသည်။
သို့မှသာလျှင် အမှန်တကယ် အပြစ်ကျူးလွန်၍ အပြစ်ဒဏ်ခံနေရသူများနှင့် အပြစ်တစုံတရာ မကျူးလွန်ဘဲ၊ အပြစ်ဒဏ်ကျခံနေရသည့် သူများကို ကွဲကွဲပြားပြား သိနိုင်မည် ဖြစ်ပါသည်။
ထိုသို့ တိတိကျကျ ရှင်းရှင်းလင်းလင်း သိရှိရမှသာ သက်ဆိုင်ရာနိုင်ငံများ၏ တရားဥပဒေနှင့်အညီ စနစ်တကျ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင်း နည်းမျိုးစုံဖြင့် အသတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား၏ အမှုများ၊ အဓမ္မပြုကျင့်ခံခဲ့ရမှုများသည် ယနေ့အချိန်ထိ မဖော်နိုင်သေးသည့် အမှုများ များစွာ ရှိနေပါသေးသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်များက စတင်ပြီး ထိုင်းနိုင်ငံသည် လူကုန်ကူးမှု၊ ကလေးအလုပ်သမား အသုံးပြုမှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတို့ကြောင့် နာမည်ပျက်နှင့် ကျော်ကြားခဲ့၏။ ထိုင်းအစိုးရနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများအား နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ အခွင့်အရေးများ မပေးခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ထိုင်းနိုင်ငံသို့ ပေးအပ်ထားသည့် အထူး အအခွန်ကင်းလွတ်ခွင့် အခွင့်အရေးကို ယခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ပြီး အမေရိကန်သမ္မတ လက်မှတ်ဖြင့် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။
မည်သည့်ကုန်ပစ္စည်းများ ဖြစ်သည်ကို တိတိကျကျ မဖော်ပြထားသော်လည်း ထိုင်းအစိုးရအနေနှင့် အမေရိကန်ဒေါ်လာ ၁၃၀၀ သန်းနှင့်ညီမျှသည့် ပို့ကုန်များအတွက် ထိခိုက်မည်ဖြစ်ပါသည်။
ထိုင်းအစိုးရ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမည့် အဆိုပါ အထူးအခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရမှုသည် ထိုင်းအစိုးရအနေနှင့် အလုပ်သမား အခွင့်အရေးများ ချိုးဖောက် ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုင်းအစိုးရအနေနှင့် ၎င်းတို့၏ မူလအခွင့်အရေးများ ပြန်လည် ရရှိစေရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို လေးစားလိုက်နာရမည် ဖြစ်ပါသည်။
တပြိုင်တည်းတွင် မြန်မာအစိုးရအနေနှင့် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများတွင် ကျင့်သုံးနေသည့် အလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အကာကွယ်ပေးသင့်၏။ သို့မှသာလျှင် သက်ဆိုင်ရာတိုင်းပြည်များအနေနှင့် မိမိနိုင်ငံသာများကို တစုံတရာ လေးစားတန်ဖိုးထား ဆက်ဆံမည် ဖြစ်ပါသည်။
အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမား အများဆုံး ရှိသည့် တိုင်းပြည်များတွင် အလုပ်သမား သံအရာရှိများနှင့် တွဲဖက်လုပ်ကိုင်ရန် သက်ဆိုင်ရာ နိုင်ငံ၏ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သည့် ဥပဒေ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် ဥပဒေအထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းပေးပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ ပြဿနာများကို စနစ်တကျ ဖြေရှင်းပေးသင့်ပါသည်။
နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေသည့် မြန်မာနိုင်ငံသားများ သည်လည်း နိုင်ငံသားများဖြစ်ကြသည်။
၂၀၀၈-ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၏ အပုဒ် ၃၈၀ တွင် “နိုင်ငံခြားတိုင်းတပါးနိုင်ငံနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်” ဟု အတိအလင်း ဖော်ပြထား၏။
ထို့ကြောင့် မြန်မာအစိုးရအနေနှင့် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား မိမိတို့ကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ်တကျ ကာကွယ်သင့်ပါကြောင်းနှင့် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့်လည်း န်ိုငံသားများ၏ အခွင့်အရေးအရ၊ ကာကွယ်စောင့်ရှောက်ခွင့် တောင်းခံပိုင်ခွင့် ရှိပါကြောင်း ဖော်ပြလိုက်ရပါသည်။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You May Also Like These Stories:
ရနောင်း လူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာများ အယူခံနိုင်၍ ပြန်လည်လွတ်မြောက်
ဖိနှိပ်ကန့်သတ်မှုများ မလုပ်ရန် မြန်မာလုပ်သားများ ထိုင်းအစိုးရထံ တောင်းဆို