လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအစိုးရ အနေဖြင့် ဒီမိုကရေစီ စံနှုန်းများကို ထိန်းသိမ်းရန် ပျက်ကွက်နေပုံကို မြင်ရခြင်းက စိတ်ပျက်စရာပင်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ခန့်အပ်ထား သည့် တိုင်းအစိုးရသည် ပွင့်လင်းမြင်သာမှု ရှိရမည့် အစား လျှို့ဝှက်မှုများထဲတွင် နစ်မြုပ်နေ၏။ ၎င်းက စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှုခွင့်မပြုဟု မကြာသေးမီက ညွှန်ကြားခဲ့သောကြောင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းအစိုးရ၏ ငွေကြေးသုံးစွဲမှုအပေါ် မေးခွန်းထုတ်ရန် မပြင်ဆင်နိုင်ဘဲဖြစ်ခဲ့ရသည်။
နောက်ဆုံး ပျက်ကွက်မှုမှာ ရန်ကုန်တိုင်းအစိုးရ ၏့ ဖွံ့ဖြိုးရေး စီမံကိန်း ၁၄၉ ခု နှင့် ပတ်သက်၍ တိုင်းအစိုးရရုံး၌ အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် သတင်းမီဒီယာ ဌာန အချို့ကိုသာ ခေါင်းခေါက်ရွေးချယ်ဖိတ်ခေါ်ခဲ့သည့် အချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ အငြင်းပွားဖွယ်ရာ ရန်ကုန် မြို့သစ်စီမံကိန်း အပါအဝင် အဆိုပါ စီမံကိန်း အားလုံးနီးပါးမှာ လွှတ်တော်က အတည်မပြုရသေးသည့် စာရင်းတွင် ပါဝင်နေသည်။ ထိုနေ့ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ရခဲ့သူများမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာအနည်းငယ်နှင့် အတူ အစိုးရပိုင်နှင့် အစိုးရနှင့် ပတ်သက်သည့် မီဒီယာများက အများစုဖြစ်သည်။
The Irrawaddy အပါအဝင် ချန်လှပ်ခံ မီဒီယာအများစုမှာ ရန်ကုန်တိုင်းအစိုးအဖွဲ့၏ Facebook စာမျက်နှာတွင် အဆိုပါသတင်းစာ ရှင်းလင်းပွဲအကြောင်း ပို့စ်တခုကို မြင်တွေ့ရသည့် အချိန်အထိ သတင်းစာရှင်းလင်းပွဲ အကြောင်းကို မသိခဲ့ကြပါ။ မည်သည့်အတွက်ကြောင့် သူတို့ ဖိတ်ကြားခြင်း မခံရသည့် အကြောင်းကို မေးခွန်းထုတ်ခဲ့ကြသည်။ ရန်ကုန် အခြေစိုက် ပုဂ္ဂလိက မီဒီယာ အဖွဲ့အစည်းတိုင်းနီးပါးမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် စာရင်းပေးထားကြရသည်။ အစိုးရ၏ သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်ခွင့်ရရှိစေရေး လုပ်ကြရသည့် ထုံးစံပင်ဖြစ်သည်။
ပုံမှန်အားဖြင့် တိုင်းအစိုးရ ရုံးတွင် သတင်းစာရှင်းလင်းပွဲ ရှိသည့်အခါတိုင်း ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက သတင်း ဌာနများသို့ ကြိုတင်ဖုန်းဆက် အကြောင်းကြားလေ့ ရှိပါသည်။ သို့သော်လည်း အောက်တိုဘာ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမတိုင်မီတွင် မည်သည့် ဖိတ်ကြားမှုကိုမျှ မရရှိခဲ့ပါ။ ဖုန်းဆက်ရန် ပျက်ကွက်သည့်အတွက် ဧရာဝတီက အဆိုပါဌာန သို့ အကျိုးအကြောင်းမေးသည့်အခါ တိုင်းအစိုးရထံမှ မည်သည့် ညွှန်ကြားချက်မျှ မရရှိခဲ့သည့် အတွက် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ သူတို့ မသိခဲ့ကြောင်း တာဝန်ရှိသူတဦးက ပြန်လည်ဖြေ ကြားခဲ့ပါသည်။ ထို့ကြောင့် သတင်းစာရှင်းလင်းပွဲတွင် သတင်းရယူရန် မီဒီယာများအား ခေါင်းခေါက်ရွေးချယ်ခဲ့သည့် ဆုံးဖြတ်ချက်နောက်တွင် မည်သူရှိနေသည်ဆိုခြင်းက အလွန်တရာပင် ရှင်း လင်းနေပါ၏။
မေးစရာ ဖြစ်လာသည်မှာ ရန်ကုန်တိုင်း အစိုးရက မည်သည့်အတွက်ကြောင့် သတင်းဋ္ဌာန အချို့ကို သတင်းစာရှင်းလင်းပွဲအတွက် ချန်လှပ်ခဲ့ပါသနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။
အဆိုပါ မေးခွန်းအတွက် အဖြေကို ခန့်မှန်းမကြည့်ခင် သိထားသင့်သည်မှာ ချန်လှပ်ခံခဲ့ရသည့် သတင်းဌာနများထဲတွင်တချို့သည် တိုင်းအစိုးရ အထူးသဖြင့် ၎င်း၏ ခေါင်း ဆောင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဝေဖန်ခဲ့ကြသည့် သတင်းဌာနများဖြစ်ကြောင်းကို သိထားသင့်ပါသည်။ ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း အဆိုပါ သတင်းဋ္ဌာနများသည် ပိတ်ဆို့ကျပ်ညပ်နေသော မြို့တော်အတွက် ယခုထိ အပြီးမသတ်သေးသော ယာဉ်ကျောထိန်းချုပ်ရေး စနစ်နှင့် ရန်ကုန်မြစ် တဘက်ကမ်းတွင် တည်ဆောက်ရန် ရှိသည့် မြို့သစ် စီမံကိန်းကဲ့သို့သော ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အငြင်းပွားဖွယ်ရာ စီမံကိန်းများအပါအဝင် လွှတ်တော်ကို အသိပေးခြင်း မရှိဘဲ ပြည်သူပိုင်ငွေ ကျပ် ၁၀ ဘီလီယံကို အစိုးရပိုင် ကုမ္ပဏီတခုသို့ လွှဲပြောင်းပေးရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့ခြင်း အစရှိသည့် ပုံမှန်မဟုတ်သည့် ကိစ္စများအပေါ်တွင် သူတို့(သတင်းဌာနများ) က နှောင့်နှေးခြင်းမရှိဘဲ မေးခွန်းထုတ်ခဲ့ကြသည်။ အဆိုပါ မေးခွန်းအများစုမှာ ယခုအချိန်အထိ အဖြေထွက်မလာခဲ့သေးပါ။
ရန်ကုန်တိုင်း အစိုးရ အနေဖြင့် ခဲရာခဲဆစ် မေးခွန်းများနှင့် ရင်ဆိုင်ရမည့် ဘေးကို ရှောင်ရှားသည့် အနေဖြင့် ထိုဋ္ဌာနများမှ သတင်းထောက်များကို မဖိတ်ခြင်း ဖြစ်ပုံရပါသည်။ တို့ကြောင့် သူ တို့က အချို့ကိုသာ ရွေးချယ်ဖိတ်ခေါ်၍ အမည်ခံ သတင်းစာရှင်းလင်းပွဲတခုကို ကျင်းပခဲ့သည်။ အကယ်၍ ဤအတိုင်းသာ မှန်ခဲ့သည် ရှိသော် ယခုကဲ့သို့ မီဒီယာခွဲခြားဆက်ဆံခြင်းအတွက် ရန်ကုန်တိုင်းအစိုးရတွင်သာ တာဝန် အရှိဆုံးဖြစ်ပါသည်။
အောက်တိုဘာ ၂၂ ရက် သတင်းစာရှင်းလင်းပွဲသို့ သတင်းဋ္ဌာန အချို့ကိုသာ ရွေးချယ်ဖိတ်ကြားခြင်းက မီဒီယာ၏ အခွင့်အရေးဖြစ်သော သတင်းအချက်အလက် ရရှိခွင့်ကို ချိုးဖောက်ခြင်း မည်ပါသည်။ ဇွန်လအတွင်းက ရန်ကုန်တွင် ပြုလုပ်ခဲ့သော မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံပွဲတွင် ဂျာနယ်လစ်များက သူတို့၏ သတင်းရယူပိုင်ခွင့်အတွက် တိုင်းအစိုးရကို တောင်းဆိုခဲ့ပြီးနောက်တွင် ရန်ကုန်တိုင်းအစိုးရရုံးက တလလျှင် ၂ ကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းက သတင်းအချက်အလက် ရယူခွင့်ကို အာမခံခြင်းဟု ယူဆမည်ဆိုပါက မီဒီယာ တချို့ကို လက်သိပ်ထိုး ဖိတ်ကြားခြင်း မဟုတ်ဘဲ သတင်းဋ္ဌာန အားလုံးကို ဖိတ်ကြားခြင်းပင်ဖြစ်ရပါမည်။
ထို့ပြင် ရွေးချယ်ဖိတ်ကြားထားသည့် မီဒီယာများမှ သတင်းထောက်များဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသည် မေလအတွင်း ကျင်းပခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချူပ် ကိုယ်တိုင် ပြောကြားခဲ့သော စကားလုံးများကို မထီမဲ့မြင် လှောင်ပြောင်သလို ဖြစ်ခဲ့သည်။ ထိုပွဲတွင် ဦးဖြိုးမင်းသိန်းက ပုဂ္ဂလိက မီဒီယာနှင့် ပိုမိုနီး နီးကပ်ကပ် ရှိစေရန် အတွက် တလလျှင် ၂ ကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် သူက စဉ်းစားနေကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုရရှိရန် သူ၏ အစိုးရက မည်သို့လုပ်ဆောင်နေသည်ဆိုသည့် သတင်းအချက်အလက်များကို မျှ ဝေချင်သောကြောင့် စတုတ္ထမဏ္ဍိုင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တက်ရောက်လာသည့် မီဒီယာများ အားလုံးကို (တိုးတိုးတိတ်ိတ် ဖိတ်ကြားထားသည့် သတင်းဋ္ဌာနများ မဟုတ်ပြီပါ) ပြောကြားခဲ့သည်။
သူ၏ စကားလုံး အတိအကျဆိုလျှင် “သိချင်တာ မေးကြဆို အဆင်ပြေမယ်။ အားလုံးကို တွေ့ချင်ပါတယ်။ ပြောချင်နေတာမှ တအားပဲ” ဟုဖြစ်သည်။
ဝန်ကြီးချုပ် ပြောစကား၏ ဆိုလိုရင်းသည် ရိုးရှင်းလှပါသည်။ လက်သိပ်ထိုးရွေးချယ်ထားသူများကိုသာ မဟုတ်ဘဲ မီဒီယာ အဖွဲ့အစည်းအားလုံးသို့ တံခါးဖွင့်ထား ကြောင်း ဝန်ကြီးချူပ်ကပြောခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ဦးစီးခေါင်းဆောင် အနေဖြင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မီဒီယာ ခွဲခြားဆက်ဆံမှုကို ဖြေရှင်း ပေးသင့်ပါသည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်မှုမှန်သမျှက သူ့အတွက် နစ်နာမှုရှိလာနိုင်သည်။ မီဒီယာနှင့် ပတ်သက်လျှင် ဝန်ကြီးချုပ်အနေဖြင့် အကဲဆတ်တတ်ကြောင်း ရန်ကုန်ရှိ ဂျာနယ်လစ်တိုင်း သိကြပါသည်။ အချို့ သတင်းထောက်များအနေဖြင့် အခမ်းအနားများ သို့ တက်ရောက်သတင်းယူသည့် အခါ သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ခြင်းမရှိသောကြောင့် သူက ဝေဖန်ခဲ့ဖူးသည်။
အစိုးရနှင့် ပတ်သက်လျှင် မီဒီယာက အကောင်းမရေးဟု သူက မှားယွင်းစွာ ယူဆထားသည်။ တချိန်က နိုင်ငံ ရေး အကျဉ်းသားတယောက် ဖြစ်ခဲ့ဖူးသည့် ဦးဖြိုးမင်းသိန်းက ယနေ့ခေတ်တွင် ရရှိနေသည့် စာနယ်ဇင်း လွတ်လပ်ခွင့်သည် စစ်အစိုးရလက်ထက်တွင် သူ့လို ထောင်သွင်းအကျဉ်းချခဲ့ရသည့် သူများ၏ စွန့်လွှတ် အနစ်နာခံမှုကြောင့် ပေါ်လာခဲ့ ခြင်းဖြစ်ကြောင်း ဂျာနယ်လစ်များကို သတိပေးခဲ့ဖူးသည်။ သူ့ကို ဝေဖန်သူများကို ဒေါသသင့်နေသူဟု ဆိုနိုင်သည်။
ပြီးခဲ့သည့် နှစ်တွင် လွှတ်တော်၌ ကိုယ်စားလှယ်များ၏ ဆွေးနွေး မှုကို အခြေခံရေးသားသည့် သတင်းသုံးသပ်ချက်တခု အတွက် ဂျာနယ်လစ် ၃ ဦးကို သူက ထောင်ချခဲ့သောကြောင့် သမ္မတက မြန်မာနိုင်ငံ မီဒီယာ ဥပဒေကို လိုက်နာရန် ဝန်ကြီးချုပ်ကို အမိန့်ပေးခြင်း အားဖြင့် ကြားဝင် စွပ်ဖက်ပေးရသည်အထိ ဖြစ်စေခဲ့၏။
ဂျာနယ်လစ်များစုမှာ သူတို့၏ အလုပ်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မျက်နှာလိုက်ခြင်းမရှိဘဲ လုပ်နေကြသူများဖြစ်ပါသည်။ အစိုးရ၏ လုပ်ဆောင်ချက်များတွင် ဖြစ်စေ လူ့အဖွဲ့အစည်းအတွင်းမှ မည်သူမဆိုဖြစ်စေ ပါဝင်ပတ်သက်နေသည့် မူမမှန်မှု များကို သတင်းရေးသားရန် သို့မဟုတ် ထုတ်ဖော်ရန်မှာ သူတို့၏ တာဝန်ဖြစ်ပါသည်။
အာဏာရှိသူများ အပေါ် မီဒီယာ၏ ဝေဖန်မှုများ ရှိရခြင်းမှာ တာဝန်ရှိသူများ လုပ်ရပ်လွဲမှားခြင်းကြောင့် သို့မဟုတ် သူတို့မည်သို့လုပ်နေသည်ဆိုသည့်အပေါ် နားလည်မှုလွဲမှားခြင်းကြောင့် များ သောအားဖြင့် ပေါ်ပေါက်တတ်ပါသည်။ အကယ်၍ အများပြည်သူ အကျိုးစီးပွားနှင့် ပတ်သက်နေမည့် အကြောင်းကိစ္စဖြစ်လျှင် ဆိုလျှင် ဝေဖန်ထောက်ပြမှုများက ပို၍ ပြင်းထန်ပါလိမ့်မည်။
ဘာကိုရေးရမည်ဆိုသည်နှင့် ပတ်သက်လာလျှင် သူတို့သည် သူတို့ရေးရမည့် အကြောင်းကိစ္စအပေါ် ဘက်မလိုက်မှုကို စောင့်ထိန်းရမည် ဖြစ်ခြင်းကြောင့် ဂျာနယ်လစ် အများစုကို အမိန့် အာဏာဖြင့် ခိုင်းစေရန် သို့မဟုတ် ဆွဲဆောင်စည်းရုံးရန် မဖြစ်နိုင်ပါ။
မှားယွင်းစွာ သတင်းရေးသားမည်ကို သို့မဟုတ် ပရော် ဖက်ရှင်နယ် မပီသမည်ကို စိုးရိမ်ပါသလား။ သတင်းမှားတင်ဆက်နေသည့်၊ ပရော်ဖက်ရှင်နယ် မပီသသည့် မီဒီယာကို မည်သူကမျှ ဆက်အားပေးနေမည် မဟုတ်ပါ။ မည်သူ့ကို ဆက်၍ ဖတ်ရမည်ဆိုသည်ကို စာဖတ်သူများက ဆုံးဖြတ်ချက်ချကြပါလိမ့်မည်။
ကိုယ် ဘာလုပ်နေသည်၊ မည်သည့် အစီအစဉ်များရှိသည်တို့ကို ပြည်သူသို့ တင်ပြနိုင်ရေးနှင့် ပတ်သက်လာလျှင် ဂျာနယ်လစ်များကို ကိုင်တွယ်ရန် အဆင်အပြေဆုံးနည်းလမ်းမှာ သူတို့ကို သတင်းအချက်အလက် ရယူခွင့် ပေးလိုက်ရန်သာဖြစ်ပါသည်။ ထိုသို့ လုပ်ရန်အတွက် ကိုယ်နှင့် အလွမ်းသင့်သည့် မီဒီယာ အနည်းငယ်မျှ ကိုသာ မဟုတ်ဘဲ အားလုံးကို သတင်းစာရှင်းလင်းပွဲများသို့ တက်ရောက်သတင်းယူခွင့် ပေးကို ပေးရမည်ဖြစ်သည်။
( Kyaw Phyo Thar ၏ Yangon Region Govt Hides From Scrutiny at ‘Friendly’ Press Conference ကို ဘာသာပြန်သည်။)
You May Also Like These Stories:
ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား
နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် NLD ပါတီမှနုတ်ထွက်