နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သောတပတ်က ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားသည်။ သူ၏ မိန့်ခွန်းတွင် ယခုနှစ်ထိပ်သီးဆွေးနွေးပွဲ၏ ဆောင်ပုဒ်ဖြစ်သော “ASEAN 4.0 ကို အခွင့်အာဏာပေးရေး” နှင့်အညီ နည်းပညာပြောင်းလဲမှုကို အမီလိုက်ရေး အရေးပါမှုနှင့် စိန်ခေါ်မှုများရှိနေကြောင်း၊ မရေရာသော ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင်နှင့် ယခင် စက်မှုတော်လှန်ရေးများတွင် မြန်မာနှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ ရင်ဆိုင်ရသည့် အနှောင့်အယှက်များ ရှိနေသော်လည်း စတုတ္ထစက်မှုတော်လှန်ရေးကို အခွင့်ကောင်းယူရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောကြားသည်။
မြန်မာနိုင်ငံသည် တိုးတက်မှုအရ ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အတော်အတန် နောက်ကျကျန်ခဲ့သောကြောင့် ဒေသတွင်း စီးပွားရေးများ၊ နိုင်ငံများနှင့် ပေါင်းစည်း စုဆုံရန် တခုတည်းသော နည်းလမ်းမှာ ဉာဏ်ရည်တု၊ အလိုအလျှောက် တုန့်ပြန်ဆောင်ရွက်နိုင်သော အင်တာနက်ကွန်ရက်စနစ် (IOT) နှင့် ဒီဂျစ်တယ် ကူးသန်းရောင်းဝယ်ရေးတို့ အပါအဝင် ၂၁ ရာစု သတင်းနည်းပညာများကို ထိထိရောက်ရောက် အသုံးပြုရေးသာဖြစ်သည်ဟု သူက ယုံကြည်ပုံရသည်။
ရေရှည် စီးပွားရေးတိုးတက်မှုနှင့် အားလုံးအကျုံးဝင်သော တိုးတက်မှုရရှိရေးအတွက် နည်းပညာသည် အဆုံးအဖြတ်ကျသော အချက်ဖြစ်သည်ဟု သူက မှန်ကန်စွာမြင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ နည်းပညာတိုးတက်မှုကို အမီလိုက်နိုင်သော စွမ်းရည်ကြောင့် အာရှမှထူးခြားသော သို့မဟုတ် ကျားစီးပွားရေးများသည် ဆယ်စုနှစ် လေးခုကျော်ကြာအောင် မြင့်မားသော တိုးတက်မှုနှုန်း ထိန်းသိမ်းထားနိုင်သည့် ဥပမာများလည်း ရှိသည်။
ရေရှည် မြင့်မားသော တိုးတက်မှုနှုန်းကို ရရှိပြီး မျိုးဆက်အနည်းငယ်အတွင်း နည်းပညာလှေခါးကို မြင့်မားစွာ တက်နိုင်သော နိုင်ငံမှာ ကမ္ဘာတွင် များများစားစားမရှိလှပေ။
တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးသည် နည်းပညာအမီလိုက်ရေး ဖြစ်နိုင်ခြေနှင့် ကာလတိုအတွင်း မဟာခြေလှမ်း လှမ်းနိုင်ခြင်းတို့ကို မီးမောင်းထိုးပြလိုက်သည်။ Luohan Academy ၏ နည်းပညာနှင့် အားလုံးအကျုံးဝင်သော တိုးတက်မှု ၂၀၁၉ အမည်ရှိ အစီရင်ခံစာအရ တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုမှ မိုဘိုင်းငွေပေးချေမှုများသည် ၂၀၁၁ ခုနှစ်တွင် ၁၅ ဒေါ်လာနှင့် ဒေါ်လာ ၈.၃ ဘီလျံ အသီးသီးရှိနေရာမှ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဒေါ်လာ ၂၂ ထရီလျံအထိ ကြီးထွားလာပြီး အမေရိကန်ပြည်ထောင်စု၏ အဆ ၁၀၀ ကျော်ဖြစ်လာသည်။ ထို့အပြင် ဂျက်မား၏ အလီဘာဘာက စီမံသည့် တရုတ်နိုင်ငံ၏ အကြီးမားဆုံး အီးကောမာ့စ် စနစ်တွင် အသေးစားလုပ်ငန်း ၁၀ သန်းကျော် ရှိနေသည်။
သို့သော် အာရှကျားများ၏ အောင်မြင်မှုများသည် ၎င်းတို့၏ ထူးခြားသော စက်မှုမူဝါဒကြောင့် ဖြစ်ကြောင်း ပညာရှင်အများအပြားက ထောက်ပြကြသည်။
စက်မှုမူဝါဒ နှစ်မျိုးရှိကြောင်း ဘောဂဗေဒပညာရှင်များက ရှင်းပြသည်။ ပထမတမျိုးမှာ အစိုးရ၏ အပြစ်အနာအဆာများကို ကိုင်တွယ်ဖြေရှင်းသော မူဝါဒဖြစ်ပြီး အခြားတမျိုးမှာ ဈေးကွက်၏ အပြစ်အနာအဆာများကို ကိုင်တွယ်ဖြေရှင်းသော မူဝါဒဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ မိန့်ခွန်းတွင် လွတ်လပ်မှု ဖွင့်ပေးခြင်း၊ လုပ်ထုံးလုပ်နည်း ဖြေလျှော့ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ဆောင်နိုင်သော ပတ်ဝန်းကျင် ဖန်တီးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်လွယ်ကူစေခြင်း စသည်တို့အတွက် တနေရာတည်းတွင် အရာရာလုပ်ဆောင်ပေးသည့် ရုံးများဖွင့်ရန်၊ အစိုးရ၏ အပြစ်အနာအဆာများကို ကိုင်တွယ်ရန် အစီအစဉ်များကို မီးမောင်းထိုးပြသည်။
ဈေးကွက်၏ အပြစ်အနာအဆာကို ကိုင်တွယ်ဖြေရှင်းရန် မူဝါဒများသည် သတင်းအချက်အလက် အချိုးမညီခြင်း၊ ညှိနှိုင်း ဆောင်ရွက်မှု အချိုးမညီခြင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အစိုးရက အထောက်အကူပေးခြင်းအပါအဝင် အချို့သောလုပ်ငန်းများသို့ တိုက်ရိုက်အကူအညီပေးခြင်း၊ ကမ္ဘာ့တန်ဖိုးမြှင့် ထုတ်ကုန်ဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အကောက်အခွန်မဟုတ်သော အတားအဆီးများ ဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုမူဝါဒများသည် သွင်းကုန် အစားထိုးမူဝါဒများ မဟုတ်ဘဲ ပို့ကုန်အစားထိုး မူဝါဒများဖြစ်ရန် လိုသည်။ သွင်းကုန်အစားထိုးမူဝါဒကို ကျင့်သုံးသည့် အိန္ဒိယကဲ့သို့သော မူဝါဒများသည် အောင်မြင်မှု မရှိပေ။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အလုပ်စာတမ်းဖြစ်သော “အမည်မတပ်နိုင်သော မူဝါဒပြန်လည်ရှင်သန်လာခြင်း- စက်မှုမူဝါဒ၏ သဘောတရားများ” အမည်ရှိစာတမ်းတွင် ရေးသားသူများက အာရှအံ့ဖွယ် စီးပွားရေးများ၏ အောင်မြင်မှုသည် နည်းပညာနှင့်စက်မှုမူဝါဒ သဘောတရား (TIP) သုံးချက်ကြောင့်ဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့မှာ ပြည်တွင်းလုပ်ငန်းများ၏ ကနဦး ယှဉ်ပြိုင်နိုင်စွမ်းကို ကျော်လွန်သော အဆင့်မြင့်သည့် လုပ်ငန်းများအတွက် နိုင်ငံတော်က အကူအညီပေးရေး၊ ပို့ကုန်ဦးတည်ရေးနှင့် တင်းကျပ်သောတာဝန်ခံမှုဖြင့် အပြင်းအထန်ယှဉ်ပြိုင်မှုကို လိုက်နာရေးတို့ပင်ဖြစ်သည်။ စက်မှု မူဝါဒကို သုံးမျိုးသုံးစား သို့မဟုတ် ပက်ကျိသွားခြင်း၊ ခုန်ပျံကျော်လွှားခြင်းနှင့် အမြင့်ခုန်ခြင်း (Moonshot) စသည်ဖြင့် သတ်မှတ်နိုင်သည်။
အစိုးရ၏ အပြစ်အနာအဆာများ သက်သက်ကိုသာ ကိုင်တွယ်ခြင်းကို ပက်ကျိသွားသည်ဟု ခေါ်နိုင်ပြီး ရလဒ်မှာ ဖွံ့ဖြိုးမှု နိမ့်ကျသည်။ နိုင်ငံအတွက် နှိုင်းယှဉ်ချက်အားဖြင့် အားသာသော နယ်ပယ်များတွင်ရှိသည့် လုပ်ငန်းများကိုသာ ထောက်ကူသော မူဝါဒကို ခုန်ပျံကျော်လွှားသည်ဟု ခေါ်နိုင်ပြီး ရလဒ်မှာ အလယ်အလတ် စီးပွားရေးတိုးတက်မှုသာဖြစ်သည်။ အမြင့်ခုန်ခြင်းတခုသာလျှင် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးတိုးတက်မှုနှင့် အားလုံးအကျုံးဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်သည်။ အာရှကျားများ အထူးသဖြင့် တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေတို့သည် ဈေးကွက် အပြစ်အနာအဆာ များကို ကိုင်တွယ်ရုံသာမက အမြင့်ခုန်သော နည်းလမ်းများကိုပင် ကျင့်သုံးကြသည်။ နိုင်ငံများက နှိုင်းယှဉ်ချက်အားဖြင့် ၎င်းတို့အသာစီးမရသော သင်္ဘော တည်ဆောက်ရေး၊ ကားနှင့်ကွန်ပျူတာ လုပ်ငန်းများကို ထောက်ခံအားပေးကြသည်ဟု အထက်ပါစာတမ်း ရေးသားသူများကဆိုသည်။
စက်မှုမူဝါဒနှင့် ပတ်သက်ပြီး ပညာရှင်များနှင့် စက်မှုမူဝါဒနှင့်ပတ်သက်သော သတိပေးချက်များ အကြားတွင် ဆွေးနွေးငြင်းခုန်မှုများရှိနေပြီး အာရှအံ့ဖွယ်စီးပွားရေးများ၏ စက်မှုမူဝါဒကို အခြားသောအခြေအနေများတွင် ကျင့်သုံးရေးနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေအပေါ် မေးခွန်းများလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လေ့လာပါက သူသည် TIP ကို ချမှတ်ရာတွင် ဒေသတွင်း အိမ်နီးချင်းများနှင့် လိုက်မီရန် အမြင့်ခုန်နည်းလမ်းကို ရွေးချယ်ထားကြောင်း ထင်ရှားသည်။ သို့သော် မေးစရာရှိသည်မှာ မြန်မာနိုင်ငံသည် စက်မှုမူဝါဒအတွက် အသင့်ဖြစ်မဖြစ် ဆိုသည့်မေးခွန်းပင်ဖြစ်သည်။ စီးပွားရေးကို ခရိုနီများက လွှမ်းမိုးထားဆဲ ဖြစ်သောကြောင့် အကျိုးစီးပွားများက နိုင်ငံတော်ကို သိမ်းယူနိုင်မည်လားဟူသော မေးခွန်းရှိသည်။ TIP ကို အကောင်အထည်ဖော်မည့် အစိုးရဝန်ထမ်းအဆင့်ဆင့်သည် ၎င်းကို စီမံရန် စွမ်းရည် ရှိမရှိ ဟူသော မေးခွန်းရှိသည်။
ထိုမေးခွန်းများသည် TIP ကို အမြင့်ခုန်နည်းလမ်းဖြင့် မချမှတ်မီ ဖြေဆိုရမည့် မေးခွန်းများဖြစ်သည်။ ထင်ရှားသည်မှာ မြန်မာနိုင်ငံသည် ကောင်းမွန်သော စက်မှုမူဝါဒကို လိုသည်ဟူသောအချက်ဖြစ်သည်။ ထိုမူဝါဒကို စာရေးသူက နည်းပညာလှေခါးတွင် လျှင်မြန်စွာတက်ပြီး ရေရှည်တည်တံ့သည့် မြင့်မားသော စီးပွားရေး တိုးတက်မှု ရစေမည့် စက်မှုတော်လှန်ရေး ၄.၀ ဟု ခေါ်ချင်သည်။ ဒေသတွင်း နိုင်ငံများမှ သင်ခန်းစာများကိုလေ့လာပြီး နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍတို့ နိုင်ငံတော်အတွက် ရိုးသားစွာဆောင်ရွက်လျှင် အောင်မြင်မည်ဟု စာရေးသူမြင်သည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)
You May Also Like These Stories:
ယူနီကုဒ် ပြောင်းသုံးရုံဖြင့် ကျေနပ်မနေသင့်
နိုင်ငံတော်၏ ပိုင်ဆိုင်မှုများအား စီမံခန့်ခွဲခြင်း
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ