သမ္မတဦးသိန်းစိန်ကစတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သို့ လက်ကမ်းခဲ့သော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မပြည့်ဝနိုင်သည့် မျှော်လင့်ချက်တခုသဖွယ် ဖြစ်နေသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) များအကြား ညှိနှိုင်းမှုများ၏ အထွဋ်အထိပ်ဖြစ်သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည်လည်း လမ်းဆုံးရောက်နေသည့်ပုံ ပေါက်နေသည်။
ချင်းအမျိုးသားတပ်ဦး (CNF)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU) စသည့် EAOs ဆယ်ခုသည် NCA ကို လက်မှတ် ရေးထိုးခဲ့သည်။
သို့သော် မြောက်ပိုင်းမဟာမိတ်နှင့် ပြည်ထောင်စု နိုင်ငံရေးပူးပေါင်းညှှိနှိုင်းရေးကော်မတီ (FPNCC) တို့က ပိုမိုအင်အားကြီးမားသည့် EAOs များသည် NCA ကို လက်မှတ်ရေးထိုးခြင်းမရှိပေ။
မြောက်ပိုင်းမဟာမိတ်တွင် ရက္ခိုင့်တပ်မတော် (AA)၊ ကချင်အမျိုးသား လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ပါဝင်သည်။ FPNCC ကို ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် မြောက်ပိုင်းမဟာမိတ်တို့ဖြင့် ဖွဲ့စည်းထားသည်။
NCA သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များ ထွက်လာမည် မဟုတ်ကြောင်းနှင့် မှားယွင်းသောမျှော်လင့်ချက် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်က စာရေးသူရေးသားခဲ့သည်။ NCA သည် ငြိမ်းချမ်းရေး ဆောင်ယူပေးရန် ပျက်ကွက်နေပြီး အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခ လျှော့ချရေးကိုသာ မျှော်မှန်းသည်။
သို့သော် တပ်မတော်နှင့် AA, MNDAA နှင့် TNLA စသည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား ပြင်းထန်သော တိုက်ခိုက်မှုများ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ရန် အားထုတ်မှုများ ပြုလုပ်နေသောကြောင့် နိုင်ငံမှာ အရေးပါသော အချိန်အခါ ကျရောက်နေသည်။
တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်များအကြား နှစ်ဖက်သဘောတူညီမှုရရှိရန် တွေ့ဆုံမှုများ ယခုနှစ်အစောပိုင်းက စတင်ခဲ့သည်။
နောက်ဆုံးကျင်းပသည့် အစည်းအဝေးမှာ စက်တင်ဘာလက ဖြစ်ပြီး နှစ်ဖက် သဘောတူညီမှု အတွက် နိဒါန်းအဖြစ် အချက် ၇ ချက် သဘောတူညီမှု ရရှိခဲ့သည်။ သို့သော်လည်း စိန်ခေါ်မှုများနှင့် မရေရာမှုများ ရှိနေသေးသည်။ အောက်တိုဘာလ အစောပိုင်းတွင် နောက်တကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဖျက်သိမ်းခဲ့သည်။
အတားအဆီးများ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိကအတားအဆီးမှာ တပ်မတော်နှင့် EAOs များ အကြား ယုံကြည်မှု ကင်းမဲ့နေခြင်းဖြစ်သည်။ ရှေ့မဆက်နိုင်သော အခက်အခဲမှာ အစီအစဉ်နှင့် ပတ်သက်ပြီး လိုလားမှုများ ကွဲလွဲ ဆန့်ကျင်နေခြင်းဖြစ်ပြီး ကာလကြာမြင့်စွာ ယုံကြည်မှု ကင်းမဲ့ခြင်းကြောင့် ပိုမိုအငြင်းပွားဖွယ် ဖြစ်ရသည်။
အယုံအကြည်ကင်းမဲ့ခြင်းသည် နှစ်ဖက်စလုံးတွင် စစ်ရေးစွမ်းရည်မြှင့်တင်မှု များကို ဖြစ်စေသည်။ တပ်မတော်နှင့် EAOs များသည် အာဏာကို အစွမ်းကုန်တိုးချဲ့ခြင်းဖြင့် ဆက်လက်ရှင်သန်စေရန် ကိုယ့်အားကိုယ်ကိုးကြရသည်။ ၎င်းတို့သည် ဆက်လက်ရှင်သန်ရေးအတွက် ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်ကြရပြီး အာဏာမညီမျှမှုကို ဖြေရှင်းရန် မဟာမိတ်များဖွဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ်သည် အဖွဲ့လေးဖွဲ့ ဆက်လက်ရှင်သန်ရေး အတွက် အာဏာချိန်ခွင်လျှာညှိရန် ထိုအယူအဆအရ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဥပမာအားဖြင့်ဆိုရပါက တပ်မတော်သည် နိုင်ငံရေးမှ နောက်ဆုတ်လျှင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် အာဏာ ကျဆင်းသွားပြီး ဆက်လက်ရှင်သန်ရေးမှာ မရေမရာဖြစ်သွားမည်ဟု တပ်မတော်က ပြောသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍကို အမြဲတစေ ကာကွယ်နေသည်။
အလားတူစွာပင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များသည် အကြောင်းရင်းမရှိဘဲ မကြာခဏ ပဋိပက္ခဖြစ်သောကြောင့် တပ်မတော်သည် ၎င်းတို့ပေးသော ကတိကို ၎င်းတို့ကိုယ်တိုင် လိုက်နာခြင်းမရှိကြောင်း၊ လုံခြုံရေးကို အာမခံခြင်းမရှိကြောင်း EAOs များက ပြောကြသည်။ ထို့ကြောင့် EAOs များသည် ဆက်လက်ရှင်သန်ရေးအတွက် မဟာမိတ်များ ဖွဲ့ကြသည် သို့မဟုတ် စစ်ရေးစွမ်းရည် တည်ဆောက်ကြသည်။ အယုံအကြည်ကင်းမဲ့မှုကို ကိုင်တွယ်လျှော့ချခြင်း မရှိလျှင် အောင်မြင်သော ညှိနှိုင်းမှုကို ဆက်လက် အတားအဆီး ဖြစ်နေမည်ဖြစ်သည်။
လမ်းကြောင်း သုံးသွယ်
ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်း သုံးခုရှိသည်။
လမ်းကြောင်းတခုမှာ လက်နက်ဖြုတ်၊ တပ်ဖျက်၊ ပြန်လည်ပေါင်းစည်းခြင်း (DDR) နှင့် ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေးတပ်တခု ဖွဲ့စည်းခြင်းဖြစ်သည်။ ပထမဦးစွာ တပ်မတော်သည် နိုင်ငံရေးမှ နောက်ဆုတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ အတွက်သာမက ဖိနှိပ်သော စစ်တပ်အောက်တွင် ဆယ်စုနှစ်များစွာရှင်သန်ခဲ့သော လူနည်းစု တိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံချက် ပေးရမည်။
မြန်မာနိုင်ငံသည် ဘော့စနီးယား အသွင်ကူးပြောင်းခြင်းကို ဥပမာယူနိုင်သည်။ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားမှ ဘော့စနီယတ်-ခရိုအက် တပ်မတော်နှင့် ရီပတ်ဗလစ်ကာ ဆက်စကာမှ ဘော့စနီးယား-ဆာ့ဗ် တပ်မတော်တို့ကို ဘော့စနီးယား ဟာဇီဂိုးဗီးနား လက်နက်ကိုင် တပ်များအဖြစ် ပေါင်းစည်းခဲ့သည်။ စစ်ဒဏ်ခံခဲ့ရသော ထိုနိုင်ငံသည် နောက်ဆုံးတွင် ကာကွယ်ရေးဝန်ကြီးဌာနကို တည်ထောင်နိုင်ခဲ့ပြီး ၎င်း၏ လက်နက်ကိုင်တပ်များကို ထိန်းချုပ်ရန် ဥပဒေများကို ထူထောင်နိုင်ခဲ့သည်။ နိုင်ငံရေးအရ ကြားနေ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး ပရော်ဖက်ရှင်နယ်ကျသော စစ်တပ်တခုတည်ဆောက်ရန် လက်နက်ကိုင်တပ်များ ဖွဲ့စည်းရေးနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ကို ဥပဒေက ဖြေရှင်းပေးသည်။ တပ်မတော်နှင့် EAOs များသည် တရားဝင်ပူးပေါင်းပြီး ညီညွတ်သောတပ်မတော်ကို တည်ထောင်ရမည်ဖြစ်သည်။
ပါဝင်သော ဘက်အားလုံးအနေဖြင့် DDR ကို မစတင်နိုင်မီ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) ကို ဆောင်ရွက်ရမည်ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်း သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံကို ဖက်ဒရယ်မူဝါဒများနှင့် အညီ ပြင်ဆင်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံသစ် သို့မဟုတ် ပြင်ဆင်ရေးဆွဲထားသော ဖွဲ့စည်းပုံသည် ဖက်ဒရယ်မူဝါဒများကို လိုက်နာရမည်ဖြစ်ပြီး နိုင်ငံရေးအာဏာကို ပြည်သူလူထုအား ပေးအပ်ကာ ပြည်နယ်နှင့်တိုင်းများ အားလုံးအကြား ခွဲဝေရမည်ဖြစ်သည်။
တတိယနည်းလမ်းမှာ တရုတ်နှင့်ဟောင်ကောင် ပြန်လည်ပေါင်းစည်းရေး အတွက် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ချမှတ်ခဲ့သည့် တနိုင်ငံ စနစ်နှစ်မျိုး နိုင်ငံရေးပုံစံကို ကျင့်သုံးရေးဖြစ်သည်။ ထိုစနစ်သည် မြန်မာနိုင်ငံ၏ နှစ်ရှည် ပြည်တွင်းစစ်အတွက် အလားအလာရှိသော အဖြေဖြစ်နိုင်သည်။
လတ်တလောတွင် ၀ ဒေသသည် မြန်မာနိုင်ငံမှ အမည်မခံသော လွတ်လပ်ရေးကို ရရှိထားပြီး တနိုင်ငံစနစ်နှစ်မျိုး ပုံစံမျိုး ကျင့်သုံးနေသည်။ တရုတ်ကျောထောက်နောက်ခံပြု UWSA သည် ကွန်မြူနစ်စနစ်ကို ကျင့်သုံးနေသည်ဟု ယူဆနိုင်သည်။ နေပြည်တော်၏ ထိန်းချုပ်မှုမရှိဘဲ NDAA တို့ စီမံနေသည့် မိုင်းလားဒေသသည်လည်း အလားတူပင်ဖြစ်သည်။
တိုင်းရင်းသားလူနည်းစုများ၏ နိုင်ငံရေးနစ်နာမှုများနှင့် မဆုံးနိုင်သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် တနိုင်ငံ စနစ်နှစ်မျိုးသည် အကောင်းဆုံးချဉ်းကပ်မှုကို ပေးနိုင်သည်။
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များသည် တပ်မတော်က တိုင်းရင်သားလူနည်းစု တောင်းဆိုမှုများကို မည်သို့တုံ့ပြန်သည် သို့မဟုတ် ရှည်ကြာသော ပြဿနာများကို မည်သို့ဖြေရှင်းသည်ဟူသော အချက်ပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။ ၎င်းသည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ တပ်မတော်ဘက်မှ ငြိမ်းချမ်းရေးအတွက် တွန်းအားမရှိလျှင် ပြည်တွင်းစစ်အဆုံးသတ်ရန် မိမိတို့၏ မျှော်လင့်ချက်မှာ ပျောက်ဆုံးနေဦးမည် ဖြစ်သည်။
(Joe Kumbun သည် ကချင်ပြည်နယ်အခြေစိုက် သုတေသီတဦး၏ ကလောင်အမည်ဖြစ်သည်။ ၎င်း၏ The Keys to Building Trust and Achieving Peace Are in the Myanmar Military’s Hands ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိ
မြန်မာနိုင်ငံ တိုးတက်ဖို့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်းကို ချိုးဖျက်ဖို့ လိုသည်
ဘယ်မှာလဲ ထောက်လှမ်းရေးမူဝါဒနဲ့ မဟာဗျူဟာ