ပြုပြင်ပြောင်းလဲနေသည့် မြန်မာ့ပညာရေးတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို စတင်၍ ထည့်သွင်း စဉ်းစားလာသည်မှာ ဝမ်းသာစရာ၊ မုဒိတာပွားစရာ၊ အားတက်မျှော်လင့်စရာများ ပါရှိပါသည်။
သို့ရာတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် မျှော်မှန်းချက်များကိုလည်း ပညာရေးမဟာဗျူဟာတွင် ထည့်သွင်းရန် အထူးလိုအပ်ပါမည်။ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို အခြေခံထားခြင်းဖြင့် ပညာရေး မဟာဗျူဟာမြောက် အပြောင်းအလဲသည် ရုပ်လုံးကြွလာပါမည်။
အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း NESP 1 (2016-2021) ကာလမှာ အဆုံးပိုင်းသို့ ရောက်ရှိလာပြီး NESP 2 (2021-2030) ကို စတင် ရေးဆွဲနေသည့် ဤကာလများတွင် ပညာရေး မဟာဗျူဟာကို ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုနှင့် တရားမျှတမှု ရှုထောင့်တို့မှ အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်ချက်များနှင့်အတူ ပညာရေးမြေပြင် ပကတိ အရှိတရားများဖြင့် ပြန်လည်ဆန်းစစ် သုံးသပ်ရန် လိုအပ်ပါမည်။
တည်ဆဲ မဟာဗျူဟာ NESP 1 တွင် “လူတိုင်းအကျူံးဝင်ပညာရေး” Inclusive education ပါရှိသော်ငြားလည်း တိုင်းရင်းသား ပညာရေးကဏ္ဍကို လျစ်လျူရှုထားခဲ့သဖြင့် ဝေဖန်မှုများ ပြင်းထန်ခဲ့၏။ ယခုစတင်ရေးဆွဲ နေပြီဖြစ်သည့် NESP 2 တွင်တော့ တရားမျှတမှုကို မျှော်လင့်မိပါ၏။
မြန်မာနိုင်ငံ၏ နိုင်ငံရေးမျှော်မှန်းချက် တခုဖြစ်သည့် ငြိမ်းချမ်းရေးရရှိမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်မှုတို့အတွက် ပညာရေးမဟာဗျူဟာမှာလည်း တာဝန် ရှိသည်ဟု သုံးသပ်မိသည်။
ကာလ ရှည်လျားလှသော ပဋိပက္ခများဖြင့် ပြည့်နှက်နေဆဲ မြန်မာနိုင်ငံအတွက် ပညာရေး မဟာဗျူဟာစီမံကိန်းက ငြိမ်းချမ်းရေးကို မည်သို့ အထောက်အကူ ပြုနိုင်ပါမည်လဲ။ အထူးသဖြင့် ၂၁ ရာစု မြန်မာ ကျောင်းဆရာများကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ပဲ့ကိုင်တတ်သူများ ဖြစ်လာစေရန် ပျိုးထောင်ရပါဦးမည်။
ငြိမ်းချမ်းရေးပညာ
များမကြာသေးမီ နှစ်ကာလများအတွင်း ပဋိပက္ခများမှ လွန်မြောက်လာခဲ့ကြသော နိုင်ငံများတွင် “ငြိမ်းချမ်းရေးပညာ” peace education (သို့မဟုတ်) လူ့အခွင့်အရေး ဘာသာရပ်ကို ပညာရေးမဟာဗျူဟာအရ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် တရားဝင် ထည့်သွင်း သင်ကြားလာကြပါသည်။
သာဓက တစ်ခုအနေဖြင့် ကင်ညာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က အကြမ်းဖက်မှု များဖြင့် ကြုံတွေ့ခဲ့ရသော အထွေထွေရွေးကောက်ပွဲများ နောက်ပိုင်းတွင် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း များတွင် ငြိမ်းချမ်းမှုပညာ ဘာသာရပ်ကို စတင် မိတ်ဆက် သင်ကြားပေးခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တင်းမာမှုများ ပြေလျော့စေရန် ရည်ရွယ်ပြီး မတူကွဲပြားသူများအကြား သည်းခံခြင်းတရားကို တပည့်များ တိုးပွား ကျင့်သုံးတတ်စေ လိုရင်းဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံရေး ဆန့်ကျင်ဘက် အုပ်စုများ၊ ပါတီများကိုလည်း ပညာရေးဖြင့် ရင်ကြားစေ့ ပေးနိုင်ရန် ရည်ရွယ်ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို စာသင်ခန်းများမှ ဦးဆောင် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ချက် ထားရှိသည်။
ယင်းနည်းတူ ၂၀၁၀-၂၀၁၁ ရွေးကောက်ပွဲ ပဋိပက္ခအလွန်ကာလ တနှစ်ကြာသော် ကုတ်ဒီအိုင်ဗွားနိုင်ငံ၏ ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းတွင် “နိုင်ငံသားနှင့် လူ့အခွင့်အရေးပညာ” ဘာသာရပ်ကို မိတ်ဆက် ထည့်သွင်းခဲ့၏။ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံတွင်လည်း “ပြည်သူ့နီတိနှင့် စာရိတ္တပညာ” ဘာသာရပ်ကို ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး “လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးယဉ်ကျေးမှု” ခေါင်းစဉ်တို့ ပါရှိလာခဲ့သည်။
ငြိမ်းချမ်းမှုပညာ ဖြစ်စေ၊ လူ့အခွင့်အရေး ဘာသာဖြစ်စေ၊ အခြေခံပညာ မူလယ်ထက်တန်းများရှိ တပည့်ကလေးများကို ဦးတည် ရည်ရွယ်လေ့ရှိပါသည်။ ငြိမ်းချမ်းရေး၏ ရှုထောင့်အမျိုးမျိုးကို ကလေးများ သိရှိနားလည်ပြီး မတူကွဲပြားသော အုပ်စုများအကြား အမြင်သဘောထားများ တိုးတက်လာစေလိုသော ရည်ရွယ်ချက်များဖြစ်ပါသည်။
သို့ရာတွင် ဤဘာသာရပ် အသစ်များနှင့် ခေါင်းစဉ်အသစ်များ၏ ထိရောက်အောင်မြင်မှုမှာ ယင်းတို့ကို လေ့ကျင့်သင်ကြားပေးသူ ဆရာဆရာမများ၏ သင်ကြားမှု အပေါ်တွင် အဆုံးစွန်အားဖြင့် တည်မှီနေလေသည်။
ပဋိပက္ခလွန် အခြေအနေများမှ ကျောင်းဆရာ ဆရာမများ၌ နက်ရှိုင်းသော စိတ်ဒဏ်ရာများနှင့် ဘက်လိုက်မှုများ ရှိနေနိုင်ပါသည်။
သူတို့အတွက် ဤပြဿနာများကို ရင်ဆိုင်နိုင်စွမ်း ရှိစေရန် သင်တန်းများ၊ အမြင်ဖွင့်ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ အထောက်အကူများဖြင့် ပံ့ပိုးပေးမှသာလျှင် ငြိမ်းချမ်းမှုပညာ ဘာသာရပ်များကို ထိထိရောက်ရောက် အကောင်အထည်ဖေါ် သင်ကြားနိုင်ပါမည်။
ငြိမ်းချမ်းမှုပညာ ဆရာအတတ်သင် မရှိ
နှစ်ကာလရှည်ကြာ ပြည်တွင်းစစ်ပွဲများနှင့် နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခများမှ လွန်မြောက်လာခဲ့သော တိုင်းပြည်များတွင် ငြိမ်းချမ်းမှု ပညာဘာသာရပ်ကို သင်ကြားပေးနိုင်သော ဆရာဆရာမများကို ပြုစုပျိုးထောင်သည့် ဆရာအတတ်ပညာရေး လိုအပ်ချက် ကြီးမားနေခြင်း၊ မရှိသေးခြင်းကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါသည်။
ပညာရေး မဟာဗျူဟာများနှင့် ဘဏ္ဍာငွေကြေး လိုအပ်နေသည့်အပြင် “ငြိမ်းချမ်းမှုပညာအတွက် ဆရာအတတ်ပညာရေး” မရှိခြင်း၏ အဓိကအကြောင်းရင်း တချက်မှာ ဆရာဆိုသည်မှာ အားလုံးတတ်သိ နားလည်ပြီး အလိုအလျောက်ပင် ငြိမ်းချမ်းရေး တည်ဆောက်တတ်သူများလည်း ဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်နေခြင်း၊ ဆရာဆိုသူများမှာ နိုင်ငံရေးတွင် ဘက်မလိုက်ဘဲ နေကြသူများဟု တလွဲ ထင်မြင် ယူဆမှုများပင်ဖြစ်သည်။
မြန်မာ့ပညာရေးနယ်ပယ်တွင် ခေတ်အဆက်ဆက် ဆရာ့အပေါ် ဤအမြင်မျိုးထားရှိခဲ့ပါသည်။ အများနည်းတူ ဆရာဆရာမများမှာလည်း အကြမ်းဖက် ပဋိပက္ခများအကြားတွင်ပင် ရှင်သန် လုပ်ကိုင်နေရသူများသာ ဖြစ်သည်။
သို့ဖြစ်လေရာ ဆရာ ဆရာမများမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက် ကြေကွဲရမှုများနှင့် ရင်တွင်းဒဏ်ရာများ နက်နက်ရှိုင်းရှိုင်း ရှိနေနိုင်ပြီး တိုင်းပြည်၏ သမိုင်းဖြစ်စဉ်များ၊ နိုင်ငံရေး အခြေအနေများနှင့် ပဋိပက္ခများအပေါ် တဖက်စောင်းနင်း အမြင်များ၊ ဘက်လိုက်မှုများ၊ တယူသန်အစွဲများ၊ တစ်ဖက်ပိတ် အမြင်များ၊ တလွဲနားလည်မှုများ ရှိနေနိုင်ပါသည်။
အချို့သော ဆရာဆရာမများ ကိုယ်တိုင်ပင် အွန်လိုင်းပေါ်တွင် ဂျင်းလိုက်ထည့်သူများ၊ အမုန်းတရား ဖြန့်ဖြူးသူများ၊ လူမျိုးရေး ၊ ဘာသာရေး စော်ကား တိုက်ခိုက်သူများ၊ အကြမ်းဖက်မှုကို လှုံ့ဆော်သူများလည်း ဖြစ်နိုင်ပါသေးသည်။
Leuven တက္ကသိုလ်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု သုတေသနမဟာဌာန၏ လေ့လာဆန်းစစ်မှု ဆာဗေးအရ “ကျောင်းဆရာ၏ စိတ်နှလုံးသားမှာလည်း ဘာမှ မရေးရသေးသော အဖြူထည်ကလေး၊ ကျောက်သင်ပုန်း အသစ်ကလေး တချပ်တော့လည်း မဟုတ်ပါ” ဟု သုံးသပ် ကောက်ချက်ချခဲ့သည်။ သူတို့တွင်လည်း ကြိုတင် ထင်မြင်ယူဆချက်များနှင့် ဆန္ဒစွဲများ ရှိနေသည်သာ။
ကုတ်ဒီအိုင်ဗွားနိုင်ငံ၊ အဘိဂျာန်မြို့က အထက်တန်းပြဆရာ ၉၈၄ ဦးကို စစ်တမ်းကောက်ယူခဲ့ရာတွင်လည်း ဤသို့သာလျှင် အဖြေရရှိခဲ့သည်။
လက်ရှိအိုင်ဗိုရီသမ္မတ အလပ်စိန်းဥတ္တရာကို ထောက်ခံကြသူများနှင့် ယခင်သမ္မတ လောရန့်ဂဘတ်ဘိုကို ထောက်ခံကြသူများ အကြား သွေးထွက်သံယို ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲအလွန် ပဋိပက္ခများနောက်ပိုင်း ၅ နှစ်အကြာတွင် ကျောင်းဆရာများမှာ လူမျိုးရေးနှင့် ဘာသာရေးအခြေခံ ပဋိပက္ခများအကြားတွင် မတူကွဲပြားသော အမြင်များဖြင့် အုပ်စုကြီး ၂ စုအဖြစ် ပြင်းထန်နေကြဆဲပင်။
နိုင်ငံ၏ အကျပ်အတည်းများ၊ ပဋိပက္ခများ၏ တရားခံအဖြစ် ကျောင်းဆရာအုပ်စုကြီး ၂ စုက ရှုမြင်သုံးသပ်ပုံတို့ ကွဲပြားခြားနားကြလျက်။
အငြင်းပွားဖွယ်ရာ သမိုင်း
ပဋိပက္ခလွန် လူ့အဖွဲ့အစည်းများသည် သူတို့၏ တိုင်းပြည် အတိတ်က အကြမ်းဖက်မှုများ အကြောင်းအရာတို့ကို တရားဝင် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း သင်ကြားကြခြင်း မရှိပါ။ ပညာရေးမူဝါဒ ချမှတ်သူများက စိုးရိမ်နေတတ်ကြပါသည်။
မည်ကဲ့သို့သော သမိုင်းဆိုင်ရာ အကြောင်းအရာများကို မည်သို့သော သင်နည်းများဖြင့် သင်ကြားကြမည်နည်း။ တင်းမာမှုများ၊ လူမျိုးရေး ပြဿနာများနှင့် ပဋိပက္ခများမှာ အသစ်တဖန် ပြန်လည်ဖြစ်ပွားလာနိုင်ပါသလော။
သို့ရာတွင် နည်းလမ်းတော့ ရှိနေပါသည်။ ပဋိပက္ခသမိုင်းကို မတူကွဲပြားသော အမြင်များ၊ ရှုထောင့်အမျိုးမျိုးတို့မှ သင်ကြားပေးပါက လူမျိုးစုများအကြား ပိုမို သိမြင်နားလည်လာမှု တိုးတက်လာနိုင်ပြီး အနာဂတ်မျိုးဆက်များတွင် စာနာစိတ်၊ ကိုယ်ချင်းစာတရားတို့ ထွန်းကားလာနိုင်ပြီးလျှင် ပဋိပက္ခ တကျော့ပြန်လည် ဖြစ်ပွားမည့်ဘေးဒဏ်မှ ကာကွယ် တားဆီးနိုင်ပါလိမ့်မည်။
သင်ရိုးညွှန်းတမ်းများတွင် ငြိမ်းချမ်းမှုပညာနှင့် ပဋိပက္ခသမိုင်းတို့ကို ထည့်သွင်း ရေးဆွဲရသည်မှာ ထိလွယ်ရှလွယ် ဖြစ်နိုင်ပြီး အတော်ကလေး လက်ဝင်လှသည့် လုပ်ငန်းစဉ် တရပ်လည်းဖြစ်ပါသည်။ သို့ရာတွင် ရှောင်ကွင်းသွားလို့လည်း မဖြစ်သေးပါ။
ဥပမာအားဖြင့် ကုတ်ဒီအိုင်ဗွားနိုင်ငံမှ ကျောင်းဆရာအများစုကြီးက အိုင်ဗိုရီ၏ ပဋိပက္ခသမိုင်းကို ထည့်သွင်း သင်ကြားပေးသင့်သည်ဟု သဘောတူညီကြသော်လည်း ဆရာများမှာ စာသင်ခန်းအတွင်း တိုင်းပြည်၏ အတိတ်ကာလ အကြမ်းဖက်မှုအကြောင်း သမိုင်းမှန်တို့ကို ထည့်သွင်း ဆွေးနွေး၊ သင်ကြားပေးရန်ကိုမူ တွန့်ဆုတ်နေကြပြန်ပါသည်။ သူတို့၏ စိုးရိမ်ပူပန်မှုမှာ အနာဟောင်းကို ပြန်ဆွသလိုမျိုး (သို့မဟုတ်) စာသင်ခန်း အပြင်ဘက်တွင်လည်း တင်းမာမှုများကို ဖန်တီးပေးရာ ရောက်မှာမျိုးပင် ဖြစ်၏။
သူတို့ သင်ကြားမည့် သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများနှင့် သင်ပုံသင်နည်းတို့ကို ဆရာများက လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိနေသည်။
သုတေသနလေ့လာမှုတွင် ဆရာတဦးက စာအုပ်တအုပ်ကို ရွေးချယ်ကာ သူ၏ စာသင်ခန်းအတွင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ ယခင်က သူပုန်တစ်ဦးဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သူ Guillaume Soro က ရေးသားပြုစုထားသည့် “ကျွန်ုပ် ဘာကြောင့် သူပုန်တဦးဖြစ်ခဲ့ပါသလဲ” အမည်ရှိသည့်သော စာအုပ်ပင်ဖြစ်သည်။ တရားဝင် သင်ရိုး၏ ပြဌာန်းချက်တော့လည်း မဟုတ်ပါ။
Soro အနေဖြင့် အတိတ်က အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ခဲ့သည့် သမိုင်းကြောင်းကို ကျောင်းသားများသည် သင်ကြား သင်ယူလေ့လာခွင့် ရရှိသည့်အတွက် တန်ဖိုးရှိသည်ဟု ယူဆနိုင်သော်လည်း အခြားသော (အတိုက်အခံ) အမြင်များ၊ ရှုထောင့်များကိုလည်း ထည့်သွင်းပေးရန် လိုအပ်ပါလိမ့်မည်။
ထို့အတူ အာဏာရ အစိုးရများက ပြဌာန်းထားသည့် သင်ရိုးများ၏ ဘက်လိုက်မှုတို့ကိုလည်း မည်သို့ ပြင်ဆင်နိုင်ပါသလဲ။ တပည့် ကျောင်းသားများကို သမိုင်းဆိုင်ရာ တဘက်သက်အမြင်ကိုတော့လည်း သင်ကြားသလိုမျိုး မဖြစ်သင့်ပါ။
ပဋိပက္ခလွန် ငြိမ်းချမ်းမှုပညာကို သင်ကြားခြင်း
နိုင်ငံရေးအကျပ်အတည်းများ၊ ပြည်တွင်းစစ်ပွဲများနှင့် လူမှုပဋိပက္ခ ကာလများမှ လွန်မြောက်လာသည်အခါ ကျောင်းဆရာ ဆရာမများသည် ခေတ်အဆက်ဆက်က ဂျင်းထည့်ထားသော တရားဝင်သင်ရိုးများကို ပိုမို၍ မေးခွန်း ထုတ်လာကြပါလိမ့်မည်။
ပဋိပက္ခ ကာလများမှ လွန်မြောက်ပြီးနောက် ငြိမ်းချမ်းရေးအကြောင်း သင်ကြားရာတွင် အခြေခံကျကျ စဉ်းစားစရာ ၂ ခု ရှိလာပါသည်။
ပထမအချက်မှာ ငြိမ်းချမ်းရေး သင်ရိုးညွှန်းတမ်းကို ဆရာဆရာမများကိုယ်တိုင်က သေချာကျနစွာ သင်ကြားပေးလိုစိတ် ရှိရန် လိုအပ်ချက်ဖြစ်သည်။ တပည့်ကလေးများကို သင်ကြားပေးရန် စိတ်ပါဝင်စားမှု မရှိပါက သင်ရိုးကို ဘေးဖယ်ထားကောင်း ထားပါလိမ့်မည်။ သို့မဟုတ်လည်း ဆရာမများသည် သူတို့၏ ခံယူချက်၊ ရပ်တည်ချက်နှင့် ဘက်လိုက်မှု ရှိနေတတ်သည့် ကိုယ့်အမြင်မျှလောက်ကိုသာ ရွေးချယ် သင်ကြားပေးလိမ့်မည်။
ဒုတိယအချက်မှာ ကျောင်းဆရာများ ကိုယ်တိုင် တိုင်းပြည်၏ ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေး အကျပ်အတည်းများနှင့် ပဋိပက္ခသမိုင်းကြောင်းတို့နှင့် ပတ်သက်ပြီး သူတို့၏ အတွေးအမြင်များကို ပြန်လှန်တွေးတောသုံးသပ်၊ ဝေဘန်ဆန်းစစ် တတ်လာစေရန်အတွက် ကူညီလမ်းညွှန်မှု ပေးရပါမည်။ သို့မှသာလျှင် တဘက်သက်၊ တယူသန် အမြင်များ၏ ဘေးထွက်ဆိုးကျိုးတို့ကို သိမြင်လာကြပါမည်။
သတင်းအမှောင်ချ ထားခဲ့သည့်ကာလများ၊ သတင်းလွတ်လပ်ခွင့် မရှိခဲ့သေး ကာလများနှင့် တဖက်သက် သတင်းတွင် ကျောင်းသားဘဝ၊ ဆရာအတတ်ပညာ သင်တန်းသား ဘဝနှင့် ကျောင်းဆရာအလုပ်တို့ကို လုပ်ကိုင်ခဲ့သူများအနေဖြင့် တယူသန်၊ တဘက်သက် အမြင်များ လွှမ်းမိုးနေနိုင်ပါသည်။ ဒေသစွဲ၊ ကျောင်းစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲ၊ ဆန္ဒစွဲများ အလွန်အမင်း ရှိနေတတ်သည်။
အဂတိတရား လေးပါး (ဆန္ဒာ၊ ဒေါသာ၊ ဘယာ၊ မောဟ) တို့ဖြင့် မြန်မာ့ပညာရေးမှာ ဝမ်းနည်းဖွယ်ရာ ရင်ဆိုင်ခဲ့ရဖူးသည်။
ဆန္ဒာဂတိ (ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ မျက်နှာလိုက်ခြင်း၊ အာဃတထားခြင်း)၊ ဒေါသာဂတိ (မုန်းတီး၊ စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း)၊ မောဟဂတိ (ဆင်ခြင်တုံတရား မရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း)၊ ဘယာဂတိ (ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း) တို့ ပညာရေးတွင် ကင်းရှင်းစေရပါမည်။
မြတ်ဗုဒ္ဓ၏ တရားဒေသနာ အဆုံးအမထဲတွင် “အဂတိတရားလေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား လျော့ပါး ဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။ အဂတိတရားလေးပါးကို မလိုက်စား၊ မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာတို့သည် တစ်နေ့တခြား ကျော်ကြား တိုးတက်ပေါ်လွင် ထင်ရှားလေသည်။” ဟူ၍ မှတ်သားရပါသည်။
ပညာလရောင် ထွန်းလင်းပြောင်စေရန် ထို (အစွဲများနှင့် အဂတိတရား) ဥခွံများထဲမှ ကိုယ်တိုင် ရုန်းကန် ထွက်မြောက်နိုင်စေရန် ကျောင်းဆရာဆရာမများကို (ပညာရေးမဟာဗျူဟာဖြင့်) ကူညီပေးရပါလိမ့်မည်။
အရင်နှစ် ကာလများက ရန်သူများ၊ ဆန့်ကျင်ဘက်အုပ်စုများ၊ အတိုက်အခံများအပေါ် ထားရှိခဲ့သည့် အမြင်သဘောထားတို့ကို (ဘက် ၂ ဘက်စလုံးမှ) ကျောင်းဆရာများ ကိုယ်တိုင် ပြန်လှန် ဆန်းစစ်ရန် လိုအပ်လာပါသည်။
ဤသည်မှာလည်း ၂၁ ရာစု ကျောင်းဆရာစွမ်းရည် တရပ်ဖြစ်သည့် “မိမိ၏ အသိ၊ အတွေးနှင့် ခံယူချက် တို့အပေါ် စဉ်ဆက်မပြတ် ကိုယ်တိုင် အကဲဖြတ် သုံးသပ်နိုင်ခြင်း” teachers as reflective practitioners ကို ရရှိလာမည်။ စာသင်ခန်းအတွင်း၌ ကျောင်းဆရာ၏ အတ္တစွဲကို ခွါတတ်အောင် ပျိုးထောင်ပေးသင့်သည်။
ဗြဟ္မစိုရ်လူ့ဘောင်ဆီသို့
အာဏာရ NLD အစိုးရ၊ တပ်မတော်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဆန့်ကျင်ဘက်ပါတီများနှင့် တိုင်းရင်းသား အစုအဖွဲ့များ၏ သမိုင်းကြောင်း၊ လိုလားချက်များ၊ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များကို သိမြင်နားလည်ထားမှသာလျှင် ဆရာဆရာမတို့ သည် မိမိတို့၏ ကိုယ်ပိုင် ရပ်တည်ချက်များကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်လာမည်။
ကိုယ်ချင်းစာတရား၊ စာနာစိတ်၊ မေတ္တာတရားတို့ ထွန်းကားသော ဗြဟ္မစိုရ်လူ့ဘောင်အတွက် ကလေးများကိုလည်း စာသင်ခန်းများအတွင်း ပြင်ဆင် ပေးနိုင်ပါလိမ့်မည်။ ပြည်သူလူထု၏ မျှော်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံအတွက် အခြေခံ အုတ်မြစ်သဖွယ်လည်း စာသင်ခန်းများက ပို၍ အဓိပ္ပါယ် ရှိလာပါလိမ့်မည်။
တရားဝင် ပင်မ ပညာရေး၏ သင်ရိုးညွှန်းတမ်းများကလည်း မတူကွဲပြားသော အမြင်များကို အခြေခံထားသည့် ဖတ်စာအုပ်များကို ရေးသားပြုစုပြီး တိုင်းပြည်၏ အတိတ်သမိုင်းကို (ဘက်စုံရှုထောင့် ချည်းကပ်နည်းဖြင့်) သင်ကြားသင့်ပါသည်။ ခေတ်ဟောင်း၊ ခေတ်သစ်၊ အနီးခေတ်ကာလများက အထင်ကရ ဖြစ်ရပ်များ၊ သမိုင်းသင်ခန်းစာများကို ဘက်စုံထောင့်စုံ လေ့လာခွင့်၊ မတူသော အုပ်စုများ ၏ ရပ်တည်ချက်များ၊ အမြင်များကိုလည်း ထည့်သွင်း သင်ကြားရပါမည်။
ငြိမ်းချမ်းရေးပညာနှင့် ပတ်သက်၍မူ ဆရာဆရာမများကိုယ်တိုင်ကို လေ့လာဆည်းပူးခွင့် ဦးစွာ ပေးရမည်ဖြစ်သည်။ ထို့နောက် ဤဆရာများက တပည့်ကလေးများကို နည်းမှန်လမ်းမှန်ဖြင့် သင်ကြားပေးနိုင်ပါလိမ့်မည်။
၂၁ ရာစု၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုနှင့် ပညာရေး Education for Sustainable Development နှင့် SDGs ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်စေရန်အတွက် အခရာကျသည်။ ငြိမ်းချမ်းရေးကို ဗဟိုပြုသည့် ပညာရေးစနစ်ကို တိုင်းပြည်က ပိုင်ဆိုင်ခြင်းသည် အနာဂတ်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပါလိမ့်မည်။ ဤသည်ကို ငြိမ်းချမ်းရေးပညာ သင်ရိုးက ဖြည့်ဆည်းပေး နိုင်ပါသည်။
သည်းခံခြင်းတရား (ခန္တီ) ထွန်းကားလာမည်။ ဆရာဆရာမများ၏ သင်ကြားရေးတို့မှာလည်း ပိုပြီး အဓိပ္ပါယ် ပြည့်ဝလာပါမည်။ ကျောင်းဆရာသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် အဓိက ကျသူများအနေဖြင့် ဂုဏ်သိက္ခာနှင့် အလုပ်အကိုင် တန်ဖိုးတက်လာမည်။ ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်နေသူများအနေဖြင့် တိုင်းပြည်၏ ယုံကြည်မှုကို ရရှိမည်။
ကျနော်တို့၏ မြန်မာပြည် ပညာရေးနယ်ပယ်မှ အမေ့သားသမီးများနှင့် အဘတို့၏ ဆွေတော်မျိုးတော်များ၊ ကြားနေဆရာဆရာမများ၊ ဘုမသိဘမသိ ဆရာဆရာမများ၊ ထူးချွန်ထက်မြက်သော ဆရာဆရာမများ၊ တိုင်းရင်းသားနောက်ခံ ဆရာဆရာမများတို့သည် ဤစာသင်ကျောင်း၊ ဤကောလိပ်နှင့် ဤတက္ကသိုလ်တို့တွင် ငြိမ်းချမ်းရေးနှင့် ပညာရေးတိုးတက်မှုကို ရှေးရှုလျက် အတူတကွ အမှန်တကယ်ပင် အလုပ်လုပ်နေကြပါ၏လော။ ပညာရေးနယ်ပယ်တွင် ရင်ကြားစေ့နိုင်ကြပါသလား။ မျက်မှောက်ခေတ်ရဲ့ နာကျင်ဖွယ်ရာ ပဋိပက္ခများကို ပညာရေးသမားများနှင် စာသင်ကြားနေသူတို့က ဘယ်လို ချေဖျက်ပေး နိုင်ပါသလဲ။
“ငြိမ်းချမ်းရေးနှင့် တိုင်းရေးပြည်ရာကို လျစ်လျူရှုပြီးတော့ သင်ကြားရေးသက်သက်သာ လုပ်သည်” ဆိုပါက ပါမောက္ခများ၊ ကထိကများ၊ ကျောင်းဆရာမများ အလုပ်ပြောင်းသင့်ပါသည်။
ကျနော်တို့ မြန်မာပြည်နှင့် မြန်မာ့ပညာရေးတို့သည့် ရက်စက်၊ ပြင်းထန်လှသည့် ပဋိပက္ခများမှ မလွန်မြောက်သေးပါ။
ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဦးမတည်ပါက ပညာရေး မမည်ပါ။
အမျိုးသားပညာရေးမဟာဗျူဟာနှင့် စာသင်ခန်းတိုင်းသည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဦးတည်ရပါမည်။
(သိန်းနိုင် (မောက္ခပညာရေး) သည် ပညာရေးအကြံပေး education consultant အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။)
You May Also Like These Stories:
လူ့အခွင့်အရေးဆိုင်ရာ တက္ကသိုလ်အဆင့်သုတေသန စာတမ်းဖတ်ပွဲ ပထမဆုံးအကြိမ် ပြုလုပ်
တတိယနှစ် ဥပဒေကျောင်းသား အားလုံး လူ့အခွင့်အရေး ဘာသာရပ် မသင်မနေရ စတင်