ဘူဆန်ထိပ်သီးဆွေးနွေးပွဲကြောင့် ASEAN နှင့် တောင်ကိုရီးယားအကြား ပူးတွဲဆောင်ရွက်မှု ပိုမိုခိုင်မာစေမည်

Lee Sang-Hwa
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသော တောင်ကိုးရီးယား သမ္မတ မွန်းဂျေးအင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / The Blue House

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ ခေါင်းဆောင်များသည် ကိုရီးယား သမ္မတ နိုင်ငံ (ROK) ရှိ ဘူဆန်တွင် လာမည့်တပတ်တွင် စုဝေးကြမည်ဖြစ်သည်။ ထို 2019 ASEAN-ROK Commemorative Summit တွင် ထူးခြားချက်များစွာရှိသည်။

ထိုထိပ်သီးဆွေးနွေးပွဲသည် ASEAN နှင့် ROK အကြား ထူးခြားသော ဆက်ဆံရေး နှစ် ၃၀ မြောက်ကျင်းပခြင်းဖြစ်သည်။ လက်တွေ့တွင်လည်း မျိုးဆက်တဆက်အတွင်း ASEAN နှင့် ROK တို့ အတူတကွ ရယူအောင်မြင်ခဲ့သည်များသည် အမှန်တကယ်ပင် မှတ်သားစရာ ကောင်းလှသည်။ လွန်ခဲ့သော နှစ် ၃၀ နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ပမာဏသည် အဆ ၂၀ ကျော်တိုးတက်လာခဲ့သည်။

ယခုအခါ ASEAN သည် တောင်ကိုရီးယား၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သည်။ ပိုမိုအရေးပါသည်မှာ ပြည်သူချင်းဆက်ဆံရေးသည် အဆ ၃၀ ကျော် တိုးတက်လာခြင်းဖြစ်သည်။

ASEAN ဒေသတခုလုံးတွင် တက်ကြွသော K-wave ၏ စည်းချက်များကို ကြားနိုင်ပေသည်။ ASEAN ကို တောင်ကိုရိးယားသို့ ပိုမိုစွဲဆောင်ရန်နှင့် တောင်ကိုရီးယားကို ASEAN သို့ ပိုမိုစွဲဆောင်ရန် ဘူဆန်ထိပ်သီးဆွေးနွေးပွဲကို စီစဉ်ထားသည်။ အောက်တိုဘာလက ပြုလုပ်ခဲ့သည့် Korea-ASEAN ရထားပွဲတော်သည် ထိုအားထုတ်မှုများ၏ ထင်ရှားသောဥပမာဖြစ်သည်။

ဘူဆန်ထိပ်သီးဆွေးနွေးပွဲသည် မိမိတို့အတူတကွ လုပ်ဆောင်ခဲ့သည်များကို ပြန်လည် သုံးသပ်ရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပုံစံဖြင့် မည်သည်တို့ကို ဆက်လက်လုပ်ဆောင်နိုင်သည်ကို လေ့လာရန် အခွင့်အလမ်း တခုကိုပေးသည်။

ခေါင်းဆောင်များသည် လာမည့် ၃၀ ရက်နေ့တွင် ဒေသနှစ်ခုအကြား ပူးတွဲချမ်းသာကြွယ်ဝမှုအတွက် ပဏာမ အစီအစဉ်ကို ရေးဆွဲကြမည်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရာတွင် မိမိတို့လိုချင်သော အနာဂတ်တည်ဆောက်ခြင်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အနေအထားအတွက် အတူတကွ လုပ်ဆောင်ခြင်းသည် မိမိတို့အတွက် အတောက်ပဆုံး လမ်းပြကြယ် ဖြစ်သင့်သည်။ ထိုအချက်သည် သမ္မတ မွန်းဂျေးအင်၏ အရေးပါသော အစီအစဉ်ဖြစ်သည့် တောင်ပိုင်းမူဝါဒသစ်၏ သဘောတရားပင် ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်ကိုရီးယား နိုင်ငံ၏ မြှုပ်နှံလုပ်ကိုင်မှုအထိမ်းအမှတ်အဖြစ် ထိုကဲ့သို့ နှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဘူဆန် အခမ်းအနားတွင် အထင်အရှား သရုပ်ဖော်သွားမည်ဖြစ်သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးသည် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

မိမိတို့၏ စိန်ခေါ်မှုမှာ သက်ဆိုင်ရာစိန်ခေါ်မှုများ အားလုံးအကြားရှိ အမှတ်များကို ဆက်သွယ်ရန်ဖြစ်သည်။ ထိုသက်ဆိုင်ရာ စိန်ခေါ်မှုများမှာ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်ဖူလုံရေး၊ ရိက္ခာဖူလုံရေး၊ ရေဖူလုံရေး၊ ကူးစက်နှင့် မကူးစက်သော ရောဂါများ၊ လိင်ကွဲပြားမှုများကို အခွင့်အာဏာ ပေးအပ်ရေး စသည်တို့ဖြစ်သည်။ ထိုစိန်ခေါ်မှုများ အားလုံးသည် အပြန်အလှန် ဆက်စပ်နေသောကြောင့် မိမိတို့သည် ၎င်းတို့ကို ကျယ်ပြန့် စုစည်းသော နည်းလမ်းဖြင့် ကြည့်ရှုရန်လိုသည်။

ပိုမိုအရေးကြီးသည်မှာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိကျသော အခြေအနေများအတွက် ဂရုတစိုက် ပြုလုပ်ထားသည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့်ပြီး လက်ခံမည့်သူတဦးလည်း လိုအပ်သည်။ မိမိတို့အနေဖြင့်မူ အခြားနိုင်ငံများထက် ဦးစွာတိုးတက်မှု ရရှိသော နိုင်ငံတနိုင်ငံသည် အခြားနိုင်ငံများက ၎င်း၏ ခြေလှမ်းအတိုင်း တက်နေစဉ်တွင် လှေခါးကို ကန်မထုတ်ပစ်ရဟု အခိုင်အမာ ယုံကြည်သည်။

သမ္မတမွန်းသည် ယခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံအပါအဝင် ASEAN နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သည်။ သမ္မတတာဝန် ထမ်းဆောင်သည့် အစောပိုင်းကာလများကပင် သမ္မတ မွန်းသည် သူ၏ရာထူးသက်တမ်းမကုန်မီ ASEAN မိတ်ဖက် တနိုင်ငံချင်းစီသို့ သွားရောက်လည်ပတ်ရန် ကတိပြုခဲ့ပြီး ထိုကတိကိုလည်း ဖြည့်ဆည်းခဲ့သည်။

ASEAN ကို ပိုမိုအာရုံစိုက်ရခြင်းသည် မိမိတို့ဒေသ နှစ်ခုစလုံး ရင်ဆိုင်နေရသော စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် ASEAN က အချက်အခြာကျသည်ကို အသိအမှတ်ပြုခြင်းအပေါ်တွင် အခြေခံသည်။

မိမိတို့တွင် အလွန်များပြားသော ပြဿနာများ ရှိနေပြီး ဖြေရှင်းမှု ချို့တဲ့နေသောကြောင့် ASEAN နှင့် သဘာဝမိတ်ဖက်အဖြစ် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရန် ကတိကဝတ်ကို မိမိတို့အစိုးရက ထပ်လောင်း အတည်ပြုသည်။ သမ္မတမွန်း၏ ရာထူးသက်တမ်းသည် ထက်ဝက်ကျော်လာသောကြောင့် လာမည့်ဘူဆန်ထိပ်သီး အစည်းအဝေးပွဲသည် မိမိတို့ တောင်ပိုင်းမူဝါဒသစ်၏ အထွဋ်အထိပ်ရောက်သည့် အမှတ်ပင်ဖြစ်သည်။

ထိုသို့အရေးပါသော အချိန်တွင် ကျင်းပသောကြောင့် ဘူဆန် ထိပ်သီးအစည်းအဝေးသည် တောင်ပိုင်းမူဝါဒသစ် ၂.၀ ကို ကန်လန့်ကာဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။ ခေါင်းဆောင်များ ပူးပေါင်းရေးဆွဲကြမည့် စီမံကိန်းများ၊ လမ်းပြမြေပုံများနှင့်အတူ တောင်ကိုရီးယားနိုင်ငံသည် မိမိတို့၏ ASEAN မိတ်ဖက်များနှင့် ပိုမိုကောင်းမွန်သော ရလဒ်ရရန် အခိုင်အမာ ကတိပြုပြောကြားလိုသည်။

ဘူဆန် ထိပ်သီးအစည်းအဝေးပွဲကို ပိုမိုထူးခြားစေသောအရာမှာ တောင်ကိုရီးယား အစိုးရသည် မဲခေါင်နိုင်ငံများနှင့် တောင်ကိုရီးယား နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ခြင်းပင်ဖြစ်သည်။

မဲခေါင်နိုင်ငံအများစုသည် အသွင်ကူးပြောင်းမှုအတွင်း ရှိနေကြသည်။ ထို့အပြင် အသွင်ကူးပြောင်းချိန်များသည် စိန်ခေါ်မှုများကို ထည့်မတွက်လျှင်ပင် နက်ရှိုင်းသည့် အခွင့်အလမ်းများ ရသည့်အချိန်များလည်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်သည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ယခုကာလတွင် မိမိတို့ ပြုလုပ်သော ဆုံးဖြတ်ချက်သည် ရှေ့လာမည့် မျိုးဆက်များအပေါ် သက်ရောက်မည်ဖြစ်သည်။

ယခု ကိုရီးယား-မဲခေါင် ထိပ်သီးဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ် ပိုမိုပြည့်ဝသည်။ သမ္မတမွန်း၏ စက်တင်ဘာလ ခရီးစဉ်အတွင်း ၂၀၂၀ တွင် သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်တော့မည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် သူ၏ ရည်မှန်းချက်များကို သူ ရှင်းလင်းစွာ တင်ပြခဲ့သည်။

ဧရာဝတီမြစ်ပေါ်တွင် မယုံနိုင်လောက်အောင် ထူးခြားသော ဖြစ်ရပ်ဖြစ်ပေါ်စေရေး ခရီးတွင် တောင်ကိုရီးယားနိုင်ငံသည် မြန်မာနှင့် အတူတကွ အခိုင်အမာ ရပ်တည်မည်ဖြစ်ကြောင်း သူက အာမခံခဲ့သည်။ ထိုသို့ပြောဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ဟန်မြစ်ပေါ်တွင် မယုံနိုင်လောက်အောင် ထူးခြားသောဖြစ်ရပ်ကို လုပ်ဆောင်ခဲ့သော နိုင်ငံအဖြစ် သမ္မတမွန်းသည် လူဦးရေ သန်း ၅၀ ကျော်အပါအဝင် လူသားနှင့် သယံဇာတရင်းမြစ်များနှင့်တကွ မြန်မာနိုင်ငံတွင်ရှိသည့် ကြီးမားသော အလားအလာကို မြင်ခဲ့သည်။

ထိုလူဦးရေ သန်း ၅၀ အနက် ထက်ဝက်ကျော်မှာ အသက် ၃၀ အောက်များဖြစ်ကြသည်။ ပိုမိုများပြားသော တောင်ကိုရီးယား စီးပွားရေးသမားများနှင့် လုပ်ငန်းရှင်များကို ဒေသတွင်းတွင် နောက်ဆုံးလက်ကျန် စီးပွားရေးစစ်မျက်နှာအဖြစ် လာရောက်ကြည့်ရှုကြသည်မှာ အံ့သြဖွယ်မဟုတ်ပေ။

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံအကြားတွင် သမိုင်းအရ၊ စိတ်ခံစားမှုအရ တူညီသောအချက် များစွာရှိသည်။ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံသည် တနိုင်ငံကို တနိုင်ငံနားလည်ရန် အခြေအနေကောင်းများ ရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အချက်တချက်ဖြစ်သည်။

သမ္မတမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အတိုင်း မကြာသေးမီနှစ်များအတွင်း ကိုရီးယားကျွန်းဆွယ်တွင် ထူးခြားသော အောင်မြင်မှုများသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးရရှိရန် မြင့်မြတ်သော လုပ်ဆောင်မှုများကို လှုံ့ဆော်ပေးစေလိုသည်မှာ မိမိတို့၏ ဆန္ဒဖြစ်သည်။

မိမိတို့သည် နှစ်ပေါင်း ၃၀ ကြာ အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုတော့မည့်အချိန်တွင် ပိုမိုအရေးကြီးသည်မှာ လာမည့်မျိုးဆက်သည် ပိုမိုပွင့်လန်းသော ကြွယ်ဝချမ်းသာမှုနှင့် ခိုင်မာသောငြိမ်းချမ်းရေးကို ခံစားရတော့မည်ဟူသည့် အချက်ပင်ဖြစ်ပြီး မိမိတို့၏ ငြိမ်းချမ်းရေးအတွက် ပြင်းထန်သော ဆန္ဒနှင့် တဦးအပေါ်တဦး၏ မေတ္တာသည် မိမိတို့အတွက် လမ်းညွှန် သဘောတရားများ ဖြစ်ရေးပင်ဖြစ်သည်။

(မစ္စတာ လီဆန်းဟွာသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတန်ိုင်ငံ သံအမတ်ဖြစ်သည်။ ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ၎င်း၏ Busan Summit to Reinforce Partnership Between the ROK and ASEAN ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You May Also Like These Stories:

မြန်မာက ကိုရီးယားစက်ရုံတွေ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်မှာ မဟုတ် 

ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ

ကိုရီးယား-မြန်မာ ပူးပေါင်း၍ ဒလတွင် စမတ်စီးတီး တခု အကောင်အထည်ဖော်မည် 

လှည်းကူးက မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်းကို ၃ နှစ်အတွင်း အကောင်ထည်ဖော်မည်

Loading