စွမ်းအင်လိုအပ်ချက်ဟာ မြန်မာနိုင်ငံမှာ မြင့်နေဆဲ ဖြစ်သလို စွမ်းအင်ထုတ်ယူနိုင်မယ့် နည်းလမ်းတွေထဲက ကျောက်မီးသွေးကို အသုံးပြုပြီး စွမ်းအင်ထုတ်ယူတာလည်း မြန်မာနိုင်ငံမှာ များပြားနေဆဲပါ။ သဘာ၀ ပတ်ဝန်းကျင် အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ကမ္ဘာပေါ်မှာ ပိတ်သိမ်းစပြုလာပါပြီ။
ပြန်လည်ပြည့်မြဲစွမ်းအင်ကို ထုတ်ယူနိုင်မယ့် အရင်းအမြစ်တွေဖြစ်တဲ့ ရေအား၊ လေအား၊ နေရောင်ခြည်အား စတဲ့ ရင်းမြစ်တွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ကို အဓိကထား ထုတ်ယူနေတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်ကစလို့ နိုင်ငံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အများအပြား တည်ဆောက်ဖို့ ခွင့်ပြုခဲ့ပါတယ်။
အဲဒီစက်ရုံတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၊ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကရင်ပြည် ဘားအံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် တို့ပါဝင်ပြီး ဆောက်လုပ်မယ့် စီမံကိန်းတွေကို ဒေသခံတွေက လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထဲက တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကြောင့် ထိခိုက်ခံနေရတဲ့ ဒေသခံတွေက ကျယ်ကျယ်လောင်လောင် ကန့်ကွက်နေကြပါတယ်။
တီကျစ်ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်စေရုံသာမက EIA လုပ်ငန်းစဉ် မပြီးသေးခင် စက်ရုံစမ်းသပ်လည်ပတ်နေတာကို ဒေသခံတွေက ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ၁ ကြိမ်၊ အောက်တိုဘာလမှာ ၁ ကြိမ် ဆန္ဒထုတ်ဖော်ပြီး စက်ရုံနဲ့ ကျောက်မီးသွေးမိုင်း လုပ်ငန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
တီကျစ်ဓာတ်အားပေး စက်ရုံကို စတင်လည်ပတ်ခဲ့တာက ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ပြီး ထိုကာလကတည်း EIA ခေါ် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေနဲ့ SIA လို့ ခေါ်တဲ့ လူမှုဘဝထိခိုက်နိုင်ခြေ တို့ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ခဲ့တာ မရှိခဲ့ပါဘူး။
သမ္မတဦးသိန်းစိန် လက်ထက်မှာ တရုတ်ကုမ္ပဏီ တခုဖြစ်တဲ့ Wuxi Huagaung Electric Power Engineering က လုပ်ကိုင်ခွင့် ရခဲ့တာလို့ သိရပါတယ်။ ဒေသခံတွေက စက်ရုံလည်ပတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြလို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းထားခဲ့ရပါတယ်။
NLD အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ကျောက်မီးသွေးသုံး စက်ရုံတည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့ပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထဲက “တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ” လည်ပတ်ခွင့်ကို အရင်အစိုးရက ခွင့်ပြုပေးခဲ့တာကြောင့် NLD အစိုးရလက်ထက်မှာလည်း EIA ဆေင်ရွက်နေစဉ် အတွင်း လုပ်ကိုင်ခွင့် လိုင်စင်သက်တမ်း ရှိနေဆဲ ဖြစ်လို့ ဆက်လက်စမ်းသပ် လည်ပတ်တာလည်း ဖြစ်ပါတယ်။
တီကျစ်ဒေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတာကလည်း ဆယ်စုနှစ်ကျော်၊ ဆယ့်ငါးနှစ် နီးပါး ရှိနေပါပြီ။ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံရဲ့ အနီးဝန်းကျင်မှာ နေထိုင်နေကြတဲ့ ဒေသခံ ရွာသူရွာသားတွေရဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ပျက်စီးတာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနေတာ၊ အမျိုးသမီးတွေမှာ သားပျက်၊ သားလျှောတာတွေ ခံစားနေရပါတယ်။
စက်ရုံကို စမ်းသပ်လည်ပတ်နေတဲ့ ကာလအတွင်း ၂၀၁၈ ခုနှစ် သြဂုတ်လမှာ တီကျစ်ကျေးရွာနဲ့ အနီးဝန်းကျင်က ရေနမူနာ တွေကို စစ်ဆေးဖို့ Waterkeeper Alliance ဆိုတဲ့ အဖွဲ့ထံ ပေးပို့ စစ်ဆေးကြည့်ခဲ့ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ သောက်သုံးရေ အဆင့်သတ်မှတ်ချက်ထက် အောက် အများကြီး အဆင့်နိမ့်နေတာ တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တီကျစ်ရေလှောင်တမံက ရေနမူနာကို စစ်ဆေးကြည့်ရာမှာ ကက်ဒမီယံဓာတ်၊ ခဲဓာတ်ပါဝင်မှု များပြားနေတာကို တွေ့ရှိရတာပါ။ ဒါ့အပြင် ကလေးတွေရဲ့ ဆံပင်နနမူနာကို စမ်းသပ်စစ်ဆေးကြည့်ရာမှာလည်း ကက်ဒမီယံသတ္တုဆိပ်နဲ့ ထိတွေ့မှု ရှိနေတယ်လို့ သိရပါတယ်။
ကက်ဒမီယံနဲ့ ထိတွေ့မှု များပြားလာတာနဲ့အမျှ ကျောက်ကပ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ ခေါင်းကိုက်ခြင်း စတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။ သြစတြေးလျ အခြေစိုက် Hydrology Consulting အဖွဲ့ကလည်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်ချက်မှာ တီကျစ်ကျေးရွာက ကလေးတွေရဲ့ ဆံပင်မှာ ကက်ဒမီယံဓာတ် ပါဝင်မှုများပြားနေတာကို သတိပေး ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှု အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA) မှ အလုပ်အဖွဲ့ဝင် ဦးအောင်ကျော်မိုးက “အခု စက်ရုံလည်ပတ်နေတာဟာ ကျနော်တို့နိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ EIA အစီရင်ခံစာလည်း မပြီးသေးသလို အစိုးရဘက်ကလည်း အတည်မပြုသေးပါဘူး။ လိုအပ်ချက်တွေ များစွာရှိနေပါသေးတယ်” လို့ ပြောပါတယ်။
တီကျစ်မှာရှိတဲ့ ကျောက်မီးသွေးမိုင်းကနေ စက်ရုံအတွက် လည်ပတ်မယ့် ကျောက်မီးသွေးတွေကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေး ထုတ်လုပ်မှုကို “ဧဒင်ကုမ္ပဏီ” က လုပ်ဆောင်နေတာ ဖြစ်ပြီး ကျောက်မီးသွေးမိုင်း ခွဲရာက ထွက်ပေါ်လာတဲ့ တုန်ခါမှုကြောင့် ရွာထဲက နေအိမ်တွေမှာ အက်ကြောင်းတွေ ဖြစ်တာ၊ အိမ်ခေါင်မိုးတွေ ပျက်စီးရတာတွေ ရှိတယ်လို့ ရွာသားတွေဘက်က စွပ်စွဲထားပါတယ်။
ကုမ္ပဏီအနေနဲ့ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုကို ၂၀၀၃ ခုနှစ် ကတည်းက လုပ်ကိုင်လာတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။
ကျောက်မီးသွေး မိုင်းတွင်းနဲ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အင်းလေးကန်ဟာ ၁၃ မိုင်ခန့်ပဲ ဝေးတာကြောင့် ဒေသခံတွေက အင်းလေးကန်အထိ ထိခိုက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ ကျောက်မီးသွေးမှုန် ပါဝင်တဲ့ ရေကို သုံးစွဲမိသူတွေမှာ အရေပြား ယားယံတာတွေ ဖြစ်ပေါ်စေပါတယ်။
စက်ရုံကို ၂၀၁၇ ခုနှစ် မေလမှ ပြန်လည်စမ်းသပ် လည်ပတ်ခွင့်ပြုတာနဲ့ အတူ ကျောက်မီးသွေး တူးဖော်မှုတွေလည်း ပြန်လည် လုပ်ဆောင်လာတာပါ။ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားကပဲ ရှမ်းပြည်နယ် အစိုးရက ၂၀၁၈ ခုနှစ်မှာ စက်ရုံလည်ပတ်ခွင့် သက်တမ်း ၁ နှစ် ထပ်တိုးပေးခဲ့ပြန်ပါတယ်။ တဖန် အခု ၂၀၁၉ ခုနှစ်မှာလည်း နောက်ထပ် လည်ပတ်ခွင့် သက်တမ်း ၃ နှစ် ထပ်တိုးပေးခဲ့ပြီး ၁ နှစ်မှာ လျှပ်စစ် မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
MATA အဖွဲ့က ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ Greenpeace အဖွဲ့က ပညာရှင် Dr. Aidan Farrow ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။
“EIA အစီရင်ခံစာမှာ ပါတဲ့ တိုင်းတာချက် ကိန်းဂဏန်းတွေအရ ဆိုရင် စက်ရုံဝန်းကျင်မှာ ရှိတဲ့ လေထုအရည်အသွေးဟာ မြန်မာနိုင်ငံရဲ့ ဥပဒေမှာ ခွင့်ပြုထားတဲ့ သတ်မှတ်ချက်တွေထက် ကျော်လွန်နေတာ တွေ့ရတယ်။ ပြီးတော့ နောက်တချက် စိုးရိမ်စရာကောင်းတာက ဒီလိုစက်ရုံမျိုးက ထုတ်လွှတ်တဲ့ မီးခိုးထဲမှာ လူကို တော်တော်အန္တရာယ်ဖြစ်စေတဲ့ PM 2.5 လို အမှုန်အမွှားတွေကို စနစ်တကျ နမူနာယူ လေ့လာသုံးသပ်ထားတာတွေ အစီရင်ခံစာထဲမှာ မပါဘူး” လို့ ဦးအောင်ကျော်မိုးက ဆက်ပြောပါတယ်။
EIA အစီရင်ခံစာ ထုတ်ပြန်ပြီး ECC လက်မှတ်ရရှိပြီးမှ စက်ရုံကို ဆက်လက်လည်ပတ်ရမှာ ဖြစ်ပေမယ့် EIA လုပ်ဆောင်နေဆဲ အဆင့်မှာ စက်ရုံလည်ပတ်နေတာ မှားယွင်းနေကြောင်း ဦးအောင်ကျော်မိုးက ထောက်ပြပြောဆိုပါတယ်။ လေထုညစ်ညမ်းမှု၊ ရေအရင်းအမြစ် ညစ်ညမ်းမှု၊ ထပ်ဆင့်အကျိုးဆက်အဖြစ် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို တီကျစ်ဒေသခံတွေ တီကျစ်ဒေသခံတွေ ကာလရှည်ကြာ ခံစားနေခဲ့ရတာ ဖြစ်လို့ စက်ရုံလည်ပတ်ခွင့်ကို ထပ်မံသက်တမ်း တိုးမပေးဘဲ ပိတ်သိမ်းဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။
အရင် အစိုးရက စက်ရုံလည်ပတ်ဖို့ လုပ်ကိုင်ခွင့်ပြုခဲ့တာ ဆိုပေမယ့် လက်ရှိအစိုးရ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာမှု ရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝများ ထိခိုက်နိုင်ခြေစတဲ့ အချက်တွေကို စိစစ် စစ်ဆေး ကြပ်မတ်မှုတွေ ပြုလုပ်ပြီး ပြည်သူတွေအတွက် ဆိုးကျိုးတွေ များပြားနေရင်၊ ဒေသခံတွေရဲ့ သဘောတူညီချက် မပါရင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ညှိနှိုင်းဆောင်ရွက်ပေးသွားရင် ပိုမိုကောင်းမွန်မယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ ဆိုရင် ၂၀၁၉ ခုနှစ် သြဂုတ် အတွင်း ပတ်ဝန်းကျင်နဲ့ လူမှုဘဝများအတွက် ဆိုးကျိုးဖြစ်စေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၈၄ ရုံ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာ (Clean Coal Technology) ကို အမေရိကန်လို နိုင်ငံမှာတောင် မလုပ်ဆောင်နိုင် သေးဘူးလို့ ပညာရှင်တွေက ပြောဆိုပါတယ်။
MATA အဖွဲ့က ဦးအောင်ကျော်မိုးက “ကောင်းမွန်တဲ့ စီမံကိန်း ဖြစ်ဖို့ အစိုးရက ကြီးကြပ်ရမယ့်အစား ဥပဒေကို မျက်ကွယ်ပြုပြီး အစိုးရတရပ်ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက အလုပ် လုပ်မယ် ဆိုရင် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု မဖြစ်နိုင်ပါဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိပါဘူး” လို့ ဝေဖန်လိုက်ပါတယ်။
တီကျစ်ဒေသခံတွေကတော့ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀တွေကို နက်နက်ရှိုင်းရှိုင်း ထိခိုက်နေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံလည်ပတ်မှု ပိတ်သိမ်းမယ့် နေ့ကိုသာ အဆိပ်သင့် မီးခိုးတွေ ရှူရှိုက်ရင်း မျှော်လင့်နေရပါတော့တယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦး ဖြစ်သည်။)
You may also like these stories:
ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည်
ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို
၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို