မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

ရှောင်ဘိန်း
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နယ်ခြားကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ အမျိုးသမီးတဦး / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သော ရာဇဝတ်မှုများပါဝင်နိုင်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှ အလေးထားရမည့် ကိစ္စတရပ်ဖြစ်ပေသည်။ သို့ရာတွင် လက်ရှိ အစိုးရ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရေးပြုလုပ်ခြင်းနှင့် တရားစွဲအရေးယူခြင်းဖြင့် နိုင်ငံတကာဥပဒေနှင့် စံနှုန်းများနှင့်အညီ တာဝန်ယူ တာဝန်ခံမှုရှိစေရန်နှင့် ဥပဒေအရ ပြန်လည်ကုစားမှု ပေးနိုင်ရန် ဖော်ပြပါရာဇဝတ်မှုများကို အရေးယူဆောင်ရွက်ရမည့် အစိုးရတရပ်၏ တာဝန်များကို ပျက်ကွက်လျက် ရှိပါသည်။ ထိုအခြေအနေကို တုံ့ပြန်သည်အနေဖြင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား တရားရေးရာဆောင်ရွက်မှုအချို့သည် အရှိန်တခုရလာနေပြီ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်အဖွဲ့၏ နိုင်ငံတကာဥပဒေဆိုင်ရာ ကျွမ်းကျင်မှု အပေါ် အခြေခံလျက် ဤဆောင်းပါးသည် လက်ရှိဆောင်ရွက်လျက်ရှိသော တရားရေးရာဆောင်ရွက်မှုလုပ်ငန်း သုံးခု၏ နောက်ဆုံးအခြေအနေကို သုံးသပ်တင်ပြသွားမည် ဖြစ်ပါသည်။

ပထမတခုမှာ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို ဖွဲ့စည်းတည်ထောင်လိုက်ခြင်းဖြစ်သည်။ ဒုတိယမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court) ၏ စုံစမ်းစစ်ဆေးမှုဖြစ်ပြီး တတိယမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) မှ မျိုးနွယ်စုတစုအား မျိုးဖြုတ်ခြင်းဆိုင်ရာ သ‌ဘောတူစာချုပ် (Genocide Convention) အရ အမှုဖွင့်ခြင်း စသည်တို့ဖြစ်ပါသည်။

ရှေးဦးစွာ နောက်ခံအကြောင်းရင်းအနေဖြင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏တွေ့ရှိချက်များနှင့် ထိုအချက်အလက်များအပေါ် မြန်မာအစိုးရ၏တုန့်ပြန်မှုများကို တင်ပြသွားမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists) သည် ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်သော အစိုးရမဟုတ်သောအဖွဲ့စည်းတရပ် ဖြစ်ပါသည်။ မိမိတို့သည် နယ်သာလန်တွင် တရားရုံးရှိသော အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် သီးခြားစီဖြစ်ပါသည်။

အချက်အလက်ရှာဖွေရေးအဖွဲ့၏တွေ့ရှိချက်များနှင့် ထိုအချက်အလက်များအပေါ် အစိုးရ၏တုန့်ပြန်မှု

၂၀၁၇ မတ်လတွင် ကုလလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ (the Independent International Fact-Finding Mission – FFM) သည် စတင်တည်ထောင်ပြီး ၂ နှစ်ခွဲကြာပြီးသည့်နောက် ယင်း၏ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး ရုံးခန်းများကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ FFM ကို အင်ဒိုနီးရှား၊ ဩစတေးလျ နှင့် သီရီလင်္ကာနိုင်ငံတို့မှ ကျွမ်းကျင်သူများမှ ဦးဆောင်ခဲ့ပြီး ယင်းအဖွဲ့ကို ကမ္ဘာတဝန်းမှ သုတေသီများနှင့် ရှေ့နေများမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည်။

FFM သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး နှင့် သီးခြားစီဖြစ်ပါသည်။ ထိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကို လူ့အခွင့်အရေးကောင်စီမှ ၁၉၉၂ ခုနှစ်ကတည်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေးမှူးသည် နိုင်ငံတဝန်းရှိ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရသည့်ကိစ္စရပ်များကို ကျယ်ပြန့်စွာ စောင့်ကြည့်ပြီး ပုံမှန်အစီရင်ခံစာများ ရေးသားထုတ်ပြန်ရပါသည်။

လူ့အခွင့်အရေးအခြေအနေများ ပြောင်းလဲဖြစ်ပေါ်မှုများကြောင့် FFM ၏ သက်တမ်းကို နှစ်ကြိမ်တိုးမြှင့်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ငြင်းပယ်ခံခဲ့ရသော်လည်း နည်းပညာအကူအညီနှင့် ဒေသတွင်းသို့ သွားရောက်မှုကြောင့် လူ့အခွင့်အရေးများချိုးဖောက်ခံခဲ့ရသူ ၁၀၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး နိုင်ငံအတွင်းမှ အခြား လူပေါင်း ၁၀၀ ကျော်နှင့် တွေ့ဆုံနိုင်ခဲ့ပါသည်။

FFM သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာအချို့ကို ရေးသား ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၄၄၄ မျက်နှာရှိသော ယင်း၏အစီရင်ခံစာတွင် “အခြေအနေကိုထပ်ဟပ်စေသောကိစ္စရပ်” သုံးရပ်ကို အဓိကထား တင်ပြထားပါသည်။ ယင်းတို့မှာ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ အခြေအနေ နှင့် ဒီမိုကရေစီဘောင်နှင့် မူလအခွင့်အရေးများအားလေးစားလိုက်နာမှု အခြေအနေတို့ ဖြစ်ကြပါသည်။

၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ယင်း၏အစီရင်ခံစာများမှာ ပဋိပက္ခဒေသရှိ လိင်အကြမ်းဖက်မှုများနှင့် တပ်မတော်၏ အကျိုးစီးပွား စသည့် အကြောင်းအရာများကို အာရုံစိုက်ပြီး တင်ပြခဲ့ကြပါသည်။ ထို့အပြင် တပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကရင်၊ ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ ပြည်သူများ၏ လူ့အခွင့်အရေးများ အပေါ်သက်ရောက်မှုတို့ကိုလည်း သုံးသပ်တင်ပြထားပါသည်။

ထိုအစီရင်ခံစာများ၏ အဓိကတွေ့ရှိချက်များမှာ (၁) အလွန်ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းချိုးဖောက်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နှင့် မျိုးနွယ်စုတစုအား မျိုးဖြတ်မှု အပါအဝင် နိုင်ငံတကာဥပဒေအရ လေးနက်သောရာဇဝတ်မှုများ အများစုဖြစ်နေခြင်း၊ (၂) ထိုရာဇဝတ်မှုများမှာ တနိုင်ငံလုံးအတိုင်းအတာထိ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေသကဲ့သို့ဖြစ်နေကာ ဒီမိုကရေစီစနစ်နှင့် တရားဥပဒေစိုးမိုးရေးတို့ကို ခြိမ်းခြောက်လျက်ရှိနေခြင်း၊ (၃) ထိုအခြေအနေကို ဖြေရှင်းရန် လိုအပ်သလို ဆောင်ရွက်ရန် လိုအပ်သည့် အချက်များမှာလည်း အထူးအဆန်း မဟုတ်ပေ။

ယင်းတို့၏ သုတေသနတွင် ရှာဖွေတွေ့ရှိခဲ့သော လူ့အခွင့်အရေးများအား ချိုးဖောက်မှုများကို ဖြေရှင်းရန် အစီရင်ခံစာတခုချင်းစီတွင် FFM သည် လိုအပ်သော ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များကို ထည့်သွင်း အဆိုပြု တင်ပြထားပါသည်။ အထူးသဖြင့် အဓိက အကြံပြုချက်များမှာ အရပ်ဘက်နှင့်စစ်ဘက် မြန်မာအစိုးရတာဝန်ရှိသူများ (နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေးများကို လေးစားကာကွယ်ဖို့ရန် နှစ်ဖက်စလုံးတွင် ပူးတွဲတာဝန်ရှိပါသည်) နှင့် သက်ဆိုင်ပါသည်။

FFM သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်း၊ အစိုးရမဟုတ်သော အခြားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့စည်းများနှင့် မြန်မာနိုင်ငံတွင် စီးပွားရေး ဆောင်ရွက်နေသည့် ကုမ္မဏီများအတွက် အကြံပေးချက်များကိုလည်း တင်ပြထားပါသည်။ FFM ၏အကြံပေးချက်များကို အလေးပေးစဉ်းစားဖို့ရန်နှင့် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်ရန် ယင်းအဖွဲ့တဖွဲ့စီတိုင်းတွင် တာဝန်ရှိပါသည်။

FFM ၏ ချဉ်းကပ်မှုနှင့် ယင်း၏ အစီရင်ခံစာများမှာ ဘက်လိုက်ပြီး မှားယွင်းမှုရှိနေသည် ဟုဆိုကာ မြန်မာအစိုးရသည် FFM ၏တွေ့ရှိချက်များကို အစဉ်တစိုက်ငြင်းဆိုခဲ့ပါသည်။ သို့ရာတွင် FFM မှ ထိတွေ့ဆက်ဆံခဲ့သော မြန်မာပြည်မှ လူအများစုသည် ထိုအချက်ကို သဘောမတူကြပေ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်အဖွဲ့သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကမ္ဘာတဝန်း နိုင်ငံအများစုသည်လည်း FFM ၏တွေ့ရှိချက်များကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံ၏ တုန့်ပြန်မှုကို သဘောမတူကြပေ။ ထင်ရှားအောင်ပြရမည်ဆိုလျှင် ယခုလကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ ထောက်ခံခဲ့ကြပါသည်။

ထိုဆိုးဝါးသော ရာဇဝတ်မှုများကို ထိထိရောက်နှင့် စနစ်တကျ စုံစမ်းစစ်ဆေးရန် အာဏာပိုင်များတွင် သီးခြားလွတ်လပ်မှု၊ ကျွမ်းကျင်မှုနှင့် လိုလားမှု ရှိရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပုံမှန်တရားစီရင်ရေး ယန္တရားကြီးမှာ ထိုအချက်များနှင့် ပြည့်စုံနေခြင်းမရှိပေ။

စစ်ဘက်တရားရေးစနစ်သည်လည်း ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။ ရခိုင်ပြည်နယ် အင်းဒင်ရွာရှိ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို သတ်ဖြတ်ခဲ့သော အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှု နှင့် စပ်လျဉ်းပြီး ပြစ်မှုထင်ရှားတွေ့ရှိခဲ့သော စစ်သားများကို စောလျင်စွာ ပြန်လည်လွှတ်ပေးခဲ့မှု သာဓကမှာ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားစွဲအရေးယူရာတွင် အရပ်ဘက်တရားစီရင်ရေးတွင်သာ လုပ်သင့်သည့် အကြောင်းရင်း တရပ်ဖြစ်လာပေသည်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများကို တုံ့ပြန်သည့်အနေဖြင့် ပြည်တွင်းတွင် အထူးဆောင်ရွက်ချက် ၂ ရပ်ကို အကောင်ထည်ဖော်ခဲ့ပါသည်။ ပထမတခုမှာ ၂၀၁၈ ခုနှစ် မေလတွင် သမ္မတရုံး၏ကြေညာချက်ဖြင့် ဖွဲ့စည်းခဲ့သော “လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်” ဖြစ်ပြီး ဒုတိယတခုမှာ ၂၀၁၉ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သော စစ်ဘက်ရေးရာ အထူးခုံရုံးဖြစ်သည်။ နှစ်ခုစလုံးသည် အရေးပါသော အစီရင်ခံစာများ အများပြည်သူထံသို့ ထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့အပြင် ထို့အဖွဲ့များတွင်ပါဝင်သော အဖွဲ့ဝင်များနှင့် အဖွဲ့၏ လုပ်ပိုင်ခွင့်တာဝန်များသည် သီးခြားလွတ်လပ်မှုနှင့် ဘက်မလိုက်မှု အခြေခံစံနှုန်းများကို ပြည့်မှီခြင်း မရှိပေ။ နှစ်ဖွဲ့စလုံးသည် ရခိုင်ပြည်နယ်ပြင်ပရှိအခြေအနေ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသော မြောက်ပိုင်းဒေသရှိ ပြည်နယ်များ နှင့် ပတ်သက်သည့် FFM ၏ ရှာဖွေတွေ့ရှိချက်များကို ထည့်သွင်း စဉ်းစားခြင်း မရှိပေ။ အမှန်တရားကိုဖော်ထုတ်ခြင်း၊ တာဝန်ခံ တာဝန်ယူမှုရှိအောင် ဆောင်ရွက်ခြင်းနှင့် တရားမျှတမှုရှိအောင် အခြားဆောင်ရွက်ချက်များကို ရိုးရိုးသားသား အကောင်ထည်ဖော်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ နိုင်ငံတကာ ဖိအား‌ပေးမှုများကို တုန့်ပြန့်သည့်အနေဖြင့် ဖွဲ့စည်းထားသည့် ပုံစံဖြစ်နေပါသည်။ ယင်းမှာ နိုင်ငံတကာအသိုင်းအဝန်းမှ အခြားပုံစံများဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ရခြင်း၏ အဓိက အကြောင်းရင်းတရပ်ဖြစ်ပါသည်။ ထိုဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြသွားပါမည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ (IIMM)

FFM ၏ အကြံပေးချက်များကိုအခြေခံပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကုလလူ့အခွင့်အရေး ကောင်စီသည် IIMM ကို ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ IIMM သည် FFM နှင့် သီးခြားစီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆီးရီးယားအပေါ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့် တူညီပါသည်။

နိုင်ငံတကာဥပဒေအရ အလွန်ဆိုးဝါးသောရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို နိုင်ငံတွင်း၊ ဒေသတွင်း (သို့) နိုင်ငံတကာရာဇဝတ်ရုံး (သို့မဟုတ်) ခုံရုံးများတွင် တရားစွဲအရေးယူနိုင်ဖို့ရန်အတွက် သက်သေအထောက်အထားများ စုစည်းပြီး အမှုကိုတည်ဆောင်ရန် IIMM ကို တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါသည်။ ယင်း၏ လုပ်ပိုင်ခွင့်ထဲတွင် ၂၀၁၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံအတွင်း၌ မည်သည့်နေရာဒေသတွင်မဆို ပေါ်ပေါက်ခဲ့သော၊ ဆက်လက်ဖြစ်ပေါ်နေသော ရာဇဝတ်မှုများ အားလုံးပါဝင်ပါသည်။

တနိုင်ငံလုံး အတိုင်းအတာအထိဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ရသည့် ရည်ရွယ်ချက်မှာ ကျူးလွန်မှုခံခဲ့ရသူ အဖွဲ့အားလုံး၏ အခြေအနေကို ထည့်သွင်းစဉ်းစားနိုင်ရန်ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်အား ကာလသတ်မှတ်မှုသည် စုံစမ်းစစ်ဆေးရေးမှုးများသည် ယင်းတို့၏ အကန့်အသတ်ရှိသော အရင်းအမြစ်များကို ထိရောက်သောအမှု တည်ဆောက်နိုင်ရန် မနှောင်းသောကာလတွင် ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများအတွက်သာ အာရုံစိုက်ဆောင်ရွက်စေဖို့ဖြစ်ပါသည်။ သို့မှသော ခိုင်လုံသောသက်သေ အထောက်အထားများကို စုစည်းနိုင်ပြီး အမှုကို တည်ဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၁ အရှေ့ပိုင်း ဥပမာ သမိုင်းဝင် ၁၉၈၈ (သို့) ၁၉၆၂ ခုနှစ်တို့သည် ဤကဲ့သို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးပုံစံဖြင့် ဆောင်ရွက်နိုင်မှု၏ ဘောင်ပြင်ပသို့ရောက်ရှိနေပါသည်။

IIMM သည် FFM မှရရှိခဲ့သော အချက်အလက်များကို ယင်း၏ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအတွက် အသုံးပြုသွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ဆောင်ရွက်သင့်သော ဥပဒေနှင့် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးမည့် ပုံစံမရှိပေ။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ အနာဂတ်တွင် ဆောင်ရွက်လာနိုင်သော မျှတသော တရားစီရင်မှု စံနှုန်းများကို လိုက်နာသော တရားရုံးများတွင် တရားစီရင်စစ်ဆေးမှုများအတွက် အမှုများတည်ဆောက်ရန်ဖြစ်ပါသည်။

IIMM ကိုယ်နှိုက်တွင် တရားရုံးမရှိသလို မည်သူတဦးတယောက်ကိုမျှ ဖမ်းဆီးပြီး ရုံးတင်စစ်ဆေး၍ မရပေ။ ထိုတရားစီရင်စစ်ဆေးမှုကို လက်ခံနိုင်မည့် နိုင်ငံများတွင် နိုင်ငံတကာဥပဒေများအရ အလွန်ဆိုးဝါးသော ရာဇဝတ်မှုများအပေါ်တွင် ယင်းတို့၏ နိုင်ငံတွင်းဥပဒေအရ တာဝန်ရှိစေပြီး ယင်းတို့၏နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို ရုံးတင် တရားစွဲနိုင်ပြီး (အလုံးစုံစီရင်ခွင့် (universal jurisdiction) ဟုခေါ်ဆိုသည်) ထိုကဲ့သို့လုပ်ဆောင်ဖို့ရန် လိုလားသည့် နိုင်ငံများ ပါဝင်နိုင်ပါသည်။ (ယင်းသဘောတရားအရ တွန်းအားပေးဆောင်ရွက်သူများသည် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်များကို ဩစတြေးလျ နှင့် အာဂျင်တီးနား တို့တွင်တရားဆွဲဆိုရန် ဆောင်ရွက်လျက် ရှိကြသည်။)

နောက်ထပ်နည်းလမ်းတခုမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး (International Criminal Court – ICC) ဖြစ်ပြီး ICC သည် လက်ရှိတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကို စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ နောက်တနည်းမှာ သီးခြားအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး ဖွဲ့စည်းခြင်းဖြစ်သည်။

အနာဂတ်တွင် IIMM ၏ အမှုဖိုင်တွဲများကို မြန်မာနိုင်ငံအတွင်း၌ တရားစီရင်စစ်ဆေးမှုများ အတွက်လည်း အသုံးပြုနိုင်ပေသည်။ သို့ရာတွင် ပြည်တွင်း၌ဆောင်ရွက်သည့် တရားစီရင်မှုများသည် တရားမျှတမှု စံနှုန်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး ကျူးလွန်ခံခဲ့ရသူများနှင့် လူသက်သေများကို အကာကွယ်ပေးနိုင်ရပေမည်။ ယခင်နိုင်ငံတကာအတွေ့အကြုံများအရ ယင်းသည် ဖြစ်နိုင်ဖွယ်ရှိပါသည်။ သို့သော် လက်တလောတွင် ဆောင်ရွက်နိုင်ဖွယ်မရှိသေးပေ၊။

၂၀၁၉ ခုနှစ် ဇူလိုင်လတွင် IIMM ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်သည် ယင်းလုပ်ငန်းစဉ်အား အကောင်ထည်ဖော်ရမည့်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။ အတွေ့အကြုံရှိသော နိုင်ငံတကာ တရားစွဲရှေ့နေ့တစ်ဦးဖြစ်သည် နီကိုလတ်စ်ခွန်ဂျန်သည် လက်ရှိတွင် အဖွဲ့ဝင် ၂၀ ဦးခန့်ပါဝင်သော အဖွဲ့ကိုဦးဆောင်လျက်ရှိပါသည်။ ယင်းအဖွဲ့သည် စုံစမ်းစစ်ဆေးရေးမှုးများ၊ စိစစ်သူများ၊ ဘာသာပြန်များ နှင့် ရှေ့နေများစသဖြင့် အဖွဲ့ဝင် ၆၀ ဦးခန့်အထိ ရှိလာနိုင်ပါသည်။

IIMM သည် ဂျနီဗာမြို့တွင် အခြေစိုက်ပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခံထားရပြီး ကျူးလွန်ခံခဲ့ရသူများနှင့် သတင်းအချက်အလက်များ ပေးနိုင်သူများထံသို့ နီးစပ်နိုင်သမျှ နီးစပ်အောင် ကြိုးစားလျက်ရှိပါသည်။ ယင်း၏ အဖွဲ့ဝင်များသည် အထူးသဖြင့် အာရှတွင်း နိုင်ငံတော်အစိုးရများ၊ အရပ်ဘက်အဖွဲ့စည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို မဖြစ်မနေအားထားရမည်ဖြစ်ပြီး အခြား အားထားရနိုင်သော သက်ဆိုင်ရာ‌ လုပ်ငန်းအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရပေမည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်ရုံး (ICC)

မြန်မာနိုင်ငံသည် ICC အား ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရောမသဘောတူညီချက်တွင် ပါဝင်သော နိုင်ငံတနိုင်ငံ မဟုတ်ပေ။ ထိုကြောင့် ကုလလုံခြုံရေးကောင်စီမှ ညွှန်းဆိုလာသည့်အမှုကလွဲလျှင် ICC သည် ယေဘုယျအားဖြင့် မြန်မာနိုင်ငံအတွင်း၌ဖြစ်ပွားသော ရာဇဝတ်မှုများကို စီရင်ပိုင်ခွင့်မရှိပေ။ ပထဝီနိုင်ငံရေး အခြေအနေကြောင့် ကုလလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအမှုကို ညွှန်းဆိုလာခြင်း မရှိပေ။ မြန်မာအစိုးရကိုယ်၌ ဖြစ်ပေါ်ခဲ့သောအခြေအနေကို ICC ထံ တင်ပြနိုင်သော်လည်း လက်ရှိတွင် ယင်းမှာဖြစ်နိုင်ဖွယ် မရှိ‌ပေ။

ထိုကဲ့သို့ စီရင်ပိုင်ခွင့် ကန့်သတ်ချက်များ ရှိသော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ICC သည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ အခြေအနေများကို ပြည့်စုံစွာ စစ်ဆေးဖို့ရန် ခွင့်ပြုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရောမသဘောတူညီချက်ကို အတည်ပြုထားသောနိုင်ငံဖြစ်သည့်အတွက် ယင်း၏ပိုင်နက်အတွင်းတွင် ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများသည် ICC ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိပါသည်။

ICC စီရင်ပိုင်မှု၏ ဥပဒေအခြေခံ အကြောင်းရင်းမှာ “လူအမြောက်အများကိုအတင်းအကျပ် ရွှေ့ပြောင်းသော ရာဇဝတ်မှု” သည် မြန်မာနိုင်ငံတွင် စတင်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် တသန်းခန့်သည် နိုင်ငံတကာ နယ်နိမိတ်စည်းမျဉ်းကို ကျော်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ဝင်ရောက်လာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိနေသောကြောင့် ဖြစ်သည်။ ယင်းရာဇဝတ်မှု၏ တစိတ်တပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော်ကြောင့် ICC မှ စီရင်ပိုင်ခွင့်ရှိခြင်းဖြစ်သည်။ လူအမြောက်အမြားကို ဖိနှိပ်သောရာဇဝတ်မှု အပါအဝင် အခြားစွပ်စွဲထားသော ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနိုင်ပေသည်။

လက်ရှိအခြေအနေတွင် ဤလုပ်ငန်းစဉ်၏ အဆင့် ၅ ဆင့်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပထမအဆင့်မှာ ၂၀၁၈ ခုနှစ် ဧပြီလတွင် ICC ၏ ရှေ့နေချုပ် ဖတူးဘန်ဆူဒါသည် ယင်း၏ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအဓမ္မရွေ့ပြောင်းခံရမှုအပေါ် စီရင်ပိုင်ခွင့်၏ ဥပဒေအခြေခံ အကြောင်းရင်းကို ICC ၏ တရားသူကြီးများမှ သဘောတူ မတူ လျှောက်ထားမေးမြန်းခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်အပါအဝင် အဖွဲ့အစည်းအတော်များများသည် ထိုလျှောက်လဲချက်ကို amicus curaie (ရုံးတော်၏မိတ်ဆွေများ) အဖြစ် ထောက်ခံလျှောက်လဲမှုများကို တင်သွင်းခဲ့ကြပါသည်။

ဒုတိယအချက်အနေဖြင့် ICC ဤရာဇဝတ်မှုအပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း အစိတ်အပိုင်း (သို့) တစိတ်တဒေသ ဖြစ်ပွားခဲ့သော အခြားရာဇဝတ်မှုများကိုလည်း ICC သည် စီရင်ပိုင်ခွင့်ရှိကြောင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ရုံးတော်၏တရားခွင်အကြိုတရားသူကြီးများအဖွဲ့မှ သုံးသပ်ဆုံးဖြတ်ခဲ့ပါသည်။

တတိယအချက်မှာ ယင်းဆုံးဖြတ်ချက်ကြောင့် စွပ်ဆွဲထားသောရာဇဝတ်မှုမှာ စုံစမ်းစစ်ဆေးရေးဆောင်ရွက်ဖို့ရန် လို မလိုကို ထပ်မံ သုံးသပ်ရန်နှင့် ပြည်တွင်းရှိ အာဏာပိုင်များမှ ထိုစုံစမ်းစစ်ဆေးမှုဆောင်ရွက်ရန် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်မှု ရှိ မရှိ သိရှိရန် တရားစွဲရှေ့နေမှ ဖြစ်ပွားခဲ့သော အခြေအနေကို “အကြိုလေ့လာသုံးသပ်ခြင်း” စတင်ဆောင်ရွက်ခဲ့ပါသည်။

စတုတ္ထအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် တရားစွဲရှေ့နေသည် ယင်း၏အစီရင်ခံစာကို ရုံးတော်သို့ တင်ပြခဲ့ပြီး အစီရင်ခံစာတွင် စွပ်ဆွဲချက်များမှာ ခိုင်လုံမှုရှိသည်က တကြောင်း၊ အခြေအနေမှာ စိုးရိမ်ရပြီး ပြည်တွင်းရှိ အာဏာပိုင်များမှာ စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရန် မလိုလားသည်က တကြောင်း အလုံးစုံ စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရန် ခွင့်ပြုချက်ပေးသင့်ကြောင်း ရုံးတော်ကို အကြံပြုတင်ပြခဲ့ပါသည်။ ယင်းအချိန်တွင် ကျူးလွန်ခံခဲ့ရသူများသည် ယင်းတို့၏ အမြင်များကို ရုံးတော်၏တရားခွင်အကြို တရားသူကြီးများအဖွဲ့မှ လက်ခံစဉ်းစားနိုင်ရန် တင်ပြနိုင်သည့် အခွင့်အလမ်းရရှိခဲ့ပါသည်။

ပဉ္စမအချက်အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရုံးတော်မှ ဘင်္ဂလားဒေ့ရှ်/မြန်မာ နယ်စပ်ဖြတ်ကျော်မှုရှိသော ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စွပ်စွဲထားသည့်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးဖို့ရန် ခွင့်ပြုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်တွင် အခြားအဖွဲ့အစည်းများမှ ဆောင်ရွက်ခဲ့သော ရာဇဝတ်မှုနှင့်ပတ်သတ်သည့် ခိုင်လုံသော အချက်အလက်များကို အသိမှတ်ပြုခဲ့ပြီး ပြည်တွင်းအာဏာပိုင်များမှ ယုံကြည်ရသောစုံစမ်းစစ်ဆေးမှု တစုံတရာ ဆောင်ရွက်မှုမရှိသေးသည်ကိုလည်း မှတ်ချက်ပြုခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးကို အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် ယင်းလုပ်ငန်းစဉ်၏ နောက်ထပ်အဆင့် တခုကို စတင်အကောင်ထည်ဖော်လျက်ရှိပြီး ကျွမ်းကျင်သော ရာဇဝတ်မှုစုံစမ်းစစ်ရေးမှုးများမှာ အမှု အခြေအနေကို လေ့လာလျက်ရှိပါသည်။ အရေးကြီးသည့်အချက်မှာ ရာဇဝတ်မှုများကို တာဝန်ရှိသူများ ဥပမာ အမိန့်ပေးခဲ့သော (သို့) သွယ်ဝိုက်ပြီး တာဝန်ရှိသော အစိုးရထဲရှိ ထိပ်တန်းပုဂ္ဂိုလ်များကို ချိတ်ဆက်ဖို့ဖြစ်သည်။ ခိုင်လုံသောအမှုများကို တည်ဆောက်နိုင်ပြီး ကျူးလွန်ခဲ့သူများကို ဖော်ထုတ်နိုင်ခဲ့လျင် ဖမ်းဝရမ်းကို ထုတ်ပြန်နိုင်ပါသည်။

ICC တွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသည့်အတွက် ဖမ်းဝရမ်းကိုဆောင်ရွက်နိုင်ဖို့ရန် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ဝရမ်းထုတ်ခံရသူအား ICC ၏ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံသို့ ပို့ဆောင်ရန် လိုအပ်ကောင်း လိုအပ်ပေမည်။ အဆင့်တိုင်းသည် ရှုပ်ထွေးပြီး မမျှော်မှန်းနိုင်သလို အချိန်ကြာရှည်နိုင်ပါသည်။

တခါတလေ ထိုလုပ်ငန်းစဉ်မှာ ဆူဒန်အမှုလို မအောင်မမြင်ဖြစ်ကာ ICC ဝရမ်းထုတ်ထားသော်လည်း ထိုအချိန်က သမ္မတဖြစ်သော အိုမာအလ်ဘာရှာသည် လွတ်လပ်စွာ သွားလာနိုင်ခဲ့ပါသည်။ ဖမ်းဆီးမှုနှင့် တရားစွဲအရေးယူမှုတို့ကို ဖယ်ကာ ထိုကဲ့သို့ဆောင်ရွက်မည်ဆိုသည့် သတိပေးရုံဖြင့် အနာဂတ်တွင် ထိုကဲ့သို့ ပြစ်မှုများ ထပ်မံ မဆောင်ရွက်လာရန် နိုင်ငံရေးအရ တွက်ချက်မှုများကို လွှမ်းမိုးပြောင်းလဲနိုင်ပေသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)

နိုင်ငံအများအပြားနှင့် လွတ်လပ်သော စောင့်ကြည့်လေ့လာသူများသည် ရိုဟင်ဂျာကိစ္စရပ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံမှ ယင်းလက်မှတ်ရေးထိုးပါဝင်သော ၁၉၄၈ ခုနှစ် မျိုးနွယ်စုတစုအား မျိုးဖြုတ်ခြင်း ပြစ်မှုတားဆီးရေး သဘောတူညီချက်ပါ အချက်များကို ချိုးဖောက်ခဲ့သည်ဟု ထောက်ပြကြပါသည်။ ဤသဘောတူညီချက်သည် အစိုးရများကို မျိုးနွယ်စုတစုအား မျိုးဖြုတ်ခြင်းကို တားဆီးရန် ကာကွယ်ဖို့ရန် တာဝန်ရှိစေပါသည်။

မြန်မာနိုင်ငံကို ထိုသဘောတူညီချက်ပါအချက်များကို လိုက်နာဖို့ရန် တွန်းအားပေးသည့် အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အခြားနိုင်ငံများ၏ တိုက်တွန်းမှုကြောင့် သဘောတူညီချက်အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်သော ဂမ်ဘီးယားနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စောဒကတက်ခဲ့ပါသည်။

နိုင်ငံတနိုင်ငံနှင့် တနိုင်ငံကြား အငြင်းပွားမှုများနှင့် နိုင်ငံတကာဥပဒေဆိုင်ရာမေးခွန်းများကို စီရင်ဆုံးဖြတ်ရန် အဓိကတာဝန်ရှိသော အပြည်ပြည်ဆိုင်ရာတရားရုံးကို တခါတရံ ကမ္ဘာအဆင့်မြင့်ဆုံး တရားရုံး ဟု ခေါ်ဝေါ်ကြပါသည်။ ပြစ်မှုများကို ကျူးလွန်သူတို့၏ ပုဂ္ဂလိက တာဝန်ခံ တာဝန်ယူမှုကို ဖော်ဆောင်ရန် တာဝန်ရှိသည့် IIMM နှင့် ICC တို့နှင့် လုံးဝတူညီခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာတရားရုံးသည် နိုင်ငံတော်အစိုးရမှ တာဝန်ရှိမှုကို ဆောင်ရွက်ပါသည်။

ICJ သည် ပုဂ္ဂိုလ်တဦးချင်စီ၏ ရာဇဝတ်မှု အပေါ် တာဝန်ရှိမှုကို စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ ICJ သည် အာဏာတည်သော စီရင်ချက်များ ချမှတ်နိုင်ပြီး ICJ ၏ တရားသူကြီးများသည် အစိုးရများကို လျော်ကြေးပေးစေခြင်း၊ ရာဇဝတ်မှုအရ အရေးယူခြင်းနှင့် ကြိုတင်ကာကွယ်မှုဆောင်ရွက်ခြင်းတို့အပါအဝင် ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကို အမိန့်ချမှတ်နိုင်ပေသည်။ အငြင်းပွားနေသော အမှုများအပေါ် ICJ ၏ စီရင်ချက်ကို သက်ဆိုင်သူအားလုံးမှ ဥပဒေအရ လိုက်နာရန် လိုအပ်ပေသည်။

ICJ သည် မျိုးနွယ်စုတစုအား မျိုးဖြုတ်ခြင်း ဖြစ်ပွားခဲ့ခြင်း ရှိ မရှိနှင့် မြန်မာအစိုးရမှ ယင်းလုပ်ရပ်အတွက် တာဝန်ရှိ မရှိကို သုံးသပ်ဆုံးဖြတ်နိုင်ပါသည်။ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် ဂျီနိုဆိုက် သဘောတူညီချက်အား တနည်းနည်းဖြင့် လိုက်နာရန်ပျက်ကွက်ခဲ့ကြောင်း (ဥပမာ ထိုဖြစ်ရပ်အား တားဆီးရန် (သို့) အပြစ်ပေးရန် ပျက်ကွက်ခဲ့မှု) ရုံးတော်မှ စီရင်ချက် ချမှတ်နိုင်ပါသည်။

တရားခွင်မှာ နှစ်ပေါင်းများစွာ ကြာရှည်နိုင်သော်လည်း သဘောတူညီချက်အား ချိုးဖောက်နေမှုကို မြန်မာနိုင်ငံမှ ရပ်တန့်ရန်နှင့် တားဆီးဖို့ရန် “ယာယီဆောင်ရွက်ရန် အချက်များ” ကို ရုံးတော်မှ ထုတ်ပြန်ပေးရန်နှင့် ထိုဥပဒေအရ တာဝန်ရှိသော ဆောင်ရွက်ချက်များအား အကောင်အထည်ဖော်မှုကို ရုံးတော်မှ စောင့်ကြည့် အကြံပေးရန် ဂမ်ဘီးယားနိုင်ငံမှ ဦးတိုက်လျှောက်ထားခဲ့ပါသည်။

၂၀၁၆ ခုနှစ်‌ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် တဖန်ပြန်လည်စတင်ခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး” များသည် သတ်ဖြတ်မှု၊ အဓမ္ဓကျင့်မှု နှင့် ရွာများကို ဖျက်ဆီးမှု အပါအဝင် ယင်းတို့ချည်းသာ ဟု ကန့်သတ်မထားသော ကျူးလွန်မှုများဖြင့် ရိုဟင်ဂျာများကို အုပ်စုလိုက် သို့မဟုတ် တစိတ်တဒေသကို ဖျက်ဆီးဖို့ရန်ကြံရွယ်ခဲ့သည်ဟု ဂမ်ဘီးယားနိုင်ငံမှ ဆိုပါသည်။ ယင်းလုပ်ဆောင်မှုများသည် ဂျီနိုဆိုက် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ပြီး မြန်မာနိုင်ငံသည် ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး အမှားအယွင်း တစုံတရာ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ပြန်လည်တုန့်ပြန်ထားကြောင်းကို ဂမ်ဘီးယားနိုင်ငံ၏ “လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ရန်လျှောက်ထားမှု” တွင် ဆိုထားပါသည်။

မြန်မာနိုင်ငံသည် သဘောတူညီချက်ပါ အချက်များကို ချိုးဖောက်ခဲ့ကြောင်း၊ ထိုချိုးဖောက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ကျူးလွန်ခံခဲ့ရသူများအား လျော်ကြေး ပေးခြင်းနှင့် နောက်ထပ် ကျူးလွန်မှု မဖြစ်ပွားဖို့ရန် အာမခံချက်ပေးရမည်ဖြစ်ကြောင်း စသည့်အချက်များပါသည့် ဥပဒေအရကြေညာချက်ကို ရုံးတော်မှထုတ်ပြန်ပေးရန် ဂမ်ဘီးယားနိုင်ငံမှ လျှောက်ထားတောင်းဆိုခဲ့ပါသည်။

စီရင်ချက်ချမှတ်မည့်အချိန်ကာလမှ မမျှော်မှန်းနိုင်သလို နှစ်ပေါင်းများစွာ ကြာနိုင်သည့်အတွက် လက်တလောတွင် ရုံးတော်မှ မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်အချို့ပါဝင်သော ယာယီအမိန့်ကို ထုတ်ပြန်ပေးရန် ဂမ်ဘီးယားနိုင်ငံမှ တောင်းဆိုခဲ့ပါသည်။ ယင်းကိစ္စရပ်များတွင် ဥပဒေမဲ့သတ်ဖြတ်မှုအစ လယ်ယာမြေများ ဖျက်ဆီးခြင်းအလယ် စားနပ်ရိက္ခာများမရှိ အောင်ဆောင်ရွက်ခြင်းအဆုံးစသည့် ချိုးဖောက်မှုများကိုရပ်တန့်ရန်၊ ထိုချိုးဖောက်မှုများ နှင့် သက်ဆိုင်သော အထောက်အထားများ မပျက်ဆီးအောင်ဆောင်ရွက်ရန် နှင့် တိုးတက်မှု အနေအထားကို လေးလအတွင်း ရုံးတော်သို့ ပြန်လည်သတင်းပို့ရန် စသည့်အချက်များ ပါဝင်ပါသည်။

သဘောတူညီချက်တွင် မျိုးနွယ်စုတစုအား မျိုးဖြုတ်ခြင်းပြစ်မှုမြောက်သည့် အချက် ၅ ချက်ပါဝင်ပြီး ယင်းတွင် မျိုးနွယ်စုတစုကို “အလုံးစုံ (သို့မဟုတ်) တစိတ်တပိုင်း ပျက်စီးစေရန် တွက်ဆချိန်ရွယ်ပြီး ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်း” လည်း ပါဝင်ပါသည်။ Genocide ဆိုသော ဝေါဟာရကို အချို့သော ဘာသာပြန်မှုများနှင့် အဓိပ္ပာယ် ဖွင့်ဆို နားလည်မှုများနှင့် မတူညီသည်မှာ ယင်းသည် မျိုးနွယ်စုတခုလုံး ပျောက်ကွယ်သွားအောင်ဆောင်ရွက်ခြင်း ဆိုသည့် ရှုမြင်ချက် ဖြစ်သည်။ (ဥပမာ ဥရောပတွင် Holocaust အတွင်း သန်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသော်လည်း ဂျူးလူးမျိုးများသည် ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ICJ မှ ဂျီနိုဆိုက်လုပ်ခံခဲ့ရသည်ဟု ဆုံးဖြတ်ခဲ့သော ရဝမ်ဒါနိုင်ငံမှ တူဆီ (Tutsi) လူမျိုးများလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။)

ဂျီနိုဆိုက်သဘောတူညီချက်နှင့် ပတ်သက်သော အငြင်းပွားမှုနှစ်မှုကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှ ကြားနားစစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ နှစ်မှုစလုံးမှာ ယခင်ယူဂိုစလားဗီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့် သက်ဆိုင်ပါသည်။ မြန်မာအစိုးရမှ တာဝန်ရှိသူများသည် IIMM နှင့် ICC ကို တုန့်ပြန်ပုံနှင့် မတူညီသည်မှာ ICJ ၏ စီရင်ပိုင်ခွင့်ကို စောဒကမတက်ခဲ့ဘဲ ထိုလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုဖော်ဆောင်ခြင်း

လူသားအားလုံး၏ လူ့အခွင့်အရေးကို လေးစားကာကွယ်ခြင်းသည် မြန်မာအစိုးရ အဖွဲ့အစည်းတိုင်း၏ စံတန်ဖိုးတခုဖြစ်လာဖို့ရန် လိုအပ်ပါသည်။ ယင်းမှာ နိုင်ငံတကာဥပဒေများအရ နိုင်ငံအစိုးရများမှ လိုက်နာရမည့် အချက်ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ ဆိုးဝါးသော ရာဇဝတ်မှုများအား အစိုးရမှ တုံဏိဘာဝေလုပ်နေမှုသည် ရာဇဝတ်မှုများကို ကျူးလွန်သူများကို တစုံတရာ အရေးမယူသည့်အတွက် ထိုသူများအား အားပေးနေသကဲ့သို့ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကို အားနည်းစေ ပါသည်။ ယင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများကို မထိမဲ့မြင်ဆောင်ရွက်ခွင့်ရှိလာစေပြီး လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာရှိနေသော တင်းမာမှုကို ပိုမိုဆိုးဝါးစေပါသည်။

အရပ်ဘက်နှင့် စစ်ဘက်အကြီးတန်းအရာရှိများကို ယင်းတို့လက်အောက်တွင် ပေါ်ပေါက်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမိန့်ပေးခဲ့ခြင်းသော်လည်းကောင်း၊ တားဆီးကာကွယ်ဖို့ရန် ပျက်ကွက်ခဲ့မှုအတွက် သော်လည်းကောင်း ပြန်လည်စဉ်းစားလာစေရန် တွန်းအားပေးရပေမည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများကို တုံ့ပြန်သည့်အနေဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များသည် ရာဇဝတ်မှုများကို တာဝန်ခံ တာဝန်ယူမှုရှိစေရန် နှင့် အစိုးရအား သက်ဆိုင်ရာဥပဒေအရ တာဝန်များကို လိုက်နာစေအောင် ဖိအားပေးခြင်းအပါအဝင် အထက်ဖော်ပြပါ ရည်မှန်းချက်ပြည့်မှီရန်အတွက် အရေးကြီးသည့် ခြေလှမ်းများဖြစ်ပေသည်။

နောက်ဆုံးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်ဖြေရှင်းမှုများသည် နိုင်ငံအတွင်း၌သာ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ သို့ရာတွင် ယင်းမှာ ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတကာဖြေရှင်းမှုများမှာ နိုင်ငံတွင်းတရားဥပဒေလုပ်ငန်းစဉ်အရ အမှန်တရားကို ရှာဖွေဖော်ထုတ်ခြင်း၊ တစုံတရာပေးလျော်ခြင်း၊ စနစ်နှင့် လူမှုရေးအပြောင်းအလဲ နှင့် နိုင်ငံအတွင်း၌ တရားစွဲအရေးယူခြင်း စသည့်ဆောင်ရွက်မှုတို့ကို အပြည့်အဝ အစားထိုးခြင်းတော့ မဟုတ်ပေ။

နိုင်ငံတကာလုပ်ငန်းစဉ်များသည် ထိုဆောင်ရွက်မှုများကို တွန်းအားပေးသော တနည်းအားဖြင့် အထောက်အကူဖြစ်စေသော အရေးကြီးသည့် ခြေလှမ်းများဖြင့် ရှုမြင်သင့်ပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် တရားမျှတမှုတို့ ထွန်းကားခြင်းကို လိုလားသူအားလုံးမှ ထိုဆောင်ရွက်မှုများကို ကြိုဆိုသင့်ပေသည်။

(ရှောင်ဘိန်းသည် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေစိုက်သော အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်အဖွဲ့မှ ဥပဒေအကြံပေးတဦးဖြစ်ပါသည်။ ဤဆောင်းပါး မူရင်းကို အင်္ဂလိပ်ဘာသာဖြင့် How International Initiatives Can Support Peace and Justice in Myanmar တွင် ဖတ်ရှုနိုင်ပါသည်။)

You may also like these stories:

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော

ဝေဖန်သံတွေ တိုးတိတ်သွားအောင် တရားရုံးတွေကို အသုံးချလာနေကြသည်

Did you find apk for android? You can find new Free Android Games and apps.
Loading