ဒေါ်အောင်ဆန်းစုကြည်သည် သဟိဂ်ရှိ နိုင်ငံတကာတရားရုံး (ICJ) သို့ သွားရောက်ပြီး လူမျိုးတုန်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ကို ခုခံကာကွယ်မည့် အဖွဲ့ကို ဦးဆောင်မည်ဆိုသည့် သတင်းသည် မြန်မာပြည်သူများအကြား အံ့သြမှုလှိုင်းဂယက် ဖြစ်စေခဲ့သည်။
ထိုဆုံးဖြတ်ချက်ကို လူမှုကွန်ရက်အသုံးပြုသူများက စိတ်လှုပ်ရှားစွာ ကြိုဆိုကြသည်။ လူအများအပြားမှာ ထိုလုပ်ရပ်သည် မည်သို့အဓိပ္ပာယ် သက်ရောက်သည် ဆိုသည်နှင့် ICJ က ပေးနိုင်ခြေရှိသော အန္တရာယ်ကို သေသေချာချာ မသိကြသော်လည်း ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ သိမ်းကြုံးထောက်ခံပြီး ကရုဏာသက်ကြသည်။
တချိန်တည်းတွင် တချို့သော ထောက်ခံသူများက ထိုဆုံးဖြတ်ချက် မှားယွင်းသည်ဟု ဆိုကြသည်။ မည်သည့်အတွက် အန္တရာယ်ကို ရင်ဆိုင်ပြီး အရှက်တကွဲ အကျိုးနည်းမည်ကို လုပ်သနည်းဟု မေးကြသည်။ တပ်မတော်၏ လုပ်ရပ်များကို ကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားခြင်းကို မယုံနိုင်အောင်ဖြစ်ကြကြောင်း ထိုသူများက ပြောသည်။
ICJ အမှုသည် ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို တရားဥပဒေရှေ့မှောက်သို့ ဆောင်ယူရန် နိုင်ငံတကာဥပဒေကြောင်းအရ အားထုတ်မှု အများအပြားအနက် ပထမဆုံးအမှုဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံ၏ ကြိုတင်ပြင်ဆင်မှု အသေးစိတ်များကို မသိရသေးသလို၊ လာမည့်လတွင် သူနှင့်မည်သူများ လိုက်ပါမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ သို့သော် အစိုးရက ထင်ရှားသောနိုင်ငံတကာရှေ့နေများ ငှားရန်းထားသည်ဟု မကြာသေးမီက ကြေညာသောကြောင့် သူနှင့်အတူ နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူအဖွဲ့တခု ပါဝင်မည်ဟု မျှော်လင့်ရသည်။
ယခုအမှုတွင် ဥပဒေကျွမ်းကျင်သူ အဖွဲ့တဖွဲ့ အမှန်တကယ် လိုမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ပညာရပ်နှင့် ပတ်သက်သည့် မည်သည့်နောက်ခံမျှ မရှိပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခံရပြီး သူ၏ ကျင့်ဝတ်ဆိုင်ရာ သြဇာက ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးစေသည့် စစ်ရေးနှိမ်နင်းမှုကို ရှုတ်ချရန် နှုတ်ဆိတ်နေခြင်းအား မေးခွန်းထုတ်နေသည်။
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ အကြမ်းဖက်သမားများက ရဲစခန်းများကို တိုက်ခိုက်ပြီး အရပ်သားအများအပြားကို သတ်ဖြတ်ပြီးနောက် ၎င်းတို့ကိုပြုလုပ်သည့် စစ်ဆင်ရေးများတွင် တပ်မတော် ပါဝင်ပတ်သက်ခဲ့သည်။ ထိုစစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများအဖြစ် မြန်မာနိုင်ငံတွင် သိကြသော ရိုဟင်ဂျာတို့ ဘင်္ဂလားဒေ့ရှ့်သို့ အစုလိုက်အပြုံလိုက် ထွက်ပြေးကြသည်။ မြန်မာနိုင်ငံမှ လူအများစုက ရိုဟင်ဂျာများသည် အိမ်နီးခြင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဟု သတ်မှတ်သည်။
တပ်မတော်၏တုန့်ပြန်မှု
သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်သတင်းသည် ထိပ်တန်း တပ်မတော်ခေါင်းဆောင်များ အတွက်လည်း အံ့သြစရာသတင်း ဖြစ်ခဲ့သည်။ တပ်မတော် ဗိုလ်ချုပ်ကြီးများသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကိုကြိုဆိုကြသည်။
သို့သော် ဥပဒေအဖွဲ့ကို တပ်မတော်က မည်သို့အကူအညီ ပေးရန် ပြင်ဆင်ထားသည်ကို မသိရပေ။
မည်သို့ဆိုစေကာမူ တပ်မတော်ဗိုလ်ချုပ်ကြီးများသည် ICJ တွင် အမှုကိုကာကွယ်ရန် မည်သည့်စွမ်းရည်မျှ မရှိသောကြောင့် ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ထိုဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ရမည် ဖြစ်သည်။ တပ်မတော်ကို ခုခံကာကွယ်ရန် လုပ်ဆောင်ခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်ရာတွင် တပ်မတော် ခေါင်းဆောင်များနှင့် အပေးအယူလုပ်နိုင်စွမ်း ဒေါ်အောင်ဆန်းစုကြည်တွင် ပိုမို ရှိလာမည်ဟူသော မျှော်လင့်ချက်ကိုလည်း ဖြစ်စေသည်။
အရပ်သားအစိုးရနှင့် တပ်မတော်တို့ အဆင်မပြေသောကြောင့် မြန်မာနိုင်ငံတွင် သွေးကွဲနေကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ ဂူတဂူထဲတွင် ခြင်္သေ့နှစ်ကောင်မအောင်း ဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုနှင့် တရားစွဲဆိုမှုများကို ခံနေရသောကြောင့် အစိုးရနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအကြား ပိုမိုညှိနှိုင်းသည်ကို လက်နက်ကိုင်တပ်များအတွင်းရှိ နိုင်ငံရေးနှင့် အကျွမ်းတဝင်ရှိသော တပ်မတော်အရာရှိ အများအပြားက မြင်လိုကြသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်များကို ရှင်းပြရန် နိုင်ငံတကာ ဇာတ်ကောင်များနှင့် မီဒီယာများ အနေဖြင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့် ပိုမိုထိတွေ့သည်ကို ရခိုင်အကျပ်အတည်းနှင့် အကျွမ်းတဝင်ရှိသော တပ်မတော် အလယ်အလတ်တန်း အရာရှိ အများအပြားက လိုလားကြသည်။ တချိန်တည်းတွင် ၎င်းတို့သည် မြန်မာနိုင်ငံအပေါ် တဖက်သတ် စွပ်စွဲနေသည်ကို စိတ်ပျက်ကြပြီး မြန်မာနှင့် နိုင်ငံတကာအသိုင်းအဝန်း အကြားတွင် ဖြစ်ရပ်များအပေါ် ရှုမြင်မှု အကြီးအကျယ် ကွာဟနေသည်ကိုလည်း ဝန်ခံကြသည်။
ခိုင်မာပြီး စည်းကမ်းရှိသော နိုင်ငံရေးသမားဟု ၎င်းတို့မြင်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်အတွင်း လေးစားမှု ရှိနေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်သည် တွက်ချက်လုပ်ဆောင်သော ဆုံးဖြတ်ချက်ဖြစ်သည်ကို သံသယရှိရန် မလိုဘဲ၊ အတွင်းစည်းလူများနှင့် လက်အောက်အရာရှိများကိုပင် အံ့သြသွားစေခဲ့သည်။
ဗုဒ္ဓဘာသာအများစုဖြစ်သော ဗမာများ သူ၏ နောက်တွင်ရှိသည်ကို ဒေါ်အောင်ဆန်းကြည်သိသည်။ တပ်မတော်၏ ထောက်ခံမှုကို လိုကြောင်းလည်း သူက သိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလူမျိုး အများအပြား၏ ထောက်ခံမှုနှင့် ပြည်တွင်းတွင် တည်ရှိ လည်ပတ်နေသော အဖွဲ့အစည်းများ၏ ထောက်ခံမှု လိုသည်ကိုလည်း သူက သိသည်။
လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရ၏ အမည်မခံသော ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း မျက်စပစ်နေသည်။
သို့သော် ထို ICJ အမှု ဖြစ်သည့် နိုင်ငံကို ကုလသမဂ္ဂ၏ ထိပ်ဆုံးတရားရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်တွင် နိုင်ငံကို ခုခံကာကွယ်ရန် ကျရောက်လာသော တာဝန်သည် အပေါ်ယံအားဖြင့် မမြင်နိုင်သော အခွင့်အရေးကောင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့အောင်မြင်အောင် လုပ်မည်နည်း။
သူ၏ လူ့သက်တမ်းအတွင်း နိုင်ငံတွင် ငြိမ်းချမ်းရေး အခြေ ခိုင်မာသည်ကို တွေ့လိုကြောင်း မကြာသေးမီက ရှမ်းပြည်နယ်ခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများကို ပြောခဲ့သည်။
ငြိမ်းချမ်းရေးမရမီ ဒေါ်အောင်ဆန်းစုကြည်သည် သဟိဂ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်ကား တိုင်းပြည်၏ ကံကြမ္မာပင်ဖြစ်သည်။
(Aung Zaw ၏ Daw Aung San Suu Kyi’s Mission to The Hague: Defending the Indefensible? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် –
မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ
နိုင်ငံတကာ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရင်ဆိုင်မည့် အပေါ် သုံးသပ်ချက်များ
ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော