လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား

အောင်မျိုးမင်း
ကျားဖောင်သို့ ရောင်းစားခံရသည့်အပြင် နှိပ်စက်ခံရသည့် ကိုမြတ်သူရထွန်း / အောင်ကျော်ထက် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကျားဖောင်ပေါ်မှာ အလုပ်ရှင်က အလုပ်သမားကို ရိုက်နှက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ရဲ့ ပြောကြားချက်ကို ကြားရတဲ့သူတွေက ဝေဖန်ဒေါသထွက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ RFA စကားဝိုင်းမှာ “ပိုက်ဆံတော့လိုချင်ပြီး အလုပ်မလုပ်ချင်တော့လည်း ရိုက်မိနှက်မိတာတွေ ရှိမှာပေါ့” လို့ ပြောကြားခဲ့လို့ဖြစ်ပါတယ်။

ကျားဖောင်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအပေါ် နှိပ်စက်တာ၊ လူမဆန်စွာ ဆက်ဆံတာ၊ သတ်ဖြတ်ပစ်တာတွေ ပေါ်ထွက်လာလို့ ပြည်သူအများအပြားက စိတ်ဝင်စားပြီး တုန်လှုပ်နေတဲ့ကြားထဲ အခုလို ပြောကြားချက်ထွက်လာတာဖြစ်ပါတယ်။

အမှန်တော့ အလုပ်သမားတွေကို အခုလိုမျိုး ရိုက်နှက်မှုဟာ ရိုက်နှက်မှုလို့တောင် ဆိုလို့ မရပါဘူး။ ဒီလိုအပြုအမူလုပ်ရပ်ဟာ torture လို့ခေါ်တဲ့ နှိပ်စက်ညှင်းပမ်းမှုအထိ မြောက်နေတာကို တွေ့ရပါတယ်။ ရိုက်နှက်မှုဆိုတာ အခြေအနေတခုခုမှာ စိတ်ဆန္ဒကို အခြေခံပြီး ကျူးလွန်တာလို့ နားလည်ပါတယ်။ ဥပမာ – လူနှစ်ယောက်စကားများရင်း ရိုက်နှက်မိတာမျိုးဆိုရင် ရိုက်နှက်မှုလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

နှိပ်စက်ညှင်းပမ်းမှုဆိုတာကို နိုင်ငံတကာ နှိပ်စက်ညှင်းပမ်းမှု တားဆီးဆန့်ကျင်ရေးစာချုပ်မှာ အောက်ပါအချက်တွေ ပါဝင်နေရမယ်လို့ ဆိုထားပါတယ်။ (၁) ရုပ်ပိုင်းစိတ်ပိုင်း ပြင်းထန်စွာ ထိခိုက်နာကျင်မှုဖြစ်စေရမယ်။ (၂) အပြစ်ပေးလိုတဲ့ ရည်ရွယ်ချက် သို့မဟုတ် ဝန်ခံစေလိုတဲ့ ရည်ရွယ်ချက် ပါဝင်ရမယ်။ (၃) ကျူးလွန်သူက ရာထူးတာဝန် အဆင့်ရှိသူဖြစ်ရမယ် လို့ ဆိုထားပါတယ်။

ဒီအချက်သုံးချက်နဲ့ တိုင်းတာမယ်ဆိုရင် ကျားဖောင်မှာက အလုပ်သမားတွေကိစ္စဟာ ရိုက်နှက်မှုမကဘဲ နှိပ်စက်မှုမြောက်နေတာကို ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ခံစားရတဲ့ ဝေဒနာတွေကိုကြည့်ရင် ရုပ်ပိုင်း စိတ်ပိုင်း ပြင်းထန်စွာနာကျင်စေတာကို တွေ့မှာပါ။ ခန္ဓာကိုယ် ချည့်နဲ့စေလောက်တဲ့အထိ၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပစ်လောက်တဲ့အထိ စိတ်ပိုင်းရုပ်ပိုင်း ခံစားမှုတွေ ဖြစ်စေပါတယ်။

နှိပ်စက်တဲ့ရည်ရွယ်ချက်ကလည်း ရှင်းရှင်းလေးပါ။ အလုပ်တွေမပြီးလို့ အမိန့်မနာခံလို့ဆိုတဲ့ ရည်ရွယ်ချက်တွေပါ။ ကျူးလွန်သူတွေက သူဌေးရဲ့ လက်ပါးစေတွေ၊ လုပ်ငန်းမှာ တာဝန်ရှိသူတွေ ဖြစ်နေပါတယ်။

နှိပ်စက်ညှင်းပမ်းမှုကို ဘယ်လိုအချိန်အခါမျိုးဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကျူးလွန်ခြင်းမပြုရလို့ တကမ္ဘာလုံးမှာ တားမြစ်ထားပါတယ်။ အခုဆိုရင် နှိပ်စက်ညှင်းပမ်းမှုတောင်မကတော့ဘဲ ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသော ဆက်ဆံမှုဆိုပြီးတော့ကို ထပ်အဓိပ္ပာယ်တိုးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကို စစ်ပွဲကာလအတွင်းနဲ့ အရေးပေါ် အခြေအနေပြဌာန်းထားတဲ့အချိန်မျိုးမှာတောင် မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။ နှိပ်စက်ညှင်းပမ်းတဲ့သူတွေ ဥပဒေအရ အရေးယူပေးဖို့၊ ခံရတဲ့သူတွေကို သင့်တင့်မျှတလုံလောက်တဲ့ လျော်ကြေးပေးဖို့နဲ့ ပြန်လည်ကုစားပေးမှုတွေ ရရှိအောင်လုပ်ဆောင်ပေးရမယ်လို့ ဆိုထားပါတယ်။

အခုလို တကမ္ဘာလုံးက ဝိုင်းဝန်းတားဆီးဖို့ ကြိုးစားနေတဲ့ နှိပ်စက်ညှင်းပမ်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတဦးက အခုလို လက်လွတ်စပယ်ပြောတာမျိုးက တကယ်တော့ မဖြစ်သင့်ပါဘူး။ နိုင်ငံတော်အဆင့်ကော်မရှင်မှာ တာဝန်ယူထားကြတဲ့သူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အခုထက် ပိုမိုနားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါဘဲ။

၂၀၁၄ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အခု ၂၀၁၉ ခုနှစ်မှာ ငါးနှစ်သက်တမ်းကုန်ဆုံးနေပါပြီ။ ဒါပေမယ့် ဘယ်လိုပြန်လည်ဖွဲ့စည်းမလဲဆိုတာ အခုထိ ဘာမှမကြားရသေးပါဘူး။ ပြီးခဲ့တဲ့သက်တမ်းအတွင်းမှာ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူအလုပ်သမားအမှုနဲ့ နာမည်ပျက်ခဲ့ရတဲ့ ကော်မရှင်ဟာ ပြုပြင်ပြောင်းလဲရေးတချို့ကို လုပ်ဆောင်ပေမယ့် လူထုက အားမရခဲ့ကြပါဘူး။ ပိုမိုအားကောင်းတဲ့ ဥပဒေပြောင်းဖို့လိုသလို လူ့အခွင့်အရေးကို အားကြိုးမာန်တက်ကြိုးပမ်းလုပ်ဆောင်မယ့် ကော်မရှင်တွေနဲ့ သွေးသစ်လောင်းဖွဲ့စည်းဖို့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေက တိုက်တွန်းခဲ့တာ ကြာပါပြီ။

ကော်မရှင်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး လူနဲ့ မူနှစ်မျိုးစလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာပါ။ မူဆိုတာကတော့ ကော်မရှင်ဥပဒေပြုပြင်ပြောင်းလဲရေးပါ။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အခုထက် ထပ်တိုးမြှင့်ပေးပြီး ကာကွယ်ရေး (Protection) နဲ့ မြှင့်တင်ရေး (Promotion) တို့ကို ဟန်ချက်ညီညီလုပ်ဆောင်ခွင့်ပေးဖို့ လိုလားနေကြပါတယ်။

စွမ်းဆောင်ရည်ရှိတဲ့ ကော်မရှင်ဖြစ်လာစေဖို့အတွက် ထိရောက်သော၊ တာဝန်ခံမှုရှိသော၊ လွတ်လပ်သောကော်မရှင်ဖြစ်ဖို့ လိုအပ်လှပါတယ်။ အခုကော်မရှင်မှာ ကာကွယ်ရေးအပိုင်း လုပ်ဆောင်နိုင်မှု အားနည်းတယ်လို့ ထောက်ပြကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ထောင်တွေ အချုပ်ခန်းတွေကို စုံစမ်းစစ်ဆေးမယ်ဆိုရင် ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ အချက်တွေရှိနေတာ၊ ချိုးဖောက်တယ်လို့ စုံစမ်းတွေ့ရှိခဲ့တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနဆီအကြောင်းကြားပေမယ့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာဟာ မူအရ ပြောင်းရမယ့်အရာတွေထဲက တချို့ဖြစ်ပါတယ်။

မူအရပြောင်းလဲသင့်တာတွေအပြင် လူအရပြောင်းလဲဖို့ လိုတာတွေလဲ ရှိပါတယ်။ ကော်မရှင်မှာ တာဝန်ထမ်းဆောင်မယ့် ကော်မရှင်အဖွဲ့ဝင်တွေဟာ လူအခွင့်အရေးအကြောင်း ကောင်းမွန်စွာ နားလည်သဘောပေါက်ထားပြီး လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်လိုတဲ့ လူပုဂ္ဂိုလ်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေဖက်က မားမားမတ်မတ်ရပ်တည်ရဲတဲ့သူဖြစ်မှ ပြည်သူတွေရဲ့ ချစ်ခင်ယုံကြည်မှုကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေဟာ အလွှာပေါင်းစုံကနေ ပါဝင်လာတဲ့သူတွေ ဖြစ်သင့်ပါတယ်။ ရွေးချယ်ခန့်အပ်တဲ့အဆင့်တွေမှာလည်း ပြည်သူတွေက အားပေးထောက်ခံတဲ့သူမျိုးဖြစ်မှ ပိုကောင်းမှာပါ။

ခိုင်မာအားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင် ရှိခြင်းက တိုင်းပြည်အတွက် အားကိုးစရာ ဂုဏ်ယူစရာ အချက်ဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင်ဖြစ်လာဖို့ကလည်း ခိုင်မာတဲ့ လူ့အခွင့်အရေးကော်မရှင်ဥပဒေ ရှိဖို့လိုသလို အားကောင်းတဲ့ ကော်မရှင် အဖွဲ့ဝင်တွေ မရှိလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံးဖော်ဆော်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

လူတယောက်ကို ငါး တကောင် ပုဇွန် တကောင် လောက်တောင် တန်ဖိုးမထားဘူး

ကျားဖောင်တွင် ရောင်းစားခံရသူ အမှု၊ ၂ ဦးဖမ်းမိထား

လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ

အာဆီယံ အဖွဲ့နဲ့ လူ့အခွင့်အရေး

Did you find apk for android? You can find new Free Android Games and apps.
Loading