ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူအများစု ဘယ်လောက် လက်လှမ်းမီပြီလဲ

လင်းငယ်
ယုံကြည်စိတ်ချရသော ကျန်းမာရေးစနစ်သည် ပြည်သူတွေ၏ တရားသော ရပိုင်ခွင့်တခုသာ ဖြစ်သည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.
လတ်တလော မြန်မာပြည်တွင် ICJ ကိစ္စက ဟော့နေသည်ဟု ပြောရမည်။ ထိုကိစ္စအား နိုင်ငံတကာတွင် တိုင်းပြည်တစ်ပြည်၏ တာဝန်မဲ့ လုပ်ရပ်ဟု ဆိုကာ တရားစွဲဆိုခြင်းဟု မြင်ကြသည်။ ပြည်တွင်းတွင်တော့ အမြင်အမျိုးမျိုး ကွဲနေသေးသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ၏ ခေါင်းမရှောင်တတ်သည့် ခေါင်းဆောင်စိတ်ဓာတ်ကို အလေးအမြတ်ပြုကြကာ ချီးကျူးသူများလည်း ရှိသည်။
တရားစွဲဆိုခံရသည်ကတော့ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။ သိက္ခာကို ထိပါးသည်ဟု ခံယူကြသည်။ သို့သော် မိမိတို့ နေ့စဉ်ဘဝတွင် ကြီးမားသော သက်ရောက်မှုရှိသည့် ကျန်မာရေးဆိုင်ရာ သတိပေးသံတခုကိုတော့ မကြားလိုက်မိသူ၊ သတိမထားမိသူ များမည်ထင်သည်။

ဒါကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အဖွဲ့ဝင် နိုင်ငံများကို ကတိတည်ကြဖို့ နှိုးဆော်လိုက်သည့် အချက်ပေး ခေါင်းလောင်းသံဖြစ်သည်။“လူတိုင်းအတွက် ကျန်းမာရေး၊ ထားတဲ့ကတိ တည်ကြည်ပေး Health for all: KEEP THE PROMISE” သည် ၂၀၁၉ ခုနှစ် UHC Day (လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု အထိမ်းအမှတ်နေ့) အတွက် သတ်မှတ်ထားသော နှိုးဆော်သံ ဖြစ်သည်။

တခြားနိုင်ငံတွေ နည်းတူ အဖွဲ့ဝင် မြန်မာနိုင်ငံက ဘာတွေ ကတိပေးထားသလဲ။ ဘယ်သူကို ပေးထားသလဲ။ ဘာတွေ လုပ်ဖို့ ကတိမတည်သလဲ စတဲ့ မေးခွန်းတွေကို မေးဖို့ အကောင်းဆုံး အခိုက်အတန့်ကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျရောက်မည့် မြန်မာပြည်အတွက် ပထမဆုံး UHC Day နီးကပ်လာချိန်တွင် ဖြစ်သည်။
(နိုင်ငံတကာတွင်တော့ ကျင်းပကြတာ သုံးနှစ်ရှိပြီ) နိုင်ငံရေးအရ ပြည်သူ့အစိုးရ အနေဖြင့် ဘာတွေ အားစိုက်ဖို့ လိုနေတာလဲ စောကြောမိပါသည်။


UHC ဆိုတာ


ထို့အတွက် ပထမဆုံး UHC ဆိုတာ ဘာလဲဟု သိရှိရန်လိုမည်။ Universal Health Coverage (UHC) ဆိုတာကတော့ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုသည့်အတိုင်း မြန်မာနိုင်ငံအတွင်းရှိလူတိုင်း (လူမျိုး၊ ဘာသာ၊ နေရာဒေသ မရွေးဘဲ) အရည်အသွေးပြည့်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ငွေကြေးဒုက္ခမများဘဲ ရရှိနိုင်ခြင်းကို ဆိုလိုပါသည်။
UHC တွင် မျက်နှာစာ သုံးဖက်ရှိသည်။ လွှမ်းခြုံရမည့် လူဦးရေ၊ ပေးအပ်ရမည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ငွေကြေးကုန်ကျစားရိတ်တို့ ဖြစ်သည်။ ကုန်ကျစားရိတ်ဆိုသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ရယူသည့်အခါ မိမိတို့ အိတ်စိုက်ရသည့် ငွေဖြစ်သည်။ နားလည်မှု မလွဲရန်မှာ UHC သည် အများမျှော်လင့်ထားတတ်သည့် မိမိဘက်မှ တပြားမှ မစိုက်ရသည့် အခမဲ့ ဆေးဝါးကုသူမှု ပေးခြင်းကို ဆိုလိုခြင်းတော့ မဟုတ်ပါ။

 
မြန်မာပြည်အတွက် UHC ဘာကြောင့် လိုအပ်တာလဲ


အရှင်းဆုံးပြောရရင်တော့ ဆေးကုသမှု ခံယူရင်း လူတွေ ပိုမွဲပြာကျ မသွားဖို့အတွက် UHC က ကာကွယ်ပေးနိုင်သည်။ ငွေကြေးဆင်းရဲမှု၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ မိမိတို့နဲ့ အနီးအပါးတွင် မရှိသည့်အတွက်ကြောင့် လိုအပ်သည့်အခါ လိုအပ်သလို အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု မရနိုင်ကြရ။ အထူးသဖြင့် ဆင်းရဲပြီး ဝေးလံခေါင်ပါးသည့် ဒေသက လူများက ပို၍ ခံစားရသည်။
မြန်မာပြည် ကျန်းမာရေး အသုံးစားရိတ်ဟာ မိသားစု မွဲပြာကျသွားရတဲ့ သဘာဝကပ်ဘေးပြီးရင် အကြီးမားဆုံး အကြောင်းရင်းတခု ဖြစ်သည်။ ဒါကြောင့် UHC ကို စတင်ခဲ့ကြတာ ဖြစ်သည်။ UHC သည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များထဲမှ တခုလည်း ဖြစ်သည်။ ရည်ရွယ်ချက်ကောင်းများအတွက် စတင်ခဲ့သည့် UHC ခရီးလမ်းကို စတင်အကောင်အထည်ဖော်ရန် နိုင်ငံတနိုင်ငံအနေဖြင့် အကြိမ်ကြိမ် ကတိပေးထားခဲ့ပြီး ဖြစ်သည်။
လက်ရှိ NLD အစိုးရသည်လည်း အစိုးရ မဖြစ်သေးမီ ရွေးကောက်ပွဲအကြိုကာလကပင် UHC ကို အကောင်အထည်ဖော်မည်ဟု ကတိပေးကာ မဲဆွယ်ခဲ့သည်။ NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း အပိုင်း (၆) ကျန်းမာရေး ကဏ္ဍတွင် “ပြည်သူအများစု လက်လှမ်းမီနိုင်သော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှုစနစ် ပေါ်ပေါက်ရန် အောက်ပါလုပ်ငန်းများ ဆောင်ရွက်သွားမည်” ဟု UHC အား ရည်ညွှန်းကာ အတိအလင်း ဖော်ပြထားသည်။


အစိုးရရဲ့ အားထုတ်မှု
 

ပေးခဲ့သော ကတိများ၊ အပြောင်းအလဲများကို အာဏာရပြီးပြီးချင်း အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့သည်။ အခြားကဏ္ဍများနည်းတူ ကျန်းမာရေး ကဏ္ဍတွင်လည်း လက်ရှိအစိုးရသည် တာထွက်ကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ မှတ်တမ်းများကို လေ့လာကြည့်လျှင် ၂၀၁၆ ခုနှစ် အစောပိုင်းမှသည် ၂ နှစ်တာကာလသည် အတိုးတက်ဆုံး သို့မဟုတ် အတက်ကြွဆုံးဟု သုံးသပ်ချင်သည်။Roadmap to UHC (UHC သို့ချီတက်ရာ လမ်းပြမြေပုံ) မှ စတင်ကာ အမျိုးသား ကျန်းမာရေး စီမံကိန်းကြီးကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အစိုးရသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် UHC ၏ ပန်းတိုင်သို့ အရောက်လှမ်းရန် ရည်မှန်းထားသည်။ ထိုခရီးသို့ သွားရန် ၅ နှစ်စာ အမျိုးသား ကျန်းမာရေး စီမံကိန်းသုံးခုဖြင့် ချီတက်မည်ဖြစ်သည်။ (၂၀၁၇- ၂၀၂၁, ၂၀၂၁-၂၀၂၆ နှင့် ၂၀၂၆-၂၀၃၁ တို့ဖြစ်သည်)။ ဤသို့ အကောင်အထည်ဖော်ခြင်းဖြင့် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများကို တဆင့်ချင်း တိုးမြှင့်ပေးသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

စတင် ရေးဆွဲစဉ်ကပင် ရည်မှန်းချက်မြင့်လွန်းသော အစီအစဉ်တခု ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီသော အခြေအနေ၊ အဘက်ဘက်က အားနည်းဆင်းရဲသော တိုင်းပြည်တခုအဖြစ် အောင်မြင်နိုင်ချေကို ရေးဆွဲသူများ ကိုယ်တိုင်ပင် ယုံကြည်ချင်မှ ယုံကြည်ပေခဲ့လိမ့်မည်။ သို့သော် မရှိမဖြစ်သည့် ခြေလှမ်းတရပ်ကို စတင်ခဲ့ခြင်း အတွက်တော့ ထောက်ခံရပေမည်။

ယခုကဲ့သို့ ကာလတို တခုအကြာတွင် အခြေအနေ မည်သို့ ဖြစ်နေသည်ကတော့ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ သုံးသပ်ရန် လိုအပ်ပေမည်။

အစိုးရ မဟုတ်သော အဖွဲ့များ၏ အားထုတ်မှု

၂၀၁၄ ခုနှစ်အထိ စာရင်းဇယားများအရဆိုလျှင် အစိုးရ၏ ကျန်းမာရေး အသုံးစားရိတ်ရဲ့ ငါးပုံတစ်ပုံလောက်က ပြင်ပ ဘဏ္ဍာရေးအကူအညီက ထောက်ပံ့ထားရသည်။ ထို့အတွက် WHO, UNICEF တို့ကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းကြီးများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အန်ဂျီအို အဖွဲ့များမှသည် ဒေသတွင်း ကျန်းမာရေး အဖွဲ့များ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၊ ကွန်ရက်များ၏ ပါဝင်မှုသည် အလွန်အရေးကြီးသော အစိတ်အပိုင်းအဖြစ် ရပ်တည်နေသည်။

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီသော နေရာများတွင် အဆိုပါ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပါဝင်ဖြည့်ဆည်းမှု (ကွက်လပ်ဖြည့်ခြင်း) များသည် ဆက်လက်အားကိုးနေရဦးမည် ဖြစ်သည်။

မြန်မာ့ UHC အခြေအနေ

UHC သည် နိုင်ငံတနိုင်ငံ၏ အနေအထားအလိုက် တူညီမှု ကွဲပြားမှုများရှိသည်။ သုတေသန စာတမ်းတခုအရ ဆိုလျှင် မြန်မာ့ UHC တွင် ထူးခြားမှု သုံးခုရှိသည်။ ၁- မညီမျှမှု (Inequality)၊ ၂ – ကုန်ကျစားရိတ် အန္တရာယ် မြင့်မားမှုနှင့် ၃ – လွှမ်းခြုံမှုအားနည်းလွန်းခြင်းတို့ ဖြစ်သည်။ မညီမျှမှုဆိုတာကတော့ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်မှုသည် နေရာဒေသအလိုက် အလွန်ပင် ကွာဟသည်။ ဆင်းရဲချမ်းသာအလိုက် အလွန်ပင်ကွာဟနေသည်။ အချို့နေရာများတွင် ၁၈ ရာခိုင်နှုန်းလောက်သာ ရနိုင်ပြီး အချို့နေရာတွင် ၉၀ ရာနှုန်းကျော်အထိ လွှမ်းခြုံမှုအားကောင်းသည်။ ရခိုင်၊ ချင်းနှင့် ရှမ်းတို့တွင် ကျန်းမာရေး လွှမ်းခြုံမှု အနည်းဆုံး ဖြစ်နေသည်က စစ်ပွဲများ၊ နေရာဒေသ ဝေးလံခြင်းများ၊ ဆင်းရဲခြင်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု တိုက်ရိုက် ဆက်စပ်နေသည်ကို ပြနေသည်။

ဒေသမတည်ငြိမ်၍ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်၊ အခြား ဒေသမှ လူများနှင့် ပို၍ ကွာဟမှု ကျယ်ပြန့်လာ၊ ထိုအခါ မညီမျှမှုများက တိုင်းရင်းသားများ၏ မကျေနပ်မှုကို မြင့်တက်စေပြီး စစ်ပွဲများကို မီးထိုးပေးကာ အဆိုးသံသရာကို လည်စေတော့သည်။

လက်ရှိ တိုက်ပွဲဖြစ်နေသော ဒေသများရှိ တိုင်းရင်းသားစစ်တပ်များ၏ ပြောဆိုချက်များတွင် ထိုအချက်များကို သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။ ကုန်ကျစားရိတ် မြင့်မားမှုကလည်း အဓိက ခြိမ်းခြောက်မှု တရပ်ဖြစ်နေသည်။ နောက်ဆုံး အချက်အလက်များအရ ကျန်းမာရေး အသုံးစားရိတ်၏ လေးပုံတပုံနီးပါးလောက်ကို ပြည်သူလူထုက ကိုယ်ပိုင်ငွေဖြင့် ကျခံနေရသည်။

ဆေးကုသစားရိတ် မရှိ၍ ဆေးရုံဆေးခန်းကို ရောက်မလာသူများ၊ ဆေးရုံဆေးခန်း ရောက်သော်ငြား ကုန်ကျစားရိတ် မတတ်နိုင်၍ ဆေးကုသမှုကို အပြည့်အဝ မရယူနိုင်သူများကလည်း ဆင်းရဲသော ပြည်နယ်များတွင် ပို၍ များနေပြန်သည်။ သို့သော် အတော်အသင့် ငွေကြေးတတ်နိုင်သူများပင် ဆေးကုသစားရိတ်ကို ခံနိုင်ရည် မရှိကြပေ။

နောက်ဆုံးတချက်ကတော့ လွှမ်းခြုံမှုအားနည်းတာ ဖြစ်သည်။ အထက်တွင် ပြောခဲ့သလို နေရာတိုင်း နည်းသည်တော့ မဟုတ်ဘဲ၊ ဆိုးသည့်နေရာတွင် အလွန်ဆိုးပြီး ကောင်းသည့်နေရာများလည်း ရှိနေသည်ဟု ဆိုနိုင်သည်။ သို့သော် လွှမ်းခြုံမှုကောင်းသော်ငြား မတတ်နိုင်၍ ဆေးမကုရသည်ကတော့ ပေးကားပေး၏ မရဖြစ်နေသည့် အနေအထားပင်။

အဓိက အခက်အခဲ

ဘာကြောင့် ဒါတွေ အောင်မြင်အောင် လုပ်ဖို့ ခက်ခဲနေရတာလဲ။

တခြားနိုင်ငံများ၏ အတွေ့အကြုံအရ UHC အပြည့်အဝရဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည်ကို သိနိုင်သည်။ မြန်မာနိုင်ငံတွင်တော့ ၁၅ နှစ်အတွင်း ရရှိအောင် လုပ်မည်ဟု လေသံပစ်ထားသည်။ သို့သော် ကျော်ရမည့် အတားအဆီးများကတော့ များလွန်းလှသည်။ ဒီတောင်ကို မောင်ကျော်နိုင်ပါ့မလားကတော့ မည်မျှပုံအောပြီး အားစိုက်လုပ်နိုင်မည်က အခရာကျသည်။

ကျန်းမာရေး လုပ်သား မလုံလောက်မှုရှိသော်လည်း အရည်အသွေး အားနည်းမှု၊ ဝန်ပိမှု၊ ဒေသဖွံ့ဖြိုးရေး အားနည်းသောကြောင့် သယ်ယူပို့ဆောင် သွားလာရေး ခက်ခဲမှု၊ ဝန်ထမ်းများ အလုပ်ထွက်များမှု၊ ကျန်းမာရေး ဘတ်ဂျက် မလုံလောက်မှု၊ အခြေခံအဆောက်အအုံ အားနည်းမှု စသည်ဖြင့် တောင်ထုမကရှိနေသည့် အတားအဆီးများသည် ကျန်းမာရေး ဝန်ကြီးဌာန တခုတည်းက ဖြေရှင်း၍ ရသည့် ပြဿနာများတော့ မဟုတ်ပေ။

ပိုနားလည်လွယ်သော နမူနာတခုကို ပြောရလျှင် ကျန်းမာရေး ဘတ်ဂျက်ကို ကြည့်နိုင်သည်။ မြန်မာ၏ ကျန်မာရေးဘတ်ဂျက်သည် ကုန်ခဲ့သည့် နှစ်များအတွင်း တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း အာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် ပမာဏအနည်းဆုံး ဖြစ်နေသေးသည်။ ယေဘုယျအားဖြင့် ဘတ်ဂျက်ချမှတ်ခြင်းသည် နိုင်ငံရေး လုပ်ငန်းစဉ်တခုဖြစ်သည်။  ကျန်းမာရေး ဝန်ကြီးက တောင်းခံခြင်း၊ တိုက်တွန်းခြင်းသာ လုပ်နိုင်ပြီး ဆုံးဖြတ်ချက်ကို နိုင်ငံရေး ခေါင်းဆောင်များက ချမှတ်သည်။ သို့သော် ရရှိလာသော ကျန်းမာရေး ဘတ်ဂျက်များကို ထိထိရောက်ရောက် အသုံးပြုရန်မှာတော့ ကျန်းမာရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသည်။

လတ်တလောတွင် ဆေးဝါးဝယ်သည့် ကိစ္စများတွင် အလေ့အလွင့်များ ဖြစ်နေသည့် ကိစ္စမျိုးက ငွေကို အကျိုးရှိရှိ အသုံးပြုနိုင်မှု အားနည်းနေသည်ကို ပြသနေသည်။

ပြည်သူတယောက်အတွက် သတင်းစကားက ဘာလဲ

စာရွက်ပေါ်က စီမံကိန်းတွေကို စာရွက်ပေါ်မှာသာ အသက်သွင်းခဲ့သည့် အစိုးရ ခေတ်အဆက်ဆက်ကို ပြည်သူတွေက မလိုချင်ပြီ။ သို့သော် သတင်းအချက်အလက် ရရှိမှုအားနည်းသည့်အတွက် ဘယ်နားမှာ ဘာတွေ ရှိသည်ကိုပင် အများစုက သိမှု အားနည်းနေသေးသည်။ သိအောင်လုပ်ရမည်၊ ဖိအားပေးရမည်။ ဒီမိုကရေစီသည် တာဝန်မယူသည့် အစိုးရကို ငြင်းပယ်ခွင့် ပေးထားသည့် အကောင်းဆုံး စနစ်တခုဖြစ်သည်။

၂၀၁၉ ခုနှစ် ဩဂုတ်လက ပြည်သူ့လွှတ်တော်တွင် လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက UHC နှင့် ပတ်သက်ပြီး ဆောင်ရွက်ထားသည့် ကိစ္စများ မေးမြန်းခဲ့ပြီး ဖြေကြားသူ ဒုဝန်ကြီးကလည်း ဘာတွေ လုပ်နေကြောင်းကိုသာ ဖြေသွားသည်ကို တွေ့ရသည်။ ဘာတွေ ဘယ်လောက် အောင်မြင်နေပြီး ဘာတွေ အခက်အခဲ ကြုံနေရသလို ဆိုတာမျိုးတွေ မပါသည့် ထုံးစံအတိုင်း အမေးနွားကျောင်းသား၊ အဖြေဘုရားလောင်း၊ အမေးအဖြေတခုသာ ဖြစ်ခဲ့သည်။ ပြည်သူတို့အတွက် အမှန်တကယ် လိုအပ်သော အချက်အလက်ပိုင်းတွင်တော့ အားနည်းသည်ဟု ရိုးရိုးပင် မြင်မိသည်။ ခြေလှမ်းများကို ဖော်ပြထားသော်ငြား ခြေလှမ်းများသည် ခြေရာများ ကျန်ရစ်ခဲ့ကြောင်းကို မြင်သာမှု မရှိသေးပါ။

မြန်မာပြည် လက်ရှိ ကျန်းမာရေး အခြေအနေ

၂၀၁၄ ခုနှစ်က အချက်အလက်များအရ မွေးဖွားချိန်တွင် မျှော်မှန်းနိုင်သည့် သက်တမ်းသည် အတိုဆုံး၊ မိခင်သေနှုန်း၊ အသက်ငါးနှစ်အောက် ကလေးသေနှုန်းများသည် အာဆီယံနိုင်ငံများတွင် အဆိုးဆုံးဖြစ်ရုံသာမက အဆပေါင်းများစွာ ဆိုးရွားနေသည်။ ငါးနှစ်ကြာပြီး ၂၀၁၉ တွင်ရော မည်မျှတိုးတက်လာပါသလဲ။

လတ်တလော လေ့လာမှုတခုမှာလည်း လူဦးရေ သုံးပုံတပုံက ရုတ်တရက် ကျန်းမာရေး ကိစ္စအတွက် ကုန်ကျငွေ ၂၀၀၀၀၀ (အခြေခံဝင်ငွေ) ကို ကျခံနိုင်စွမ်း မရှိတာ တွေ့ရှိရသည်။ (အာရှဖောင်ဒေးရှင်း၊ ၂၀၁၈) ဒါဟာ ၂၀၁၄-၁၅ က အခြေအနေနဲ့ ဘာမှတိုးတက်မှု မရှိဘူးဆိုတာကို ပြနေတာ ဖြစ်သည်။ ကိန်းဂဏန်းများအရ မကောင်းသေးသလို၊ လူအများ၏ ထင်မြင်ယူဆချက် အမြင်တွင်လည်း တိုးတက်မှုမရှိသေးပါဟု ဆိုနိုင်မည်။

အမှန်တကယ်တွင်တော့ တိုးတက်မှု ရှိကောင်း ရှိနေနိုင်မည်ဖြစ်သော်လည်း ပြည်သူများ ကြားသိမြင်သိနိုင်သည့် အနေအထားမဖြစ်ခြင်း၊ ပြည်သူတို့၏ လက်တွေ့ဘဝတွင် သိသာသော ပြောင်းလဲမှု မရှိခြင်းများကြောင့် အများပြည်သူတို့၏ ယုံကြည်မှုတွင် အလွန်နည်းပါးနေနိုင်သည်။

ဒါဆိုရင် ဘာကြောင့် မတိုးတက်လာတာလဲ မေးစရာ ရှိလာသည်။ အခက်အခဲတွေကို ကျော်လွှားဖို့ ဘာတွေ လုပ်ရမလဲ မေးစရာရှိသည်။ အထက်က လှုံ့ဆော်ချက်တွင်ပင် အဖြေက ပါပြီး ဖြစ်နေသည်။ “ကတိမတည်ကြခြင်း” က ပြဿနာဖြစ်နေသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ လှုံ့ဆော်ချက် တော်တော်များမျာတွင် “ကတိတည်ကြစို့ – Keep the promise” ဆိုသည့် စကားလုံးက အတော်ကလေး အတွေ့ရများသည်ဟု ဆိုရမလားမသိ။

အစိုးရမင်းများက ညီလာခံကြီးများတွင် နိုင်ငံတကာရှေ့မှောက်၌ လူသိရှင်ကြား ကြားကောင်းအောင် လုပ်ပါမည်ဟု ကတိပေးကြသည်။ ပြည်တွင်းပြန်ရောက်သောအခါ ကတိကဝတ်များက လေယာဉ်ပေါ်တွင် ကျန်ခဲ့ကြပြီး ပါမလာတတ်ကြ။ ထို့အပြင် ကတိဆိုသည်ကလည်း တည်နိုင်သည့် အနေအထား ရှိဦးမှဟု ဆင်ခြေပေးလိုက ပေးနိုင်သေးသည်။ သို့သော် နိုင်ငံရေး ကတိကဝတ် မရှိဘဲနဲ့တော့ ဘာမှ စတင်လို့ မရနိုင်။ သို့သော် ကတိပေးပြီး မေ့မေ့ပျောက်ပျောက် ဆိုလျှင်လည်း ကတိမပေးတာက ပိုကောင်းဦးမည်။ ထို့အတွက် ကတိကဝတ်များ မမေ့ပျောက်ရေး၊ လက်တွေ့ အကောင်အထည်ဖော်ရေးသည် ကတိပေးသူတို့၏ မူလဘူတ ရှောင်လွှဲမရသည့် တာဝန်ဖြစ်သည်။

အထက်တွင် ပြောခဲ့သလို အစိုးရတရပ်အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသက်သက်တွင်သာ ပုံမထားဘဲ ဦးဆောင် တာဝန်ယူ ဖြည့်ဆည်းဖို့ လိုအပ်မည်။ နိုင်ငံရေးလား၊ နည်းပညာကိစ္စလား။ အစိုးရ ပြဿနာလား ဝန်ကြီးဌာန ပြဿနာလားဟု စေ့ငုသူများ ရှိနိုင်သည်။ အထက်က ပေးခဲ့သည့် ဥပမာအတိုင်း သူ့အပိုင်းနှင့် သူ တာဝန်ယူကြရမည်။ ဝန်ကြီးဌာနက အစိုးရကို အပြစ်ပုံချလို့ချည်းတော့ မသင့်သလို၊ အစိုးရပိုင်းကလည်း မင်းတို့မလုပ်နိုင်လို့ ဆိုတာမျိုး လက်ညှိုးထိုးရန် မသင့်။ နှစ်ခုစလုံး ဖြစ်သည်။

ထို့အပြင် UHC ကိစ္စသည် ဝန်ကြီးဌာနတခု၏ လုပ်ပိုင်ခွင့် သက်သက်ဖြင့် မရနိုင်။ ထို့ကြောင့် နိုင်ငံရေး ဆုံးဖြတ်ချက်သည် ပို၍ လွှမ်းမိုးမှုရှိသည်ဟု ဆိုချင်ပါသည်။ နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာ ဖြစ်ရုံမက နိုင်ငံရေး ပါတီတရပ်အနေဖြင့် NLD အစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ်အား ဖြည့်ဆည်းခြင်း ဖြစ်သည်။ အခြားသော အပြောင်းအလဲများနည်းတူ အဖျားရှူးအပြောင်းအလဲ မဖြစ်ရန်အတွက် အားစိုက်ထည့်ရန် လိုမည်။

ပြည်သူတို့ တာဝန်

ပြည်သူတို့ တာဝန်ကတော့ ရှင်းသည်။ အစိုးရတို့ တာဝန်ပိုယူလာဖို့ တွန်းအားပေးရခြင်းသည်ပင် ဒီမိုကရေစီ နိုင်ငံသားတို့၏ အထူးတာဝန်ပင် ဖြစ်သည်။ ပြည်သူအား တာဝန်ခံရခြင်းသည်ပင် အစိုးရကောင်းတို့၏ အရည်အချင်းဖြစ်သည်။ ပြည်သူများအနေဖြင့်ကတော့ မိမိတို့ တင်မြှောက်ထားသည့် အစိုးရကို ချစ်လျှင် ကတိတည်သော အစိုးရဖြစ်အောင် ကူညီသင့်သည်။ ထို့ကြောင့် လက်ရှိအစိုးရ ပေးအပ်ထားသည့် ကတိ မည်မျှဖြည့်ဆည်းနိုင်ပြီလဲ ဆိုတာ မေးနိုင်ရမည်။

ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစနစ်ကို တောင်းဆိုခြင်းဟာ အစိုးရအပေါ် အခွင့်အရေးယူခြင်း၊ ဖိအားပေးခြင်း မဟုတ်ဘဲ ပြည်သူတွေရဲ့ တရားသော ရပိုင်ခွင့်တခုကို တောင်းဆိုခြင်းသာ ဖြစ်သည်။ အနိမ့်ဆုံး အနေဖြင့် လက်ရှိအခြေအနေတွင် UHC မည်မျှ ခရီးပေါက်နေပြီလဲ ဆိုတာက ပြည်သူများသိသာ မြင်သာအောင် ရိုးသားစွာ သုံးသပ်ချပြရင်း မိမိတို့ ကတိကဝတ်များကို ဖြည့်ဆည်းနေကြောင်း ပြသကြပါဟု သက်ဆိုင်ရာ နိုင်ငံရေး ခေါင်းဆောင်များကို တိုက်တွန်းလိုပါသည်။

အခက်အခဲများ ကြမ်းပြွမ်းသော UHC လမ်းကြောင်းက မလုပ်နိုင်သည်များကို ရိုးသားစွာ ချပြရဲဖို့တော့ နိုင်ငံရေး သတ္တိလိုမည်။ တခြားကဏ္ဍများတွင် တာဝန်ယူရဲသလို၊ ကျန်းမာရေး ကိစ္စတွင်လည်း ခေါင်းဆောင်တို့ ခေါင်းမရှောင်ကြဖို့၊ သတ္တိရှိကြဖို့ကို UHC နေ့တွင် တောင်းဆိုလိုက်ရ ပါသည်။

ကိုးကား
၁) အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁)
၂) Roadmap towards UHC
၃) အာရှဖောင်ဒေးရှင်း၏ City Life Survey
၄) Su-Myat-Han et al (2018) Progress towards universal health coverage in Myanmar: a national and subnational assessment, The Lancet

(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
Did you find apk for android? You can find new Free Android Games and apps.
Loading