မြန်မာပြည်အတွက် ICJ က ပေးလိုက်တဲ့ သတင်းစကားကတော့ လက်နက်ကိုင်ထားတဲ့ ဘယ်အဖွဲ့အစည်းကမှ စစ်ရာဇဝတ်မှုတွေကို အလွယ်တကူ ကျူးလွန်လို့ မရတော့ဘူး။ သူတို့ရဲ့ လက်နက်ကိုင် အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ် ဆိုတာပါပဲ။
ဇာတ်နာတဲ့ဘက်က ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၈ နှစ် ဒီဇင်ဘာ ၁၀ ရက်တုန်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံအတွက် လျှောက်လဲဖို့ ICJ ရောက်နေတဲ့ တိုက်ဆိုင်မှုဟာ ယူကျုံးမရ ကြေကွဲစရာကောင်းတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။
ဒီလိုပြောမယ်ဆိုရင်တော့ သူ့အကြောင်းရေးခဲ့ဖူးတဲ့ စာအုပ်တအုပ်မှာ လွမ်းမောဖွယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားတဲ့ အရေးအသားတခုကို သတိရမိပါတယ်။ လန်ဒန်က နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုလေး သိုက်သိုက်ဝန်းဝန်း ရှိနေချိန် တညနေမှာ အမေဒေါ်ခင်ကြည် မကျန်းမာလို့ ပြုစုဖို့ ရန်ကုန်က လှမ်းအကြောင်းကြားတဲ့ ဖုန်းခေါ်ဆိုမှုတခု ဝင်လာခဲ့တယ်။ အဲဒီညနေဟာ သူတို့မိသားစု စုံစုံညီညီနေခဲ့ရတဲ့ နောက်ဆုံးတညနေပဲ ဖြစ်ခဲ့တယ်လို့ စာရေးဆရာက ရေးသားထားခဲ့ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ သူ့ကို ကျမ အင်တာဗျူး လုပ်ခဲ့ဖူးတဲ့ ၂၀၁၁ ခုနှစ်တုန်းက ပြန်မေးကြည့်ဖြစ်ခဲ့တော့ သူက ဆတ်ကနဲခေါင်းခါပြီး တုံ့ပြန်လိုက်တဲ့ အပြောကို အမှတ်ရမိပါတယ်။ “ဒါတွေက ရေးတဲ့သူက dramatize ဖြစ်အောင် ရေးထားတာ”။ အင်္ဂလိပ်လိုကြားညှပ်ပြီး သုံးခဲ့တဲ့သူရဲ့ အသုံးအနှုန်းကို မှတ်မှတ်ရရ ဖြစ်ခဲ့မိပုံကို ပြန်မျှဝေချင်တာပါပဲ။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးကိစ္စတိုင်း သူလုပ်ရမယ့်လုပ်ငန်း တာဝန်တခုကို ထမ်းဆောင်တာလို့ သူယူဆထားတာကို မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို စ ဝင်ကတည်းက သူပြောခဲ့တဲ့မိန့်ခွန်းတွေ သူဖြေကြားခဲ့တဲ့ အင်တာဗျူးတွေထဲမှာလည်း တွေ့နိုင်ပါတယ်။ မိမိပြည်သူတွေရဲ့အကျိုးကို ရှေးရှုပြီး တာဝန်ထမ်းဆောင်လိုတဲ့စိတ် (the sense of responsibility toward my people) ဟာ သူမရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာခြင်းရဲ့ အခြေခံမူတရပ်ပါ။
ဒီအခြေခံမူနဲ့ပဲ ICJ ကြားနာမှုကိုရင်ဆိုင်ဖို့ ဦးဆောင်သွားရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးခရီးလမ်းကြောင်းကို ခြေခြေမြစ်မြစ် သိတဲ့သူတွေက ရှင်းရှင်းလင်းလင်း မြင်ကြပါတယ်။
ဒါပေမယ့် မနေ့တနေ့ကမှ မြန်မာပြည်ကို တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ အနောက်တိုင်းသံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ငွေကြေးရံပုံငွေတွေကို လက်ခံရယူပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်နေကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကတော့ ဒါကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ မြန်မာ့တပ်မတော်ကို အကာအကွယ်ပေးဖို့ ICJ ကို သွားရောက်တာလို့ မှားယွင်းစွပ်စွဲနေကြတာဖြစ်ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူဦးဆောင်တဲ့အဖွဲ့ထဲက မြန်မာပြည်ကို ကိုယ်စားပြုပြီး လျှောက်လဲကြတဲ့ ပုဂ္ဂိုလ်တဦးတယောက်ကမှ မြန်မာ့တပ်မတော်ကို အကာအကွယ်ပေးပြီး လျှောက်လဲသွားကြတာ မရှိပါဘူး။ မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်း ရှိ မရှိကိုပဲ ခုခံချေပသွားခဲ့ခြင်းဖြစ်တာကို အောက်ပါလျှောက်လဲချက်များကို ကြည့်ရင်သိနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်လဲချက်များ
ရခိုင်ပဋိပက္ခဇစ်မြစ်ကို သမိုင်းဆိုင်ရာအချက်အလက်များအပေါ် အခြေခံပြီး လက်ရှိအချိန်အထိ ဆက်စပ်ဖြစ်တည်နေတဲ့ ပြည်တွင်းစစ် ပဋိပက္ခများအထိ ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက် အချက် ၁၁ မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပေါ်မှာ တုံ့ပြန်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ တုံ့ပြန်မှုများအပေါ် အခုလိုပြောသွားခဲ့ပါတယ်။
“မြန်မာ့တပ်မတော်ဟာ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုများကို မြေပြင်တပ်များနဲ့ တုံ့ပြန်ခဲ့တယ်။ နေရာပေါင်း ၆၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ အဓိကတိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာပေါင်း ၁၂ နေရာရှိခဲ့တယ်။”
အချက် ၁၂ မှာတော့ နိုင်ငံတကာက “clearance operation” လို့ သုံးနှုန်းတဲ့ မြန်မာ့တပ်မတော်ရဲ့ “နယ်မြေရှင်းလင်းရေး”ဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက ပဲခူးရိုးမမှာ ဗမာပြည် ကွန်မြူနစ်ပါတီအား စစ်ဆင်ရေးပြုလုပ်ရာ၌လည်း အလားတူ အသုံးအနှုန်းမျိုးကိုဘဲ အသုံးပြုခဲ့”ပြီးတော့ ဒီစစ်ဖက်ဆိုင်ရာ အသုံးအနှုန်းကို “သောင်းကျန်းသူ နှိမ်နင်းရေးတွင်လည်းကောင်း၊ အကြမ်းဖက်သမားများ နှိမ်နင်းရာတွင်လည်းကောင်း” အသုံးပြုခဲ့တယ်ဆိုတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
“မြန်မာဘာသာအားဖြင့် နယ်မြေရှင်းလင်းရေးဆိုတာဟာ နယ်မြေဒေသတခုအား သောင်းကျန်းသူများ သို့မဟုတ် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။”
အချက် ၁၃ နဲ့ ၁၄ ကတော့ အဲဒီစစ်ဆင်ရေးတွေပြုလုပ်ရာမှာ အာဆာတိုက်ခိုက်ရေးသမား များစွာသေဆုံးခဲ့တယ်။ ရာနဲ့ချီတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ရှိခဲ့တယ်ဆိုတာတွေ ပါဝင်ပါတယ်။
“အဲဒီ ၁၂ နေရာက အချို့နေရာတွေမှာဆိုရင် ရာဂဏန်းနဲ့ချီပြီး ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ နှစ်ဘက်လူ့အသိုင်းအဝန်းများအကြား ပြင်းထန်လှတဲ့ ပဋိပက္ခတွေဖြစ်ပွား ခဲ့ပါတယ်။ ARSA အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနည်းစု အသိုက်အဝန်းဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ အနေနဲ့လည်း သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့ရပြီး အများစုဟာ သူတို့ရဲ့နေရပ်များမှ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်”
အချက်၁၄ ကတော့ စစ်ဆင်ရေးကာလအတွင်းမှာ အင်အားသုံးလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် (မလွှဲမရှောင်သာ လေကြောင်းတိုက်ခိုက်မှု သုံးခဲ့ရတာအပြင်) ထိခိုက်နစ်နာမှုတွေကို ခြုံငုံပြီးပြောပြသွားတာဖြစ်ပါတယ်။
“ရာနှင့်ချီတဲ့ ARSA အကြမ်းဖက်သမားများက တပ်မတော်စစ်ကြောင်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာတွင် တပ်မတော်သားများကို ကယ်ထုတ်ရန် ရဟတ်ယာဉ်တစီး အသုံးပြုခဲ့ရတဲ့ ဖြစ်စဉ်တခု ရှိပါတယ်။ ယင်းရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုများရှိခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်သူအချို့လဲ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်နိုင်ဖွယ်ရှိပါတယ်။”
အချက် ၁၅ နဲ့ ၁၆ ကတော့ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက် (Genocidal Intent) မရှိခဲ့ဘူးဆိုတာ ချေပလျှောက်လဲသွားတာဖြစ်ပါတယ်။
“၁၅။ အချို့သောဖြစ်စဉ်တွေမှာဆိုရင်တော့ တပ်မတော်သားများ အနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာ ခွဲခြားနိုင်မှု ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူများစွန့်ခွာခဲ့တဲ့ ကျေးရွာတွေမှာလည်း ကျန်ရှိနေတဲ့ ပစ္စည်းပိုင်ဆိုင်မှုများကို ဖျက်စီးခြင်း၊ လုယက်ခြင်းများကို ကျူးလွန်တဲ့ အရပ်သားများကို ဟန့်တားတဲ့အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို မြန်မာအစိုးရ တာဝန်ရှိသူများ ဆုံးဖြတ်ရန် မဟုတ်ဘဲ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုလုပ်ငန်းစဉ်တွေမှာ ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”
“၁၆။ ပုန်ကန်တိုက်ခိုက်မှု အခြေအနေတွေကို ကိုင်တွယ်ခဲ့ရသူတွေရဲ့ ရည်ရွယ်ချက်များကို ပြန်လည်သုံးသပ်ကြတဲ့အခါမှာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်လာတဲ့ အနေအထားနဲ့ ရှုပ်ထွေးလှတဲ့ အခြားသောအခြေအနေအရပ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့ ယူဆချက်တခုတည်းကိုသာ ကောက်ချက်ချမှတ်သွားလို့ မဖြစ်နိုင်ပါဘူး။”
ပါမောက္ခ ဝီလျံရှဘတ်စ်၏ လျှောက်လဲချက်များ
ပါမောက္ခ ဝီလျံရှဘတ်စ်ရဲ့ လျှောက်လဲချက်တွေထဲမှာ အဓိက ကိုးကားသွားတာတွေက ခရိုအေးရှားနဲ့ ဆာဗီးယားအမှုက ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြောပြသွားတာကို အများအားဖြင့်တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာရဲ့ စွဲဆိုမှုတွေမှာ အခြေခံထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင် အစီရင်ခံစာထဲက အချက်အလက်တွေဟာ လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက် ရှိတယ်ဆိုတဲ့ ယူဆချက်တွေကို ပံ့ပိုးမှုမပေးနိုင်ပဲ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုသာ ဆိုလိုရင်း ဖြစ်တယ်လို့ လျှောက်လဲချက်နံပါတ် ၄၉၊ ၅၀ နဲ့ ၅၁ မှာ ပြောဆိုထားတာအရ သိရပါတယ်။
လျှောက်လဲချက်နံပတ် ၃၄ နဲ့ ၃၅ မှာတော့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရန်ဟီးလီဟာ နိုင်ငံတကာဥပဒေပညာရှင်မဟုတ်ပဲနဲ့ ဒီဖြစ်ရပ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ သွင်ပြင်လက္ခဏာ (Hallmark of Genocide) တွေ့ရတယ်လို့ မီဒီယာတွေမှာ ပြောဆိုခဲ့တာကို ကိုးကားပြီး လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်လို့ ဂမ်ဘီယာက လျှောက်လဲခဲ့တာကို ICJ အနေနဲ့ ထည့်မစဉ်းစားသင့်ဘူးလို့ ဆိုပါတယ်။ သူပြောခဲ့တာက လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဆိုလိုချင်တာဖြစ်တယ် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်လို့ ပြောဆိုခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။
လျှောက်လဲချက် နံပတ် ၄၈ မှာတော့ ခရိုအေးရှားနဲ့ ဆာဗီးယားပြသနာကို စီရင်ချက်ချတဲ့အခါမှာ သုံးခဲ့တဲ့ အသုံးအနှုန်းကို ကိုးကားပြီးပြောခဲ့ပါတယ်။ စစ်ဆင်ရေးကာလမှာ အရပ်သားအရေအတွက် ဘယ်လောက်သေဆုံးခဲ့ပါတယ် ဆိုတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးကော်မရှင် အစီရင်ခံစာထဲက အချက်အလက်တွေ “ကိန်းဂဏန်းတွေက ဘယ်လောက်ပဲဖြစ်ဖြစ်၊ သေဆုံးမှုတိုင်းဟာ ဖြစ်ရပ်ဆိုးတွေပါပဲ။ မိသားစုတွေ ဒုက္ခရောက်ရတယ်။ လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေ အသတ်ခံရတယ်ဆိုတာ အသက်ရှင်သန်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာပါပဲ။ ဒါပေမယ့် လူတသန်းကျော်လောက်ရှိတဲ့ထဲက တသောင်းလောက် သတ်ခံရတယ်ဆိုရင်တောင် (ဒီဖြစ်ရပ်မှာတော့ ဒါဟာ အလွန်အကျွံ စွပ်စွဲမှုတခုပါပဲ) အုပ်စုတစုလုံးကို ပြုန်းတီးစေရန် ရည်ရွယ်ချက်မြောက်တယ်လို့ မဆိုနိုင်ပဲ တခြားတခုခုသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို FFM အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။”
လွန်ခဲ့တဲ့ လေးနှစ်က ခရိုအေးရှားနဲ့ ဆာဗီးယားပြဿနာမှာ ဒီတရားရုံးက သုံးခဲ့တဲ့ အသုံးအနှုန်းကတော့ “ခရိုးအေးရှား လူဦးရေ ၁၂၅၀၀ ကို ဆားဗီးယားက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အရေအတွက်ဟာ မှန်ကန်ခဲ့တယ် ဆိုရင်တောင်မှ ခရိုအေးရှား တင်ပြတဲ့အရေအတွက်ဟာ အုပ်စုတစုလုံး ပြုန်းတီးအောင် လုပ်ဖို့ရည်ရွယ်တဲ့ အရေအတွက် မမြောက်ဘူး” လို့ ဆိုပါတယ်။
အချုပ်ပြောရရင်တော့ ICJ မှာ မြန်မာအဖွဲ့ရဲ့ လျှောက်လဲချက်တွေထဲမှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာကွယ်ပြောဆိုဖို့ ကြိုးစားထားတာမျိုး မတွေ့ရပဲ မြန်မာပြည်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်း ရှိမရှိ ကိုပဲ ခုခံချေပသွားခဲ့တာကို တွေ့ရှိရပါတယ်။
လက်ရှိ ICJ အရေးမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဦးဆောင်ဖြေရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းတွေကြားမှာ အငြင်းပွါးမှုတွေ ဘယ်လိုပဲရှိခဲ့သည်ဖြစ်စေ မြင်သာထင်ရှားတာတစ်ခုကတော့ မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှုတ်ပိတ်ခံရ အမှောင်ချခံထားရတဲ့ န်ိုင်ငံတနိုင်ငံ မဟုတ်တော့ဘူးဆိုတာပါပဲ။ မြန်မာပြည်ဟာ နိုင်ငံတကာရဲ့ စောင့်ကြည့် လေ့လာမှု မီးမောင်းတွေအောက်မှာ သူ့တိုင်းပြည်ရဲ့ ပစ္စက္ခအမှန်တရားအတွက် မားမားမတ်မတ်ရပ်ပြီး ရင်ဆိုင်နေနိုင်တဲ့ အချိန်တခုကိုရောက်နေပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ အင်မတန်မှ ကျေနပ်စရာကောင်းတဲ့ တိုးတက်မှုတခုပါပဲ။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)
You may also like these stories:
ဒီမိုကရေစီ မင်းကျင့်တရားနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဝိသေသ နိုင်ငံရေးနဲ့ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း
အမျိုးသားရေးဝါဒမှိုင်းနဲ့ မြန်မာ့ဒီမိုကရေစီအကူးအပြောင်း