နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားမှုဖြင့် တရုတ်န်ိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ Wang Yi မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် လာရောက်ခဲ့သည်။ သူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားသော မြန်မာအစိုးရ တာဝန်ရှိသူ အများအပြားနှင့် တွေ့ဆုံခဲ့သည်။ ဝမ်ယိ၏ ခရီးစဉ်က နယ်သာလန်နိုင်ငံ သဟိဂ် The Hague မြို့ ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားခြင်းကို ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မထွက်ခွာမီ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ ကသောင်းကနင်းဖြစ်နေသည့် အချိန်ကို ဖြတ်ကျော်ရန် တရုတ်နိုင်ငံထံမှ အကူအညီကို မြန်မာနိုင်ငံက တောင်းခံခဲ့သည့် အသွင်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံကို အမြဲတမ်းယုံကြည်ရသည့် မိတ်ဆွေတဦးအဖြစ် ချီးကျူးခဲ့သည်။
တရုတ်နိုင်ငံက နည်းပညာထောက်ပံ့မှုမှသည် ကုလသမဂ္ဂတွင် ၎င်း၏ ဗီတိုအာဏာကို အသုံးပြုရန်အထိ မြန်မာနိုင်ငံကို ကူညီပေးရေးအတွက် တကိပြုခဲ့နိုင်ပါသည်။
မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ နေ၍ သံတမန်ရေးအရ ကာကွယ်ပေးရန် တရုတ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၎င်း၏ ဗီတို အာဏာကို အသုံးပြုခဲ့ပြီး ဖြစ်သည်။
ဥပမာပြရလျှင် ရခိုင်ပြည်နယ် အခြေအနေကို ဆွေးနွေးရန် ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းဖော်ပြသည့် ကုလ သမဂ္ဂလုံခြုံရေးကောက်စီ၏ ကြေညာချက်အတိုတစောင်ကို တရုတ်နိုင်ငံက တားမြစ်ပိတ်ပင်ခဲ့သည်။
တရုတ်နိုင်ငံက ၎င်း၏ အစဉ်အလာဖြစ်သည့် နိုင်ငံခြားဆက်ဆံရေးတွင် ကြားဝင်စွက်ဖက်မှုမပြုရေး မူဝါဒကို စွန့်ခွာခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများတွင် စတင်ပါဝင်ပတ်သက်နေပြီ ဖြစ်သည်။ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားတွင် ဆက်သွယ်စေ့စပ်ပေးနေသည်။ စက်တင်ဘာလ ၂၃ ရက် နေ့တွင် နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်စဉ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ထိုကိစ္စကို ဆွေးနွေးရန် မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့ ကို တွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အနီးကပ် ပါဝင်ပတ်သက်နေပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား စေ့စပ်ညှိနှိုင်းပေးနေသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု၏ ရလဒ်အဖြစ် မြောက်ပိုင်း မဟာမိတ်အဖွဲ့ (ရက္ခိုင် တပ်မတော် -AA၊ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA) နှင့် ကိုးကန့် အဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -MNDAA ) နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြုလုပ်သော ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုက မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်၃ ဖွဲ့ တို့ ၂ ဘက်လုံး အတွက် ၂၀၁၈ ဒီဇင်ဘာနှင့် ၂၀၁၉ စက်တင်ဘာတို့တွင် တဖက်သတ် အပစ်အခတ် ရပ်စဲရေးများကို ကြေညာခဲ့ခြင်းကဲ့သို့သော ယခင်က မရှိခဲ့ဖူးသော ခြေလှမ်းမျိုးကို လှမ်းရန်အထိပင် အထောက်အကူပြုခဲ့သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ အရာရှိတဦး၏ အဆိုအရ တရုတ်နိုင်ငံမှ အဆင့်မြင့်အရာရှိများက တရုတ်နိုင်ငံ ယူနန် ပြည်နယ်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် အလျှင်အမြန် စီစဉ်ခဲ့သည့် အသွင်ရှိပါသည်။ မကြာသေးမီက FN-6 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း ဒုံးကျည်များ အပါအဝင် တရုတ်နိုင်ငံလုပ် လက်နက်များ TNLA နှင့် KIA ၂ ဖွဲ့လုံးထံမှ ဖမ်းမိခဲ့ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးက တရုတ်နိုင်ငံကို မေးခွန်းထုတ်ခဲ့ပုံရသည်။
အနောက်တိုင်း အထူးသဖြင့် အမေရိကန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်လာခြင်းကို မလိုချင်ကြောင်း တရုတ်နိုင်ငံက ထင်ထင်ရှားရှား ပြသထားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ချောမွေ့စေရန် အနောက်တိုင်း၏ ကြိုးစားမှုများက ဒေသတွင်းတွင် ကာလရှည်ကြာစွာ ရှိနေခဲ့သည့် တရုတ်အစိုးရ၏ သြဇာလွှမ်းမိုးမှုကို ထိခိုက်စေရန် အားထုတ်မှုများဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆထားသည်။ အခြားသော အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုကို ငြင်းဆန်ထားသည်။
ဥပမာပြရလျှင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ နိုင်ငံရေး အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် က ၂၀၁၃ ခုနှစ်တွင် ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ သွားရောက်၍ ထိုစဉ်က သံအမတ်ကြီးဖြစ်သည့် ဒဲရစ်မစ်ချယ် Derek Mitchell နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အမေရိကန်ပါဝင်လာရေး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ သူက အမေရိကန်နိုင်ငံသို့လည်း သွားရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ၊ ကုလသမဂ္ဂ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်း၏ ပါဝင်ပတ်သက်မှုကို အရှိန်မြှင့်ခြင်းအားဖြင့် တုန့်ပြန်ခဲ့သည်။ အထူးကိုယ်စားလှယ်များ ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသို့ သွားရောက်ရန် အဆင့်မြင့်တာဝန်ရှိသူများကို စေလွှတ်ခဲ့ပြီး မြန်မာခေါင်းဆောင်များကိုလည်း တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုနှင့် ထောက်ခံမှုကို ဆက်လက်၍ ဂရုစိုက် စောင့်ကြည့်သင့်ပါသည်။ အကျိုးစီးပွားများနှင့် မက်လုံးများမရှိဘဲ တရုတ်နိုင်ငံက မြန်မာကို မည်သည့်အချိန်တွင်မျှ ကူညီလိမ့်မည် မဟုတ်ပါ။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ခေတ် သစ်ပိုးလမ်းမ (BRI) စီမံကိန်းများအတွက် ပထဝီအရ ဗျူဟာမြောက် အရေးပါသည့် နေရာတခုတွင် ရှိနေသောကြောင့် ဖြစ်သည်။ BRI စီမံကိန်းများမှ တဆင့် မလက္ကာရေလက်ကြားကို ဖြတ်ကျော်ရန် မလိုဘဲ အိန္ဒိယ သမုဒ္ဒရာသို့ ရောက်ရှိကာ အရှေ့အလယ်ပိုင်း နှင့် အာဖရိကသို့ ဆက်သွယ်ပေးနိုင်မည့် လမ်းကြောင်းများတည်ဆောက်ရန် တရုတ်နိုင်ငံက ကြိုးစားနေသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ လတ်တလော ခရီးစဉ်က မြန်မာနိုင်ငံတွင် BRI စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ခြင်းဟုလည်း အဓိပ္ပါယ်ရပါသည်။ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ခံမှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အကာအကွယ်ပေးသည့် အချိန်၌ပင်လျှင် စစ်မှန်သော ကူညီလိုသည့် ဆန္ဒနှင့် မဟုတ်ဘဲ ၎င်း ကိုယ်ပိုင်အကျိုးစီးပွား၏ ဦးဆောင်မှုကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံက အာဏာရှင် အစိုးရတခု၏ လက်အောက်တွင် ရှိနေသဖြင့် မြန်မာနိုင်ငံကို ကူညီရာတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို မြေတောင်မြှောက်ရန် သို့မဟုတ် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် စိတ်မဝင်စားပါ။ ဟောင်ကောင်မှ လက်ရှိ ပြဿနာများနှင့် တရုတ်နိုင်ငံ၏ ဇင်ကျန်း Xinjiang့ ပြည်နယ်မှ ဝီဂါ Uighur မွတ်ဆလင်များကို ဖိနှိပ်ခြင်းတို့က ဒီမိုကရေစီ၏ တန်ဖိုးများ၊ ယဉ်ကျေးမှု အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို တရုတ်နိုင်ငံက မည်သို့ ဖျက်ဆီးနိုင်သည်၊ ဖျက်ဆီး လိမ့်မည်ဆိုသည်ကို ဖော်ပြနေသည်။
သို့သော် ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံတခု အနေဖြင့် မြန်မာနိုင်ငံက ဒီမိုကရေစီကို မြေတောင်မြှောက် ထိန်းသိမ်းစောင့်ရှောက်ရန် အနောက်တိုင်းနှင့် ပိုမိုထိတွေ့ဆက်ဆံမှု လိုအပ်ပါသည်။ ဒီမိုကရေစီနှင့် (အမေရိကန်ကဲ့သို့ တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံများတွင် ယူဆထားကြသလို) ရွေးကောက်ပွဲများက မြန်မာနိုင်ငံတွင် ယခုအချိန်အထိ အသစ်အဆန်း ဖြစ်နေဆဲဖြစ်သည်။
အရေးပါသည့် အဆိုပါ အင်စတီကျူးရှင်းများ၏ သန်စွမ်းရေးက မျှော်လင့်ရုံမျှထက် ပို၍ လိုအပ်သည်မှာ အနောက်တိုင်းမှ သင်ခန်းစာများကို လက်တွေ့အသုံးချခြင်း ဖြစ်ပါလိမ့်မည်။ တရုတ်နိုင်ငံကို မဟုတ်ဘဲ အနောက်တိုင်းသို့ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး လွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ နိုင်ငံရေးအရ စိတ်ရှည်သည်းခံမှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်တခု တို့ကို ခိုင်မာအားကောင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။
ပစ်မှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ICJ တွင် တရားစွဲဆိုခြင်း အပါအဝင် အနောက်တိုင်းမှ ဖိအားက တိုင်းပြည်ကို ပြိုကွဲစေမည့် အဓိပ္ပါယ်မဖြစ်နိုင်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် ဖြစ်ပါလိမ့်မည်။
အကယ်၍ နိုင်ငံတကာ၏ ဖိအားများမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံက အနောက်တိုင်းနှင့် ကျနော်တို့၏ ထိတွေ့ဆက်ဆံမှုများမှ ရှောင်ခွာ ဖြတ်တောက်ခဲ့လျှင် အာဏာရှင် တရုတ်အစိုးရက မြန်မာနိုင်ငံ၏ ခေါင်းဆောင်များနှင့် နိုင်ငံရေးသမား များကို ဝယ်ယူရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ သူတို့၏ နိုင်ငံရေး အယူဝါဒများ ထည့်သွင်းရန် အခွင့်အရေးကို ရယူသွားလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု၏ အရှိန်အဟုန် အပေါ်တွင် ယုံကြည်မှုကြီးမားစွာ ထားရှိခြင်းက တိုင်းပြည်ကို ဦးတည်ချက် လွဲမှားသွားစေနိုင်ပါသည်။
တိုင်းပြည်တွင် လစ်ဘရယ်ဒီမိုကရေစီကို မြေတောင်မြှောက်ရန် အနောက်တိုင်းနှင့် ထိတွေ့ဆက်ဆံမှု ဆက်လက်ရှိနေခြင်းက မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော အခြေအနေတခု ဖြစ်ပါသည်။ (လစ်ဘရယ်ဒီမိုကရေစီ အခြေခံများ ရှိပြီး အထောက်အပံ့များလည်း ပေးနေသော အင်အားကြီးနိုင်ငံတခု ဖြစ်သည့်) အမေရိကန်ကဲ့သို့ လစ်ဘရယ် အင်အားစုကသာလျှင် မြန်မာနိုင်ငံသားများ မျှော်လင့်ထားခဲ့သည့် ရည်မှန်းချက်များ ပြည့်မြောက်ရေးကို ကူညီနိုင်ပါလိမ့်မည်။
နိုင်ငံတကာဖိအားများအောက်တွင် အရေးယူအပြစ်ပေးခြင်း ခြိမ်းခြောက်မှုများကြောင့် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်ရန် မြန်မာနိုင်ငံ၏ လုပ်ရပ်က နိုင်ငံသားများ မလိုချင်သည့် လစ်ဘရယ်မဟုတ်သော တန်ဖိုးများနှင့် အလေ့အထများကိုသာ ရစေပါလိမ့်မည်။ ထိုအခါတွင် ဒီမိုကရေစီကို မြေတောင်မြှောက်ရန် မျှော်လင့်ချက်များလည်း လွင့်ပါးပျောက် ကွယ်သွားရပါလိမ့်မည်။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်သည် ။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏
Myanmar Needs More Engagement From the West, Not China ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ် လမ်းညွှန်မှုအောက်က ငြိမ်းချမ်းရေး ခရီးမရောက်
အမေရိကန်-အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာ မြန်မာ ဘာကြောင့်ပါသင့်သနည်း
ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ