ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ခန်းမဆောင်တွင် အဖွဲ့ဝင် ၁၇ ဦးပါသည့် တရားသူကြီးအဖွဲ့ရှေ့မှောက်၌ ကြားနာမှုကို တက်ရောက်ခဲ့သည့်အချိန် နိုင်ငံတကာမီဒီယာ၏ အာရုံစိုက်မှုသည် သူမ အပေါ်တွင်သာ ရှိနေခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအား မြန်မာနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်ခဲ့သည် ဆိုသော ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲမှုကို ဒေါ်အောင်ဆန်းစုကြည်က နားထောင်နေပုံအား သရုပ်ဖော်ရာတွင် “ခံစားချက် မရှိ” ဆိုသော စကားလုံးသည် နိုင်ငံတကာ မီဒီယာများ ထိုနေ့က သုံးစွဲရန် ဓာတ်ကျခဲ့သော စကားလုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သော သူတို့၏ စိတ်လှုပ်ရှားမှု စတင်လေတော့သည်။
ထို စိတ်လှုပ်ရှားမှုသည် နောက်တရက် ဒေါ်အောင်ဆန်းစုကြည် မြန်မာဘက်မှ ပြန်လည် ရှင်းလင်းခဲ့ပြီးနောက် နာရီ အနည်းငယ်အကြာတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
ဒုက္ခသည် ၇၀၀၀၀၀ ကျော် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခြင်းကို ဖြစ်ပေါ်စေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အား မြန်မာနိုင်ငံက ချိုးဖောက်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲခဲ့သည်။ ထပ်မံ ချိုး ဖောက်မှုများပေါ်ပေါက်လာခြင်းမှ ကာကွယ်ရန် ICJ က “ကြားဖြတ်စီမံဆောင်ရွက်ချက်များ” အတွက် အမိန့်ချပေးရန် အာဖရိက နိုင်ငံတခု ဖြစ်သည့် ဂမ်ဘီယာက တောင်းဆိုခဲ့သည်။
၂၅ မိနစ် နီးပါးကြာမြင့်သည့် နှုတ်ဖြင့်လျှောက်လဲချက်တွင် မြန်မာ ခေါင်းဆောင်က ရခိုင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခအတွင်း ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းအတွက် တပ်မတော်က တုန့်ပြန်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အများလက်ခံထားသည့် တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စံနှုန်းများအား ချိုးဖောက်ခြင်းများ ရှိခဲ့နိုင်သည်ဆိုခြင်းကို ငြင်းဆန်မသွားခဲ့ပါ။ သို့သော်လည်း အဆိုပါ ပြစ်မှုများကို လူမျိုးတုန်းသတ်ဖြတ်မှုဟု ကောက်ချက်ချရန် မဖြစ်န်ိုင်ကြောင်း၊ ကျူးလွန်ခဲ့သူများကို ပြည်တွင်း စစ်ခုံရုံးများတွင် စစ်ဆေးသွားလိမ့်မည် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
“ပြည်တွင်း ဆောင်ရွက်မှု မအောင်မြင်ဘူးဆိုမှသာ နိုင်ငံတကာ တရားစီရင်ရေးက ဝင်ရောက်ပါဝင်သင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်များမှ မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ကာကွယ်” ကဲ့သို့ သတင်းခေါင်းစဉ်များ နိုင်ငံတကာ မီဒီယာတွင် ကျယ်ကျယ်လောင်လောင် ဖြစ်လာသည်ကို မြင်ရခြင်းက အံ့သြစရာ မဟုတ်ပါ။ သူတို့က စာဖတ်သူတို့၏ အာရုံကို ဖမ်းဆုပ်နိုင်ရန် ထိုကဲ့သို့သော အချက်မျိုးအပေါ်တွင် အလေးပေးသည်မှာ နားလည်ပေးနိုင်စရာ ဖြစ်သည်။ သူ၏ လျှောက်လဲချက်တွင် ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ငြင်းဆန်သွားသည် ကလည်း အမှန်ပင်ဖြစ်သည်။
သို့သော်လည်း ကြားနာမှုနှင့် ပတ်သက်သည့် သတင်းဖော်ပြမှုများ (အလျဉ်းသင့်သလို ကောက်နှုတ် ဖော်ပြရလျှင် Financial Times၊ The New York Times၊ The Wall Street Journal၊ The Economist၊ The Guardian နှင့် The Associated Press တို့၏ ရေးသားဖော်ပြချက်များ) က စိတ်မသက်သာစရာ ကောင်းလှသည်။ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်၏ ရည်ရွယ်ချက်ကို မှန်မှန်ကန်ကန် မထင်ဟပ်န်ိုင်ကြပေ။
စိုးရိမ်စရာကောင်းသည်က ကမာ္ဘသိကျော်ကြားသည့် မီဒီယာများတွင် မြန်မာနိုင်ငံကို ထိုကဲ့သို့ အဆိုးဘက်မှ သရုပ်ဖော်ခြင်းက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ အထင်အမြင်အယူအဆ လွဲမှားမှုများကို မီးထိုးပေးနိုင်သောကြောင့် ဖြစ်သည်။ ကျဆင်းနေခဲ့ပြီး ဖြစ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထပ်၍ ထိခိုက်စေပါသည်။
သတင်းဖော်ပြမှုအများစုတွင် ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ် ခေါ်ဆိုသော်လည်း မြန်မာနိုင်ငံသားများက ဘင်္ဂါလီများဟု မြင်သူ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ကျူးလွန်ခဲ့ခြင်းများအတွက် တပ်မတော်ကို အပြစ်ဆိုခြင်းမရှိသောကြောင့် တာဝန်မကျေသော လူ့အခွင့်အရေးသမားအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ခဲ့ကြသည်။
The Economist က ဒေါ် အောင်ဆန်းစုကြည်ကို “တပ်မတော်၏ ရက်စက်မှုများအတွက် ခုခံကာကွယ်ပေးသူ၊ တိုင်းရင်းသားလူနည်းစုများကို ဖိနှိပ်သူ၊ လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးကူညီသူ” ဟု အမည်တပ်ခဲ့သည်။ The Wall Street ဂျာနယ်က “သူကိုယ်တိုင် တချိန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်တပ်အပေါ် ယုံကြည်မှုကို သူကဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုအတွက် ကြိုးစားနေသူ တွေကြောင့် အချို့သောအမှုတွေမှာ အင်အားအလွန်အကျွံ သုံးကောင်းသုံးခဲ့နိုင်တယ်လို့ သူပြောခဲ့တဲ့သူတွေကို ရုံးတင်တရားစွဲဖို့ ပြည်တွင်းက အားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်”ဟု ရေးသားခဲ့သည်။ Financial Times ကလည်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ်က နိုဘဲလ်ဆု လက်ခံသည့် အခမ်းအနားတွင် သူကိုယ်တိုင်ပြောကြားခဲ့သည့် မိန့်ခွန်းကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည်၊ တပ်မတော်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို လျှော့လျှော့ ပေါ့ပေါ့ပြောဆိုခဲ့သည်ဟု ရေးသည်။
သူတို့ အားလုံးနီးပါးက ဆိုကြသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ICJ သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရန် မလိုအပ်ဟူ၍ ဖြစ်သည်။ The Hague သို့ရောက်လာသည့် သူ၏ ခရီးစဉ်မှာ “နောက်လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမတိုင်မီ ဗုဒ္ဓဘာသာ လူများစု ရှိသည့် ပြည်တွင်းမှ ထောက်ခံမှုများ ရယူရန် အားထုတ်မှုတခု” ဖြစ်သည်ဟု ပြည်တွင်းမှ အတိုက်အခံအချို့ကို သံယောင်လိုက်၍ အခိုင်အမာပြောခဲ့ကြသည်။ ICJ သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာ သည့် ရည်ရွယ်ချက်က အငြင်းပွားဖွယ်ရာ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် The New York Times က “ဗိုလ်ချုပ်ကြီးများကို ကာကွယ်ပေးသူအဖြစ် သူမ၏ ပြောင်းလဲခြင်းက နောင်နှစ်တွင် ရွေးကောက်ပွဲ ဝင်ရတော့မည် သူ့ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် သူ၏ ပြည်တွင်း ရေပန်းစားမှုကို ခိုင်မာစေခဲ့သည်” ဟု ရေးသားသည်ကို မြင်ရခြင်းက ရယ်ချင်စရာကောင်းလှသည်။
Associated Press ကလည်း ထိုနည်းတူပင်။ “တိုင်းပြည်ကို ကာကွယ်သူ ဆိုသည့် အခန်းကဏ္ဍကို ရယူလိုက်ခြင်းအားဖြင့် (နိုင်ငံတကာ၏ ဝေဖန်မှုများကို ဆန့်ကျင်၍ တပ်မတော်ကို ကာကွယ်ပေးနေသည့်တိုင်) ဒေါ်အောင်ဆန်းစုကြည်က မြန်မာအမျိုးသားရေး ဝါဒီများကို စည်းရုံးနိုင်ခဲ့ပြီး နောက်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သူ၏ ပါတီကို ခိုင်မာအားကောင်းသော နေရာတခုသို့ ရောက်စေခဲ့သည်” ဟုဆိုသည်။ မှန်ပါသည်။ သူတို့၏ တိုင်းပြည်အတွက် ရပ်တည်ပေးသည့် မည်သူမဆို (အထူးသဖြင့် ခက်ခဲသောအချိန်တခုတွင်) ပြည်တွင်းမှ ထောက်ခံမှု ရရှိလိမ့်မည်ဆိုသည်မှာ သံသယရှိစရာမလိုပါ။ သို့သော် ဗိုလ်ချုပ်ကြီးများကို ကာကွယ်ခြင်းကြောင့် မဲရနိုင်သည် ပြောခြင်းကတော့ ဖျင်းလွန်းရာကျပါသည်။
မြန်မာ့ သတင်းများနှင့် အကျွမ်းတဝင်ရှိသည့်သူတိုင်းက တိုင်းပြည်တွင် တပ်မတော်က မည်မျှလူကြိုက်နည်းသည်ကို သိကြပါသည်။ လူကြိုက်နည်းသူများကိုကာကွယ်ခြင်းက လူထုထောက်ခံမှု မည်သို့ ရနိုင်ပါမည်နည်း။ ထိုနည်းတူပင် ဗိုလ်ချုပ်ကြီးများကို ကာကွယ်ခြင်းအားဖြင့် အမျိုးသားရေးဝါဒီများ၏ ထောက်ခံမှုကို ရလိမ့်မည်ဆိုသည်မှာလည်း အလွန်ရယ်စရာကောင်းပါသည်။ NLD အစိုးရလက်ထက်တွင် အမျိုးသားရေးဝါဒီများသည် သူတို့၏ လက်ယာစွန်းရောက် မဟာ ဗုဒ္ဓဘာသာ အယူအဆ အတွက်ကြောင့် အနှိပ်ကွပ်ခံရဆုံး အင်အားစုဖြစ်သည်။ သူတို့ကို ဖိနှိပ်သည်ဟု မြင်ကြသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ မကြိုက်ကြပါ။ သူတို့ထောက်ခံသည်မှာ တပ်မတော်သာ ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားပြီး ဖြစ်သည့် တပ်မတော်နှင့် ပတ်သက်နေသော၊ အမျိုးသားရေးဝါဒနှင့် နီးစပ် သောပါတီများအစား NLD ပါတီကို မည်သည့်အတွက်ကြောင့် သူတို့က မဲပေးကြမည်နည်း။ နိုင်ငံရေးနှင့် ပတ်သက်လာလျှင် (အထူးသဖြင့် သူတို့အတွက်) ကျေးဇူးသိတတ်ခြင်းသည် ဒုတိယ နေရာတွင်သာ ရှိနေမည်ဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးနှင့် ပတ်သက်၍ နားလည်မှု အားနည်းခြင်းအပြင် နိုင်ငံတကာ မီဒီယာက ဒေါ်အောင်ဆန်းစုကြည်၏ ခုခံ လျှောက်လဲချက်နှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြရာတွင် မျှတမှုကို ကျင့်သုံးရန်လည်း ပျက်ကွက်ခဲ့သည်။ သူတို့ အားလုံးက လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်ခြင်း၊ ဗိုလ်ချုပ်ကြီးများ နှင့့်် ပြည်တွင်းစစ်ခုံရုံးတွင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်ချိုးဖောက်မှုများနှင့် ပတ်သက်၍ စစ်ဆေးနေခြင်းကို ကာကွယ် ပေးခြင်းနှင့် အရေးအကြီးဆုံး အနေဖြင့် ဤအမှုတွင် အချိန်အခါမဟုတ်ဘဲ နိုင်ငံတကာတရားစီရင်မှု ကျင့်သုံးခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ငြင်းဆန်မှုတို့ကို အသားပေးဖော်ပြခဲ့သော်လည်း မြန်မာနိုင်ငံခေါင်းဆောင်က တရားရုံးတွင် “ပြည်တွင်း ဆောင်ရွက်မှု မအောင်မြင်ဘူးဆိုမှသာ နိုင်ငံတကာ တရားစီရင်ရေးက ဝင်ရောက်ပါဝင်သင့်ပါတယ် ဟု ကြေညာခဲ့ခြင်းကို အထက်ဖော်ပြပါ မီဒီယာများက ဖော်ပြခြင်း မရှိခဲ့ပေ။
သူတို့၏ သတင်းများတွင် အဆိုပါအချက် ပါဝင်ခဲ့ခြင်း မရှိခြင်းကြောင့် နိုင်ငံတကာမှ စာဖတ်သူများက မြန်မာနိုင်ငံသည် နိုင်ငံတကာတရားစီရင်မှုကို မျက်စေ့မှိတ်ပယ်ချသည်ဟု သုံးသပ်ကြသည့် အခြေ အနေသို့ ရောက်ရှိသွားနိုင်ပါသည်။ ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံစေရမည်ဟု တောင်းဆိုခြင်းက လက်ခံနိုင်လောက်စရာ ဖြစ်သော်လည်း မြန်မာနိုင်ငံက ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း၏ အခြေခံရည်မှန်းချက်များထဲမှ တခု ဖြစ်သည့် သဘောတူညီချက်များနှင့် အခြားသော နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရမည့်တာဝန်ကို ဥပေက္ခာပြုသည့် နိုင်ငံအဖြစ် သရုပ်ဖော်ခြင်းက မမျှတသလို အထင်အမြင် လွဲမှားမှုများ ဖြစ်စေနိုင်ပါသည်။
The Hague မှ ကြားနာမှုနှင့် ပတ်သက်၍ သူတို့သတင်းဖော်ပြမှုများ၏ တိကျမှန်ကန်မှုကလည်း မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ The Guardian ကိုကြည့်ပါ။ အကယ်၍ ၎င်း၏ သတင်းထောက်က သူ၏ သတင်းရင်းမြစ် ၂ ဦးဖြစ်သည့် “ခါတွန် (အသက် ၅၀) နှင့် အလီ (အသက် ၄၆ နှစ်) တို့က ၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြောင်း” ရေးသားခြင်း မပြုမီ အခြေခံကျသည့် အချက်အလက်စစ်ဆေးမှု အချို့ ပြုလုပ်ခဲ့ပါက The Guardian အနေဖြင့် သူတို့ သတင်းနှင့် ပတ်သက်ပြီး အများယုံကြည်လက်ခံနိုင်မှုကို အဖတ်ဆယ်န်ိုင်ကောင်း ဆယ်နိုင်ခဲ့မည် ဖြစ်သည်။ အကယ်၍ ခါတွန်နှင့် အလီတို့သာ တကယ်မဲ ပေးခဲ့ကြသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူတို့ကို သူတို့၏ ထောက်ခံမှုအတွက် ကျေးဇူးတင်သင့်ပါသည်။ သို့သော် စိတ်မကောင်းစရာကတော့ လွန်ခဲ့သော ၉ နှစ်က ထိုစဉ်က စစ်အစိုးရ ကျင်းပခဲ့သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ပါသည်။ The Guardian နှင့် အခြားသော နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် သူတို့ ကြားရသမျှကို သတိကြီးကြီးထားပြီး လက်ခံသင့်ပါသည်။
တဖက်တွင်လည်း မြန်မာ့တပ်မတော်အတွက် ယခုအချိန်သည် လူ့အခွင့်အရေး၏ အခန်းကဏ္ဍတိုင်းကို သူတို့ လေးစားကြောင်း ကမာ္ဘသို့ ပြသရမည့် အချိန်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ထိခိုက်နစ်နာခဲ့ရသူ များအတွက် လူမျ်ိုးဘာသာ မခွဲဘဲ တရားမျှတမှု ဆောင်ယူပေးရေးလည်း အပါအဝင်ဖြစ်သည်။ အင်းဒင်ရွာ သတ်ဖြတ်မှုတွင် ကျူးလွန်ခဲ့သူများကို အချိန်မတိုင်မီ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် တပ်မ တော်၏ တရားစီရင်ရေးအပေါ် ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ သံသယကြီးစွာ ဖြစ်စေခဲ့၏။
ဒေါ်အောင်ဆန်းစုကြည်ကပင်လျှင် တရားရုံးတွင် “ကျမတို့ မြန်မာနိုင်ငံမှာ ရှိတဲ့သူအများအပြားက ဒီလွတ်ငြိမ်းခွင့်နဲ့ ပတ်သက်လို့ စိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ မှန်ပါသည်။ ဤအချက်က မြန်မာနိုင်ငံကို ကမာ္ဘ့တရားရုံး သို့ ရောက်ရသည့် ရလဒ်ဖြစ်စေခဲ့သော၊ တိုင်းပြည် အရှက်ရစရာ ဖြစ်ခဲ့ရသော အဓိက အကြောင်းရင်းများထဲမှ တခု ဖြစ်ဖွယ်ရာ ရှိပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် စစ်ဆေးဆဲ အမှုများနှင့် အနာဂတ် တွင် စစ်ဆေးစီရင်မှုများသည် အပြစ်ရှိသူများကို ကြောက်ရွံ့မှု သို့မဟုတ် မျက်နှာလိုက်မှု မပါဝင်ဘဲ၊ ရာထူးအဆင့်အတန်း မခွဲခြားဘဲ စီရင်ဆုံးဖြတ်ကြောင်း သက်သေပြရန် လိုပါသည်။
ရခိုင်ပြည်နယ် သို့မဟုတ် မြန်မာနိုင်ငံ၏ အခြားနေရာတိုင်းတွင် နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိတော့လိမ့်မည် မဟုတ်ကြောင်း အခိုင်အမာ သက်သေပြရပါမည်။
အရေးအကြီးဆုံးမှာ တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့နိုင်သည် ဆိုသောအချက်ကို ဒေါ်အောင်ဆန်းစုကြည်က မငြင်းဆန်ခဲ့ပါ၊ လက်ရှိတွင် စစ်ခုံရုံးတင် စစ်ဆေးမှုတခု ပြုလုပ်နေပြီး နောက်မကြာ တော့သော ကာလတွင် နောက်ထပ်စစ်ဆေးမှုများ ပိုရှိလာလိမ့်မည်ဖြစ်သည့်အတွက် အပြစ်ရှိကြောင်း တွေ့ရှိရသူများကို အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်ကို သတိပြုရန် ဖြစ်ပါသည်။
ICJ တွင် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ် သို့မဟုတ် မြန်မာနိုင်ငံ အခြား ဘယ်နေရာမှာမဆို လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို သည်းခံသွားမှာ မဟုတ်တော့ပါဘူး ” ဟု အခိုင်အမာပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုရုံးတင်စစ်ဆေးမှုများ၏ ရလဒ်ကို စောင့်ကြည့်သင့်ပါသည်။ ပြီးမှသာ ဆုံးဖြတ်သင့်သည်။ လက်ရှိအချိန်တွင် ပြင်ပမှ ကတိုက်ကရိုက် အရေးယူဆောင်ရွက်မှုများက (တပ်မတော်နှင့် အပါအဝင်) ထိရှလွယ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်နေဆဲဖြစ်သော မြန်မာနိုင်ငံအတွက် အကျိုးဖြစ်စေလိမ့်မည် မဟုတ်ပါ။
ထိုအချက်က ရခိုင်ပြည်နယ်တွင် အထူးပင်မှန်ကန်ပါသည်။ ယနေ့အချိန်တွင် ထိုဒေသသည် ပဋိပက္ခများ၏ အကျိုးဆက်ကို ခံစားနေကြဆဲဖြစ်သောကြောင့် ဖြစ်သည်။ ကြားနာမှု နောက်ဆုံးနေ့မှ သူ၏ လျှောက်လဲချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုအချက်ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းခဲ့ပြီး ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံတကာ မီဒီယာသတင်းများတွင် မမြင်တွေ့ခဲ့ကြရသူများအတွက် ဒေါ်အောင်ဆန်းစုကြည် (တရားရုံးတွင်) ပြောကြားခဲ့သော ထိုစကားများကို ဖော်ပြရလျှင် “ယုံကြည်မှုတည်ဆောက်ရရှိပြီးစ ထိလွယ်ရှလွယ် အနေအထားရှိနေသေးတဲ့ အသိုက်အဝန်းများကြားမှာ သံသယစိတ် တိုးပွားစေပြီး မယုံကြည်မှုဖြစ်ပေါ်ကာ မကျေနပ်မှုများ ဖန်တီးမည့် မည်သည့် ဆောင်ရွက်ချက်များမဆို မိမိတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလျော့ ချည့်နဲ့စေမှာ ဖြစ်ပါတယ်” ဟူရွေ့ဖြစ်သည်။
(Kyaw Phyo Tha ၏ Int’l Media Shows Lack of Fairness, Ignores State Counselor’s Message to the ICJ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပယ်ချရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား
ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်ကြောင်း သဟိဂ်သို့ ရပ်နီးရပ်ဝေးမှ လာပြသကြ
နိုင်ငံရေး လုပ်ကြံမှုကြီး ၃ မှု အကြောင်း