တရုတ်ပြည်သူ့သမ္မတန်ိုင်ငံမှ အဆိုပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများသည် စီမံကိန်း အဆိုပြုလွှာအတွက် ကနဦး နားလည်မှု စာချွန်လွှာ ရေးထိုးသည့် အချိန်မှ စတင်၍ ယခုအချိန်အထိ ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
၂၀၁၀ ခုနစ် မတိုင်မီ ကာလမှ အစပြုခဲ့သော စီမံကိန်းအဟောင်းများအပြင် အသစ်အသစ်သော စီမံကိန်းများမှာလည်း မြန်မာနိုင်ငံအနှံ့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အများစုမှာ မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဖြစ်သည်။ ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လာမည့် မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် အဆိုပါစီမံကိန်းတချို့နှင့် ဆက်စပ်သော သဘောတူညီမှုများကို လက်မှတ်ရေးထိုးသွားကြမည်ဟုလည်း မြန်မာအစိုးရ၏ သတင်းရင်းမြစ်များက အတည်ပြု ပြောကြားထားသည်။
သို့သော်လည်း “တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်လော” ဟူသော မေးခွန်းမှာ ပြည်တွင်း ပြည်ပ အသိုင်းအဝိုင်းများကြားတွင် မြင့်တက်လျက် ရှိသည်။ အထူးသဖြင့် “မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ကြွေးမြီထောက်ချောက်ထဲသို့ ကျဆင်းသွား မည်လော၊” သို့တည်းမဟုတ် “အဆိုပါ စီမံကိန်းများသည် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး တစုံတရာ ရှိနိုင်ပါမည်လော” အစရှိသော မေးခွန်းများသည် လူမေးအများဆုံး ဖြစ်သည်။
မြန်မာအစိုးရ အနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆို အကောင်အထည်ဖော်ရုံမျှဖြင့် အဆိုပါ စီမံကိန်းများသည် အောင်မြင်စွာ ပြီးဆုံးသွားမည် မဟုတ်ပါ။ အထူးသဖြင့် မြန်မာန်ိုင်ငံကဲ့သို့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ပဋိပက္ခဖြစ်ပွားနေပြီး ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီသော ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြင့် ရှေ့ဆက်နေသည့် တိုင်းပြည်တွင် အဆိုပါ စီမံကိန်းများကို နှစ်နိုင်ငံအစိုးရများ အချင်းချင်း သဘောတူစာချုပ်များ ချုပ်ဆိုပြီး အကောင်အထည်ဖော်ဆောင်ရွက်ရုံမျှဖြင့် ပြီးမြောက်အောင်မြင်နိုင်မှု ရာခိုင်နှုန်းမှာ အလွန်နည်းပါးလှသည်။
ထို့အပြင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် မိမိတို့နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတိုင်း န်ိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရန် အထောက်အကူ မဖြစ်နိုင်ကြောင်းကိုလည်း အထူးသတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လက်ခံရာတွင် နိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုစေရန် အလို့ဌာ အစိုးရအနေဖြင့်
(၁) မေခရိုစီးပွားရေး ဝန်းကျင်တည်ငြိမ်ရေး (Macroeconomic Stability) ၊
(၂) နိုင်ငံရေး ဝန်းကျင်တည်ငြိမ်ရေး (Political Stability) ၊
(၃) န်ိုင်ငံတော် အင်စတီကျူးရှင်းများ၏ စွမ်းရည်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံ အဆောင်အအုံများပြည့်စုံဖူလုံရေး၊
(၄) စီးပွားရေး လုပ်ငန်းများ/ ဉာဏပစ္စည်းမူပိုင်ခွင့်များအတွက် အကာအကွယ်ပေးနိုင်သော ဥပဒေများ စိုးမိုးရေး၊
(၅) အစိုးရ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒနှင့်စီမံချက်များတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို အဓိကထားရှိပြီး ထိုစီမံချက်များကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒနှင့်ချိတ်ဆက်ထားရှိခြင်း၊
(၆) နိုင်ငံ၏ ကုန်ထုတ် စွမ်းအားအတွက် လူသားအရင်းအမြစ်များ အဓိက မွေးထုတ်ရန်အတွက် တိကျသော ပညာရေး ဆိုင်ရာ မူဝါဒများထားရှိ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများ၏ အောင်မြင်မှုမှာ မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတော် (State) – ဈေးကွက် (Market) – လူ့အဖွဲ့အစည်း (Society) တို့၏ ပတ်သက်ဆက်နွယ်မှု အပေါ်တွင် အဓိက မူတည်နေပေသည်။ ထိုအရာသည်ပင်လျှင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဘောဂဗေဒ အခြေအနေကို ပုံဖော်ဖန်တီးနေသည့်အပြင် အနာဂတ် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးများအထိ ရိုက်ခတ်မှု ရှိလာန်ိုင်ပါသည်။
မြန်မာန်ိုင်ငံအတွင်းတွင် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဆက်ဆံရေး (State-Society Relations)၊ နိုင်ငံတော်နှင့် ဈေးကွက်ဆက်ဆံရေး (State-Market Relations)၊ နှင့် ဈေးကွက်နှင့် လူ့အဖွဲ့အစည်း ဆက်ဆံရေး (Market-Society Relations) တို့သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် အဓိက အဆုံးအဖြတ်ပေးလာမည့် အရာများပင်ဖြစ်သည်။
ယေဘုယျအားဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်နိင် ရေး ဒေသခံ ပြည်သူလူထုများ၏ အပြုသဘောဆောင်သော အမြင်သဘောထားများ ရရှိရန် အရေးကြီးသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အစချီ၍ သမ္မတဦးသိန်းစိန် လက်ထက်တွင် ရပ်တန့်ခဲ့သော မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ယခု ရန်ကုန်မြို့သစ်စီမံကိန်း အထိ တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသော စီမံကိန်းများအပေါ်တွင် မြန်မာပြည်သူ့လူထု၏ အမြင်သဘောထားမှာ အပြုသဘောထက် အနုတ်လက္ခဏာကို ပိုမိုဆောင်သည်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ၊ ဒေသခံများအတွက် အကျိုးကျေးဇူး တစုံတရာ မရရှိမှု၊ လယ်ယာမြေလျှော်ကြေးငွေများ မရရှိခြင်း အစရှိသော ဝေဖန်မှုများသည် စီမံကိန်း ဒေသမှ ပြည်သူလူထုများထံမှ အများဆုံး ကြားရသော အသံများ ဖြစ်သည်။
ထိုကဲသို့သော ပြည်သူလူထု၏ အနုတ်သဘောဆောင်သော အမြင်သဘောထားများ များပြားလာခြင်းသည် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေးကို ပျက်ပြားစေသည်။ ပုံမှန်လည်ပတ်နေသော လူ့အဖွဲ့အစည်းများ အနေဖြင့် လုံခြုံမှု၊ လွတ်လပ်မှု၊ ကြွယ်ဝချမ်းသာမှု၊ တည်ငြိမ်မှု၊ တရားမျှတမှု အစရှိသော တန်ဖိုးစံများကို န်ိုင်ငံတော်ထံမှ တောင်းဆိုလေ့ရှိပြီး ထိုတန်ဖိုးစံများကို ရရှိရန် ပျက်ကွက်သည့် အချိန်တွင် နိုင်ငံတော် နှင့် လူ့အဖွဲ့အစည်းကြားက ဆက်ဆံရေးသည်လည်း တစတစ ယိုယွင်းလာတတ်သည်။
ထို့အပြင် န်ိုင်ငံတော်သည် တခါတရံတွင် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ကိုယ်တိုင် ဖြည့်ဆည်းပေး နိုင်သော်လည်း၊ တခါတရံတွင် ဈေးကွက်ကို အသုံးပြုပြီး လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရလေ့ရှိသည်။ သို့သော် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသော စီမံကိန်းများမှာ နှစ်နိုင်ငံ သဘောတူညီချက်များ အပေါ်တွင် အခြေခံပြီး အကောက်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်သည်။ ထို့ကြောင့် အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် ပြည်တွင်းမှ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များမှအပ ပြည်တွင်း ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် တခြားသော စီးပွားရေး လုပ်ငန်းများ၏ ပါဝင်မှုမှာ အလွန်အမင်း နည်းပါးပါသည်။
ထိုကဲ့သို့ဖြစ်ရခြင်းမှာ အစိုးရ၏ စီမံကိန်းတင်ဒါ စနစ်များနှင့် နိုင်ငံတော် (State) ၏ ဈေးကွက် (Market) အပေါ်တွင် အမြင်သဘောထားများ ကြောင့် ဖြစ်ဟန်တူသည်။ ထိုကဲ့သို့သော အခြေအနေမှာ ကောင်းမွန်သော နိုင်ငံရေးဘောဂဗေဒ ဂေဟ စနစ်တခုကို ရောက်ရှိရန် သင့်တော်သော လမ်းကြောင်း မဟုတ်ပေ။ ထို့ကြောင့် မြန်မာအစိုးရ အနေဖြင့် န်ိုင်ငံတော်၊ ဈေးကွက်နှင့် လူ့အဖွဲ့အစည်းတို့၏ အဆက်အစပ်ကို ပိုမိုအာရုံစိုက်ရန် လိုအပ်သည်။ အထူးသဖြင့် ဈေးကွက်ကို တည်တည်ငြိမ်ငြိမ် နှင့် ပိုမိုသန်စွမ်းစေနိုင်သော နိုင်ငံရေးဘောဂဗေဒ ဂေဟစနစ်တခုကို ဖန်တီးပေးနိုင်မှသာ လူ့အဖွဲ့အစည်း၏ တောင်းဆိုသော တန်ဖိုးစံများကို ဖြည့်ဆီးပေးနိုင်မည် ဖြစ်သည်။
မြန်မာန်ိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်း အများစုသည် တိုင်းရင်သားဒေသများတွင် ဖြစ်သည့် အတွက် ပြဿနာများသည် ပိုမိုရှုပ်ထွေးသော အခြေအနေဆီဆို ဦးတည်စေခဲ့သည်။ မြန်မာနိုင်ငံ၏ န်ိုင်ငံတော်နှင့်ဈေးကွက်ဆက်ဆံရေး (State-Market Relations) နှင့် နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်း ဆက်ဆံရေး (State-Society Relations) တို့သည် သမားရိုးကျ ပြဿနာများ အဖြစ်မှ ပိုမိုရှုပ်ထွေးသော န်ိုင်ငံရေး ပြဿနာများအဖြစ် အသွင်ပြောင်းလာသည့်အပြင် မူရင်း ရှိရင်းစွဲ ဖယ်ဒရယ်ပြသနာများကို ပိုမိုအားကောင်းစေသည်။
အထူးသဖြင့် တိုင်းရင်းသားဒေသခံများအနေဖြင့် ၎င်းတို့ ဒေသအတွင်းမှ တရုတ်-မြန်မာစီးပွားရေး စင်္ကြန်စီမံကိန်းများသည် ဒေသခံပြည်သူများအတွက် အကျိုးအမြတ် တစုံတရာ မရရှိခြင်းမှာ မိမိတို့ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမှု မရှိခြင်းကြောင့်ဖြစ်သည်ဟူသော အမြင်ယူဆချက်များ အားကောင်း လာခြင်းဖြစ်သည်။ ထိုပြဿနာများသည် တိုင်းရင်းသားဒေသများ၏ လူ့အဖွဲ့အစည်းတွင် မညီမျှမှုကို ဖြစ်စေသော ခံစားချက်များကို ပေါက်ဖွားစေပြီး လက်နက်ကိုင်တော်လှန်ရေး ပြဿနာများကို ပိုမို အဓွန့်ရှည် စေရန် အထောက်အပံဖြစ်စေပါသည်။
ထိုပြသနာများအပြင် နိုင်ငံတော်အနေဖြင့် ဈေးကွက်ကို လွတ်လပ်စွာ ယှဉ်ပြိုင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အစား လူနည်းစု လုပ်ငန်းရှင်များသာ ကြီးစိုးသော စီးပွားရေး လုပ်ငန်းများကိုသာ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အနာဂတ်တွင် ခရိုနီအရင်းရှင် စနစ်ကိုသာ ဦးတည်သွားစေမည်ဖြစ်သည်။
ကောင်းမွန်စွာ မလည်ပတ်န်ိုင်သော ဈေးကွက်သည် လူ့အဖွဲ့ အစည်း အတွင်းတွင် အရင်းအမြစ်မျှဝေ ခြင်းတည်းဟူသော တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်ဘဲ မလိုလားအပ်သော သယံဇာတ ဝေစု ဝင်လုခြင်း (Rent Seeking) နှင့် အကျင့်ပျက်ခြစားခြင်း (Corruption) အစရှိသော ပြဿနာများကိုသာ ထပ်မံမွေးဖွားစေလိမ့်မည်။
ထို့အပြင် တစတစနှင့် ကြီးထွားလာသော လူတန်းစားမညီမျှမှု ကွာဟချက်သည်လည်း ထိုပြဿနာများ၏ နောက်ဆက်တွဲ ရလဒ်များပင် ဖြစ်ပေသည်။ ချမ်းသာသော သူများမှာ သူတို့၏ ငွေကြေးအရင်းအနှီးများကို အကြောင်းပြုလျှက် ပိုပိုပြီး ချမ်းသာလာကြ သော်လည်း အောက်ခြေလူတန်းစားများမှာ လုပ်အားခအတွက် ရရှိသော ငွေကြေး တခုတည်းဖြင့် တရက်ထက် တရက် မြင့်တက်လာသော လူနေမှုစရိတ်ကို အန်တုရန် မဖြစ်နိုင်ကြပေ။
ထို့ကြောင် မြန်မာအစိုးရအနေဖြင့် နိုင်ငံ အတွင်းရှိ ဈေးကွက်နှင့် လူ့အဖွဲ့အစည်း ဆက်ဆံရေး (Market-Society Relations) ကို ပိုမိုကောင်းမွန်စေသော ဈေးကွက်များ ဖန်တီးပေးခြင်း၊ ပိုမို ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် အလွှာမတူညီသော လူ့အဖွဲ့အစည်း၏ ကြွယ်ဝချမ်းသာ မှု ကို ဆောင်ကျဉ်းပေးရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာအစိုးရအနေဖြင့်တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်န်ိုင်ရေးနှင့် အဆိုပါစီမံကိန်းများ နိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်ရေး တို့အတွက် အထောက်အပံ ဖြစ်စေရန် နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်ရုံမျှဖြင့် အောင်မြင်မှု မရနိုင်သည်ကို အထူးသတိပြုရန် လိုအပ်ပါသည်။
ထို့အပြင် အာဏာရအစိုးရ အနေဖြင့် တိုင်းရင်းသားဒေသများနှင့် ဗဟိုအစိုးရ ကြားတွင် ဗဟိုချုပ်ကိုင်မှုလျော့ချ ရေးကို ဆောင်ရွက်ခြင်း၊ အဆိုပါ စီမံကိန်းများတွင် ပြည်တွင်းဈေးကွက်မှ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများဖန်တီးပေးခြင်းတို့ ပြုလုပ်ပေးရန် အရေးကြီးလှပါသည်။
သို့မှသာ န်ိုင်ငံတော် နှင့် ဈေးကွက် ဆက်ဆံရေး (State-Market Relations) ၊ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်း ဆက်ဆံရေး (State-Society Relations) ၊ ဈေးကွက်နှင့်လူ့အဖွဲ့အစည်း ဆက်ဆံရေး (Market-Society Relations) တိုတွင် ပိုမို သဟဇာ တဖြစ်သော ဆက်ဆံရေးမျိုးကို ဖန်တီးပေးန်ိုင်ပြီး တရုတ်-မြန်မာစီးပွားရေး စင်္ကြန်စီမံကိန်းများအတွက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖန်တီပေးန်ိုင်မည် ဖြစ်ပါသည်။
(ကျော်ထက်အောင်သည် ထိုင်ဝမ်ရှိ National Cheng Kung University မှ နိုင်ငံရေးသိပ္ပံဌာနတွင် လက်တလော သုတေသနပြုနေသူ ဖြစ်သည်။ အဆိုပါဆောင်းပါးသည် ၎င်း၏ နိုင်ငံရေးဘောဂဗေဒမဟာဘွဲ့အတွက် ပြုစုသော သုတေသန စာတမ်း (The Political Economy of Myanmar’s Development toward the China’s Belt and Road Initiative: An Analysis of State-Market-Society Perspective) မှ တွေ့ရှိချက် တချို့တဝက်အား ကောက်နှုတ်ချက် ဖြစ်သည်။)
You may also like these stories:
တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို
တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်
ကျနော်တို့ရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ထိုင်စားတဲ့ စီးပွားရေး ဖြစ်လာနေတယ်