နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်ခြင်း ဆိုတဲ့ ကြေညာစာကို ဖတ်လိုက်ရပါတယ်။ အဲဒီကြေညာချက်အရ မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်နေတယ်ဆိုတာကို အစိုးရက အတိအလင်း ဝန်ခံလိုက်တဲ့ သဘောမျိုးလို့ နားလည်မိပါတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့စွမ်းအားရင်းမြစ် လိုအပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဦးနှောက်ယိုစီးမူ ပြဿနာ ဖြစ်နေတာ ကြာပါပြီ။
ဝန်ကြီးဌာန အသီးသီးမှာလည်း ဝန်ထမ်းအင်အား မလုံလောက်ဘဲ၊ ပေးအပ်ထားတဲ့ သက်ဆိုင်ရာ တာဝန်များကို အကောင်အထည်ဖော်ရာမှာ မနိင်မနင်းနဲ့ ဆောင်ရွက်နေကြရတာပါ။ ဒါကို အမြန်ဆုံး ဖြေရှင်း၊ အကောင်အထည်ဖော် ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ အခု အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်က အဲဒီလိုအပ်ချက် အတွက် ဖြစ်မယ်လို့ ယူဆမိပါတယ်။
သို့သော်လည်း အခုခေါ်စာလောက်နဲ့တော့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒအလျောက် အမြောက်အများ ပြန်လာနိုင်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာတော့ စဉ်းစားစရာ ရှိပါတယ်။ တတိယ နိုင်ငံမှာ ရပ်တည်ရတဲ့ ဘဝဟာ လွယ်ကူတာ မဟုတ်ဘူးဆိုတာကိုတော့ တတိယ နိုင်ငံမှာ နေနေတဲ့ သူတွေကိုယ်တိုင်နဲ့ တတိယနိုင်ငံမှာ ကာလတခုကြာ နေခဲ့ဖူးတဲ့ သူတွေမှသာ သူတို့ရဲ့ အခက်အခဲကို သိမှာပါ။ ဒါပေမဲ့ အခုအစိုးရ ရဲ့ ဖိတ်ခေါ်စာအတိုင်း လုပ်နိုင်မှာက ပင်စင်စားတွေတော့ ဖြစ်နိုင်ပါတယ်။ ဒါကလည်း အစိုးရ လိုချင်နေတဲ့ လူ့စွမ်အားရင်းမြစ်အတွက် လုံလောက်မှု ဖြစ်လာနိုင်ဖို့ ခက်ပါလိမ့်မယ်။
နောက်တချက်က အစိုးရ အနေနဲ့ လက်ရှိအထိုင်ကျနေတဲ့ မိသားစုဘဝတွေ၊ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး ပြန်လာကြမယ့် သူတွေအတွက် ဘယ်လို စီမံဆောင်ရွက်မလဲ၊ ဘယ်လို အစီအစဉ်တွေ ရှိထားလဲ၊ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ပေးမှာလဲ ဆိုတာကလည်း ပြန်လာပြီး လုပ်ချင်တဲ့သူတွေ သိချင်မယ့် အချက်တချက်ဖြစ်မယ် ထင်မိပါတယ်။ ဒါကိုလည်း အစိုးရ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်မယ်ထင်တယ်။ ဒါမှသာ နိုင်ငံတော်ရဲ့ အကျိုးပြုလုပ်ငန်းများမှာ ကူညီပံ့ပိုးလိုတဲ့ သူတွေအတွက် စဉ်းစား စီစဉ်လို့ ရနိုင်မှာပါ။
ဒါ့အပြင် အစိုးရ အနေနဲ့ ပြည်ပရောက်တွေ အပေါ်မှာ ထားရှိတဲ့ သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြသင့်ပါတယ်။ ကျနော်သိထားရသလောက် အချို့သော ပြည်ပရောက်တွေ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းတာကို အစိုးရဘက်က ပယ်ချထားတာတွေ၊ ပြည်ပရောက်တွေကို မသုံးဘူးဆိုတဲ့ အသံတွေလည်း ထွက်ထားတာတွေ ရှိနေတော့ ဒီအချက်ကလည်း ပြည်ပရောက်တွေ ထည့်စဉ်းစားရမယ့် အချက်ဖြစ်နေပါတယ်။
၁၉၈၈ ခုနှစ် နဲ့ အဲဒီမတိုင်ခင်ကတည်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့သူ ထောင်ပေါင်းများစွာဟာ နယ်စပ်ဒေသတွေကို ထွက်ပြေးခဲ့ကြရပြီး အခုလက်ရှိအချိန်ထိ နယ်စပ်မှာ ဆက်ရှိနေကြသူများ ရှိနေသေးသလို၊ ထောင်ပေါင်းများစွာသော တက်ကြွလူပ်ရှားသူများကလည်း နယ်စပ်ကနေတဆင့် တတိယနိုင်ငံများကို ရောက်သွားခဲ့ကြပါတယ်။ တတိယ နိုင်ငံကို ရောက်ရှိသွားကြသူများထဲက တချို့ဟာလည်း အဲဒီနိုင်ငံတွေမှာ ပညာဆက်လက် သင်ကြားကြရင်း တတ်သိပညာရှင် ဖြစ်နေကြသူတွေ ရှိသလို၊ တချို့ကလည်း စက်ရုံတွေမှာ ဝင်လုပ်ဆောင်ကြရင်း ကျွမ်းကျင်လုပ်သားတွေ ဖြစ်နေကြပါတယ်။ တချို့တွေက လူ့အခွင့်အရေးနယ်ပယ်၊ နိုင်ငံတကာ သံတမန်ရေးရာနယ်ပယ်တွေမှာ အကျွမ်းတဝင် ဖြစ်နေကြသူတွေ ရှိပါတယ်။ အနိမ့်ဆုံး တတိယ နိုင်ငံမှာ ရောက်ရှိနေကြတဲ့ သူတွေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့ ကျင့်သားရနေသူများ ဖြစ်နေပြီဖြစ်တဲ့အတွက် သူတို့ဟာ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်သာရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းများကို အစိုးရနဲ့အတူ ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ပေးနိုင်သူများ ဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် အစိုးရအနေနဲ့ လူ့စွမ်းအားရင်းမြစ်ဖြည့်ဆည်းဖို့ စဉ်းစားတဲ့အခါမှာ နိုင်ငံရေးလှုပ်ရှားမှု နောက်ခံကြောင့် ပြည်ပရောက်သွားရတဲ့ သူတွေကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ခြင်းကလည်း လိုအပ်နေတဲ့ လူ့စွမ်းအားရင်းမြစ်ကို တစုံတရာ အထောက်အကူဖြစ်နိုင်ပါတယ်။ အစိုးရအနေနဲ့ ဒါကိုလည်း ဥပဒေပြုပြီး အကောင်အထည်ဖော်ရန် လိုအပ်ပါတယ်။
အခြားသော အသွင်ကူးပြောင်းရေး ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံတွေမှာ ယခင်အတိုက်အခံကနေ အာဏာရပါတီ ဖြစ်လာချိန်မှာ လုပ်ဆောင်တာက နိုင်ငံရေးအကျဉ်းသားရှိတယ် ဆိုတာကို အသိအမှတ်ပြုခြင်းနဲ့ နိုင်ငံရေးကြောင့် ပြည်ပနိုင်ငံများကို ထွက်ခွာသွားကြသူများ ပြန်လာနိုင်ရေးကို လွှတ်တော်များက ဥပဒေပြုပြီး ဆောင်ရွက်လေ့ရှိကြပါတယ်။
အစိုးရနဲ့ လွှတ်တော်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်များမှာ နိုင်ငံရေး အကျဉ်းသားများကို ထည့်သွင်းပြီး အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပေမယ့် ဖော်ပြပါ လုပ်ဆောင်ချက်မျိုး မတွေ့ရသေးပါ။ ဒါကတော့ စိတ်မကောင်းစရာပါ။ ယခုကြေညာချက်ဟာလည်း ပြည်ပရောက်သူများ အားလုံးအတွက် ရည်ရွယ်တာမျိုးမဟုတ်ဘဲ လိုအပ်နေတဲ့ လူ့စွမ်းအားရင်းမြစ်အတွက် အကန့်အသတ်နဲ့ ခေါ်ထားတာဖြစ်ပါတယ်။ ဒါက လိုအပ်နေတဲ့ လူ့စွမ်းအားရင်းမြစ်အတွက် အများကြီး အထောက်အကူဖြစ်မယ် မထင်ပါဘူး။ အဲဒီအတွက် တကယ်အထောက်အကူ ဖြစ်စေချင်တယ် ဆိုရင် ပြည်ပရောက်မြန်မာနိုင်ငံသားများ အားလုံးပြန်လာနိုင်ရေး သို့မဟုတ် လွယ်လင့်တကူ ပြန်လာလည်နိုင်ရေးအတွက် ဥပဒေ ချမှတ်ပြီး တံခါးဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။
၂၀၁၂ ခုနှစ် ဂျော်ဂျီယာနိုင်ငံမှာ အတိုက်အခံပါတီက အနိုင်ရပါတီကို နိုင်ခဲ့ပြီး အာဏာရခဲ့ပါတယ်။ အဲဒီတုန်းက အနိုင်ရပါတီရဲ့ ပထမဆုံးလွှတ်တော်မှာ စပြီးဆုံးဖြတ်ချက် ချတာက ဂျော်ဂျီယာမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီး လွှတ်ပေးရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအရ ထွက်ပြေးသွားတဲ့ (Political Exiles) တွေကို ပြန်လာဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်ဆိုတဲ့ ဥပမာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားဟောင်းများအတွက် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများ ကိုလည်း ဖြေလျှော့ပေးဖို့ စဉ်းစားသင့်ပါတယ်။ လက်ရှိ အောက်ပါ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်း အရ တတိယနိုင်ငံသား အဖြစ် မခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းများဟာ E-visa လျှောက်ခွင့်ဆုံးရှုံးရပြန်ပါတယ်။ ဒီလို စည်းမျဉ်းများကို ဖြေလျှော့ပေးနိုင်ရင် မြန်မာနိုင်ငံသားဟောင်းများ အလွယ်တကူ ပြန်လာနိုင်ခွင့် ရလာမှာ ဖြစ်ပါတယ်။
အစိုးရ အနေနဲ့ တကယ်ကို မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူ့စွမ်းအားရင်းမြစ်ကို ဖြည့်တင်းလိုရင် အခု ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ လုံလောက်မှာ မဟုတ်ဘဲ၊ လိုအပ်နေတဲ့ အစီအမံများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)
You may also like these stories:
လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ
အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစပျောက်နေ