တရုတ်သမ္မတရှီကျင့်ဖျင်သည် သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ယနေ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် နှစ်ရက်ကြာနေထိုင်ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်မတ်လတွင် အာဏာရလာပြီးနောက် ရှီသည် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၆၀ သို့ သွားရောက်ခဲ့ပြီး ၂၀၂၀ တွင် သူ၏ နိုင်ငံတကာခရီးစဉ်များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြင့် စတင်မည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏အမြင်တွင် မြန်မာနိုင်ငံသို့ သမ္မတ၏ ခရီးစဉ်သည် ပထဝီနိုင်ငံရေး အာရုံစူးစိုက်မှုသာ ရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာသည် ၎င်း၏ ရေကြောင်းလှုပ်ရှားမှုများကို တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာသို့ ချဲ့ထွင်ခြင်းဖြင့် အင်ဒိုပိစိဖိတ် ဒေသအာဏာချိန်ခွင်လျှာ ပြန်လည်ချိန်ညှိရန် ရည်ရွယ်သည်။ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာတွင် အဝေးကွင်းကစားရန် ကြိုးစားနေသည်။
ထိုသေနင်္ဂဗျူဟာကို တရုတ်ကွန်မြူနစ်ပါတီက ၂၀၀၀ ပြည့်နှစ်များတွင် ချမှတ်ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်ဖြစ်သော ရေကြောင်းအာဏာ ထူထောင်ရေးကို ရည်မှန်းသည်။ ရောဘတ် ဒီ ကက်ပလန်က တရုတ်နိုင်ငံ၏ သမုဒ္ဒရာ ၂ စင်း သဘောတရားကို အမေရိကန် လူ့အဖွဲ့အစည်းသစ်က ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေသည့် သူ၏ကျော်ကြားလှသော ‘ကမ္ဘာ့ဆက်ဆံရေးအတွက် သေနင်္ဂဗျူဟာ မူဘောင် သို့မဟုတ် တရုတ်နိုင်ငံရောက်ရှိလာခြင်း’ အမည်ရှိ စာရေးဆရာများစွာ၏ အစီရင်ခံစာတွင် စတင်ရေးသား ခဲ့သည်။ အိန္ဒိယ သမုဒ္ဒရာသည် အဝေးကွင်းအဖြစ် သတ်မှတ်ထားသောကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်အတွက် ရေနက်ပိုင်းဒေသတွင် သွားလာလှုပ်ရှားရန် အခြေအနေများကို ဖန်တီးပေးသည်။ သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာသည် တရုတ်အတွက် အာဏာထူထောင်ရာတွင် အရေးပါသော အချိတ်အဆက်ဖြစ်နေသည်။
၂၀၁၉ ခုနှစ် ဇွန်လတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏ အင်ဒိုပိစိဖိတ် သေနင်္ဂဗျူဟာ အစီရင်ခံစာကို ထုတ်ပြန်ပြီး ထိုဒေသတွင် ၎င်း၏ ကာကွယ်ရေး သေနင်္ဂဗျူဟာ၏ အဓိကအစိတ်အပိုင်းများမှ “အသင့်ရှိခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ဒေသမြှင့်တင်ရေး” ကို တင်ပြသည်။
အသင့်အနေအထားရှိခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် မည်သည့် ပဋိပက္ခတွင်မဆို အနိုင်ရရန် ၎င်း၏ စစ်ရေးစွမ်းရည်ကို ထိန်းသိမ်းထားသည်။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုသည် သူ၏ထူးခြားသော မဟာကွန်ရက်ကို ပိုမိုတောင့်တင်းကြံ့ခိုင်အောင် ကြိုးစားသည်။
ကွန်ရက်ဒေသမြှင့်တင်ရေး ဆိုသည်မှာ နိုင်ငံတကာစည်းမျဉ်း အခြေပြုစနစ်ကို မြှင့်တင်ရန် ကွန်ရက်လုံခြုံရေး အဆောက်အအုံတခုအဖြစ် အမေရိကန်၏ မဟာမိတ်နှင့် ပူးပေါင်းဆောင်ရွက် တောင့်တင်းဆင့်ကဲ တိုးတက်ရေးဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလက အမေရိကန်နှင့် အာဆီယံရေတပ်များအကြား ပထမဆုံးပူးတွဲစစ်ရေး လေ့ကျင့်မှုကို အင်ဒိုပိစိဖိတ်သေနင်္ဂဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုများကြောင့် တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) မှတဆင့် သမုဒ္ဒရာနှစ်ခုသေနင်္ဂဗျူဟာ အထူးသဖြင့် ရေကြောင်းပိုးလမ်းမဟု လူသိများသည့် ပင်လယ်အခြေပြု အစီအစဉ်ကို လုပ်ဆောင်ရသည်။
မြန်မာနိုင်ငံသည် သမုဒ္ဒရာနှစ်ခုသေနင်္ဂဗျူဟာတွင် ပထဝီအနေအထားအရ သေနင်္ဂဗျူဟာကျသောနေရာကို ပိုင်ဆိုင်ထားသည်။ ထိုသေနင်္ဂဗျူဟာဖြင့် တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ထိုမှတဆင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကအထိ အချိတ်အဆက်များ တည်ဆောက်သည်။ တရုတ်နိုင်ငံသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ပထမဆုံး ရေခြားမြေခြား စစ်စခန်းကို အာဖရိက ဦးချိုဒေသနိုင်ငံဖြစ်သော ဂျဘူတီတွင် တည်ထောင်ထားပြီးဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကီလိုမီတာ ၃၀၀ ခန့်ဝေးသော ဘင်္ဂလားပင်လယ်အော်မှ ကိုးကိုးကျွန်းနှင့် အိန္ဒိယသမုဒ္ဒရာနှင့် အန်ဒမန် ကျွန်းစုအကြား အလက်ဇန္ဒီယားရေလက်ကြားတွင် ရေကြောင်းထောက်လှမ်းရေးနှင့် အီလက်ထရွန်းနစ် ထောက်လှမ်းရေး စခန်းကို တည်ထောင်ထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) စီမံကိန်းများကိုတည်ဆောက်ရန် တွန်းအားပေးနေသည်။ ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ ကျောက်ဖြူနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ်သည့် ရထားလမ်းနှင့် မြစ်ကြီးနားမှ နမ်ကျင်းစက်မှုဇုန် စီမံကိန်းတို့သည် CMEC ၏ အစိတ်အပိုင်းများ ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းရန် လမ်းကြောင်းဖော်ရေးအတွက် အရေးပါသည်။ လက်တွေ့တွင် တရုတ်နိုင်ငံသည် ကျောက်ဖြူကဲ့သို့သော မြန်မာပိုင်နက်အတွင်း စစ်စခန်းထူထောင်ရန် မြန်မာခေါင်းဆောင်များနှင့် ညှိနှိုင်းနေခြင်း ရှိမရှိ မည်သူမျှ မသိပေ။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အကြား အပစ်အခတ်ရပ်စဲရေးရရန် အားထုတ်သည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဆင်ပြေအောင် လုပ်ဆောင်ပေးသည်။ မြောက်ပိုင်းမဟာမိတ်တွင် ရက္ခိုင့်တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ပါဝင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဝေဖန်မှုများနှင့် အရေးယူမှုများကို ဆက်လက်ကာကွယ်ပေးနေမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ပြဿနာများသော ကာလကို ဖြတ်သန်းနေကြောင်း တရုတ်နိုင်ငံက နားလည်သည်။ နိုင်ငံတကာ တရားရုံးသည် ရိုဟင်ဂျာများအပေါ် ဆက်ဆံမှုများအတွက် မြန်မာနိုင်ငံကို စွဲဆိုသော အမှုတွင် အရေးပေါ် အစီအစဉ်များချမှတ်ရန် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ အရေးပါသောနှစ်လည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှု ယူဆောင်ပေးရေးထက် ၎င်းတို့၏ ဦးစားပေးဖြစ်သော သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာမှ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရန် သမ္မတရှီက အရေးပါသော အခွင့်အလမ်းကို ဆုံးရှုံးခံမည်မဟုတ်ပေ။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦးဖြစ်သည် ။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Chinese President Xi Jinping’s Myanmar Trip Aimed at Pushing Beijing’s ‘Two-Ocean’ Strategy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ခြင်းကို သတိကြီးစွာ ထားပါ
တရုတ် လမ်းညွှန်မှုအောက်က ငြိမ်းချမ်းရေး ခရီးမရောက်