တရုတ်သမ္မတ Xi Jinping ရောက်ရှိလာသည့်အချိန်တွင် စိတ်လှုပ်ရှားနေရသော မြန်မာနိုင်ငံသား တဦးချင်းစီ အနေဖြင့် ထိုနိုင်ငံတော်အဆင့် ခရီးစဉ်အပေါ် အကောင်းဘက်ရော အဆိုဘက်ကပါ တုံ့ပြန်မှု အမျိုးမျိုးရှိကြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုခရီးစဉ်၏ ထူးခြားအရေးပါမှုကို မြန်မာနိုင်ငံရှိ မည်သူကမျှ သံသယရှိနိုင်မည် မဟုတ်ပါ။ ကျနော်တို့၏ မြောက်ဘက်မှ မဟာအိမ်နီးချင်းသည် လျစ်လျူရှုရန် အတွက် ချမ်းသာလွန်း အလွန်အင်အားကြီးမားလွန်းပါသည်။
Xi Jinping ၏အလည်အပတ် ခရီးစဉ်က အခွင့်အလမ်းနှင့် အန္တရာယ် ၂ မျိုးလုံး ရှိနေတာကတော့ အမှန်ပင်။ မြန်မာနိုင်ငံ က အခွင့်အလမ်း မှန်သမျှကို အကျိုးရှိရှိအသုံးချနိုင်ရေးကို သေချာအောင် ပြုလုပ်ရင်း အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရှောင်ရှားရ ပါလိမ့် မည်။ တနည်းဆိုရသော် ကျနော်တို့ လက်တွေ့ကျရမည်။ ကျနော်တို့ သတိထားဂရု စိုက်ကြရမည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည့် (သူကိုယ်တိုင်ရေးသားသော) တရုတ်–မြန်မာ ချစ်ကြည်ရေး ဆောင်းပါးတွင် တရုတ်သမ္မတ Xi Jinping က တရုတ်နိုင်ငံအနေဖြင့် ၂ နိုင်ငံ ချစ်ကြည်ရေးတွင် စာမျက်နှာသစ် ရေးသားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာအပေါ်ထားသော ပထဝီနိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးနှင့် မဟာဗျူဟာအကျိုးစီးပွားများမှာ လက်ရှိ အချိန်တွင် ဆွေးနွေးငြင်းခုံမှုများစွာ၏ အဓိကအကြောင်းအရာများဖြစ်နေသည်။ မြန်မာနိုင်ငံ က တရုတ်နိုင်ငံ၏ စက်ကွင်း အတွင်းသို့ ပြန်လည်ရွေ့လျားနေပြီ သို့မဟုတ် မြန်မာနိုင်ငံက ၎င်း၏ ဘက်မလိုက်မှုနှင့် အမှီအခိုကင်းမှုကို ထိန်းသိမ်း ထားရန် ခက်ခဲစွာ ရင်ဆိုင်နေရသည်ဟုပင် ဝေဖန်သူများက ပြောနေကြသည်။
သေချာသည့်အချက်တခုမှာ စစ်ဗိုလ်ချုပ်ကြီးများပင် ပါဝင်သော မြန်မာပြည်သူ ပြည်သားအများစုတွင် တရုတ်နိုင်ငံ အပေါ်စိုးရိမ် ကြောက်ရွံ့မှုကိုက နက်ရှိုင်းလာနေသည်။ အမှန်တကယ်အားဖြင့်လည်း ၎င်းကို တရုတ်ကြောက်ရောဂါ (Sino phobia) တမျိုးအဖြစ် ဖော်ပြပါက ချဲ့ကားပြောဆိုခြင်း ဖြစ်လိမ့်မည် မဟုတ်ပါ။
အတိတ်ကာလတွင် မြန်မာနိုင်ငံရှိ ဖိနှိပ်ခံ ပြည်သူအများစုက သူတို့၏တိုင်းပြည်ကို သံလက်သီးဖြင့်အုပ်ချုပ်သော ရက် စက်ကြမ်းကြုတ်သည့် စစ်အစိုးရကိုတရုတ်က ထောက်ခံမှုပေးခဲ့ခြင်းကို မနှစ်မျို့ခြင်းများ ခံစားခဲ့ကြရသည်။ သို့သော် လည်း ယနေ့ အချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအသိုင်းအဝိုင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပိုမို၍ပင် များပြားလာခြင်းကို မြင်တွေ့ရသည့်အတွက် အလွန် ဝမ်းသာမိပါလိမ့်မည်။ တဖက်တွင်မူ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းက တိုင်းပြည်အတွင်းမှ အငြင်းပွားဖွယ်ရာ စီမံကိန်းများကို တကြိမ်တည်းနှင့် အပြီးရပ်ဆိုင်းလိုက်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် Xi Jinping က အခန်းကဏ္ဍသစ်ကို ရေးသားနေစဉ်တွင် တရုတ်နိုင်ငံက မည်သည့်အသံများကို နားထောင်မည်နည်း။။
မည်သို့ပင်ဖြစ်စေ ရှင်းနေသည့် အချက်မှာ တရုတ်နှင့် မြန်မာတို့၏ ကံကြမ္မာများက ခွဲခြား၍ မရပါ။
တရုတ်အာဏာပိုင်များက မြန်မာနှင့်တရုတ်သည် ကွာရှင်းပြတ်စဲရန် မဖြစ်နိုင်ကြောင်း နောက်ပြောင်ပြောဆို ကြသည်။ သို့မဟုတ် အမှန်တကယ်တွင် ၎င်းတို့က မွေးချင်း ၂ ဦး သို့မဟုတ် “ဆွေမျိုးပေါက်ဖော်” များနှင့် ပို၍ တူကြသည်။
အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါ သောအနေအထားအရ တရုတ် အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို လျစ်လျူရှုရန်မတတ်နိုင်ပါ။ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ယခုနှစ်အတွင်းတွင် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အခမ်း အနားကို ကျင်းပခဲ့သော အိမ်နီးချင်းများ အနေဖြင့် တရုတ် အစိုးရက ပိုမိုနီးကပ်သော ဆက်ဆံရေးကို မြှင့်တင်ရန် စိတ်အားထက်သန်နေသည်။
Xi Jinping ၏ အလည်အပတ်ခရီးတိုက ထိရောက်မှုသဘောထက်စာလျှင် သင်္ကေတသဘော ပို၍ဆောင်လိမ့် မည်ဟု တာဝန်ရှိသူများက ပြောကြသည်။ အငြင်းပွားဖွယ်ဖြစ်သော မြစ်ဆုံစီမံကိန်း အပါအဝင် မည်သည့် အရေးကိစ္စကမှ တရုတ် – မြန်မာ ဆက်ဆံရေးတွင် ဓားစာခံအဖြစ်ထားခြင်း ခံရလိမ့်မည်မဟုတ်ဟု တရုတ်ဘက်က အခိုင်အမာပြောဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ကျောထောက် နောက်ခံ
ယခု အချိန်တွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သူမ အတိုက်အခံခေါင်းဆောင် အဖြစ်ရှိနေခဲ့သော ၂၀၁၅ ခုနှစ်တွင် တရုတ် နိုင်ငံက ဖိတ်ဖေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ပါတီက အပြတ် အသတ်အနိုင်ရခဲ့သည် ရွေးကောက်ပွဲ မတိုင်မီ လများအတွင်းတွင် Xi Jinping က သူ့ကို လက်ခံတွေ့ဆုံခဲ့သည်။
မြန်မြန်ဆန်ဆန်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် မိမိ၏ နေရာ ခိုင်မာရေးအတွက် တွက်ချက် ထားသည့် တရုတ်အစိုးရ၏ လုပ်ရပ်တခု အဖြစ်၎င်းလုပ်ရပ်ကို မြင်ခဲ့ကြသည်။ ယခုအခါတွင် တရုတ်နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပေးထားပြီး နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရှိသည်ကို မြင်တွေ့ရရန် ဆန္ဒရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်က ကတိ တည်သည်၊ သူဒုတိယ သက်တမ်း အနိုင်ရရှိခဲ့လျှင် မြန်မာနိုင်ငံ အကျိုးရှိလိမ့်မည်ဟု တရုတ် အစိုးရက ယုံကြည်ထားသည်။
Xi Jinping က မြန်မာနိုင်ငံနှင့် စိမ်းသူတဦး မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ် သည့် ၂၀၀၉ ခုနှစ်တွင် ဒုတိယသမ္မတ အနေဖြင့် လာရောက်ခဲ့ဖူးသည်။
အာဏာရလာသည့် အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး ကော်ဇောနီခင်း၍ ကြိုဆိုခြင်း ခံခဲ့ရသည်။ ဘေဂျင်း၏အမြင်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လူကြိုက်များနေဆဲဖြစ်ပြီး ယုံကြည်အားထား၍ ရနိုင်သည်။ သဘောတူညီချက်များ ပြုလုပ်ရန် အခွင့်အာဏာ ရှိနေသည်။
ဆိုးရွားသော ပုံရိပ်
သို့သော်လည်း တရုတ်နိုင်ငံ အနေဖြင့် ခက်ခဲစွာ လုပ်ဆောင်ရမည့် ကိစ္စကတော့ သူ၏ပုံရိပ် ဖြစ်သည်။ မြန်မာနိုင်ငံမှ ၎င်းတို့၏ ပုံရိပ်ကို ပြန်လည် ပြုပြင်ရန်လိုအပ်နေသည်။ ဂျပန်နှင့်မတူသည်မှာ မြန်မာပြည်နိုင်ငံသားများ၏ စိတ်နှလုံးသားကို ဆွဲဆောင် နိုင်ရန် soft power ကို တရုတ်နိုင်ငံက အားကိုးအားထားပြု၍ မရနိုင်ပါ။
မြန်မာနိုင်ငံတွင် ကျနော်တို့၏ ဧရာမအိမ်နီးချင်းနှင့် ပတ်သက်၍ ပြောဆိုမှုများတွင် ရည်မှန်းချက် ကြီးမားသော သူတဦး၏ လောဘကြီးသော လှုပ်ရှားမှုများ အဖြစ် ယူဆခြင်းခံရသည့် ခေတ်သစ် ပိုးလမ်းမ (BRI) စီမံကိန်းများ၊ အောင်မြင်နေသော စူပါ ပါဝါ ဖြစ်သလို အရင်းအမြစ်များကို ခေါင်းပုံဖြတ်ခြင်း၊ တရုတ် – မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် တရုတ် အစိုးရ၏ ထောက်ပံ့ကူညီမှုနှင့် အတိတ်ကာလက နယ်စပ်တလျှောက်တွင် တိုက်ခိုက်ခဲ့သည့် တဆင့်ခံ လက်နက်ကိုင်တိုက်ပွဲများ အစရှိသည်တို့တွင်သာ ပတ်ချာလည်နေလေ့ရှိတတ်သည်။
သူ၏ အတွေးအမြင်ဆောင်းပါးတွင် Xi Jinping က တရုတ် – မြန်မာစီးပွါးရေးစြင်္ကံ၊ တရုတ် – မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်းများ အပါအဝင် အဓိကစီမံကိန်း အများအပြားက အကျိုးရှိစေလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံက ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက်လုပ်ဆောင်သည်ကို မြင်တွေ့ရရန် စိတ်အားထက်သန်နေသည်။ သို့သော်လည်း မြန်မာဘက်က တွန့်ဆုတ်နေဆဲဖြစ်သည် ဆိုသော ကောလာဟလများ ထွက်ပေါ်နေသည်။ မည်သို့ပင် ဖြစ်စေ စစ်တမ်း တခု ကောက်ယူရန် ၂ ဘက်လုံးက သဘောတူထားကြပြီး တရားဝင်သဘောတူထားကြပြီး တရုတ် နိုင်ငံမှ အဆင့်မြင့် အဖွဲ့တဖွဲ့က နေပြည်တော်တွင် မြန်မာ တာဝန် ရှိသူများနှင့် တွေ့ဆုံ သည့် အချိန်တွင် အချို့သော မဟာ စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရေးကို တွန်းအားပေးခဲ့သည်။ ယခုအချိန်အထိ ထိုစီမံကိန်းကြီးများသည် ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူနှင့် ဆိုင်သော သတင်းအချက်အလက်များထုတ်ပြန်ပေးမှု အားနည်းနေ ဆဲဖြစ်ပြီး လက်တွေ့အောက်ခြေတွင် မေးခွန်းများ၊ ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။
စစ်ရေးမျက်နှာစာတွင် မြန်မာစစ်ဗိုလ်ချုပ်များက တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကို သတိထားနေကြသည်။ မြောက်ပိုင်းနယ်စပ်တလျှောက်ရှိ လက်နက်ကိုင် အဖွဲ့များ အတွက် လက်နက် ရောင်းချမှု ပုံစံမျိုး ဖြင့် တရုတ်နိုင်၏ ထောက်ပံ့မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တရုတ်၏အိတ်ကပ်ထဲတွင် ရှိနေသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သူတို့ ထုတ်ပြန်ခဲ့သော Xi Jinping ၏ ခရီးစဉ်ကိုကြိုဆိုသည့် မြောက်မြားစွာသော ထုတ်ပြန်ချက်များတွင် သက်သေ အထောက် အထားများကိုတွေ့နိုင်ပါသည်။ ထို့ပြင် အရပ်သားအစိုးရအပေါ် တရုတ်နိုင်ငံ၏ နွေးထွေးမှုက မြန်မာ စစ်ခေါင်းဆောင်များ အတွက် စိတ်မသက်သာစရာတခု ဖြစ်ပြီး ၎င်းက ပြည်တွင်း နိုင်ငံရေးတွင် အရွေ့ အသစ်တခုကို ဖန်တီးပေးနေသည်ဟု သုံးသပ်ရမည်။ ကျနော်တို့ သိသလော က်ဆိုလျှင် ယနေ့ မြန်မာနိုင်ငံကို အင်အားစု ၂ ခုက ပူးတွဲ အုပ်ချုပ်နေသည်။ အရပ်သားအစိုးရတခု နှင့် တပ်မတော်ဖြစ်သည်။
တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ ၎င်း၏ အခြေခံအဆောက်အဦး စီမံကိန်းများကြောင့် တရုတ်နိုင်ငံ အပေါ် ပြင်းထန် သော မကျေနပ်မှုများ ဆက်လက်ကြီးထွားလာမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ အထောက်အပံ့ ရရှိနေသော တိုင်းရင်း သား လက်နက်ကိုင်များ အပေါ်မကျေနပ်မှုများ ကို တားဆီးရပ်တန့်၍ မရနိုင်ကြောင်း သိထားသင့်ပါသည်။
သို့သော်လည်း အနောက်နိုင်ငံများမှ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုနှင့် အရေးယူဒဏ်ခတ်မှုများ ခံနေရချိန်တွင် အလွန် လိုအပ်နေသော ကျောထောက်နောက်ခံနှင့် ထောက်ခံမှု ပေးခဲ့ခြင်းအတွက် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက အသိအ မှတ်ပြုခဲ့ပါသည်။ နေပြည်တော်က ထိုထောက်ခံမှုအတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ဖြစ်သည်။ အကျပ်အတည်းအချိန် တခုတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အပြစ်မတင်ဘဲ ကျောထောက်နောက်ခံပေးသည့် အတွက် တိုင်းပြည်မှလူအများစုကလည်း အသိအမှတ်ပြုခဲ့ကြသည်။
သို့သော် ကျနော်တို့ နှင့် တရုတ်အကြား မည်သည့်တန်ဖိုးများကို မျှဝေခံစားပါသလဲ။ ဤသည်မှာလည်း မြန်မာနိုင်ငံသား များ ကြားတွင် ကာလကြာရှည်စွာ တည်ရှိနေသော မေးခွန်းတခုဖြစ်ပါသည်။
ခပ်ထန်ထန်မေးရမည့် မေးခွန်းတခုမှာအောက်ပါအတိုင်းဖြစ်သည်။ တရုတ်သည် အားကိုးနိုင်သော ယုံကြည်စိတ်ချရသော အိမ်နီးချင်းဖြစ်ပါလား။ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၀ မြောက် အခမ်းအနားကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် မြန်မာပြည်သူများက ထိုမေးခွန်းကို ဆက်လက်၍မေးနေကြဆဲဖြစ်သည်။
မိတ်ဆွေသစ်များ
တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံက အသစ်ရှာဖွေတွေ့ရှိခဲ့သော မိတ်ဆွေများနှင့် ယှဉ်တွဲ တည်ရှိရခြင်း အပေါ်တွင် ကျေနပ်ရောင့်ရဲနိုင်မည်လော။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တချိန်က သိခဲ့သော အထီးကျန် နိုင်ငံမဟုတ်တော့ပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို အကောင်အထည်ဖော်နေပြီး တံခါးများလည်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ တဦး တည်းသော မိတ်ဆွေမဟုတ်တော့ပါ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ ကဏ္ဍ အများအပြား တွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည့် ထိုင်ဝမ်ကဲ့သို့သော အာရှစီးပွားရေး အင်အားကြီးနိုင်ငံများ နှင့် နီးကပ်သောဆက်ဆံရေးများ ထူထောင်ခဲ့ပြီးဖြစ်သည်။ ထိုင်ဝမ်မှလွဲ၍ ထိုနိုင်ငံအားလုံးမှ ခေါင်းဆောင်များ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ကြပြီး ဖြစ်သည်။ စင်ကာပူက လည်း မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူများထဲမှ တဦး ဖြစ်သည်။
အမေရိကန်နှင့်လည်း အလားတူ ဆက်ဆံရေးများ ထူထောင်ခဲ့သည်။ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီး လက်ရှိသမ္မတ Donald Trump ကလည်း မတ်လတွင် အမေရိကန်၌ ကျင်းပမည့် အာဆီယံ – အမေရိကန် ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး David Stilwell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ကြရာတွင် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည်။ ၄ ရက် ကြာမြင့်ခဲ့သည့် David Stilwell ၏ ခရီးစဉ် အတွင်းတွင် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်း ရေး နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု အတွက် ၎င်းတို့၏ ကာလရှည် ကတိကဝတ် ကိုထပ်မံအတည်ပြုသည်။ မြန်မာနိုင်ငံ ကို “မိတ်ဖက်နှင့် မိတ်ဆွေ” တဦး အဖြစ် ရည်ညွှန်းခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “အမေရိကန် ပြည်ထောင်စုသည် ကျွန်ုပ်တို့ ဆယ်စုနှစ်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ် သည့်အတိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် စီးပွားရေးအသွင် ကူးပြောင်းမှုကို အားပေးသည့်အနေဖြင့် မြန်မာပြည်သူများနှင့် လက်တွဲပူးပေါင်းရန် ဆက်လက် ကတိပြုထားဆဲဖြစ်သည်” ဟုပြောကြားခဲ့သည်။
“လူအားလုံး၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးများကိုလေးစား၍ ငြိမ်းချမ်းသော၊ ဒီမိုကရေစီ နည်းလမ်းတကျဖြစ်သော အောင် မြင် ကြွယ်ဝသောမြန်မာနိုင်ငံ ဖြစ်စေရေးအတွက် ကျွနု်ပ်တို့က သင်တို့အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်များ နှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်” ဟုလည်း ထပ်ပြောသည်။
ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွင် မြန်မာနိုင်ငံက ကစားကွင်း တခုဖြစ်သည်ဟု လေ့လာဆန်းစစ်သူများ က ထောက်ပြ ကြသည်။ ဤပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုက မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ပေးနိုင်ပါသည်။ သို့ သော်လည်း မြန်မာ နိုင်ငံအနေဖြင့် သတိပြု၍ လျှောက်လှမ်းရလိမ့်မည်။ ပါဝင်ပတ်သက် နေသည့် ပလေယာ အမျိုးမျိုး ကြားတွင် လုံခြုံအောင် ကစားရလိမ့်မည် ဖြစ်သည်။
အင်အားနည်းသော၊ မတည်ငြိမ်သော မြန်မာ
မကြာသေးမီနှစ်များအတွင်း အများသိရှိထားပြီး ဖြစ်သည့်အတိုင်း အနောက်နိုင်ငံများကို ဖက်တွယ်ရန် မြန်မာနိုင်ငံ၏ သိ သိသာသာပြောင်းလဲမှုက တရုတ်နယ်စပ်တလျှောက်တွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားစေခဲ့ပြီး တရုတ် အစိုးရကို အလွန် ဒေါသ ထွက်စေခဲ့သည်။ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရေးအတွက် နယ်စပ် တ လျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်များ မထိုးဖို့အတွက် တရုတ်နိုင်ငံက ပြောခဲ့သည်ဟု သံသယဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည်ဟု တရုတ်နိုင်ငံက ကတိပြုထားသော်လည်း အနာဂါတ်၌ နယ်စပ် တလျှောက်တွင် ပိုမို အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဋိပက္ခများ ပိုမို များပြား လာမည် ဟုသာ ကျနော်တို့ မျှော်လင့်နိုင်ပါသည်။ အဆိုပါအခြေအနေများကြောင့် တရုတ်သည်ယုံကြည်စိတ်ချရသော၊ အားကိုး အားထားပြုနိုင်သော မိတ်ဆွေ တဦးအဖြစ် ကျနော်တို့ လက်ခံလာအောင်မလုပ်နိုင်ခဲ့ပါ။
အင်အားနည်းသော မတည်ငြိမ်သော မြန်မာနိုင်ငံက ဂုဏ်ယူဝံ့ကြွားစွာ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစွာ ရပ်တည်၍ ရနိုင်လိမ့်မည် မဟုတ်ပါ။ ပရမ်းပတာ အဖြစ်များ၊ ပဋိပက္ခနှင့် မငြိမ်မသက်မှုများကိုသာ တွေ့ကြုံရလိမ့်မည် ဖြစ်သည်။ အဆိုးဘက်က ကြည့်မည်ဆိုလျှင် တိုင်းပြည်အပေါ် ထိန်းချုပ်မှုနှင့်လွှမ်းမိုးနိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တရုတ်နိုင်ငံ က အားနည်းသော၊ မတည်ငြိမ်သော မြန်မာနိုင်ငံကို မြင်တွေ့လိုသော ဆန္ဒရှိသည်ဟု မှတ်ချက်ချရမည် ဖြစ်သည်။
သို့သော်လည်း ခိုင်မာပြီး တည်ငြိမ်သော အမှီအခိုကင်းလွတ်လပ်သော မြန်မာနိုင်ငံက သာလျှင် ဒေသတွင်း၌ ပါဝင် နိုင်လိမ့်မည်ဖြစ်သည်။ အားလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် အခြေအနေတခုလည်း ဖြစ်ပါသည်။
ထို့ကြောင့် မေးစရာရှိလာသည်မှာ တရုတ်က မြန်မာကို မည်သို့သော နိုင်ငံမျိုး ဖြစ်စေချင်စေချင်ပါ သနည်း။ Xi Jinping ၏ ခရီးစဉ်၏ အရေးပါမှုက ထိုမေးခွန်းအတွက် သူ၏ အဖြေပေါ်တွင် မူတည်၍ နေပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော An Unstable, Weak Myanmar: China’s Strategic Goal? ကို ဘာသာပြန်၍ ဖော်ပြခြင်း ဖြစ်သည်။
You may also like these stories:
တရုတ် သမ္မတ ခရီးစဉ်တွင် နားလည်မှု စာချွန်လွှာ ၃၃ ချက် လက်မှတ်ရေးထိုး
တရုတ်သမ္မတ နေပြည်တော်ကို လာတဲ့အခါ