မန္တလေး၏ တိုးတက်မှုအား ဆန်းစစ်ခြင်း

လင်းငယ်
မန္တလေးတိုင်းအစိုးရ၏ အမှန်တကယ် စွမ်းဆောင်ရည်ကို တိုင်းတာလိုလျှင် မန္တလေးမြို့အပြင်ဘက် စည်ပင်သာယာ နယ်နိမိတ်ကို ကျော်လွန်ကြည့်ရန် လိုအပ်မည် / ဧရာဝတီ

(၁)  မန္တလေးတိုင်း အစိုးရသည် နာမည်ကောင်းရသည်။ အခြား ပြည်နယ်နှင့်တိုင်းများ (အထူးသဖြင့် အဝေဖန်ခံရဆုံးသော ရန်ကုန်တိုင်းနှင့်) နှိုင်းယှဉ်ကာ ပြောဆိုကြတိုင်း ထိပ်ဆုံးကနေ ကောင်းသတင်း ပြေးနေတတ်သည်။

မန္တလေးတိုင်းအစိုးရ၏ အဓိက ကောင်းကွက်မှာ မန္တလေးမြို့ကြီးကို ပြုပြင်ပြောင်းလဲ ပေးနေသော မြို့တော်ဝန်နှင့် သူ့အဖွဲ့သားများထံက အဓိကလာသည်။ မြို့ထဲတွင် လမ်းများ ပိုမိုစနစ်ကျလာသည်။ သန့်ရှင်းကောင်းမွန်လာသည်။ လမ်းမီးတိုင်များဖြင့် ပဏာရလာသည်။ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံကာ ပြည်သူ့လိုအပ်ချက်ကို တုန့်ပြန်မှု အားကောင်းကောင်းဖြင့် ဖြေရှင်းသည်။ ဤသည်များမှာ အဓိက ကြားကြရသော ချီးကျူးထောပနာများ ဖြစ်သည်။

သို့သော် မန္တလေးတိုင်းသည် မန္တလေးတမြို့တည်း ဖွဲ့စည်းထားခြင်း မဟုတ်သည်ကိုတော့ အထူးပြောရန်မလိုဟု ထင်သည်။ မန္တလေးတိုင်း၏ အမှန်တကယ် စွမ်းဆောင်ရည်ကို တိုင်းတာလိုလျှင်တော့ မန္တလေးမြို့အပြင်ဘက် စည်ပင်သာယာ နယ်နိမိတ်ကို ကျော်လွန်ကြည့်ရန် လိုအပ်မည်။ အထူးသဖြင့် တောမကျ မြို့မရောက် ဖြစ်နေသည့် မန္တလေးမြို့၏ အနီးနားဝန်းကျင်ကို ကြည့်သင့်သည်။ ထိုနေရာများတွင် မြို့ပြချဲ့ထွင်မှုက သိသိသာသာကြီး အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေသည်။

မန္တလေးမြို့၏ အနောက်ဘက်က ဧရာဝတီမြစ်ဖြစ်သည့်အတွက် မြို့ပြထပ်မံချဲ့ထွင်ရန် မဖြစ်နိုင်။ မန္တလေးမြို့၏ မြောက်ဘက်တွင်တော့ မန္တလေးတောင်ကြီး ခံနေကာ တစုံတခု ဟန့်ထားသလိုရှိနေသည်။ ဒါတောင် သူ့အနေအထားနှင့်သူ အပြောင်းအလဲရှိသည်။ မန္တလေးမြို့ တောင်ဘက်ကတော့ အမရပူရ၊ မြစ်ငယ်အထိ မြို့သည် တစပ်တည်း ဖြစ်သွားပြီ။ မန္တလေးမြို့ကြီးသည် တဖြည်းဖြည်းနှင့် တောင်မြောက် ရှည်လမျောကြီး ဖြစ်လာတော့သည်။ ထိုအခါ မန္တလေးမြို့၏ အရှေ့ဘက်ရှိ လယ်ကွင်းများရှိရာ အရပ်သည် မန္တလေးမြို့ကြီး ပိုမို ရုပ်ထွက်ကောင်းလာစေရန်၊ မြို့ပြအိုးအိမ်လိုအပ်ချက်များကို ဖြည့်စည်းရန်အတွက် အကောင်းဆုံး သွားရည်ကျစရာ နေရာဖြစ်လာတော့သည်။ ဤတွင် ပြဿနာစသည်။

(၂)

အိုင်ကြီးရွာသည် မန္တလေးမြို့၏ အရှေ့ဘက်တည့်တည့်၊ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများ မရောက်ခင် ဆည်တော်ကြီး တူးမြောင်းပေါ်တွင် တည်ရှိသည့် ရွာကြီး တရွာဖြစ်သည်။ မန္တလေးမြို့နှင့် ရေတံခွန်တောင် ဂေါက်ကွင်းကို ဆက်သွယ်ထားရာလမ်းနှင့် နီးသည်။ မန္တလေးမြို့အရှေ့ဘက်ရှိ ပုသိမ်ကြီးမြို့၊ မန္တလေးမြို့တို့နှင့် ဖိုခနှောက်ဆိုင်တည်ရှိသည်။ ဆည်တော်ကြီး တူမြောင်းပေါ်ရှိ လမ်းအတိုင်းလိုက်လျှင် မန္တလေး – ပြင်ဦးလွင် လမ်းမကြီးဆီကို ၁၅ မိနှစ်နှင့် ရောက်နိုင်သည်။ မန္တလေးမြို့အရှေ့ မြို့ပတ်လမ်းနှင့် အချက်အချာကျသော အိုင်ကြီးရွာကို ခြားထားသည်က တမျှော်တခေါ် လယ်ကွင်းများ ဖြစ်သည်။ တချိန်တခါက အောင်ပင်လယ်ကန်ဟု ရာဇဝင်တွင်ခဲ့သည့် ထိုလယ်မြေများသည် တဖြည်းဖြည်းနှင့် အဖိုးတန် လယ်မြေဘဝမှ စည်းမဲ့ကမ်းမဲ့ အသုံးချမှု၏ နမူနာ မြေများအဖြစ် ပြောင်းလဲလာနေသည်။

မန္တလေးမြို့မှ အိုင်ကြီးရွာရှိရာဘက်သို့ လာသည့် လမ်းကျဉ်းကလေးသည် လတ်တလော လူသိများလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ကြုံလာရသည်။ အထူးသဖြင့် ရုံးပိတ်ရက်များတွင် ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့သည်အထိ လူသွားလူလာ များရခြင်း၏ အကြောင်းရင်းတခုမှာ လယ်ကွင်းစိမ်းများကို ကြည့်ရှု အပန်းဖြေနိုင်မည့် ကြက်ကြော်နှင့် ထန်းရည်ဆိုင်များ (အခြားအစားအစာများလည်း ရောင်းချ) ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဒေသခံ ရွာသူရွာသားများ စတင်ရောင်းချခဲ့သော လယ်ကွင်းနဘေး အရိပ်ရပင်များအောက်မှ ဆိုင်ကလေးများသည် စီးပွားရေးသမားများအတွက် အမြတ်အစွန်းကောင်းသော စီးပွားရေးမော်ဒယ်တခုအဖြစ် ပြောင်းသွားသည်။ နောက်ဆက်တွဲအဖြစ် ထိုဘေးနားတဝိုက်မှ လယ်ကွင်းများသည် ဈေးကောင်းရကာ ဝယ်သူများ အုံလိုက်ကျင်းလိုက် ရောက်လာသည်။

လယ်ကွင်းထဲတွင် စပါးပင်များအစား စားသောက်ဆိုင်များ တစတစ ပေါ်လာသည်။ လက်ရှိအခြေအနေတွင် မန္တလေးမြို့အစွန်မှ ရေတံခွန်တောင်ဂေါက်ကွင်း မရောက်မီအထိ သုံးမိုင်ကျော် ရှည်လျားသော လမ်းသည် အကြားအလပ် မရှိသလောက် ဖြစ်အောင် ဆိုင်များဖြင့် ပြည့်နှက်သွားသည်။ ထိုဆိုင်များထဲတွင် တရုတ်စာလုံးများ ခန့်ခန့်ထည်ထည် ရေးသားထားသော စားသောက်ဆိုင်များ ပါဝင်နေသည်မှာလည်း မန္တလေးသားများ အတွက်တော့ မထူးဆန်းသလိုပင်။ မြန်မာနိုင်ငံ၏ လက်ရှိဥပဒေများအရ လယ်ယာမြေများကို အခြားနည်း အသုံးပြုခြင်းကို ခွင့်မပြုပေ။ ဥပဒေအရ အဆင့်ဆင့်တင်ပြပြီးမှ ခိုင်မာသည့် အကြောင်းရင်းရှိမှ ခွင့်ပြုချက်ရသည်။

သို့သော် ထိုနေရာမှ မြေများကတော့ မည်သို့မည်ပုံ လုပ်ဆောင်နေသည်ကို ဒေသခံများမသိရှိကြပေ။ ဒေသခံများ၏ အသိတွင်တော့ ၎င်းတို့၏ ခနော်နီခနော်နဲ့ ဆိုင်ကလေးများအတွက် နေရာရှားပါးလာမှုနှင့် ဈေးကွက်အရ မယှဉ်ပြိုင်နိုင်မှုကြောင့် နောက်ထပ် အသက်မွေးဝမ်းကြောင်းတခုကို စဉ်းစားရတော့မည် ဆိုတာသာ ဖြစ်သည်။ ထိုဆိုင်ကြီး ကန္နားကြီးများသည် ကြံဖန်လုပ်နိုင်စွမ်းတွင် ၎င်းတို့ထက် များစွာသာသည်ကို မဖြစ်မနေ လက်ခံထားကြရသည်။

လွန်ခဲ့သော နှစ်အငယ်အနည်းအတွင်း စီးပွားရေးသမားများ၏ ဈေးကောင်းပေးဝယ်မှုကြောင့် အိုင်ကြီးရွာနည်းတူ တခြားသော ဒေသခံ အောင်ပင်လယ် လယ်တော်သားများ၏ လယ်မြေများသည် တောင်သူလယ်သမားများ၏ လက်ဝယ်တွင် အနည်းငယ်သာ ကျန်တော့သည်။ တဖြည်းဖြည်းနှင့် လယ်မြေများ ပိုမို ပျောက်ကွယ်တော့မည့် လက္ခဏာများလည်း မြင်နေရသည်။ ပထမဆုံး တချက်မှာ လယ်မြေမှ အမြတ်အစွန်းရရှိမှု နည်းပါးခြင်း၊ အလုပ်သမား ရှားပါးခြင်းများကြောင့် တောင်သူတို့ လယ်ယာအလုပ်ကို စိတ်မဝင်စားတော့ခြင်း ဖြစ်သည်။ ဒုတိယတချက်မှာ လယ်မြေတဧက၏ ဈေးနှုန်းသည် တောင်သူလယ်သမားများ ဘဝတွင် တခါမျှမကြားဘူး၊ မမြင်ဘူးသော ဈေးနှုန်းကြောင့် ဖြစ်သည်။ တတိယတချက်မှာ လယ်မြေများကို လွတ်လွတ်လပ်လပ် ရောင်းချ၍ ရလာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လယ်မြေများသာမက၊ ယာမြေများပါ တဖြည်းဖြည်း ရောင်းချလာကြတော့သည်။

ပို၍ မြင်အောင် ပြောရလျှင် မန္တလေးမြို့နှင့် ရှမ်းရိုးမတောင်စွယ်များအကြားက မြေကွက်လပ်များသည် လယ်မြေနှင့် ယာမြေကောင်းများဖြစ်သည်။ ထို ကမ္ဗလာဖြန့်ခင်းထားသော မြေများသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် စစ်အစိုးရလက်ထက်က သိမ်းဆည်းခံရဖူးသည်။ သို့သော် တစိတ်တပိုင်းသာ ဖြစ်သည်။ ယခုတွင်တော့ လုံးဝနီးပါး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထို့နောက် ပိုပြီး မြင်သာနိုင်ရန် ပြင်ဦးလွင်ကားလမ်းကို ကျော်လွန်ကာ၊ ဒုဋ္ဌဝတီမြစ်ကို ကျော်လွန်ကြည့်လိုက်လျှင်လည်း ကျောက်ဆည်နယ်စပ်အထိ မြေများသည် အလားတူ ပြဿနာနှင့် ကြုံနေရသည်။ တောင်သူများက မြေရောင်းချ၊ ဝယ်သူများက ဈေးကောင်းပေးဝယ်နှင့် ဟုတ်နေကြသည်။

(၃)

ဒါဆို ပြဿနာက ဘာပါလဲ။ ပထမဆုံး မေးခွန်းက ဘယ်သူတွေ ဝယ်နေကြတာလဲ၊ ဘယ်က ငွေကြေးတွေနဲ့လဲ။ တရားဝင်လား၊ တရားမဝင်လား။ လယ်ယာမြေတွေ အခြားနည်း အသုံးချနေတာကို ဥပဒေနဲ့အညီ ထိန်းကွပ်နေရဲ့လားဆိုတာ ဖြစ်သည်။ ဒါဟာ မန္တလေးတိုင်း အစိုးရနှင့် ပြည်ထောင်စုအစိုးရ ဖြေရမည့် မေးခွန်းများဖြစ်သည်။ လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်နှင့်အစိုးရ၏ မြေယာသိမ်းဆည်းမှုတွေ အကြောင်း တစာစာ အသံပြုနေကြချိန်၊ အာရုံစိုက်ခံနေကြချိန်မှာ မြန်မာပြည်အလယ်ပိုင်းက မြေယာတို့သည် စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ (ငွေရှင်ကြေးရှင်များ၏ မက်လုံးပေး ဝယ်ယူမှုများနှင့်) တောင်သူလယ်သမားများ လက်ထဲမှာ နည်းသထက် နည်းလာနေခြင်းက လူသိနည်းသည့် မြေယာပြဿနာ တခု ဖြစ်သည်။

အစိုးရနှင့် အာဏာရှိသူလူများက သိမ်းဆည်းခြင်း မဟုတ်သော်လည်း စီးပွားရေးသမားများ အရမ်းကာရော လုပ်ချင်သလို လုပ်နေသည်ကို အစိုးရပိုင်းက မမြင် သို့မဟုတ် မမြင်ချင်ယောင်ဆောင်သည်လား၊ အရေးယူမှု အားနည်းတာခြင်းက နောက်ထပ် ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်သည်။ ဥပမာအားဖြင့် အိုင်ကြီးရွာ၏ တောင်ဘက်တွင် ဘယ်ကမှန်းမသိသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက လယ်မြေများကို ဈေးကြီးပေး ဝယ်ယူကာ မြေဖို့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သည်။ လုပ်ငန်းအတော်ပြီးနေကာမှ ခွင့်ပြုချက်မဲ့၊ အစိုးရမသိဘဲ လုပ်ဆောင်သည်ဟု ဆိုကာ အစိုးရက ပိတ်ပင်လိုက်သည်။

ဒေသခံရွာသားများအဖို့တော့ ရယ်စရာဖြစ်သည်။ ကားကြီးကားငယ်၊ ယန္တယားကြီးများဖြင့် လုပ်ငန်းလုပ်ကိုင်နေသည်ကို အစိုးရက မသိဟု ဆိုခြင်းမှာ ၎င်းတို့အတွက် ယုံရခက်လှသည်။

နောက်ထပ် ပြဿနာကတော့ ဒေသခံများ၏ အနာဂတ်ဖြစ်သည်။ နယ်စပ်ဒေသက စစ်ပွဲတွေကြောင့်၊ လယ်ယာမြေ သိမ်းဆည်းမှုတွေကြောင့် ဖွံ့ဖြိုးရေး နောက်ကျနေရသည် ဆိုပါက အလယ်ပိုင်းဒေသသည် စည်းမဲ့ကမ်းမဲ့ မြို့ပြ ကြီးထွားလာမှု၏ ခြိမ်းခြောက်မှုနှင့် သာမန်ပြည်သူများ မလုံခြုံမှုကို ခံစားလာနေရသည်။ စီးပွားရေး ဝါဒီများက ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းများကို ဝါးမြိုလိုက်ကြသည်။

အဆောက်အဦသစ်တွေ မိမိတို့ လယ်နားယာနား ရောက်လာသည်။ ဗမာစကား လည်လည်ဝယ်ဝယ် မပြောတတ်သော ကားအကောင်းစား စီးလာသည့် သူများ ရောက်လာကြသည်။ ခြံစည်းရိုး အမြင့်ကြီးများ ခတ်ကာ သီးခြားနေကြသည်။ လူအသစ်နှင့် လူအဟောင်းများကြားက ဆက်ဆံရေးသည် တစိမ်းတရံဆန်လှသည်။ မန္တလေးသားတို့၏ အသိတွင် စွဲနှက်ထားပြီးဖြစ်သော တရုတ်ကဖိလာပြီဆိုသည့် အသိသည် ခိုင်မာသည်ထက် ခိုင်မာလာသည်။ သူ့မသိ ကိုယ့်မသိ ပြဿနာက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်သည်။

ထိုသို့ သူ့မသိ ကိုယ့်မသိ အခြေအနေကို အခွင့်အရေးယူသည့် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှုများက ခေါင်းထောင်လာသည်။ ရွာသားများသည် အစဉ်အလာအတိုင်း ခြံတံခါးကို ဖွင့်အိပ်ရန် ဘယ်သောအခါမှ မဖြစ်နိုင်တော့ချေ။ ထိုသို့ မလုံခြုံသည့် အခြေအနေတွင် အိုင်ကြီးရွာသားများသည် လတ်တလောတွင်တော့ ပျော်ရွှင်နေကြဟန် ရှိသည်။ အရင်းအမြစ် မသိရသည့် ငွေများနှင့် ၎င်းတို့၏ လယ်ယာမြေများ လဲလှယ်လိုက်ပြီးသည့်နောက် ရရှိလာသည် ဘဝမှာ မကိုင်ဖူးသော ငွေပမာဏကြောင့် ဖြစ်သည်။

ဗမာပီပီ ငွေရှိလာလျှင် တဦးနှင့်တဦး အပြိုင်အဆိုင် သိန်းပေါင်းများစွာ အကုန်ခံကာ အလှူကြီးပေးကြသည်။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ နည်းလွန်သည်။ မိရိုးဖလာ အသိဉာဏ်အောက်တွင် အလှူကြီး ပေးခြင်းသည်ပင် သံသရာအတွက် ပြင်ဆင်ခြင်းဖြစ်သည်။ လတ်တလောနှင့် နောက်မျိုးဆက်အတွက် ရင်ဆိုင်ရမည့် ပြဿနာများတော့ မြင်နိုင်စွမ်းမရှိကြပေ။ ခန့်မှန်းနိုင်သည်မှာ ရရှိထားသည့် ငွေများ ကုန်ဆုံးသွားချိန်တွင် ပုံမှန်ထမင်းကျွေးထားမည့် လယ်ယာမြေများလည်း မရှိတော့ရာ ကြုံရာကျပန်းအလုပ်များကို ရှာဖွေလာရတော့မည် ဖြစ်သည်။

ထိုအခါ စီးပွားရေးသမားများအတွက် လုပ်ခလစာ နည်းနည်းနှင့် အလုပ်သမားကောင်းများ ရရှိလာစေမည်ဖြစ်သည်။ ဖွံဖြိုးရေးရှုထောင့်မှ ကြည့်ပါမူ အနာဂတ်မြန်မာ၏ ဆင်းရဲချမ်းသာ မညီမျှမှု၊ လူတန်းစား မညီမျှမှု (Inequality) သည် ပိုတိုးလာမည်ကို ညွှန်းနေသည်။ ထို့အတွက် မြန်မာအစိုးရတွင် စဉ်းစားထားချက်များ ရှိပါသလား။ မညီမျှမှုများသည် ကောင်းကျိုးများ သယ်ဆောင် မလာတတ်သည်ကတော့ သတိကြီးကြီးထား ပြင်ဆင်ရမည်ကို မီးမောင်းထိုးပြနေသည်။

တတိယပြဿနာကတော့ လက်ရှိအုပ်ချုပ်သူများ အပါအဝင် မန္တလေးမြို့ကြီး၏ အနာဂတ်ကို စိတ်ဝင်စားသူတိုင်း ဖြေရမည့် ပြဿနာဖြစ်သည်။ မန္တလေးမြို့ကို အဓိက အအေးဓာတ်ပေး (အပူလျော့ပါးစေသည်က) ရှမ်းရိုးမ တောင်တန်းဘက်မှသည် ဧရာဝတီမြစ်ဘက်သို့ ဖြန့်ဆင်းလာသော အစိမ်းရောင် သစ်ပင်များ၊ လယ်ကွင်းများ ရှိရာ အောင်ပင်လယ်ကန် ဝန်းကျင်ဒေသဖြစ်သည်။

မန္တလေးမြို့ကနေ အောင်ပင်လယ်ကန်ဘက်ကို ဆိုင်ကယ်ဖြင့်လာလျှင် လယ်ကွင်းများ အနားအရောက်တွင် သိသာထင်ရှားသည့် အပူချိန်ပြောင်းလဲမှု (ပိုအေးသွားခြင်း) ကို ဒေသခံတိုင်း ခံစားသိရှိကြသည်။ ယခု ထိုအစိမ်းရောင် မြင်ကွင်းများသည် တဖြည်းဖြည်းနှင့် ပါးလျလာသည်။ သစ်ပင်များ လျော့ပါးလာသည်။ အဆောက်အဦအသစ်များမှ ကွန်ကရစ်တုံးကြီးများဖြင့် အစားထိုးလာသည်။ အကယ်၍ ထိုအစိမ်းရောင် လက်ကျန်ဒေသကို စနစ်တကျ ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပါမူ မန္တလေးမြို့သည် ကွန်ကရစ်တုံးများဖြင့် မြို့တော်တခုသာ ဖြစ်လာမည်။ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို မန္တလေးမြို့ကို ချစ်သူများ လိုလားပါသလား။ ထို့အပြင် ကရော်ကမယ် ဖွံဖြိုးလာပြီး ဒေသခံများ ပိုဆင်းရဲလာသော မန္တလေးမြို့ကို လိုလားကြပါသလား။

(၄)

ထိုပြဿနာများ အားလုံးကို ချုံငုံကြည့်လျှင် “ဖွံ့ဖြိုးရေး ပြဿနာ”ဟု အဖြေထုတ်နိုင်သည်။ မန္တလေးမြို့နှင့် တိုင်းဒေသကြီးအတွက် ပို၍ စနစ်ကျသော၊ ဒေသခံများ၏ လူမှုဘဝကို ထည့်သွင်းတွက်ချက်သော၊ သဘာဝပတ်ဝန်းကျင်ကို အလေးဂရုပြုသော ဖွံဖြိုးရေးမော်ဒယ်တခု (သို့မဟုတ်) မဟာဗျူဟာတခု မဖြစ်မနေ လိုအပ်နေသည်။ မန္တလေးကို ဦးဆောင်နေသူများတွင် အဖြေရှိကောင်း ရှိနိုင်သည်။ သို့သော် ဒေသခံများ ကတော့ မသိနိုင်ကြသေး။ မန္တလေး၏ ဖြစ်ရပ်သည် ဖွံ့ဖြိုးရေးကို တစာစာ အော်နေသော မြန်မာအတွက်လည်း လေ့လာစရာ နမူနာ ဖြစ်နိုင်သည်။

ဖွံ့ဖြိုးရေးသည် ကောင်းသည်။ စီးပွားရေးတိုးတက်ရေးသည် ကောင်းသည်။ အိမ်မက်မက်၍ ကောင်းသည်။ သို့သော် မေးရန်မှာ မည်သူ့အတွက်နည်း။ လက်တွေ့အခြေအနေ အရမူ မည်ကဲ့သို့သော ဖွံ့ဖြိုးရေးလိုအပ်သည်ဟု တိတိကျကျ ရှာဖွေနိုင်ဖို့သည် အဝေးကြီးလိုနေသေးသည်။ ယခုဖြစ်ပေါ်နေသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု”အမည်ခံကြီးသည် တခုခု လွဲနေသည်လောက်တော့ တာဝန်ရှိ လူကြီးမင်းများ သိသွားလျှင်ပင် ကျေနပ်ရပြီဟု ဆိုရမလိုပင် ဖြစ်တော့သည်။

(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

You may also like these stories:

ကျန်းမာရေးစောင့်ရှောက်မှု ပြည်သူအများစု ဘယ်လောက် လက်လှမ်းမီပြီလဲ

ဦးဖြိုးမင်းသိန်းသို့ မြောက်ဥက္ကလာပ ဆေးရုံကြီး၏ မေတ္တာစာ

စစ်ပွဲများအား ငြင်းပယ်ကြ

Loading