မကြာသေးခင်က သတင်းစာများမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၅ဝ ရာခိုင်နှုန်းလျှပ်စစ်မီးရရှိတဲ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်မှာ သမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင် တက်ရောက်တာ ဖတ်လိုက်ရပါတယ်။ လက်ရှိ အစိုးရတာဝန်ယူနေချိန်အတွင်း ယခင် ၃၄ ရာခိုင်နှုန်းကနေ တိုးတက်လာတဲ့ အောင်မြင်မှုဟာ မြန်မာပြည်သူပြည်သား အားလုံးအတွက် အင်မတန်မှ ဝမ်းမြောက်စရာပါ။
အခုဆိုရင် မြို့ပေါင်း ၁၆၀ကျော် နှင့် ရွာပေါင်း ၁၆၀၀၀ ကျော်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တဲ့ အခြေအနေရောက်ရှိနေပါပြီ။ ၂၀၃၀ ခုနှစ်မတိုင်ခင် တနိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီးရရှိဖို့ ရည်မှန်းထားတဲ့အတွက် ကျန်ရှိနေသေးတဲ့ ရွာငါးသောင်းကျော်ကို ဆက်ပြီးချိတ်ဆက်ဖို့ကတော့ အတော်ကြီးကြိုးစားပြီး လုပ်ရဦးမယ်လို့ ခန့်မှန်းမိပါတယ်။
ကနဦးအနေနဲ့ စဉ်းစားရမှာက ကျန်ရှိနေသေးတဲ့နေရာတွေမှာ အမှန်တကယ် လိုအပ်တဲ့ စွမ်းအင်သုံးစွဲမှု အခြေအနေနဲ့ သုံးစွဲမယ့်ပမာဏကို တိတိကျကျ သိဖို့လိုပါတယ်။ စွမ်းအင်ချို့တဲ့မှု (Energy Poverty) နဲ့ ရင်ဆိုင်နေရတဲ့ ဒီလိုအရပ်ဒေသတွေမှာ လက်ရှိအခြေအနေထက် မီးထွန်းရုံမျှ၊ တီဗီသာကြည့်နိုင်ရုံလောက်နှင့် အရည်အသွေး ပြည့်ဝတဲ့ လျှပ်စစ်စွမ်းအင် ရပြီလို့ ပြောလို့မရပါဘူး။ လျှပ်စစ်စွမ်းအင်ရရှိမှု (Energy Access) ဟာ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။
ကနဦးအဆင့်အနေနဲ့ တနိုင်ငံလုံး အိမ်မီးထွန်းရုံ လျှပ်စစ်ရရှိမှုဟာ လူနေမှုအဆင့်အတန်း တိုးတက်ဖို့ ဆက်စပ်နေတယ်ဆိုတာမှန်ပေမယ့် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ မလုံလောက်ပါသေးဘူး။ လျှပ်စစ်စွမ်းအင်သုံးစွဲမှုများလာတာနှင့်အမျှ အဓိက လိုအပ်နေတာက လက်ရှိမီးရနေပြီးဖြစ်တဲ့ စက်ရုံ အလုပ်ရုံ လုပ်ငန်းများနဲ့ အများပြည်သူဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံ၊ကျောင်းတို့မှာ အရည်အသွေး ပြည့်မီအောင် ပေးနိုင်ပြီလား ဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ ဆိုလိုတာက မီးမရသေးတဲ့အရပ်တွေကို မီးပေးနိုင်ဖို့ လိုအပ်သလို လက်ရှိမီးရပြီးနေရာတွေမှာလည်း လူငယ်အများစုကို အလုပ်အကိုင်ဖန်တီးပေးနိုင်မယ့် လုပ်ငန်းများအတွက် မီးအလုံအလောက်ပေးနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။
နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ အမျိုးသားလျှပ်စစ် စီမံကိန်းဟာ နှစ်စဉ်နှစ်တိုင်း မဟာဓာတ်အားလိုင်းကို တိုးချဲ့နေပြီး ဝေးလံတဲ့အရပ်တွေမှာ သီးခြားလွတ်လပ်တဲ့ အသေးစား လျှပ်စစ်ဖြန့်ဖြူးရေး အစီအမံများ ပါဝင်ပါတယ်။
ကျေးလက်မီးလင်းရေး အစီအမံများ အကောင်အထည်ဖော်တဲ့နေရာမှာ ယနေ့ဆိုလျှင် ဝေးလံတဲ့ အရပ်တွေမှာရှိတဲ့ ရွာပေါင်း ၁၀၀ ကျော်မီးလင်းနေပါပြီ။ ဖွံ့ဖြိုးရေးအထောက်အပံ့တွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကတော့ ဒီလိုသီးခြားလွတ်လပ်တဲ့ အသေးစား လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများကို အတော်လေး အားပေးနေပါတယ်။
အလျင်အမြန် အကောင်အထည်ဖော်နိုင်တာရယ် အစိုးရကြိုးနီစနစ်ကို ကျော်လွှားနိုင်တာရယ်က လက်တွေ့မှာ အားသာသလို ဖြစ်နေပါတယ်။ ဥပမာကောင်းအနေနဲ့ တချိန်တခါက ဆက်သွယ်ရေးကဏ္ဍကို မထိန်းချုပ်တော့ဘဲ လွပ်လပ်စွာ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ယနေ့မှာ နိုင်ငံသား အားလုံး နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေးစနစ်ရဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစားနေရပါပြီ။
လက်ရှိအစိုးရအနေ့နဲ့ နှစ်စဉ်နှစ်တိုင်း လျှပ်စစ်ကဏ္ဍမှာ ကျပ်ဘီလီယံပေါင်းများစွာတိုးပြီး ဘဏ္ဍာတွေ ရင်းနှီးမြုပ်နှံနေတယ်လို့လည်း သမ္မတကြီးရဲ့မိန်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။ သို့ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ အရင်နှစ်တွေနဲ့ ယှဉ်လျှင် လျှပ်စစ်မီးပြတ်တောက်တဲ့အကြိမ်ဟာ ပိုများလာတယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့မရပါဘူး။ ဒီနှစ်မှာလည်း စက်မှုဇုံများနှင့်လုပ်ငန်းအတော်များများဟာ လျှပ်စစ်မီး အခြေ အနေပိုဆိုးလာမှာကို မျှော်လင့်ထားတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြရပါတယ်။
နှစ်ပေါင်းများစွာ နိုင်ငံတော်အစိုးရအနေနဲ့ ဘဏ္ဍာငွေကျပ် ဘီလီယံပေါင်းများမွာ ရင်းနှီးမြှုပ်နှံနေတဲ့ လျှပ်စစ်ကဏ္ဍမှာ ဘာကြောင့်ယနေ့အထိ အရည်အသွေးမပြည့်မီဘဲ ခေတ်နောက်ကျကျန်နေတယ် ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ဝန်ကြီးဌာနတခုထဲချုပ်ကိုင်ပြီး ဗဟိုဦးစီးစနစ်နဲ့ လုပ်ကိုင်နေတာဟာ ရေရှည်မှာ လက်တွေ့ကျရဲ့လား ဆိုတာဟာလည်း စဉ်းစားစရာပါပဲ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု အရှိဆုံး လျှပ်စစ်ကဏ္ဍမှာ ယနေ့အချိန်အထိ ထိရောက်တဲ့ပမာဏနဲ့ စီမံကိန်းကြီးကြီးတခုမှ မမြင်ရသေးတာလည်း အံသြစရာပါပဲ။
အခြားဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သာဓကကိုကြည့်မယ်ဆိုရင်လည်း လျှပ်စစ်ကဏ္ဍတိုးတက်ဖို့ကို အစိုးရက ဦးဆောင်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံနိုင်တဲ့သူတွေကို ဆွဲဆောင်နိုင်အောင် အခြေနေကောင်းတွေ ဖန်တီးနိုင်မယ့် ဥပဒေတွေ သတ်မှတ်ပြီး အောင်မြင်အောင် အကောင်အထည်ဖော်ကြပါတယ်။ ရရှိလာတဲ့ အရည်အသွေး ပြည့်မီတဲ့ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုအကျိုးကျေးဇူးကတော့ အလုပ်အကိုင်အများကြီး ဖန်တီးနိုင်ပြီး တိုင်းပြည်တွေ ဖွံ့ဖြိုး တိုးတက်လာရတဲ့ အရေးကြီးဆုံးအခြေခံအချက်ပါပဲ။
လျှပ်စစ်စွမ်းအင်ချို့တဲ့မှုကို တနိုင်ငံလုံး လျှပ်စစ်မီးသွယ်တန်းနိုင်တဲ့အချက် တစ်ခုတည်းနဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်ပြီလို့ပြောလို့မရသလို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အရည်အသွေးပြည့်ဝတဲ့ လျှပ်စစ်စွမ်းအင် အရင်းအမြစ်တွေကို ဘယ်လိုထိရောက်အောင် အကောင်အထည်ဖော်မလဲ ဆိုတာကိုလည်း အမြန်ဆုံး ဝိုင်းဝန်းအဖြေရှာ ဖို့လိုပါတယ်။
နေအား၊လေအား၊ရေအားနှင့်ရေနံသဘာဝဓာတ်ငွေ့ပါမကျန် စွမ်းအင် အရင်းအမြစ်အားလုံးကို ပေါင်းစပ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ လက်ရှိထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပမာဏကို နှစ်အနည်းငယ်အတွင်း နှစ်ဆ၊ သုံးဆတိုးထုတ်ဖို့ဆိုတာ အစိုးရသက်တမ်းတခု ဝန်ကြီးဌာနတခုတည်းနဲ့ အကောင်အထည်ဖော်ဖို့ မလွယ်ကူဘူးလို့ ယူဆပါတယ်။
ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ပြီး လျှပ်စစ်ကဏ္ဍကို လုပ်ကိုင်နေမယ့်အစား ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ ရှိပြီးသားသဘာဝအရင်းအမြစ်များမှ မိမိဒေသ လိုအပ်ချက်ပေါ်မူတည်ပြီး သီးခြားစီမံခန့်ခွဲ အကောင်အထည် ဖော်နိုင်လျှင် ပိုပြီးသဘာဝကျမယ်လို့ ယူဆပါတယ်။
လျှပ်စစ်ကဏ္ဍဆိုတာ အခြေခံကျကျ စဉ်းစားရင် ဝန်ဆောင်မှုလုပ်ငန်းတခုသာဖြစ်ပါတယ်။ ရောင်းသူနှင့် ဝယ်သူ ကျေနပ်သောဝန်ဆောင်မှုပေါ်မှာဘဲ ဈေးနှုန်းဆိုတာဖြစ်လာပြီး လက်ရှိမှာတစ်သမတ်တည်း ဖြစ်နေသော လျှပ်စစ်ဈေးနှုန်းဟာ ဈေးကွက်စီးပွားရေး( market economy )အခြေအနေနဲ့ မကိုက်ညီပါဘူး။ တချိန်တည်းမှာ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုကောင်းတဲ့ နေရာဒေသတွေမှာ လုပ်ငန်းရှင်အများစု သွားရောက် လုပ်ကိုင်ကြမယ်ဆိုတာလည်း သဘာဝကျပါတယ်။
ဒီလို လျှပ်စစ်ဝန်ဆောင်မှုဈေးကွက် ဖြစ်လာနိုင်အောင် နိင်ငံတော်အစိုးရအနေနဲ့ ရေရှည်ကိုကြည့်ပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေတွေ အတည်ပြုပေးနိုင်လျှင်တော့ လျှပ်စစ်ကဏ္ဍတဟုန်ထိုး တိုးတက်လာမယ်လို့ မြင်ပါတယ်။ ဒီလိုလျှပ်စစ် ကဏ္ဍအတွက် အရေးကြီးတဲ့ ဥပဒေတွေကို ပြုစုအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် အမျိုးသား စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးကော်မတီလိုမျိုး ဖွဲ့စည်းဖို့လိုမယ်လို့ မြင်ပါတယ်။ ဒီအဖွဲ့အစည်းမှာ ဈေးကွက်စီးပွားရေး သဘောတရားကို လက်ခံပြီး နိုင်ငံတကာအတွေ့အကြုံများနှင့် ရေရှည်စီမံကိန်းများကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မယ့်လူများ ပါဝင်ဖို့လိုပါတယ်။
မြန်မာပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းရပ်တည်နိုင်ဖို့ အင်မတန်မှ အရေးကြီးလှတဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍကို လက်ရှိအခြေအနေထက် တိုးတက်အောင် အလွှာအသီးသီးမှပြည်သူပြည်သား အားလုံး အမျိုးသားရေးအသွင်ဖြင့် အမြန်ဆုံး ဝိုင်းဝန်း အဖြေရှာကြရမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ စွမ်းအင်ချို့တဲ့နေတဲ့နိုင်ငံကနေ မကြာမီကာလမှာ လုံလောက်ရုံသာမက ပိုလျှံပြီး အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်စွမ်းအင် ရောင်းချနိုင်တဲ့ အခြေအနေထိဖြစ်လာဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်လို့ ထင်ရပေမယ့် တကယ်လက်တွေ့မှာ ထားသင့်တဲ့ ခိုင်မာတဲ့ရည်မှန်းချက်ဖြစ်ပါတယ်။
(မင်းချမ်းဝင်းသည် လက်ရှိတွင် ပုဂ္ဂလိက ဘဏ္ဍာရေးဆိုင်ရာ အကြံပေးကွန်ရက်အဖွဲ့အစည်း Private Financing Advisory Network- PFAN ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ် (country coordinator) အဖြစ် ဆောင်ရွက်လျှက်ရှိပါသည်။ PFAN သည် United Nations Industrial Development Organization – UNIDO အောက်ရှိ အဖွဲ့အစည်းတခုဖြစ်သည်။)
You may also like these stories:
နွေရာသီ လျှပ်စစ်မီး မပြတ်ရေး မဂ္ဂါဝပ် ၁၁၀၀ ကျော် တိုးထုတ်မည်ဟုဆို
ရခိုင်ရှိ တရုတ်စီမံကိန်းမှ ဓာတ်အားဝယ်ယူရန် မြန်မာနှင့် စာချုပ်ချုပ်ဆို
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ညွှန်ချုပ်နှင့် ညွှန်မှူး အဂတိလိုက်စားမှုဖြင့် အဖမ်းခံရ
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား